ကျီချင်းရန်၏ ဥအသိုက်လေး
Vol. 75 Ch. 1115
ညနေ ခြောက်နာရီတွင် ဟန်ကျင်းလေ့နှင့် ကျောက်ကော်ပင်းတို့ အတူ စုဝေးကြ၏။
" လီကျန်းဘက်က အခြေအနေ ဘယ်လိုရှိလဲ... သူတို့ ဒီလောက် သက်သေတွေ ပြင်ဆင်သွားတာတောင် အမေရိကန်တွေက ဆုံးဖြတ်ချက်လေးတောင် မချနိုင်ကြသေးဘူးလား.. အဲ့ကောင်တွေ ဘာလုပ်ချင်နေကြတာတုန်းကွာ... "ကျောက်ကော်ပင်း ပြောလိုက်သည်။
လီကျန်း အဖမ်းခံထားရသည်မှာ နာရီ ၂၀ ကျော်ရှိပြီဖြစ်၏။
သို့ပေမယ့် ဤအတောအတွင်း လီကျန်းနှင့် ဟန်ကျင်းလေ့တို့ အဆက်အသွယ် ပြတ်သွားသည်လို့တော့ မရှိချေ။
ဤအရာများ အားလုံးက ရှန်းရှုရီ၏ စနက်ဖြစ်သည်။ သူမ၏ ရည်ရွယ်ချက်က ဟန်ကျင်းလေ့ထံမှ ပိုမို အသုံး၀င်သည့် သက်သေများ ရရှိနိုင်ရန်ပင်။
သူမ သက်သေတွေ ပိုပြီး ရရှိလေလေ ၊ အောင်မြင်နိုင်ချေ ပိုများလေလေ ဖြစ်၏။
" ဒီလိုဖြစ်မယ်လို့ ငါထင်ပြီးသားပဲ.. "ဟန်ကျင်းလေ့ သူ့ လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်ပြီး " ငါတော့ လင်းရီ အဲ့ကောင် နောက်ဆုံး ရုန်းကန်မှုတွေ လုပ်နေတယ်လို့ ထင်တယ်.. ဘာပဲဆိုဆို သူကလည်း အထင်သေးလို့ မရတဲ့ လူတစ်ယောက်ပဲလေ.... ငါတို့ဘက်ထဲမှာ သက်သေတွေ ရှိထားတယ် ဆိုပေမယ့် လင်းရီကို နေရာမှာတင် ချေမှုန်းလိုက်လို့တော့ မရသေးဘူး... ငါတို့ ခဏတော့ စောင့်ရဦးမယ်... "
" ငါ ဒီတိုင်း နည်းနည်း လောမိသွားတယ်ကွာ.. သူ့ရဲ့ ကုမ္ပဏီက semiconductor နယ်ပယ်ထဲမှာ ရှေ့ဆောင်လမ်းပြလို့ ပြောလို့ရတယ်... ငါတို့သာ ရလိုက်လို့ကတော့ အနာဂတ် semiconductorနယ်ပယ်ရဲ့ စည်းမျဉ်းချမှတ်သူတွေ ဖြစ်လာတော့မှာ.. ငါတို့စကားက အရာရာပဲ.. ဒါ ဘယ်လောက်ထိ အကျိုးအမြတ်များမလဲဆိုတယ ဘယ်သူမှ စိတ်ကူးကြည့်လို့တောင် ရမှာ မဟုတ်ဘူး... "
" အေးဆေးပေါ့... လက်ဖက်ကောင်းစားချင်ရင် ပလောင် တောင်တက် နှေးရတယ်... သူ့ကို စီရင်ချက်ချမဲ့သူက အမေရိကန်တွေလေ.. ဒီကောင် ရှောင်လွှဲလို့ မရပါဘူး.. ငါတို့ဘက်က သက်သေတွေ ဆက်ပြီး ပြင်ဆင်နေရုံပဲ.. "
" နောက်ဆုံးတော့ ဒီလိုနေ့မျိုး ရောက်လာခဲ့ပြီပဲ... ငါတို့ ဒီအတွက် စတေးခဲ့ရတာတောင် တော်တော်လေး များသွားခဲ့ပြီ... "
ဟန်ကျင်းလေ့ ခေါင်းညိမ့်လိုက်ပြီး " အခြေအနေတွေက ဒီအထိတောင် ဖြစ်လာနေပြီ ဆိုမှတော့ အလွန်ဆုံးစောင့်ရ နောက် တစ်ရက် နှစ်ရက် လောက်ပေါ့... လင်းရီဆိုတာ ရာဇ၀င်မှတ်တမ်းတွေထဲမှာ ဆက်ပြီး ရှိနိုင်တော့မှာ မဟုတ်ဘူး... "
အချိန်မှာ ညဆယ်နာရီ ထိုးနေချေပြီ။ လင်းရီသည် လင်းယွင်အုပ်စုတွင်သာ နေလျက်ရှိပြီး အိမ်သို့လည်း မပြန်သွားချေ။
အလုပ်ဆင်းပြီးနောက် ကျီချင်းရန်သည် ဟော်ယွမ်ယွမ် ၊ ချီရှန်းကျောက်တို့နှင့်အတူ ရုံးခန်းထဲ ၀င်လာလေသည်။
ရုံးခန်း ကော်ဖီ စားပွဲပေါ်တွင်တော့ သူစားထားသည့် ညလယ်စာများ ရှိနေပြီး လင်းရီ ရှင်းလင်းရေးလည်း မလုပ်ရသေးချေ။
" သူဌေး.. ဌာနတွေ အကုန်လုံးက အဆင်သင့် ဖြစ်နေပါပြီ.. ရှင် ဘယ်အချိန် လှုပ်ရှားဖို့ စီစဉ်ထားလဲ... "ဟော်ယွမ်ယွမ် မေးမြန်းလိုက်၏။
သူတို့အားလုံး လင်းရီ မည်သည်ကို စောင့်ဆိုင်းနေမှန်း မသိရသော်လည်းပဲ သူတို့ သူဌေး စောင့်ဆိုင်းနေသူမှာ ဟွာရှတွင် တော်ရုံတန်ရုံလူ မဖြစ်နိုင်ကြောင်းကိုတော့ အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
ထိုသူက ဤကိစ္စ၏ ဦးတည်ရာကိုပင် အကျိုးသက်ရောက်နိုင်စွမ်း ရှိလိမ့်မည်။
ဒူ ဒူ ဒူ...
လင်းရီ ဖုန်း တုန်ခါလာခဲ့သည်။ အမည်မသိ နံပါတ်တစ်ခုမှ မက်ဆေ့ခ်ျ ပို့လာခဲ့ခြင်း ဖြစ်ပြီး စာနှစ်လုံးသာလျှင် ရေးသားထား၏။
" စတော့..."
ဤသည်က အခြားသူများ သတိပြုမိသွားခြင်းမှ ကာကွယ်နိုင်ရန် ရှန်းရှုရီ လုပ်ဆောင်ခြင်း ဖြစ်လိမ့်မည်ဟု လင်းရီ ချက်ချင်း မှန်းဆလိုက်နိုင်သည်။
သူ ဖုန်းပေါ်ရှိ မက်ဆေ့ခ်ျကို မြင်တော့ လင်းရီ အော်ဟစ်၍ပင် ရယ်မောလိုက်ချင်မိသည်။
သူ့စိတ်ထဲ နည်းနည်း ရက်စက်ရာကျသည်ဟုတောင် ခံစားနေရသည်။
ယခင် သူတို့ ဇာတ်ကားများ ကြည့်စဉ်အခါက မှောင်ခိုပြုလုပ်သည့် ဆရာကြီးများ အကုန်လုံးသည် သိပ်ကို ထက်မြက်ကြ၏။ ယခု အဆိုပါ ဆရာကြီးများသည် သူတို့၏ မြင်ဆရာများ ဖြစ်လာခဲ့သည့်ပုံပင်။
လင်းရီ မတ်တပ်ရပ်ပြီး အကြောဆန့်လိုက်ကာ " ဌာနအားလုံးကို ခု စပြီး လှုပ်ရှားလို့ရပြီလို့ ပြောလိုက်... "
" အိုကေ... "
လင်းရီ၏ အမိန့်နှင့်အတူ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ ရုံးခန်းအပြင်ဘက် ထွက်သွားပြီး အမိန့်ကို ဖော်ဆောင်ရန် ဟန်ပြင်ကြသည်။
သူတို့ နှစ်ယောက်သည် လင်းရီ၏ အားအကိုးရဆုံး၊ အယုံကြည်ရဆုံးသော လက်ရုံးနှစ်ဆူဖြစ်သည်။ ဤကိစ္စက အန္တရာယ်များသည်ကို မဆိုထားနှင့် အကယ်၍ အသက်ပေးရမည်ဆိုလျှင်ပင် လင်းရီ အမိန့်ပေးသရွေ့ တုံ့နှေးနေမည် မဟုတ်ပေ။
နှစ်ယောက်သား ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီနှင့် ကျီချင်းရန်သာလျှင် ရုံးခန်းထဲ ကျန်ရစ်ခဲ့သည်။
သို့သော်လည်းပဲ ကျီချင်းရန်ကတော့ စာရွက်စာတမ်းများ ဖတ်ရင်းဖြင့် အလုပ်ရှုပ်နေခဲ့ကာ လတ်တလော အခြေအနေ၏ မည်သည်ကိုမျှ မလွဲချော်ချင်ခဲ့ချေ။
သူမ လင်းရီကို ဖြောင်းဖျတားမြစ်ချင်းမျိုးလည်း မပြု။ ဤကိစ္စက အန္တရာယ်များသဖြင့် သူမ လင်းရီကို သတိသာ ထားစေချင်သည်။
ထို့ပြင် သူမ လင်းရီ၏ အမူအကျင့်ကိုလည်း နေသားကျနေပြီးဖြစ်၏။
ရလဒ်က မည်သို့ပင် ဖြစ်လာစေကာမူ သူမ လင်းရီနှင့်အတူ ကြံ့ကြံ့ခံပြီး ရင်ဆိုင်သွားမည်။
သူ့ကို တားမြစ် ဖြောင်းဖျနေမည့် အစား သူနှင့် အတူ ရပ်တည်ပြီး မားမားမတ်မတ် ပံ့ပိုးပေးသည်က ပိုကောင်း၏။
ထို့ပြင် သူမ လင်းရီနှင့်အတူ ဟိုး အချိန်အကြာကြီး ကတည်းကရင် ရိုးရှင်း သာမန်ဆန်သည့် ဘ၀မျိုး၌ နေထိုင်ဖို့ရာ စဉ်းစားထားပြီးဖြစ်သည်။ သို့ကြောင့်ပဲ ဤကိစ္စနှင့် ပတ်သက်၍ သူမ စိတ်ထဲ စနိုးစနောင့် ဖြစ်စရာ မည်သည့်အကြောင်းမျှ မရှိချေ။
မည်သို့ပင် ဖြစ်လာစေကာမူ သူမ ကြောက်ရွံ့နေလိမ့်မည် မဟုတ်ချေ။
“ ဖတ်မနေနဲ့တော့…. အဲ့တာတွေ ဖတ်နေ တစ်ညလုံးလည်း ပြီးတော့မှာ မဟုတ်ဘူး…. မင့်မျက်လုံးတွေက ခံနိုင်မှာလား…” လင်းရီ ပြောလိုက်သည်။
“ ရတယ်.. ဘာမှ မဖြစ်ဘူး..” ကျီချင်းရန် ပြောလိုက်၏။
“ ငါ့အထင် တစ်ဖက်သူက လက်ဝါးကြီး အုပ်တယ်ဆိုတာကို အကြောင်းပြပြီး ရန်ရှာလာလောက်တယ်နော်… ငါတို့ အတော်လေး သတိထားကာမှ တော်ကာ ကျမှာ…”
“ ဘယ်တတ်နိုင်မှာ… ဒီအခြေအနေထိ ဖွံ့ဖြိုးလာပြီးတော့မှတော့ ငါတို့တတ်နိုင်တာလည်း ဘာမှ မရှိတော့ဘူးလေ… သိပ်ပြီးလည်း စိတ်ပူမနေနဲ့.. ဘာလို့ဆို ငါတို့ ထိန်းချုပ်နိုင်တဲ့ အကန့်အသတ်အတွင်းမှာ ရှိနေတာ မဟုတ်လို့ပဲ…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ သူတို့အောင်မြင်သွားပြီး ငါတို့ကို လက်ဝါးကြီးအုပ်တယ်လို့ ခေါင်းစဉ်တပ်နိုင်ရင်တောင် ပြစ်တင် ဝေဖန်တာ ဒါမှမဟုတ် ရှုတ်ချတာကလွဲရင် ဘာမှ ပြင်းထန်မှာ မဟုတ်ဘူး.. တကယ်လို့ မအောင်ပဲနဲ့ လက်ဝါးကြီးအုပ်တယ် မအုပ်ဘူးဆိုရင်တောင် ရလဒ်က အတူတူပဲ ဖြစ်လာမှာပဲ…”
ကျီချင်းရင် မေးတစ်ဖက်ထောက်လိုက်ပြီး “ ဟုတ်တယ်နော်… နင် ပြောတာမှန်တယ်..”
“ ငါရှုံးသွားမှာကို မင်းကြောက်နေတာလား…” လင်းရီ အပြုံးလေးဖြင့် မေးလိုက်သည်။
“ ငါမကြောက်ပါဘူး..”
“ ငါ့ကို အဲ့လောက်ထိတောင် ယုံကြည်မှုရှိနေတယ်ပေါ့..”
“ ငါနင့်ကို အရမ်းတွေ ယုံကြည်နေတာ မဟုတ်ဘူး… ဘာလို့ဆို ငါ ဆွစ်ဘဏ်ထဲမှာ ယွမ် ၂ ဘီလီယမ်လောက် သိမ်းထားတယ်လေ… အဲ့ပမာဏနဲ့ဆို ငါတို့ တစ်ဘဝလုံး အပူအပင် ကင်းကင်းနဲ့ နေလို့ရပြီ.. နင် တစ်ခေါက် ပြန်ပြီး ထူထောင်ချင်ရင်တောင် ရသေးတယ်… ဒါကြောင့်မို့ ဘယ်လိုရလဒ်ပဲ ဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး…”
“ ဒီတော့ မင်းက အရန် အစီအစဉ်တွေ ရှိထားတယ်ပေါ့… ဒါပေမယ့် ငါ တစ်ခု မေးချင်တာက….”
“ ဘာလဲ မေးမှာ…”
“ ချောင်ရန်အုပ်စုရဲ့ အရွယ်အစားနဲ့ဆိုရင် ယွမ် ၂ ဘီလီယမ် စုဆောင်းထားဖို့ဆိုတာ မဖြစ်နိုင်ဘူး .. ဟုတ်တယ်မလား..”
“ ငါ့ ပိုက်ဆံက ယွမ်သန်း ၃၀၀ တင်ပါပဲ… ကျန်တာက လင်းယွင် အုပ်စုထဲက…”
“ ဟင်… မင်းအဲ့လောက် ပိုက်ဆံ အများကြီး ထုတ်တာကို ငါ ဘယ်လိုလုပ်ပြီး မသိရတာပါလိမ့်..”
“ ယွမ်ယွမ်က သိပ် အံ့ဩဖို့ကောင်းတယ်လေ…”
“ မင်းတို့နှစ်ယောက် လက်ဝါးချင်း ရိုက်ထားကြတယ်လို့တော့ ငါ့ကို လာမပြောနဲ့…”
“ ငါသူ့ကို အရင်တုန်းက ငါ့အတွေးတွေ ပြောပြဖူးတယ်… ပြီးတော့ သူကလည်း သူ့ရဲ့ ရန်ပုံငွေ အလွဲသုံးစား လုပ်နိုင်တဲ့ စွမ်းရည်ကို စမ်းသပ်ကြည့်ချင်တာနဲ့ ဒီလို လုပ်ဖြစ်သွားတာပဲ..”
“ ကြည့်ရတာ ယွမ်ယွမ်က သိပ်ကို စွမ်းဆောင်နိုင်တယ်နဲ့တူတယ်… ယွမ် ၁.၇ ဘီလီယမ်ကို အမှားတစ်ချက် မပါဘဲနဲ့ လွှဲပြောင်းပေးခဲ့တာ နင်သူ့ကို ရာထူးတိုးပေးဖို့ မစဉ်းစားချင်ဘူးလား…”
“ သေစမ်း… ငါတော့ သူ့ကို သတ်ချင်တာပဲ သိတယ်…”
ကျီချင်းရန် တသိမ့်တသိမ့်တုန်အောင် ရယ်မောလိုက်ရင်း “ အဲ့လောက်ကြီးလည်း ဒေါသ ထွက်မနေပါနဲ့ နင်ကလည်း… ငါတို့က ဒီတိုင်း လျှောက်လုပ်နေကြတာ.. ငါနင့်ကို အခု ပြောပြလိုက်ပြီ မဟုတ်လား… နောက်ပြီး ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ရဲ့ အရေးပေါ် ရန်ပုံငွေပဲလေ… နင် လင်းယွင်အုပ်စုနဲ့ ချောင်ရန်အုပ်စုကို လုပ်ချင်သာလုပ်.. ဒါပေမယ့် ဒီငွေတွေကိုတော့ လုံးဝလုံးဝ ထိလို့ မရဘူးနော်.. “
“ အေးပါ အေးပါ… ဟုတ်ပါပြီ.. ငါမထိပါဘူး.. ဟုတ်ပြီလား…” လင်းရီ ပြုံးလိုက်၏။ “ ဒီလောက်ငွေတွေ အများကြီးနဲ့ဆိုရင် ငါတို့နှစ်ယောက်နဲ့တင် ဘယ်ကမှာ … ကလေးတွေ တပြုံတနှောင်ကြီးကိုတောင် ထောက်ပံ့ပေးထားလို့ရတယ်… ဘောလုံးအသင်း တစ်သင်းစာလောက် မွေးကြမလား… ”
“ ကျစ်…. ငါ နင့်ကို ဝဝတုတ်တုတ် သားလေးတစ်ယောက်ပဲ မွေးပေးဖို့ စဉ်းစားထားတာ … တပြုံတနှောင်ကြီးတော့ မမွေးပေးနိုင်ပါဘူးနော်…”
“ တကယ်လို့ ပထမဆုံး ယူတဲ့ ကလေးက သမီးလေး ဖြစ်နေခဲ့မယ်ဆိုရင်ကော…”
“ ဒါဆိုလည်း ဒုတိယ ကလေး ဆက်ယူကြတာပေါ့…” ကျီချင်းရန် ပြုံးလိုက်ရင်း “ တကယ်ကျ ငါလည်း သားတစ်ယောက် သမီးတစ်ယောက် လိုချင်တာ.. ဒါပေမယ့် ပထမကလေးကို ယောက်ျားလေး… အစ်ကိုကြီးပဲ ဖြစ်စေချင်တယ်.. ညီမလေးကို ကာကွယ်ပေးမယ့် အစ်ကိုကြီးပေါ့….”
“ ကောင်းလိုက်တဲ့ အကြံ… ဒီအတွက် ငါ အရိုးကြေကြေ အရေခမ်းခမ်း ကြိုးစားပေးသွားမယ်…”
“ နစ်နာနေပါဦးမယ်…”
ကျီချင်းရန် သူ့ကို မျက်စောင်းခဲပြီး ကြည့်လိုက်၏။
လင်းရီ ကျီချင်းရန်ကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ရှိ မရေမတွက်နိုင်သော မီးအလင်းရောင်တို့အား ငေးမောကြည့်လိုက်သည်။ ကျီချင်းရန်လည်း သူ့အနောက်တွင် ရှိနေမည်ဆိုတော့ သူ၏ အနာဂတ်အတွက် ကြိုပြီး တွေးတောထားရတော့မည်။
ချလပ်…
ထိုအခိုက်အတန့်တွင် ဟော်ယွမ်ယွမ် တံခါး တွန်းဖွင့်ပြီး ဝင်လာခဲ့၏။ သူမက ခေါင်းငုံ့ထားပြီး လက်ထဲရှိ စာရွက်စာတမ်းများအား လှန်လောရင်း လင်းရီတို့နှစ်ယောက် ပွေ့ဖက်ရင်း ချစ်ကြည်နူးနေကြသည်ကို မမြင်တွေ့လိုက်ချေ။
“ သူဌေး… အောက်ကလူတွေ အကုန် စနေကြပြီ… ပြည်တွင်းရော ပြည်ပရော…”
ဟော်ယွမ်ယွမ် စကားတစ်ဝက် တစ်ပျက်နှင့် ရပ်တန့်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် လင်းရီသည် သူမအား စူးရဲစွာ စူးစိုက်ကြည့်နေသည်ကို သတိထားမိလိုက်သောကြောင့်ဖြစ်၏။
“ ရှင်… သူဌေး အစုတ်ပလုတ်… ဘာလို့ ကျွန်မကို အဲ့လို လာကြည့်နေတာလဲ…. ဒီနေ့ စကတ် အတိုလေး ဝတ်ထားတယ်ဆိုပေမယ့် အောက်မှာ safety pant ရှိတယ်… ရှင်ဘာမှ မြင်ရမှာ မဟုတ်ဘူး..”
“ မင်း ဘာလုပ်မိလဲ မင်းဘာမင်း မသိဘူးပေါ့..”
“ အာ… ဒါက…”
ဟော်ယွမ်ယွမ် အထစ်ထစ် အငေါ့အငေါ့ ဖြစ်သွားခဲ့ပြီး ခက်ခဲနေသည့် ဟန်ဖြင့် “ ကျွန်မ ရှေ့ရက်တွေတုန်းက သူနဲ့ စိတ်ဆိုးပြီး ဘားမှာ ကောင်လေး တစ်ယောက်နဲ့ အတူသောက်ခဲ့မိတယ်… ဒါပေမယ့် သူဌေးက ဘယ်လိုလုပ်ပြီး သိသွားရတာလဲ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဒါပေမယ့် သောက်ပြီးတော့ တက္ကစီငှားပြီး ကိုယ့်ဘာကိုယ် အိမ်ပြန်ခဲ့တာနော်.. တခြား ဘာ အဓိပ္ပာယ် မရှိတာမှ မလုပ်ခဲ့ဘူး… ကောင်း အတွက်တော့ ကျွန်မ စိတ်မကောင်းဖြစ်မိတယ်..”
“ ဟမ်…. ဘယ်လိုတောင် ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးလေးပါလိမ့်..”
လင်းရီနှင့် ကျီချင်းရန်တို့ အချင်းချင်းကြည့်လျက် ပြုံးလိုက်ကြပြီး “ စိတ်ဝင်စားဖို့တော့ ကောင်းလာနေပြီ…”
“ ဟင်…. ဘာကို ထင်မှတ်မထားတဲ့ အကျိုးအမြတ်လဲ…”
ဟော်ယွမ်ယွမ် ကြက်သေသေသွားခဲ့ပြီး “ သောက်ပဲ… ရှင်ပြောနေတာ အဲ့တာကို မဟုတ်ဘူးပေါ့… ချီးပဲ… ကျွန်မကို လာပြီး အရူးလုပ်နေတယ်ပေါ့…”
“ တို့နှစ်ယောက် အရင်က ယွမ် ၁.၇ ဘီလီယမ်ကို အကောင့်ထဲကနေ ထုတ်ခဲ့ကြတယ်မလား… ငါအဲ့ကိစ္စ လင်းရီကို ပြောပြလိုက်ပြီ..” ကျီချင်းရန် စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
“ ဆိုတော့ အဲ့တာကိုး…” ဟော်ယွမ်ယွမ် သက်ပြင်း အရှည်ကြီး ချပြီး သူမရင်ဘက်ကို ပုတ်လိုက်ရင်း “ သူဌေး… ဘယ်လိုလဲ… ဒီက ရှင်မသိအောင် ၁.၇ ဘီလီယမ်တောင် ထုတ်ခဲ့တာနော်.. ကျွန်မ ကြွားပြောတာတော့ မဟုတ်ပေမယ့် ဟွာရှ တစ်ခုလုံး၊ ကမ္ဘာကြီး တစ်ခုလုံးမှာတောင် ကျွန်မလို အရည်အချင်းရှိတဲ့သူ များများစားစား မရှိကြဘူး…”
“ ဒီတော့ ငါမင်းကို လစာတိုးပေးပြီး ရာထူးတိုးပေးရင်ကော…”
“ မလိုပါဘူး… ကျွန်မရဲ့ CFO ဆိုတဲ့ ရာထူးနဲ့တင် ကျေနပ်နေပါပြီ… အစ်ကိုချီနဲ့ တစ်တန်းတည်းဖြစ်ဖို့ မလိုအပ်ဘူးလေ…” ဟော်ယွမ်ယွမ် ပြောပြီးနောက် ချောင်းသုံးလေးကြိမ်ခန့် ဟန့်လိုက်ရင်း “ အဟွတ်.. သူဌေး… ကျွန်မ ခုလေးတင် တစ်ခုခု လုပ်စရာ ရှိသေးတာကို မှတ်မိသွားလို့… ခဏ ပြန်လိုက်ဦးမယ်… နောက်မှ ဆက်ပြောကြတာပေါ့…”
“ မင်း ဖင်ကို လှည့်ပြီး ဒီပြန်လာခဲ့..”
လင်းရီ ကျိန်ဆဲလိုက်ပြီး “ မင်းက ပိုက်ဆံတွေ အများကြီး ထုတ်ခဲ့တာတောင် ကိုယ့်သူဌေးရှေ့ လာပြီး ဝင့်ကြွားပြနေတယ် ဟုတ်လား… ငါမင်းကို အခုချက်ချင်းပဲ ပြတင်းပေါက်ကနေသာ ပစ်ချလိုက်ချင်တော့တယ်…”
“ ရပြီ ရပြီ… နင်တို့နှစ်ယောက် ရန်ဖြစ်မနေကြနဲ့တော့..”
“ ငါက အဲ့လို လုပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာ… နင်က ငါ့ကိုပါ လွင့်ပစ်တော့မလို့လား…”
“ ဘာဆိုင်လို့ အဲ့လိုလုပ်ရမှာလဲ… ကိုယ်က ယွမ်ယွမ်ကိုပဲ ပစ်မှာ…. ချင်းရန်လေးက ဒီလောက် ပိန်နေတာကို လေတိုက်လို့ လွင့်သွားမှာပေါ့.. သူ့လို မြေပြင်မှာ တွင်းပေါက်ကြီး လုပ်ပစ်မယ့် လူစားမျိုးမှမဟုတ်ပဲကို..”
“ သပပဲ… ကျွန်မလည်း အဲ့လောက်ထိ ဝမနေပါဘူးနော်…”
“ ကောင်းပြီ.. ပွစိပွစိနဲ့ ငါ့ကို မေတ္တာပို့မနေနဲ့တော့… အလုပ်ကိစ္စပြောရအောင်..”
လင်းရီ ပြောလိုက်ပြီး “ တပ်ဖြန့်ထားတဲ့ အခြေအနေတွေ ဘယ်လိုရှိလဲ…. ကီးဘုတ်ဖိုက်တာတွေက အလုပ်စလုပ်နေပြီလားတဲ့…”
“ ခု ပေါက်ကွဲထွက်နေပြီ.. အကျိုးသက်ရောက်မှုက စိတ်ကူးထားတာထက်တောင် ကောင်းနေသေး..” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ လူတော်တော်များများက ငါးစာမိသွားကြပြီ… အင်တာနက်ပေါ်က ရေပန်းစားမှုကလည်း ဖြည်းဖြည်းချင်း မြင့်တက်လာပြီးတော့မှ တစ်ချို့လူတွေဆို သူတို့ကို နိုင်ငံသစ္စာဖောက်လို့တောင် နာမည်ပေးထားကြသေးတယ်… ကျွန်မဖြင့် အဲ့လို ဖြစ်မယ်လို့တောင် မျှော်လင့်မထားဘူး.. ဒီကိစ္စရဲ့ ရှုပ်ထွေးမှုနဲ့ သတင်းပျံ့နှံ့မှုက ကျွန်မ စိတ်ကူးထားတာထက်တောင် ကျော်လွန်နေပြီ… အကျိုးသက်ရောက်မှုက ကျွန်မတို့ ထင်ထားတာထက်ကို ပိုကောင်းနေတယ်…”
“ ဒီအခြေအနေရောက်မှတော့ တခြားကိစ္စတွေ စဉ်းစားနေလို့လည်း အပိုပဲ… မပူနဲ့.. ရဲရဲကြီးသာလုပ်… ဘာပဲဖြစ်ဖြစ် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေမှ မရှိပဲကို… စောင့်ကြည့်နေကြတဲ့သူတွေကို ဖုံးကွယ်ထားနိုင်သရွေ့ အကုန်အဆင်ပြေတယ်…”
“ ဘာပဲဖြစ်ဖြစ်ပါ… ကျွန်မကတော့ ဘာကိုမှ ကြောက်မနေဘူး.. ကျွန်မတို့ ရှုံးနိမ့်သွားခဲ့ရင်တောင် ကျွန်မဆီမှာ ‘ကောင်း’ ရှိသေးတယ်… ကျွန်မတို့ ကောင်းကောင်းမွန်မွန် နေနိုင်တုန်းပဲလေ…”
“ အေး… စဉ်းစားကြည့်တော့မှ ချီကြီးက တော်တော်လေး သနားစရာပဲ.. သူ့မှာ ကောင်မလေးလည်း မရှိဘူးလေ…”
“ ငါတော့ ဒါရိုက်တာထျန်က မဆိုးဘူးလို့ထင်တယ်… သူ့ကို ချီ နဲ့ မိတ်ဆက်ပေးရင်ကော…” ကျီချင်းရန် အကြံပြုလိုက်၏။
“ ကျွန်မကတော့ အစ်ကိုချီအတွက် ပါတနာ ရှာပေးချင်တယ်ဆိုရင် ကုမ္ပဏီက လူတွေနဲ့ မချိတ်ပေးတာက ပိုကောင်းမယ်လို့ ထင်တယ်..” ဟော်ယွမ်ယွမ်ပြောလိုက်ပြီး “ အခု လင်းယွင် အုပ်စု တစ်ခုလုံးမှာ အိမ်ထောင်ကျပြီးတဲ့ အသက်လေးဆယ် အရွယ် အမျိုးသမီးတွေက စလို့ မာစတာဘွဲ့ ရတာ မကြာသေးတဲ့ အသက် နှစ်ဆယ်ကျော်လေးတွေအဆုံး၊ အကုန်လုံးက သူဌေးရှေ့ရောက်ရင် စွဲလမ်းရူးသွပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြတာ… ကောင်မလေး ငယ်ငယ်လေးတွေ အချစ်မှာ ပထမဆုံးအကြိမ် ကျရှုံးကြသလိုမျိုးလေ… တခြားယောက်ျားလေးတွေဆို သူတို့ မျက်စိထဲမှာ ဘောင်မဝင်ကြတော့ဘူး…. ဒါကြောင့်မို့ ဒီကိစ္စနဲ့ ပတ်သက်လာရင် ကုမ္ပဏီပြင်ပက လူတွေကိုပဲ အကြံပြုစေချင်တယ်…”
ကျီချင်းရန် လင်းရီကို သံသယအကြည့်တို့ဖြင့် ကြည့်လိုက်ရင်း “ နင်က ကုမ္ပဏီမှာ တော်တော်လေး ရေပန်းစားတဲ့ပုံပါလား….”
“ ဒါ သာမန်ပဲလေ… တကယ်လို့ တစ်နေ့ သူဌေးသာ ဖောက်ပြန်မယ်ဆိုရင် ဘယ်မိန်းမကိုမှ အလွတ်ပေးမှာ မဟုတ်ဘူးဆိုတာ ကျွန်မ ရဲရဲကြီး ပြောရဲတယ်..”
ကျီချင်းရန်၏ မျက်နှာလှလှလေးမှာ အေးစက်သွားခဲ့တော့သည်။
လင်းရီ “….. “
ဘောပဲ….
“ ဟေ့… ငါ့ကို အဲ့လို လာမကြည့်နဲ့… ငါက ကုမ္ပဏီကို တစ်လနေလို့ တစ်ခေါက်ရောက်လား မေးကြည့်ဦး… ငါ ဒါတွေ ဘာမှမသိဘူး..”
“ ကျစ်….ဒါတွေ မသိဘူး... နင် အခု အမှား၀န်ခံစမ်း.... ”
………………………
ရန်ကျင်း။ ဝန်ကြီးခြံဝန်း။
ညသန်းခေါင် အချိန်အခါ ဖြစ်နေပြီး လူတော်တော်များကလည်း အိပ်စက်နေကြပြီး ဖြစ်၏။
ကျောက်ကော်ပင်းသည်လည်း ထို့အတူပင်။
ကလင် ကလင် ကလင်…
ကုတင်ဘေး ဗွီရို အသေးစားလေးပေါ် တင်ထားသည့် ဟွာဝေးဖုန်းမှ အသံမြည်လာခဲ့၏။ အိပ်လို့ကောင်းသည့် အချိန်တွင်တော့ အလွန်အမင်း စိတ်ငြူစူစရာ အနှောင့်အယှက် ပေးမှုကြီးပင်။
သို့သော်လည်း သုံးလေးကြိမ်ခန့် အသံမြည်ပြီးသည့်တိုင်အောင် မည်သူကမျှ မကိုင်သောကြောင့် နောက်ဆုံးတွင် ဖုန်းလည်း ပြန်ကျသွားခဲ့၏။
တစ်စက္ကန့်အတွင်းမှာပဲ ဖုန်းသံမှာ တစ်ဖန်မြည်လာပြန်သည်။ သို့ပေမယ့် ကျောက်ကော်ပင်းမှာ ကမ္ဘာပျက်လို့ပင် မနိုးမည့်ပုံရှိသည်။
တတိယ အကြိမ်ကျတော့မှပဲ ကျောက်ကော်ပင်း ကုတင်မှ ရုတ်ချည်း ထထိုင်မိသွားခဲ့၏။ သူ၏ အမူအရာမှာ အကျည်းတန်နေပြီး နဖူးပြင်တွင်လည်း ချွေးအေးများ စို့နေသည်။
သူ့တွင် ဖုန်းနှစ်လုံးရှိသည်။ တစ်လုံးက ပုံမှန် အသုံးပြုနေကြဖုန်းဖြစ်ပြီး ည ဆယ့်တစ် ကျော်သည်နှင့် လေယာဉ်မုခ် ချထားကာ အခြားသူများ နှောင့်ယှက်ခြင်းကို ခံရခြင်းမှ ကာကွယ်နိုင်ရန် ပြုလုပ်ထားသည်။ ကျန်တစ်လုံးကတော့ အမြဲတမ်းဖွင့်ထားသည့် ဖုန်းဖြစ်ပြီး သူနှင့် နီးစပ်သူ တစ်ချို့သာ ခေါ်ဆိုနိုင်သည်။
အလွန်အမင်း အရေးကြီးသည့် အခြေအနေသို့ ကျရောက်နေမှသာ ဤဖုန်းသို့ ခေါ်၍ သူ့ကို ဆက်သွယ်လာပေလိမ့်မည်။
ထို့ကြောင့် ဤဖုန်းအသံ မြည်လာခဲ့တိုင်း ကျောက်ကော်ပင်း စိတ်ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး ကြောက်လန့်တုန်လှုပ်မိနေသည်။
ကျောက်ကော်ပင်း ဖုန်းကို အရေးတကြီး ကောက်ကိုင်လိုက်ပြီး ခေါ်ဆိုလာသူမှာ သူ၏ လက်ထောက်ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။ သူ ဖုန်းမကိုင်ခင် စိတ်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး အပေါ်သို့ ပွတ်ဆွဲလိုက်တော့သည်။
“ ဒါရိုက်တာကျောက်.. ကျုပ်တို့တော့ ဒုက္ခရောက်ပြီ… အမေရိကန်တွေ လင်းရီကို အပြစ်မပေးလိုက်ဘူး… သူအခု ဟွာရှကို ပြန်ရောက်နေပြီး ကျုပ်တို့ကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်…”
လက်ထောက်၏ အသံမှာ ကျယ်လောင်လျင်မြန်နေပြီး စကားလုံး များစွာကို အသက်တစ်ရှိုက်စာအတွင်း လျင်မြန်စွာ ပြောသွားခဲ့၏။
ကျောက်ကော်ပင်း ကြက်သေသေသွားခဲ့ပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာခဲ့တော့သည်။
“ မဖြစ်နိုင်တာ… ငါတို့ သက်သေတွေ ပြင်ဆင်ပေးပြီးတော့မှ သူကိုယ်တိုင်ကလည်း ပြစ်မှုကြီး ကျူးလွန်ခဲ့တာကို အမေရိကန်တွေ ဒီကောင့်ကို လွှတ်ပေးလိုက်တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”
“ ကျုပ်လည်း ဘာဖြစ်မှန်း မသိဘူး… ဒါပေမယ့် သူတကယ်ကြီး ပြန်ရောက်နေပြီ… အင်တာနက်ပေါ်မှာ သတင်းတွေက တအားကြီး ပျံ့ကားနေတာ… ဝမ်မိသားစုနဲ့ ဟန်မိသားစုလည်း ဒီထဲ ပတ်သက်နေတယ်.. ထိန်းချုပ်လို့ မရနိုင်တော့တဲ့ အဆင့်ထိတောင် ရောက်နေပြီ..”
“ ငါ့ဆီ ပို့လိုက်… မြန်မြန်လေး..”
“ ကောင်းပါပြီ…”
လက်ထောက်မှ ဖုန်းချလိုက်ပြီး အွန်လိုင်းပေါ်ရှိ သတင်းများ အကုန်လုံးကို ကျောက်ကော်ပင်းထံ ပို့ပေးလိုက်သည်။
ကြီးကျယ် ချဲ့ကားလွန်းသည့် သတင်းများကို ကြည့်ရင်း ကျောက်ကော်ပင်း ကြက်သေသေနေမိတော့၏။
အချိန်က မနက် တစ်နာရီ အစောပိုင်း ဖြစ်သော်လည်းပဲ ရန်ကျင်းရှိ ယာဉ်ကြောက တော်တော်လေးကို ကြပ်သိပ်နေသည်။
ညစဉ်ညတိုင်း ကလပ်တွင် အပျော်ရှာလေ့ရှိသည့် ချမ်းသာသည့် လူငယ်သခင်လေးသည်လည်း သူ့အမျိုးသမီး အဖော်ကို ဟိုတယ်သို့ ခေါ်လာခဲ့၏။
နိုက်ကလပ်မှ ထွက်ပြီး ဒုတိယ အချီ ပါတီပေးပြီး ပျော်ပါးရန် ကြံစည်နေကြသူများကလည်း ဒုနဲ့ဒေး။
‘၉၉၆’ အလုပ်အချိန်ဇယားဖြင့် သမုဒ္ဒရာ ဝမ်းတစ်ထွာစာအတွက် လုံးပန်းနေရသည့် သာမန်လူတန်းစားများသည်လည်း အိမ်သို့ နွမ်းနယ်စွာဖြင့် အနားယူရန် ပြန်လာနေကြသည်။
အဆင့်မြင့်အရာရှိကြီးများ၏ မြင့်မြတ်သည့် လူမှုရေး စုဝေးပွဲများလည်း ပြီးဆုံးသွားခဲ့ကာ အိမ်သို့ ပြန်လာသည့် လမ်းတွင် ရှိလေသည်။ ဟန်ကျင်းလေ့နှင့် ဖူရာဟွေ့တို့က ထိုအထဲ နှစ်ယောက် ဖြစ်၏။
နှစ်ယောက်မှာ ဝမ်မိသားစုအိမ်တွင် ထမင်းသွားစားရင်း လင်းရီအကြောင်းကို အမြည်းလုပ် ဆွေးနွေးခဲ့ကြ၏။ သူ့လက်အောက်ရှိ စီးပွားရေး လုပ်ငန်းများအား မည်သို့ ဝေပုံကျ ခွဲဝေကြမလဲဆိုတာကို တိုင်ပင် နေခဲ့ကြခြင်းပင်။
“ အမေရိကားက အခြေအနေ ဘယ်လိုရှိလဲ.. ဂျူရီအဖွဲ့က ခုထိ မဆုံးဖြတ်ရသေးဘူးလား…” ဖူရာဟွေ့ သူမနာရီကို ကြည့်ရင်း “ ခုချိန် အမေရိကားမှာ တစ်နာရီ ဝန်းကျင် ရှိလောက်ရောပေါ့…”
“ လီကျန်းပြောတာတော့ အကုန်လုံးက အဆင်ပြေပြေပဲတဲ့… ဒါပေမယ့် ခက်တာ ခုထိ လင်းရီက လက်မလျော့သေးတာပဲ… လျန်မိသားစုက ပံ့ပိုးပေးထားတာကြောင့် မဟုတ်ရင် ခုချိန်လောက်ဆို သူ အဆုံးသတ်နေလောက်ပြီ…”
“ လျန်မိသားစုက တကယ်လာရှုပ်နေတာပဲ… သူတို့က လက်ရှိ အခြေအနေကို မမြင်နိုင်ကြဘူးတဲ့လား… ရှန်းရှုရီက လင်းရီအတွက်နဲ့ မိသားစု သုံးခုလုံးကို ဆန့်ကျင်ရလောက်အောင် တုံးအတဲ့သူလား…”
“ ဒါကျတော့…. သူနဲ့ ချင်ရင်ယွဲ့ဆိုတာ အရင်တုန်းက သူငယ်ချင်းဟောင်းကြီးတွေလေ… လင်းရီက သူ့သားဆိုတော့ သူ အကောင်းဆုံး ကာကွယ်ပေးနေတာ ဖြစ်သင့်ပါတယ်..” ဟန်ကျင်းလေ့ ပြောလိုက်၏။
“ ဒါပေမယ့် အလကားပါ… သူတို့မှာ အောင်မြင်နိုင်ချေ မရှိပါဘူး…”
“ အင်း… ဒါပေမယ့် ကျွန်မတို့ လင်းရီနဲ့ ရှန်းရှုရီကိုတော့ အထင်သေးလို့မရဘူး…”
“ မပူနဲ့.. ငါ လီကျန်းကို ခုလေးတင် ဆက်သွယ်ပြီးတာ.. သူပြောတာ လင်းရီက သေခါနီးကို အလျော့မပေးသေးဘဲ ဆက်ပြီး ရုန်းကန် အားထုတ်နေတယ်တဲ့… ဒါပေမယ့် အမေရိကန်ကောင်တွေက ပြင်ဆင်ပြီးသွားပြီ… လုံလောက်တဲ့ သက်သေ ရှိရှိမရှိရှိ သူ့ကို ဖမ်းတော့မှာပဲ … သူ့ရဲ့ လင်းယွင်အုပ်စုလည်း အဆုံးသတ်ပြီ… ငါတို့က အသင့် ဝေစားမျှစားရုံပဲ…”
( စကားချပ် - ဒီထဲမှာ သတင်းအကြောင်းတော့ အသေးစိတ် မတင်ပြထားပဲ နိုင်ငံ သစ္စာဖောက်မှုလို့ပဲ ရေးထားတယ်… ကြည့်ရတာ စာရေးဆရာက စာလုံးများနေလို့ ထပ်တိုး မရေးချင်တော့တာလား မသိဘူး...
ကျနော့်စိတ်ထဲ တကယ်လို့ ဇာတ်ကွက်သာ ရှိလာမယ်ဆိုရင်လည်း လင်းရီက သူတို့ ဟွာရှကို ကန့်သတ်ပိတ်ပင်ထားတဲ့ တားမြစ်ပစ္စည်းတွေ အမေရိကားကနေ ဝယ်တာကို အဲ့မိသားစု သုံးခုက တိုင်တန်းထားတဲ့ သတင်းသက်သေတွေကို ဖြန့်လိုက်တာပဲ ဖြစ်ရမယ်…ပြီးတော့ ကီးဘုတ်ဖိုက်တာကလည်း မီးလောင်ရာ ဓာတ်ဆီလောင်း… ဒီလိုမှပဲ အဲ့လိုမျိုး နိုင်ငံသစ္စာဖောက်တယ်ဆိုတဲ့အထိ ဖြစ်ကုန်မှာပဲ… ကိုယ်ထင်တဲ့ အမြင်လေးတွေ ရှိရင်လည်း ပြောခဲ့ကြပါဦး..)