← Chapters

သွေးဆောင်မှု

Vol. 11 Ch. 20

သွေးဆောင်မှု

Vol. 11 Ch. 20

ဖရာလီတာတို့အုပ်စုက မြေအောက်ကျောက်ဂူကြီးအတွင်းမှာရှိနေတဲ့ ရေကန်ကို လုံလုံခြုံခြုံနဲ့ ဖြတ်လာနိုင်ကြတယ်။ သူတို့အကုန်လုံးက ကမ်းခြေမှာရပ်ထားတဲ့ လှေတစ်စင်းပေါ်တက်ပြီး ခရီးဆက်နေကြတာပါ။ ယောက်ျားလေးနှစ်ယောက်ဖြစ်တဲ့ ဖီးလစ်နဲ့အီဗန်က လှော်တက်တွေကိုကိုင်ကာ လှေလှော်နေကြပြီး နျူရေက ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေကြပါတယ်။ ဖရာလီတာကတော့ ဘုရင်သူရိယရာဇာပေးလိုက်တဲ့ လက်စွပ်ကို လက်နဲ့ကိုင်ပြီး မြောက်ထားပါတယ်။ လက်စွပ်က အနီရောင်ကျောက်ကနေ အနီရောင်မှိန်ပျပျအလင်းကို ထုတ်လွှတ်နေပြီးတော့ ရေကန်ပတ်ပတ်လည်ကို ​ရေးရေးလေးသာ မြင်နေရပါတယ်။

“မှတ်တမ်းထဲကအတိုင်းဆိုရင် ဒီနေရာမှာ ဘုရင်သူရိယရာဇာနဲ့အတူပါသွားတဲ့ ကြေးစားတပ်ဖွဲ့ကလူတွေကို စက်ယန္တရားရုပ်တွေ တိုက်ခိုက်ခဲ့တဲ့နေရာပဲ။ ဒါပေမဲ့ မှတ်တမ်းထဲကအတိုင်းဆိုရင် ရွှေရောင်တောက်နေတဲ့ နန်းဆောင်ကြီးကို အဝေးကနေလှမ်းမြင်ရမယ့် အချိန်ရောက်ပြီလေ။”

နျူရေက သူရိယရာဇာရဲ့မှတ်တမ်းစာအုပ်ကို လက်ထဲမှာ ကိုင်ထားရင်း ပြောလိုက်ပါတယ်။ ဖရာလီတာကတော့ လှိူင်းမရှိဘဲ ငြိမ်သက်နေတဲ့ ရေကန်မျက်နှာပြင်ကို ခံစားချက်မဲ့စွာကြည့်ရင်း ပြန်ဖြေလိုက်ပါတယ်။

“နန်းဆောင်ကနေ အလင်းတွေဖြာထွက်နေတယ်ဆိုတာက အထဲမှာရှိနေခဲ့တဲ့ ရွှေရောင်သလင်းကျောက်ကြောင့်ပဲ။ အဲဒီသလင်းကျောက်ထဲက စွမ်းအားတွေကို ဘုရင်သူရိယရာဇာက ယူသွားပြီးပြီဆိုတော့ စွမ်းအင် အရင်းအမြစ်မရှိတော့လို့ မတောက်ပတော့တာနဲ့တူတယ်။”

သူတို့ပြောရင်းဆိုရင်းနဲ့ပဲ လှေဦးက ရွှေရောင်နန်းဆောင်ရဲ့ဝင်ပေါက်ကို ရောက်လာကြတယ်။ ရွှေရောင်ချပ်ဝတ်တွေဝတ်ဆင်ထားတဲ့ အစောင့်ယန္တရားရုပ်တွေကို သူတို့မြင်ရပေမဲ့ အားလုံးက ခေါင်းကိုငိုက်စိုက်ချထားပြီး အသက်ဝင်လာမယ့်ပုံ ရှိမနေပါဘူး။

“ဒါလည်းမှတ်တမ်းထဲကနဲ့မတူဘူး။ မှတ်တမ်းထဲမှာ ဒီအရုပ်တွေက အသက်ဝင်နေပြီးတော့ လူတိုင်းကို စောင့်ကြည့်နေခဲ့တာ။”

နျူရေက ပြောလိုက်ပြန်တယ်။ ဖရာလီတာကတော့ နျူရေသိချင်တဲ့အဖြေကို ပေးပြီးသားဖြစ်တဲ့အတွက် အပိုတွေပြောမနေတော့ဘဲ သူနဲ့အတူပါလာတဲ့ လက်ကိုင်အိတ်ကလေးကို ဖွင့်လိုက်တယ်။ အတွင်ကနေ ယင်ကောင်အရွယ် ဒရုန်းသေးသေးလေးတချို့ထွက်လာပြီး သူတို့အမြီးကနေ မီးအလင်းရောင်ထွက်လာတယ်။ ဒီလိုနဲ့ သူတို့အုပ်စုက ရွှေရောင်နန်းဆောင်ကြီးရဲ့နံရံတွေနဲ့ကြမ်းပြင်တွေရဲ့အလှကို စတင်မြင်လာရပါတယ်။

“တကယ့်ကို အံ့ဩစရာပဲ။” တိတ်တဆိတ်လိုက်ပါလာတဲ့ အီဗန်က ပြောလိုက်တယ်။ ဖရာလီတာကတော့ ရှေ့ကနေ ဦးဆောင်ပြီးသွားနေပြီ။ မကြာခင်မှာပဲ ဆယ့်နှစ်ရာသီခွင် အရုပ်တွေထွင်းထားတဲ့ တံခါးမကြီးဆီ ရောက်လာတယ်။

“မှတ်တမ်းထဲမှာပါတဲ့ လျှို့ဝှက်နံပါတ်သိမှ ဖွင့်လို့ရမယ့်ဟာပဲ။ ကံကောင်းတာက ငါတို့မှာ လျှို့ဝှက်နံပါတ်ရှိပြီးသား။”

ဖရာလီတာက တီးတိုးပြောလိုက်ပြီး ဆယ့်နှစ်ရာသီခွင် အရုပ်တွေကို မှတ်တမ်းထဲကအတိုင်း ရွှေ့လိုက်တယ်။ ဖီးလစ်ကတော့ သူ့ရှေ့ကရွယ်တူကောင်မလေး လုပ်ကိုင်နေတာတွေကိုကြည့်ရင်း သမ်းဝေလိုက်လေရဲ့။

“ ရှေးဟောင်းဂူတစ်ခုထဲကို စူးစမ်းလေ့လာဖို့သွားရတာ ပျော်ဖို့ကောင်းမယ်ထင်ခဲ့ပေမဲ့ တကယ့်တကယ်က ပျင်းစရာကြီးပဲ။ ဘာအန္တရာယ်မှမရှိသလိုပဲ။”

ဖရာလီတာက တံခါးကိုဖွင့်လိုက်တယ်။ ဒါပေမဲ့ ချက်ချင်း ရှေ့ဆက်မသွားသေးဘဲ ဖီးလစ်ကို ကြည့်လိုက်ပါတယ်။ သူ့မျက်လုံးအကြည့်တွေထဲမှာ ဒေါသအရိပ်အယောင်တချို့ပါနေတယ်။

“ဒီနေရာက ဝင်ရောက်ရှင်းလင်းပြီးသား နေရာမလို့ ဘာအန္တရာယ်မှမရှိတာ။ ဒါက ဝမ်းသာရမယ့်ကိစ္စ မဟုတ်ဘူးလား။ အန္တရာယ်တွေအများကြီးနဲ့ကြုံတွေ့ပြီး နင်ချစ်တဲ့သူတစ်ယောက်ယောက် သေသွားရမှ နင်က ပျော်နိုင်မှာလား။”

ဖီးလစ်က ခေါင်းကုတ်လိုက်တယ်။ ဖရာလီတာ ဘာကြောင့် စိတ်ဆိုးနေရတာလဲဆိုတာ သူနားလည်ပုံမရဘူး။ အဲဒီအစား သူက တစ်ခုခုပြန်ပြောဖို့ ကြိုးစားလိုက်ပေမဲ့ နျူရေက သူ့ပါးစပ်ကို လက်ဝါးနဲ့ပိတ်လိုက်ပြီး ဖရာလီတာကို ပြုံးပြလိုက်ပါတယ်။

“ယာယီကျောင်းအုပ်၊ ကျွန်မတို့ ဆက်သွားရအောင်။”

....

“ဖီးလစ်၊ နင်သေချင်နေတာလား။ ယာယီကျောင်းအုပ် ဝမ်းနည်းနေတာ နင်မတွေ့ဘူးလား။”

နျူရေက ဖီးလစ်နဲ့ပခုံးချင်းယှဥ်လျှောက်ရင်းကနေ မေးလိုက်တယ်။ ဖီးလစ်ကတော့ လက်ကိုနောက်ပစ်ပြီး ဇက်ပိုးကိုကိုင်ထားကာ အေးအေးဆေးဆေးပုံစံနဲ့ ရှိနေတယ်။ အယ်ဖာအဆင့်တစ်ယောက်ကို ရန်စမိတော့မလို ဖြစ်သွားတာကိုတောင် နောင်တရတဲ့ပုံမပေါ်ဘူး။

“သူက အတွေ့အကြုံရှိတဲ့ မြူတန့်တိုက်ခိုက်ရေးသမားပဲလေ။ သူ့ရဲဘော်ရဲဘက်တွေအများကြီး သေတာကိုမြင်ခဲ့ပြီးပြီ။ အခုလောက်ဆိုရင် နေသားကျနေရမှာပေါ့။ ဝမ်းနည်းမှုဆိုတာ စစ်သည်ကောင်းတွေမှာ မရှိသင့်တဲ့အရာပဲ။”

ဖီးလစ်က လေသံကိုမနှိမ့်ဘဲ ပြောလိုက်ပြန်တယ်။ အဲဒီစကားကို ကြားပြီးတဲ့နောက်တော့ နျူရေက မျက်မှောင်ကြုတ်လိုက်တယ်။

“နင်ပြောချင်တာက ငါတို့နင့်ရှေ့မှာ သေသွားရင်တောင် နင်က ဝမ်းနည်းမှာမဟုတ်ဘူးပေါ့။”

“အေး... ငါဖီးလစ်က အာကိုင်းဂါမီ-ဆမလိုပဲ သေဆုံးသူတွေအတွက် ဝမ်းနည်းမနေဘဲ ရှေ့ဆက်နေချင်တာ။”

ဖီးလစ်က အကြင်နာမဲ့စွာ ပြောလိုက်တယ်။ ကိုင်းတိုက သေဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေနဲ့ပတ်သက်ပြီး သိပ် ဝမ်းနည်းတတ်တဲ့သူမဟုတ်ဘူးဆိုတဲ့ ယူဆချက်တချို့ အင်တာနက်ပေါ်မှာ ပြန့်နှံဖူးတယ်။ အဲဒီကိစ္စကို လူအများစုက သဘောမကျကြပေမဲ့ ဖီးလစ်ကတော့ လေးစားစရာကောင်းတဲ့အချက်လို့ ထင်နေတဲ့ပုံပါပဲ။

ဖရာလီတာက သူ့ခြေလှမ်းတွေကို ရပ်လိုက်တယ်။ သူက အောက်ကိုဆက်တိုက်ငုံကြည့်နေခဲ့တာမလို့ ဆံပင်တွေက မျက်နှာကိုဖုံးနေပြီး အဲဒီအောက်ကမျက်နှာက ဘယ်လို ဖြစ်နေလဲမသိပေမဲ့ နောက်မှာရှိနေတဲ့ အီဗန်ကတော့ ကျောချမ်းသွားတယ်။ ပြီးတဲ့နောက်တော့ ဖရာလီတာက လေသံအောက်ကနေ တိုးတိုးလေးပြောလိုက်ပါတယ်။

“နင်က အာကိုင်းဂါမီလိုမျိုး သေသွားတဲ့သူတွေကို မေ့ပစ်ဖို့ ငါ့ကိုပြောနေတာလား။ အဲဒီလိုခွန်အားမျိုး ငါ့မှာရှိရင်တော့ ကောင်းတာပေါ့။”

အဲဒီနောက်တော့ အသေးမလေးက ဘာမှမပြောတော့ဘဲ ရှေ့ဆက်လျှောက်တယ်။ နျူရေက ဖီးလစ်ကို ရက်စက်တော့မယ့် အကြည့်တွေနဲ့ကြည့်လိုက်ပြီး

“နင်က ငါထင်ထားတာထက် ပိုဆိုးတဲ့ကောင်ပဲ။ အကြင်နာတရားမရှိတဲ့သူ။”

နျူရေက စကားကိုအဆုံးသတ်လိုက်ပြီး အီဗန်နားကို ပြန်သွားတယ်။ ဖီးလစ်တစ်ယောက်သာ အုပ်စုနောက်ဆုံးမှာ ပြတ်ကျန်နေရစ်တယ်။

...

မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူတို့အုပ်စုက နန်းဆောင်ရဲ့အလယ်ကိုရောက်လာကြတယ်။ မှတ်တမ်းထဲကအတိုင်းပဲ နန်းဆောင်အလယ်မှာ ပျူစာတွေထွင်းထားတဲ့ ရွှေရောင်ရုပ်ကြွတွေနဲ့ ခေါင်းတလားကြီးတစ်လုံးရှိနေပြီး ခေါင်းတလားပေါ်မှာတော့ ခပ်မှိန်မှိန်သာ လင်းလတ်နေတဲ့ ရွှေရောင်သလင်းကျောက်ကြီးရှိနေပါတယ်။

“ဒီသလင်းကျောက်က ဘုရင်သူရိယရာဇာကို စွမ်းအားပေးခဲ့တဲ့ မြူတန့်သလင်းကျောက်ပဲ။ ခေါင်းတလားထဲမှာက ဒေသခံတွေ ရွှေရုပ်သွင်လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။”

ဖရာလီတာက ပြောလိုက်ပြီး ခေါင်းတလားအဖုံးကို လက်စွပ်နဲ့ထိလိုက်တယ်။ ခေါင်းတလားက အားစိုက်စရာမလိုပဲ ပွင့်သွားပြီး အတွင်းမှာရှိနေတဲ့ မိန်းကလေးကို သူတို့မြင်လိုက်ရတယ်။

“လှလိုက်တာ...” မိန်းကလေးချင်းဖြစ်တဲ့ နျူရေတောင်မှ ပါးစပ်ကနေ ထုတ်ပြောမိလိုက်တယ်။ မိန်းကလေးက အနည်းဆုံး ဆယ့်ခြောက်နှစ်ပဲရှိသေးမယ့်ပုံပေါ်တယ်။ ပုဂံခေတ်မင်းသမီးဝတ်စုံကိုဝတ်ဆင်ထားတဲ့ မိန်းကလေးက သူ့မျက်လုံးတွေကို တင်းတင်းကျပ်ကျပ်ပိတ်ထားပြီး မျက်နှာကတော့ လူသေကောင်ပမာ ဖြူဖျော့နေပါတယ်။ နောက်ထူးခြားချက်တစ်ခုက သူ့နှုတ်ခမ်းအပြင်ကို ကျော်ပြီးထွက်နေတဲ့ သွားစွယ်နှစ်ချောင်းပါ။ ပြီးတော့ အနီရောင်ဆံပင်ရှည်တွေရှိနေပြီး အာကိုင်းဂါမီရဲ့သဘာဝအနီရောင်ဆံပင်နဲ့ ဆင်တူတယ်။

ဖရာလီတာကတော့ မိန်းကလေးဆီကနေ အကြည့်လွှဲလိုက်ပြီး အီဗန်ကိုကြည့်လိုက်တယ်။ “အီဗန်၊ နင့်အလုပ်ကိုစတော့။”

“ဟုတ်ကဲ့။” အီဗန်က သူ့ဓားကိုဆွဲထုတ်ပြီး လက်ဝါး အလယ်တည့်တည့်ကို လှီးဖြတ်လိုက်တယ်။ နောက်တော့ သူ့သွေးစက်တွေကို ခေါင်းတလားထဲက မိန်းကလေးရဲ့ပါးစပ်နား တေ့ပြီးထည့်ပေးလိုက်ပေမဲ့

“ဟင်....”

ဖရာလီတာက မျက်ခုံးပင့်လိုက်တယ်။ သူတို့မျက်စိရှေ့မှာပဲ မိန်းကလေးရဲ့ရုပ်အလောင်းက ဖုန်မှုန့်တွေအဖြစ်ကို ပြောင်းလဲသွားပြီး ဘာမှမကျန်ရစ်ခဲ့ဘူး။ အနီရောင်အလင်းစက်တချို့ ခေါင်းတလားထဲကနေထွက်လာပြီး အီဗန်ရဲ့ပခုံးမှာ မိန်းကလေးပုံတက်တူးအဖြစ် ဖွဲ့တည်သွားတာတစ်ခုပဲ ထူးခြားမှုရှိတယ်။

“အဲဒီမိန်းကလေးကို အီဗန့်သွေးတိုက်လိုက်ရင် ပြန်အသက်ရှင်လာရမှာ မဟုတ်ဘူးလား။ ဘာလို့ အခုလိုပျက်စီးသွားရတာလဲ။” နျူရေလည်း နားမလည်နိုင်တော့ဘူး။ ဒါပေမဲ့ ဖရာလီတာကတော့ တည်ငြိမ်စွာရှိနေပါတယ်။

“မဟုတ်ဘူး... တကယ်တော့ အကြောင်းအရင်းကို ငါသိတယ်လို့ထင်တာပဲ။ အဲဒီတစ်​ယောက်က စွမ်းအားကြီးတယ်ဆိုပေမဲ့ ထောင်စုနှစ်နဲ့ချီပြီး ဆောင်းခိုတဲ့အနေအထားနဲ့ရှိနေခဲ့တာလေ။ အာဟာရပြတ်ပြီး တကယ်သေသွားတာမျိုးဖြစ်မယ်။”

နျူရေကလည်း ခေါင်းညိတ်လိုက်တယ်။ အပြင်လောကမှာရှိနေတဲ့ မသေမျိုးကိုင်းတိုတောင်မှ အစားအသောက်စားဖို့ လိုပါသေးတယ်။ ကိုင်းတိုလည်း ဆောင်းခိုတဲ့ပုံစံနဲ့အကြာကြီးရှိနေဖူးတယ်ဆိုပေမဲ့ အဲဒါက ရာစုနှစ်တစ်ခုပါပဲ။ ခေါင်းတလားထဲက မိန်းကလေးကတော့ နှစ်တွေထောင်ချီပြီး ဆောင်းခိုနေခဲ့တာ။

“ဒါပေမဲ့ ဒီတက်တူးက....” အီဗန်က သူ့ပခုံးနဲ့လက်မောင်းကြားမှာရှိနေတဲ့ အမျိုးသမီးပုံတက်တူးကို ထိကြည့်လိုက်တယ်။ ထိမိပြီးချင်းချင်းမှာပဲ သူ့မျက်လုံးတွေက အနီရောင်ပြောင်းသွားပြီး အစွယ်တွေငေါထွက်လာတယ်။ ပြီးတဲ့နောက်တော့ သူက ကြောက်ကြောက်လန့်လန့်နဲ့တက်တူးကို လွှတ်ပေးလိုက်တယ်။ နောက်တော့ သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး လဲကျသွားတယ်။

“အီဗန်...” နျူရေလည်း လန့်သွားပြီး အီဗန်နားကို ပြေးသွားပေမဲ့ အီဗန်က အလန့်တကြားအော်လိုက်တယ်။

“အနားကပ်မလာနဲ့။” သူ့မျက်လုံးတွေက နီရဲနေဆဲဖြစ်ပြီး သူ့ကိုယ်သူထိန်းချုပ်ဖို့ အတော်ကြိုးစားနေရပုံပေါ်တယ်။ ပြီးတဲ့နောက်တော့ အီဗန်က အသင့်ဆောင်ထားတဲ့ သွေးထုတ်ကိုဖောက်သောက်လိုက်ပြီး ပြောလိုက်တယ်။

“ငါတက်တူးကိုထိလိုက်တုန်းက စိတ်ရိုင်းတွေဝင်လာတယ်။ ငါ့ရှေ့မှာရှိနေသမျှ သက်ရှိတွေအားလုံးကို ဆွဲဖြဲပြီး သွေးသောက်ဖို့အထိ တွေးမိတာမျိုးပဲ။ နင်သာ ငါ့အနားကပ်လာရင် ဘာတွေဖြစ်လာမလဲမသိဘူး။”

အီဗန်က ကြောက်စိတ်နဲ့ သူ့ကိုယ်သူထွေးပွေ့ထားရင်း ပြောလိုက်တယ်။ သူက တက်တူးကို ကျိန်စာတစ်ခုလိုမျိုး ငုံကြည့်နေတယ်။ ဖရာလီတာကလည်း တက်တူးကို ကြည့်လိုက်ရင်းကနေ မေးလိုက်တယ်။

“တစ်ချိန်တည်းမှာပဲ နင့်ခွန်အားတွေ တိုးလာတယ်လို့ မခံစားရဘူးလား။”

အီဗန်က ခေါင်းမော့ကြည့်လိုက်ပြီး ဝန်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ဖရာလီတာက ခပ်ဟဟပြုံးလိုက်ပြီး

“ဒါဆိုရင်တော့ ငါတို့ခရီးစဥ်က အလကားဖြစ်မသွားဘူးပဲ။ အဲဒီတက်တူးက အသွားနှစ်ဖက်ရှိတဲ့ သွေးမျိုးနွယ်ဘိုးဘေးရဲ့ဝှက်ဖဲတစ်ခုပဲ။ နင့်ကို တိုက်ပွဲထဲမှာ ရက်စက်ပြတ်သားစေဖို့ ကူညီပေးမယ့်အရာ။ ဆိုးကျိုးတချို့ရှိတယ်ဆိုပေမဲ့ပေါ့။”

အီဗန်ကတော့ အဲဒီစကားကိုကြားရလို့ ပျော်နေတဲ့ပုံမပေါ်ဘူး။ ဖရာလီတာက ဘာမှဂရုမစိုက်တော့တဲ့ပုံစံနဲ့ ချာခနဲကိုယ်ကိုလှည့်လိုက်ပြီး

“ ဒီနေရာမှာ တခြားလုပ်စရာမရှိတော့ဘူးဆိုတော့ တိုကျိုကိုမြန်မြန်သွားရအောင်။ အဲဒီမှာ ပွဲဆူနေလောက်ပြီ။”

ဖရာလီတာက ဂူထဲကနေ ထွက်သွားဖို့ပြင်တယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ ခေါင်းတလားအပေါ်က ရွှေသလင်းကျောက်က ပုံမှန်မဟုတ်ဘဲ ငွေရောင်အလင်းတွေနဲ့တောက်ပလာပြီး ဖရာလီတာက သူ့ခေါင်းကိုယ်သူ ဆုပ်ကိုင်ထားလိုက်မိတယ်။

“ခေါင်းကိုက်လိုက်တာ... ဘာတွေဖြစ်နေတာလဲ။” သူက သလင်းကျောက်ကို ကြည့်လိုက်တယ်။ ရွှေရောင်စွမ်းအားရှိတဲ့ သလင်းကျောက်က ဘာကြောင့် ငွေရောင်တောက်နေမှန်း သူနားမလည်ဘူး။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ပျောက်ဆုံးလာတယ်လို့ ခံစားရတယ်။

“ယာယီကျောင်းအုပ်....” အနားမှာရှိနေတဲ့ နျူရေက ဖရာလီတာကို ဖမ်းဆွဲလိုက်ပေမဲ့ ဖရာလီတာကတော့ သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ သတိလစ်မေ့မျောသွားတော့တယ်။

...

နောက်တစ်ကြိမ် ဖရာလီတာမျက်လုံးဖွင့်လိုက်ချိန်မှာတော့ ကြယ်တွေမရှိတဲ့ ကောင်းကင်ကြီးကို မြင်လိုက်ရတယ်။ သူက အနားပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်တော့ တိုက်ပွဲကြီးတစ်ခုဖြစ်ထားဟန်နဲ့ မြေပြင်တွေမှာ ချိုင့်ခွက်တွေဖြစ်ကျန်နေရစ်တာကို တွေ့ရပါတယ်။ သူ့မျက်နှာချင်းဆိုင်မှာတော့ ကျောက်တုံးအကျိုးအပဲ့တွေအဖြစ်ကို ပြောင်းလဲနေပြီဖြစ်တဲ့ အရာတစ်ခုရှိနေပြီး နဂိုက ဘယ်လိုအဆောက်အဦးဖြစ်ခဲ့မှန်းတောင် ဖရာလီတာ ခန့်မှန်းမရတော့ဘူး။

“အဲဒါက ငါ့ရဲ့ပလ္လင်ဖြစ်ခဲ့တဲ့နေရာလေ၊ ငါ့ရဲ့ဒုတိယမြောက် မျှော်လင့်ချက်လေး။”

ဖရာလီတာက သူ့နောက်ကနေ မိန်းကလေးတစ်ယောက်ရဲ့စကားသံကို ကြားလိုက်ရတဲ့အတွက် လှည့်ကြည့်လိုက်တယ်။ ငွေရောင်ဆံပင်ရှည်တွေနဲ့မိန်းကလေးတစ်ယောက်က လက်ကိုနောက်ပစ်ပြီး မြေပြင်မှာလဲနေတဲ့သူ့ကို ခါးကိုင်းပြီးကြည့်နေတာ။ မိန်းကလေးရဲ့ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်လိုမျိုး ထွင်းဖောက်ပြီးမြင်နေရတယ်။

“ရှင်က ဘယ်သူလဲ။” ဖရာလီတာက မေးလိုက်တယ်။ ဒီအမျိုးသမီးက မက်ဒါနာနဲ့တူပေမဲ့ မက်ဒါနာမဟုတ်မှန်း သူသိနေပါတယ်။ မိန်းကလေးက ရယ်မောလိုက်ပြီး...

“ငါက နင်ရခဲ့တဲ့သလင်းကျောက်ထဲက ထောင်စုနှစ် အသိဉာဏ်ပညာတွေရဲ့ပိုင်ရှင် စက်ယန္တရားတွေရဲ့သခင်မ အီဆန်ပဲ။ ခုတော့ စက်ယန္တရားတွေရဲ့သခင်မဟောင်းလို့ ပြောရမလား။ တခြားတစ်ယောက်က အဲဒီဂုဏ်ပုဒ်ကို ယူသွားပြီလေ။”

“.....” ဖရာလီတာကတော့ အဲဒီမိန်းကလေးပြောတာတွေကို နားမလည်နိုင်ဘူးဖြစ်နေတယ်။ တစ်ဖက်မှာတော့ အီဆန်က သွေးဆောင်တော့မယ့်အပြုံးမျိုးပြုံးလိုက်ပြီး ပြောလာတယ်။

“ကိုယ်ချစ်တဲ့သူတွေကို ကာကွယ်ပေးနိုင်စွမ်းမရှိတော့ ကိုယ့်ကိုယ်ကိုယ် အားနည်းတယ်လို့ မခံစားရဘူးလား။”

“အားနည်းတယ်....” ဖရာလီတာက ခေါင်းကိုစောင်းငဲ့လိုက်တယ်။ သူ့စိတ်ထဲမှာ စတန်းဖို့ဖ်၊ အယ်လိုဟင်နဲ့အစ်ကိုဝမ်းကွဲလူကန်တို့ သေဆုံးခဲ့ရတဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်လာတယ်။ သူသူတို့ကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ ပြီးတော့ မက်ဒါနာရဲ့အဖြစ်ဆိုး...

“ဟုတ်တယ်... ငါက အားနည်းတယ်...” သူဝန်ခံလိုက်မိတယ်။ တစ်ဖက်အမျိုးသမီးကတော့ ပြုံးလိုက်ပြီး...

“နားထောင်... နင်သာ ငါ့ကိုနင့်ခန္ဓာကိုယ်ထဲမှာ နေခွင့်ပေးမယ်ဆိုရင်... အရာအားလုံးကို ကာကွယ်နိုင်မယ့် စွမ်းအားမျိုး နင့်ကိုပေးမယ်....”

အီဗန်က ကြင်နာတတ်တဲ့ပုံစံနဲ့စကားပြောရင်း လက်ကိုကမ်းပေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဖရာလီတာရဲ့စဥ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားပြီး သူ့လက်ကိုမြှောက်ကာ အီဆန်ရဲ့လက်ကို ဆွဲလိုက်မိတော့တယ်။

All Chapters