ငါ့ အရင် ဘ၀တုန်းက နှလုံးသားမရှိတဲ့လူ တစ်ယောက် ဖြစ်ခဲ့လို့များလား
Vol. 75 Ch. 1122
" ဟားဟား... အစ်ကိုကြီးလင်း... ရှင်က လူတွေကို လှောင်ဖို့ဆို အရမ်းတတ်တာပဲ.. ဒီလို မပြောရဘူးလေ..."သူယောင် ရယ်မောလျက် ပြောလိုက်ပြီး " ဒါပေမယ့် သူ့ရဲ့ ၀တ်ပုံစားပုံကိုကြည့်ရင် ကျိန်းသေပေါက် သူဌေးမကြီး ဖြစ်လောက်တယ်... အစ်ကိုကြီးလင်းသာ ကောက်ယူလိုက်ရင် အေးဆေးပဲနော်..."
" ငါသာ သူ့ကို ယူလိုက်ရင် ငါ့ လက်ကျန် ဘ၀ကြီး တစ်ခုလုံးရော ပျော်ဖို့ကောင်းဦးမယ်လို့ ထင်လား... ငါ့ လက်ကျန် ဘ၀ကြီး တစ်၀က်လောက်ကို မြင်နိုင်ဦးမယ်တောင် မထင်ဘူး... "
သူ့ညီနှင့် သူ့သမီးတို့ ပြောနေသည့် စကားများကို နားထောင်ရင်း သူသဟိုင် ဆေးလိပ်သောက်လျက် တောက်တစ်ချက် ခေါက်မိလိုက်သည်။
' သူ့ပုံစံလေးက မဆိုးပါဘူးကွ.. ဟုတ်တယ်မလား.. အဆင်ပြေပါတယ်...'
" ရပြီ.. မင့် အစ်ကိုကြီးလင်းကို ဟာသလုပ်မနေနဲ့တော့... ခဏနေကျရင် အင်တာဗျူး ရှိတယ် မလား... "
" ဟုတ် အဖေ... "
မွန်းလွဲပိုင်း အင်တာဗျူးနှင့် ပတ်သက်၍တော့ လင်းရီ သူမကို ကူညီပေးဖို့ မစဉ်းစားထားချေ။ သူမ၏ အရည်အချင်း အစစ်အမှန်ကို သူ ကြည့်နေချင်သည်။
သူမ၏ ကိုယ်ပိုင် အင်အားဖြင့် ၀င်ရောက်နိုင်သည်ပါက အကောင်းဆုံးဖြစ်သည်။ အကယ်၍ နည်းနည်းလေး လိုအပ်နေသည် ဆိုလျှင်လည်း သူ့ဘက်က ဖြည့်စွက်ပေးလိုက်ပေမည်။ သို့သော်လည်းပဲ လုံလောက်အောင် ကောင်းမွန်နေသည် ဆိုလျှင်တော့ သူ ၀င်စွက်ဖက်လို့ သင့်မည် မဟုတ်ချေ။
နေ့လည်ခင်းပိုင်းတွင် သူယောင် ထမင်းဘူး သုံးခု အွန်လိုင်းမှ မှာလိုက်ပြီး နေ့လည်စာကို ဖြေရှင်းလိုက်ကြ၏။
စားသောက်ပြီးနောက် မကြာမီ ကော်ဖေး ကားကို နောက်ထပ် အတန်းဖော် တစ်ယောက် ၊ ဖန်းဖေးနှင့်အတူ ထန်းချိန် အိမ်ယာ ၀င်ပေါက်၀သို့ မောင်းနှင်လာခဲ့သည်။
" အစ်ကိုကြီးလင်း.. ရှင်ရောင်းတဲ့ အသီးတွေက နှုတ်မြိန်မယ့်ပုံပဲနော်..."ဖန်းဖေး အပြုံးလေးဖြင့် ပြောလိုက်ပြီး " ညီမ တစ်ခုလောက် မြည်းကြည့်လို့ရလား..."
" စားလေ... ဒါ ငါ ကိုယ်တိုင် စိုက်ပျိုးထားတာ... ပိုးသတ်ဆေး လုံး၀ မပါဘူး... "
ယခု ဆိုင်ပြန်ဖွင့်ပြီး ဈေးကောင်းကောင်းနှင့် အသီးများကို လက်မလည်အောင် ရောင်းနေရတော့ လင်းရီ တော်တော်ကြီးကို ရက်ရောနေခဲ့၏။
သူနှင့် ရင်းနှီးသူ တစ်ယောက်ယောက်ကလာပြီး တစ်ကိုက်နှစ်ကိုက် မြည်းစမ်းကြည့်မည်ကို စိတ်မရှိပါချေ။
" ဒါဆို အားမနာတော့ဘူးနော်... "
ဖန်းဖေး၏ စရိုက်က ရိုးသားပြီး ချက်ချက်ချာချာရှိသည်။ လင်းရီ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် လိုင်ချီး တစ်လုံးဖြုတ်၍ ပျော်ရွှင်စွာ ခေါင်းလေးရမ်းရင်း စားသောက်နေတော့သည်။
ကော်ဖေးလည်း ဘာမှ လုပ်စရာ မရှိသောကြောင့် ပန်းသီးတစ်လုံး ကောက်ယူလိုက်၏။ အင်္ကျီလက်ဖြင့် သုတ်ပြီး အရသာ မြည်းကြည့်ကြည့်လိုက်တော့...
" ပန်းသီးက ချိုလှချည်လား..."ကော်ဖေး မျက်လုံး တလက်လက် ဖြစ်နေရင်း ချီးမွမ်းလိုက်၏။
"၅၀၀ ဂရမ်ကို ယွမ် ၃,၀၀၀ ပေးရတဲ့ အသီးက မချိုဘဲ ဘယ်နေပါ့မလဲ..."
လင်းရီ ငွေပေးချေရမည့် ကျူအာကုတ်ကို သာမန်လျှံကာ ထောင်ပြလိုက်ပြီး " ပန်းသီးက ယွမ် ၁,၁၀၀ ကျတယ်... အချင်းချင်းတွေဆိုတော့ လျှော့ပေးလိုက်မယ်... ၁,၀၀၀ ပဲပေး... "
"အာ.... "
ဈေးနှုန်းကို ကြားလိုက်ရပြီးနောက် ကော်ဖေး သူ့လက်ထဲရှိ ပန်းသီးသည် ရုတ်တရက် ချဉ်စုပ်သွားသည်ဟု ခံစားလိုက်ရ၏။
" အသီးကို ဘာလို့ အဲ့လောက်တောင် ဈေးတင်ပြီး ရောင်းနေရတာလဲ.. မင်းငါ့နား ငွေလာညစ်နေတာလား..."
" အစ်ကိုကြီးလင်းက အမြဲတမ်း ဒီဈေးနဲ့ပဲ ရောင်းတာ... ငါ သက်သေခံပေးလို့ရတယ်... "
" ဒါဆို ဖန်းဖေးကျတော့ ဘာလို့ ပေးစရာ မလိုလဲ... ငါကတော့ ဘာလို့ ပေးရမှာလဲ... "
" သူက မိန်းကလေးလေ.. မိန်းကလေးဆိုတာ အခွင့်ထူးခံတွေမှန်း မင်းနားမလည်ဘူးလား.. "
ကော်ဖေး ဘာမျှ ထပ်မပြောဘဲ " မင်းက ဒီလောက်ထိ ချမ်းသာနေတာကို ပန်းသီးတစ်လုံးစားလို့ ပိုက်ဆံတောင်းနေတာကြီးကတော့ မဟုတ်သေးပါဘူးဟ... "
လင်းရီ ပြုံးပြီး ဘာမျှ ဆက်မပြောတော့ချေ။ ကော်ဖေးက အလယ်တန်းကျောင်းသား ရောဂါကို ခံစားနေရသူတစ်ယောက်မျှသာ ဖြစ်၏။
" မြန်မြန် သွားစို့လား.. ငါ စောစောကလေး ကြိုရောက်ထားချင်တယ် ... အင်တာဗျူးမှာ နောက်ကျလို့ ကောင်းမှာ မဟုတ်ဘူး... "
သူယောင်သည်လည်း လာမည့် အင်တာဗျူး၏ အရေးပါမှုကို နားလည်သည်။ ထို့ကြောင့် သူတိူ့ထဲ မည်သူကမျှ ဆက်လက် အချိန်မဖြုန်းရဲကြတော့ချေ။
အကယ်၍ နောက်ကျသွားခဲ့မည် ဆိုပါက ဘွဲ့လွန်စာမေးပွဲ ၀င်ခွင့်ကို ဆုံရှုံးရပေလိမ့်မည်။
နှုတ်ဆက်စကား ပြောပြီးနောက် သုံးယောက်သား ကားထဲ၀င်၍ တက္ကသိုလ်သို့ ဦးတည်လိုက်ကြသည်။ ထိုအခိုက် လင်းရီနှင့် သူသဟိုင်တို့ကတော့ ၀င်ပေါက်၀၌ နေပြီး အသီးဆက်ရောင်းနေကြလေသည်။
" အစ်ကိုလေး.. နင်နောက်ဆုံးတော့ ပြန်ပေါ်လာပြီပဲ...."
ဖုန်းကျားကျား ပြေးလာခဲ့ပြီး " နင့်ကို မျှော်လိုက်ရတာလည်း နေ့တိုင်းပဲ..."
" ဘာလို့လဲ... အသီးထပ်လိုချင်လို့လား... "
" အင်း အင်း... အရင် ၀ယ်ထားတဲ့ အသီးတွေအကုန် စားလို့ ကုန်သွားပြီ... နောက် ထပ်၀ယ်မယ် ကြံတော့ နင်က မရှိတော့ဘူး... "
" မပူနဲ့.. ဒီက အလန်းကြီး အလတ်ကြီးရှိသေးတယ်... မင်း ပြောနေတာက ငါ သဂြိုလ်ခံလိုက်ရတဲ့ အသံမျိုးနဲ့... "
" ဟီးဟီး... ငါက နင့်အသီးတွေကို သတိရလွန်းလို့ပါ... "ဖုန်းကျားကျား သူမ မျက်နှာကို ညွှန်ပြလျက် " နင့်အသီးတွေ စားပြီးကတည်းက အသားအရေလည်း ပိုကောင်းလာတယ်.. လူတွေအများကြီးက ဘယ်လိုလုပ်လဲ လာလာမေးကြတာ နင့်အသီးတွေကို အကြံပြုထောက်ခံပေးလိုက်တယ်နော်... "
" ငါ့ကို အဲ့လောက်ထိ မြောက်ပြောနေစရာ မလိုပါဘူးကွာ... မင်းက လျှော့ဈေးရချင်နေတာ ဟုတ်တယ်မလား.. "
" ဟိုးဟိုး... အစ်ကိုလေး.. နင်က ချောလည်းချော ခန့်လည်းခန့်ပြီး ဉာဏ်လည်း သိပ်ကောင်းတာပဲ... "
" ဒီတစ်ခေါက်တော့ ယွမ်နှစ်သောင်းဖိုး နှစ်ထုပ်ထုပ်ပေး.. ပြီးရင် တခြား ညီအစ်မတွေကိုလည်း ဒီမှာလာ၀ယ်ဖို့ တိုက်တွန်းလိုက်မယ်..."
" ကောင်းပြီလေ.. "
လင်းရီ အိတ်တစ်လုံး ကောက်ယူ၍ အသီးများ ပိုပိုသာသာ ထည့်ပေးလိုက်သည်။ သူ ပြီးလို့ ချိန်ကြည့်လိုက်တော့ အိတ်က ရှစ်ပေါင်ခွဲလောက် အလေးချိန်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
" အစ်ကိုလေး.. အိတ်က လေးတယ်.. ငါ့ကို လိုက်ပို့ပေးပါလား..."ဖုန်းကျားကျား မျက်တောင် ပုတ်ခတ်ပုတ်ခတ် ပြုရင်း ပြောလိုက်သည်။
" ဒီနားမှာ လုံခြုံရေး ၀န်ထမ်းတွေ ရှိတယ် မဟုတ်ဘူးလား... ထန်းချိန် အိမ်ယာရဲ့ အဆင့်အတန်းနဲ့ဆိုရင် သူတို့ကို အကူအညီတောင်းလို့ ပြဿနာ မရှိပါဘူး ......"
" အာ.. သူတို့က အစ်ကိုလေးလောက် မချောပဲကို... "
" ငါ မင်းလိုမျိုး ရိုးသားတဲ့သူတွေကို ကြိုက်တာ..."လင်းရီ ကားပေါ်မှ ခုန်ဆင်းလိုက်ပြီး " သွားစို့.. ငါ လိုက်ပို့ပေးမယ်... "
" ဟီးဟီး.. ကျေးဇူးနော် အစ်ကိုလေး... "
လင်းရီ အသီးအိတ် နှစ်အိတ် သယ်၍ ရပ်ကွက်ထဲ ၀င်သွားလိုက်သည်။ ဖုန်းကျားကျားကဲ့သို့ အားနွှဲ့သည့် မိန်းမသားတစ်ဦးအဖို့တော့ အိတ်၏ အလေးချိန်က အမှန်ပင် လေးလေးပင်ပင် ရှိလှသည်။
" ကောင်းပြီ.. တံခါး၀လည်း ရောက်နေပြီ.. ဒီအထိပဲ လိုက်ပို့ပေးတော့မယ်... "
" အစ်ကိုလေး ခဏလောက် ၀င်ထိုင်သွားပါဦးလား... "ဖုန်းကျားကျား ပျူငှာသော အပြုံးလေးဖြင့် ပြောဆိုလိုက်ပြီး " သူငယ်ချင်းကလည်း အိမ်မှာ မရှိဘူးဆိုတော့ တစ်ယောက်တည်းလေ... "
" ဒါဆို ပြီးရင် သေချာသော့ခေတ်ပြီး အိမ်ထဲမှာနေ... သူစိမ်းတွေ အထဲ၀င်လာရင် အန္တရာယ်များတယ်... "
ဖုန်းကျားကျား : ' ဘယ်လိုတောင် အရိပ်ပြ အကောင်မမြင်တတ်တဲ့ လူကြီးလဲ...'
" ကျေးဇူးနော် အစ်ကိုလေး.. ဒီအသီးတွေ စားလို့ကုန်ရင် နင့်ဆီ နောက်တစ်ခေါက်လာပြီး ပြန်အားပေးဦးမယ်... "
" အင်း..."
နှုတ်ဆက်ပြီးနောက် လင်းရီ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင်ပဲ ဆန့်ကျင်ဘက် အခန်းရှိ တံခါးမှာ ပွင့်ဟလာပြီး သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးမှ လူငယ်လေး၏ လက်မောင်းကို ဖက်၍ ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် အဆိုပါ သက်လတ်ပိုင်း အမျိုးသမီးက ယခုလေးတင် လင်းရီနား အသီးတွေ အားပေးပြီး စီးပွားရေးကတ် ပေးသွားခဲ့သည့် ၀မ်ဖန်း ဖြစ်နေသည်။
လင်းရီကို မြင်တွေ့လိုက်ရတော့ ၀မ်ဖန်း ရုတ်တရက်ဆိုသလို အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သူမ၏ အမူအရာက အိပ်မက်ချစ်သူကို မြင်တွေ့လိုက်ရသည့်နှယ် ပျော်ရွှင်သွားခဲ့လေသည်။
" ကောင်လေး.. နင် စဉ်းစားပြီးသွားပြီပေါ့... မပူပါနဲ့.. နင် အခုကစပြီး ငါ့နောက် လိုက်မယ်ဆိုရင် နင် အိမ်ကောင်းကောင်း ကားကောင်းကောင်း စီးနိုင်မယ်လို့ အာမခံတယ်... အဲ့ဒီ အသီးတွေ ထပ်ပြီး ရောင်းစရာ မလိုဘူး... "
လင်းရီ ".... "
ဘယ်လို သောက်ကျိုးနည်း ဘ၀က ရှေးရေစက်ကြောင့်များ ဒီလိုလာပြန်ဆုံနေရပါလိမ့်ကွာ...
ငါ့အရင်ဘ၀က နှလုံးသားမရှိတဲ့လူတစ်ယောက် ဖြစ်ခဲ့လိုများလား...
ဖုန်းကျားကျား "??? "
အစ်ကိုလေးက အဲ့လို လူစားမျိုး မဟုတ်လောက်ပါဘူး.. ဟုတ်တယ်မလား... ဒါကြီးကတော့ ရူးချင်စရာပါပဲ...
" အစ်မ၀မ်.. သူက ဘယ်သူလဲ.. ဘာလို့ အ၀င်၀က အသီးရောင်းသမားနဲ့ တူနေရတာလဲ..."
ပြောလိုက်သူက ၀မ်ဖန်းနှင့် အတူ ထွက်လာခဲ့သည့် လူငယ်လေးပင်။ သူ၏ နာမည်က မာကျန်းဖုန်း ဖြစ်လေသည်။ ၀မ်ဖန်း သုံးသည့် အရုပ်လေးများထဲမှ တစ်ရုပ်ဖြစ်၏။
" အဲ့ဒီ အသီးရောင်းတဲ့သူပဲလေ.. "၀မ်ဖန်း ပြောလိုက်ပြီး " ငါ သူ့ကို ကတ်ပေးလိုက်တာတောင် မကြာသေးဘူး.. ငါ့စိတ်ထဲ သူ မလာလောက်ပါဘူးလို့ ထင်ထားတာ ဒီလောက် မြန်မြန်ကြီး ရောက်ချလာမယ်လို့ ထင်တောင် မထင်ထားဘူး... "
" သူ့မျက်လုံးတွေက ဂနာမငြိမ်ဘူးနော်.. အစ်မ၀မ်... ဒီကောင် လူကောင်း မဖြစ်နိုင်လောက်ဘူး.. လျစ်လျူရှုလိုက်တာ ပိုကောင်းမယ်... "
" နင် ဘာစကားတွေ လျှောက်ပြောနေတာလဲ... "၀မ်ဖန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး " ထွက်သွားလိုက်တော့... နင့်ကို ထပ်ပြီး မလိုတော့ဘူး... "
" အစ်မ၀မ်... မင်း ဘာတွေ ပြောနေတာလဲ.. ခုလေးတင်ပဲ ကျွန်တော်နဲ့အတူ တစ်သက်လုံး ရှိသွားချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား... ဘာလို့ ရုတ်တရက်ကြီး.... "
မာကျန်းဖုန်း ဒေါသတကြီးနှင့် ဖြစ်သွားပြီး လုံး၀ လက်မခံနိုင်ခဲ့ချေ။
ယခုလေးတင်ပဲ သူတို့ နှစ်ယောက် အချစ်သံစဉ်များ ဖန်တီးနေခိုက် ၀မ်ဖန်းမှ သူ့ကို BMW 5 စီးရီး လက်ဆောင်ပေးမည်ဟု ကတိပေးထားခဲ့သည်။
" မလုပ် မလုပ်နဲ့.. ရန်မဖြစ်ကြပါနဲ့... "လင်းရီ နှစ်ယောက်ကို ကမန်းကတမ်း ဟန့်တားလိုက်ပြီး " ကျုပ်အထင် အစ်မကြီးရဲ့ သူငယ်ချင်းလေးကလည်း မဆိုးပါဘူး... ကျုပ် မျက်နှာကို သေချာလေးကြည့်စမ်းပါ.... တစ်ချက်ကြည့်လိုက်တာနဲ့ မကောင်းတဲ့ကောင်ဆိုတာ ပြောလို့ရတယ်... ဒီတော့ ကျုပ်တို့ချင်း ဝေးဝေး နေရအောင် ဟုတ်ပြီလား.. နှစ်ဖက်လုံးအတွက် ကောင်းတာပဲလေ... “