ကောင်းမွန်သော အချိန်များ
Vol. 010 Ch. 932
ရီဖူရှင်းနှင့် တခြားလူများက ကျေးရွာ ခေါင်းဆောင်၏ ဓားနှင့်အတူ ထွက်သွား ကြသည်။ သူတို့၏ ပုံရိပ်များက မြန်ဆန်စွာပင် ကျုးထန်နန်းတော် နယ်နိမိတ်မှ ကွယ်ပျောက် သွားကြ၏။
ကျူးထန်နန်းတော်၌ မရေမတွက်နိုင်သော လူများ၏ စိတ်များမှာ တုန်လှုပ်နေဆဲ ဖြစ်ကြပြီး အားလုံးမှာ မသက်မသာ ခံစားနေကြရ၏။ တိုက်ပွဲမှာ အားလုံး၏ မျက်လုံး ရှေ့မှောက်၌ မျက်ဝါးထင်ထင် ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ သူတို့ တွေးထင်ထားသလို တိုက်ပွဲမှာ အကြိတ်အနယ် မဖြစ်ခဲ့ဘဲ ရီဖူရှင်းတို့ကသာ ကျူးထန်ကိုးလွှာမှ ပါရမီရှင်များအား တစ်ဖက်သတ် အသာစီးဖြင့် ချိုးနှိမ်သွားခဲ့ခြင်း ဖြစ်သည်။ သူတို့က ပေ့ချိန်ရန်၏ သက်စောင့်ဝိညာဉ်ကိုပင် ဖျက်ဆီး သွားခဲ့ကြ၏။
ပေ့ချိန်ရန်ကား စွေ့ရန်ရှန့်ထိုဓား၏ သားဖြစ်ကာ လီဟန်ဓား နန်းတော်၌ သွားရောက် လေ့ကျင့်ရန် ပို့ဆောင်လုနီး အချိန်လည်း ဖြစ်သည်။ သို့သော်လည်း ယနေ့တွင် သူ၏သားကား ကျင့်ကြံခြင်း လမ်းစဉ် အဆုံးသတ်ခဲ့ရ၏။ စွေ့ရန်ရှန့်ထိုဓားကား သေချာပေါက် တစ်ဖက်လူများအား မုန်းတီး ပေလိမ့်မည်။ သို့သော်လည်း တစ်ဖက်တွင် တခြားလူ၏ သက်စောင့်ဝိညာဉ်ကို သွားရောက် လုယက်သော ပေ့ချိန်ရန်က ဦးဆုံး အမှားကျူးလွန်သူ ဖြစ်သည်။ ထို့အတူ စွေ့ရန်ရှန့်ထို ဓားကိုယ်တိုင်ကလည်း ထိုကိစ္စကို အားပေးကာ ခိုးယူခဲ့သော သက်စောင့်ဝိညာဉ်အား သန့်စင်ပေးခဲ့၏။ ယခု ပေ့ချိန်ရန်မှာ မင်းသမီးလေး ကိုယ်တိုင် အသိသက်သေ လုပ်သော၊ မျှတသော စိန်ခေါ်ပွဲ၌ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ရာ သူဘာမှ မတတ်နိုင်ပေ။
စွေ့ရန်ရှန့်ထိုဓားက မင်းသမီး၏ ရပ်တည်ချက်ကို လျစ်လျူရှုကာ အောက်ဘုံသို့ သွားရောက်ကာ တိုက်ခိုက်မည် ဆိုသည့်တိုင် သူက တော်ဝင်မြေ တစ်ခုကို ရင်ဆိုင် တိုက်ခိုက်ရမည် ဖြစ်သည်။ သူတို့က အောက်ဘုံမှ ဖြစ်သည့်တိုင် ရှန့်ထိုများကို ပိုင်ဆိုင်သော တော်ဝင်မြေ တစ်ခုမှာ အင်အား မသေးပေ။
လီဟန်နန်းတော် အတွက်မူကား သူတို့မှာ အင်ပါယာရှား နယ်မြေ၌ ဓားပညာ၌ နံပါတ်၁ အဆင့်အတန်းကို ပိုင်ဆိုင်သည့် အင်အားစုဖြစ်ရကား သူတို့ တပည့်တစ်ယောက်က တခြား အင်အားစုမှ တစ်ယောက်ထံတွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့ရခြင်းမှာ စော်ကားခံရခြင်းနှင့် အတူတူ ဖြစ်သည်။ သို့သော်လည်း တိုက်ပွဲမှာ မင်းသမီးလေး ကိုယ်တိုင် အသိသက်သေ လုပ်ခဲ့ခြင်းဖြစ်ပြီး ပေ့ချိန်ရန်၏ အမှားမှ ဖြစ်တည်လာရသော ပဋိပက္ခလည်း ဖြစ်၏။ မရေမတွက်နိုင်သော ပရိသတ်များက တိုက်ပွဲကို မြင်တွေ့ခဲ့ကြရသည်။ အကယ်၍ လီဟန်ဓားနန်းတော်က လက်စား ပြန်ချေလိုသည် ဆိုလျှင်ပင် သူတို့ အများဆုံး လုပ်နိုင်သည်ကား တန်ခိုးအဆင့်တူ အတွင်းမှ တစ်စုံတစ်ယောက်က ရီဖူရှင်းအား စိန်ခေါ် တိုက်ခိုက် စေခြင်းသာ ဖြစ်သည်။ အကယ်၍ သည်မျှသော ပဋိပက္ခမျှလောက် အတွက် သူတို့၏ ရှန့်ထိုများဖြင့် ကိုယ်တိုင် သွားရောက် တုံ့ပြန်ခြင်းက သူတို့၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်ရာ ထိုသို့လုပ်ရန် မည်သို့မှ မဖြစ်နိုင်ပေ။
သည်ကိစ္စ၌ သနားစရာ အကောင်းဆုံးမှာ ပေ့ချိန်ရန် ကိုယ်တိုင် ဖြစ်ပေသည်။ အောက်ဘုံမှ ရီဖူရှင်းကသာ ဤသို့သော စွမ်းရည် ရှိသည်ဆိုပါက ကျူးထန်နန်းတော်၌ ဤသို့သော စိန်ခေါ်ပွဲကို သူလက်ခံ စီစဉ်ခဲ့မည် မဟုတ်ပေ။
တိုက်ပွဲက အင်ပါယာရှား နယ်မြေ၌ လူပြောစရာ ဖြစ်လာခဲ့သော်လည်း အချိန် ကြာလာသည်နှင့်အမျှ မှေးမှိန် သွားခဲ့ပေသည်။ မည်သို့ဆိုစေ အင်ပါယာရှား နယ်မြေကား အလွန် ကြီးမားကာ နေ့စဉ်နှင့်အမျှ ကြီးမားသော ကိစ္စများ ဖြစ်ပွားနေပေသည်။
သို့သော်လည်း ရီဖူရှင်း၊ ယူချင်းနှင့် ဂူတုံးလျိုတို့၏ နာမည်များမှ လူအများစု၏ မှတ်ညဏ်ထဲ တွင်တော့ ကျန်ရစ်ခဲ့ပေသည်။ အနည်းဆုံး သူတို့အား ကျူးထန် နန်းတော်မှ လူများ အချိန်တစ်ခုကြာ အမှတ်ရ နေကြပေလိမ့်မည်။
***
မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်၌ ဓားစွမ်းအင်လှိုင်း တစ်ခု ရိုက်ခတ်လာခဲ့ကာ ကောင်းကင်မှ အလင်းတန်းတစ်ခု ကျဆင်း လာခဲ့သည်။ မရေမတွက်နိုင်သော လူများက မော့ကြည့်လျှင် ဓားပေါ်မှ လူအများအပြားကို မြင်တွေ့ကြရ၏။
နန်းတော်သခင် ရီဖူရှင်း၊ ဟွာဂျီယူ၊ ကျေးရွာ ခေါင်းဆောင်နှင့် တခြားလူများ အားလုံး ပြန်ရောက် လာခဲ့ကြလေပြီ။
နန်းတော်သခင်က သူတို့အား မည်သည့်နေရာမှ ပြန်လည် ခေါ်ယူလာခဲ့သနည်း ... အားလုံးက ထိုသို့ တွေးမိကြသည်။ သို့သော်လည်း ရီဖူရှင်းက အထက်ဘုံသို့ တက်ကာ ကျူးထန် နန်းတော် ကိုးလွှာသို့အထိ တက်ရောက် တိုက်ခိုက်ခဲ့သည် ကိုတော့ မည်သူကမှ မှန်းဆမိမည် မဟုတ်ပေ။
ဓားစွမ်းအင်တစ်ခု တော်ဝင်ရှီ နန်းဆောင် အပေါ်၌ လင်းလက်သွားကာ ဓားပေါ်မှ လူများ ဆင်းသက် လာခဲ့ကြသည်။ ထောင်ကျန်း၊ ဓားမိစ္ဆာ၊ ဟောင်စီ၊ ယွန်ရှင်း၊ ယူစီ၊ ကျူးကော့ချန်းဖန်နှင့် တခြားလူများက သူတို့အား လာရောက်ကြိုဆို နှုတ်ဆက်ကြသည်။
“တုန်းလျို ... မင်းယွီ ... မင်းတို့ အိမ်ပြန် လာခဲ့ကြပြီပဲ ...” ကျူးကော့ချန်းဖန်က သူ၏သမီးနှင့် သမက်ကို ပြောသည်။
“အဖေ ...” ကျူးကော့မင်းယွီနှင့် ဂူတုံးလျိုတို့က နှုတ်ဆက်ကြသည်။
“ဒါဆို မင်းတို့ ကောင်စုတ်လေး နှစ်ယောက် အပြင်ဘက်မှာ လေ့ကျင့်တာ အခြေအနေ ကောင်းခဲ့တယ်ပေါ့ ...” ယူစီက ရွှီယီနှင့် လျိုဖန်းတို့အား ပြုံလျက် ပြောသည်။ ရွှီယီကား သူ၏သမက်ဖြစ်ကာ လျိုဖန်းမှာလည်း သူ၏သားတပည့် တစ်ယောက်အလား ဖြစ်နေလေပြီ။
“မှန်တာပေါ့ ...” ရွှီရီက ပြုံးလျက် ပြန်ဖြေသည်။
“ကျူဂီ ...”
“စုချွဲ ...”
“စွေ့ရှင်း ...”
ဟောင်စီ၊ စုရှမ်း၊ ယွန်ရှင်းနှင့် တခြားလူများ အားလုံးက မိမိတို့၏ မိသားစု သားတပည့်များအား နှုတ်ဆက်ကြသည်။
ဤမတိုင်ခင် တခြားသော တော်ဝင်မြေများမှ အထက်ဘုံသို့ သွားရောက် လေ့ကျင့်ခဲ့သူများမှာ အားလုံး ပြန်ရောက် လာခဲ့ကြပြီး တော်ဝင်ကျဲ နန်းတော်မှ လူများသာ ပြန်ရောက် မလာခဲ့ရာ အားလုံးမှာ စိတ်ပူနေခဲ့ကြသည်။ ယခု သူတို့အားလုံးက ရီဖူရှင်းနှင့်အတူ ပြန်လာသည်ကို မြင်လျှင် သူတို့အားလုံး စိတ်အေး သွားကြရသည်။
ဟွာဖန်းလူနှင့် နန်ဒူဝမ်ယန်တို့ ကလည်း ဟွာဂျီယူအား ဘေးသို့ ဆွဲယူကြသည်။
“အဖေ ... အမေ ... သမီး အဆင်ပြေတယ် ...” ဟွာဂျီယူက သူမ၏ မိဘများလက်ကို ကိုင်ကာ ပြုံးလျက် ပြောသည်။
“အင်း ...” နန်ဒူဝမ်ယန်က ပြုံးလျက် ခေါင်းညိတ်သည်။
ထိုအခိုက်တွက် လျူချန်းယွီကလည်း ရီဝူချင်း၏ ဘေးနားကို ရောက်လာကာ သူ၏လက်ကို ကိုင်ဆွဲ၏။
“ငါ အဆင်ပြေတယ် ...” ရီဝူချင်းက အားနည်းစွာ ပြောသည်။ သူကား အားသိပ်မပြည့်သေး သော်လည်း အတော် သက်သာသော အနေအထားသို့ ရောက်နေပြီ ဖြစ်သည်။ ရီဖူရှင်း လုပ်ခဲ့သည်များ အားလုံးကိုလည်း သူသိပြီး ဖြစ်သည်။
“အင်း ...” လျူချန်းယွီက ခေါင်းညိတ်ကာ ရီဝူချင်း၏ပခုံး၌ မှီသည်။
“ဟေး ... အိမ်ကိုပဲ ပြန်ကြတော့ ... မင်းတို့က လူအလယ်မှာ အဲဒီလိုလုပ်တာ သိပ်ကောင်း တာတော့ မဟုတ်ဘူး.. ဟုတ်တယ်မလား ...” ရီဖူရှင်းက စနောက်သည်။
လျူချန်းယွီက သူ့အား ဒေါသတကြီး ပြန်ပြောသည် ... “ဂျီယူလည်းဒီမှာ ရှိတာပဲ ... နင်ငါတို့ကို မနာလိုဖြစ်ဖို့ မလိုဘူး ...”
“ငါက မနာလိုဖြစ်မယ် ...” ရီဖူရှင်းက စိတ်ပျက်ဟန်ဖြင့် ပြောသည်။
“သူ့ကို အနားယူဖို့ ခေါ်သွားတော့မယ် ...” လျူချန်းယွီက ပြောကာ ရီဖူရှင်းတို့အား လျစ်လျူရှုလျက် ရီဝူချင်းအား ဆွဲခေါ်သွားသည်။
“ဟုတ်တယ် ... ဟုတ်တယ် ... နည်းနည်းလေး မတွေ့ရတဲ့ရက်တွေ ကြာသွားတာနဲ့ မင်္ဂလာမောင်နှံ အသစ်တွေ ဖြစ်သွား ကြတာပဲတဲ့ ... ပျော်ရွှင်ကြပါစေ..” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“မင်တို့ နှစ်ယောက်လည်း သွားနားကြတော့ ... သုံးနှစ်လောက် ခွဲနေကြရတော့ မင်းတို့မှာလည်း ပြောစရာတွေ အများကြီး ရှိမယ်လို့ ငါယုံတယ် ...” ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။
“မှန်တယ် ... တခြား ကိစ္စတွေ နောက်မှ ပြောကြတော့ ... အခု အားလုံး နားနားနေနေ နေကြ ...” အားလုံးက အလျှိုလျှို ထွက်ခွာ သွားခဲ့ကြသည်။
တော်ဝင်ကျဲ နန်းတော်ကား ယခင်ထက် ပိုမိုစည်ကား လာခဲ့သယောင် ထင်ရ၏။ တော်ဝင်ရှီ နန်းဆောင်ထဲ၌ ရီဖူရှင်းကား သူ၏ဆရာနှင့် တခြားသော လူများဖြင့် ရိုးရှင်းသော ညစာစားပွဲတစ်ခု ပြုလုပ်ခဲ့သည်။ သူတို့က ပြင်ပလောက ကိစ္စရပ်များအား သိပ်မပြောဘဲ ပျော်ပျော်ပါးပါး စားသောက်ကာ ပေါ့ပေါ့ပါးပါး ပြောဆို ရယ်မောခဲ့ကြ၏။ တော်ဝင်စစ်ပွဲ ဖြစ်နေချိန် ဤသို့သော အချိန်အခါမျိုးကား ရှားပါးပေသည်။
ရီဖူရှင်းနှင့် ဟွာဂျီယူတို့က သူတို့၏ အိမ်ခန်းဆောင်သို့ ရောက်လာခဲ့ကြသည်။ သူတို့က လသာဆောင်၌ ရပ်ကာ ရှေ့မှ ရှုခင်းများအား ကြည့်ကြသည်။ ရီဖူရှင်းက ဟွာဂျီယူ၏လက်ကို ညင်သာစွာ ကိုင်လျက် ပြောသည် ... “ဂျီယူ ... ဒီရက်ပိုင်း ငါကမင်းကို စကား သိပ်မပြောဖြစ်ခဲ့ဘူး ... မင်းက ငါ့ကို စိတ်မဆိုးစေချင်ဘူး ...”
ဟွာဂျီယူက ရှေ့သို့ ကြည့်နေရာမှ ရီဖူရှင်းဘက်သို့ လှည့်ကာ သူ၏နဖူးသို့ ဝဲကျနေသော ဆံပင်များအား သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်ပေးပြီး ညင်သာစွာ ပြောသည် ... “မှန်တယ် ... ငါတကယ် ဒေါသထွက်တယ်..” ရီဖူရှင်း ထမ်းပိုးထားရသော ဖိအားများအား သူမ မည်သို့ မသိဘဲ နေမည်နည်း။ တော်ဝင်ကျဲ နန်းတော်သခင် တစ်ယောက် အနေဖြင့် နန်းတော် အကျပ်အတည်း ကြုံနေသော အချိန်တွင် ရီဖူရှင်း၏ ဖိအားမှာလည်း အများဆုံး ဖြစ်ပေသည်။ သူမက ရီဖူရှင်း၏ ဇနီးတစ်ယောက် အနေဖြင့် ထိုဖိအားများကို မျှဝေခံစားရန် လိုအပ်ကာ ထိုအသေးအမွှား ကိစ္စရပ်များကို အမှန်တကယ် အားဖြင့် စိတ်ထဲ ထည့်စရာ မလိုပေ။
“ဒီလိုဆိုရင်လည်း အခုငါ မင်းကို ဘာပြန်လုပ်ပေးရမလဲ ...” ရီဖူရှင်းက သူမအား မချိုမချဉ် ကြည့်ကာ ပြုံးသည်။ သူ၏ခေါင်းထဲ၌ ဘာရှိနေသည်ကို သူမက ရိပ်စားမိဟန်ဖြင့် ရီဖူရှင်း၏ ခြေထောက်ကို တက်နင်းသည်။
“အား ... ဖြည်းဖြည်း ... မိန်းမရေ ...” ရီဖူရှင်းက ထခုန်ကာ အော်ဟစ်သည်။
ထို့နောက် သူက ပြုံးလျက် ပြောသည် ... “ဒီနှစ်တွေမှာ မင်းက တော်တော် ခက်ခဲခဲ့မှာပဲ ...”
“သိပ်မဟုတ်ပါဘူး ...” ဟွာဂျီယူက ခေါင်းယမ်းလျက် ပြောသည် ... “ဒါပေမဲ့ ပြင်ပလောကကြီးက တကယ်ပဲ ကြီးမားလွန်းတယ် ... ငါတို့က ရှားရှင်းယွန်တို့နဲ့အတူ ခရီးထွက်ခဲ့တဲ့အခါ ပြည်နယ်ကိုးခုသာ မဟုတ်ဘူး ... အင်ပါယာရှား နယ်မြေထက် ပိုပြီး ကျယ်ပြောတဲ့ နေရာတွေ အများကြီး ရောက်ခဲ့ကြတယ် ... ပိုအားကောင်းတဲ့ ပြည်ထောင်တွေ၊ နယ်မြေတွေ၊ ဘုံဌာနေတွေက မရေမတွက် နိုင်အောင်ပဲ ... တချို့ အင်ပါယာရှား နယ်မြေလို ရန်ဟောင် တန်ခိုးရှင် အုပ်စိုးတဲ့ ဒေသတွေဆို အပျက်အစီး နယ်မြေတွေ ဖြစ်သွားခဲ့တာ အများကြီးပဲ ... ငါတို့က အဲဒီလိုနေရာတွေ အများကြီးကိုတောင် ရောက်ခဲ့သေးတယ် ...”
“ကောင်းကင်ဒေသ ဆိုတာ ငါတို့ထင်တာထက် အဆမတန် ကျယ်ပြောလွန်းတယ် ... တချို့လိုလူတွေက မွေးကတည်းက ထူးခြား ဆန်းကြယ်တဲ့သူတွေပဲ ... အထူးသဖြင့် မင်းသမီး ရှားရှင်းယွန်လို ပြည့်စုံသူက ရှားတယ် ... ပြီးတော့ သူမက တကယ်လည်း ထူးချွန်တယ် ...” ဟွာဂျီယူက ပြုံးလျက် ပြောသည်။
“တစ်နေ့မှာ မင်းက သူမထက် ပိုသာလာလိမ့်မယ် ...” ရီဖူရှင်းက သူမ၏လက်ကို ကိုင်ကာ ပြောသည် ... “မင်းက ငါ့ဘုရင်မ ဖြစ်တယ်ဆိုတာ မမေ့နဲ့လေ ...”
ရီဖူရှင်း၏စကားက သူမအား ဝန်ကြီးချုပ်ကျို ပြောခဲ့သော စကားအား ပြန်အမှတ် ရစေသည်။ သူမက ထပ်ပြောသည် ... “ဖူရှင်း ... ငါက လောက အပြင်ဘက်ကို မြင်တွေ့တဲ့အခါ ဘာတွေ တွေးမိလဲ သိလား ...”
“အမှန်တကယ် ဘာများလဲ ...” ရီဖူရှင်းက ခေါင်းယမ်းကာ မေးသည်။ ဟွာဂျီယူ၏ လှပသော မျက်လုံးများက သူ့အား ချင်ခင်နှစ်လိုစွာ ကြည့်ကာ ပြောသည် ... “ဒါက နင့်ကမ္ဘာလို့ ငါခံစားရတယ် ... နင်က အကြီးမြတ်ဆုံး အင်ပါယာ တစ်ပါးဖြစ်ဖို့ ကံပါလာသူပဲ ... တစ်နေ့မှာ နင်က ကောင်းကင်ဘုံကိုးခုကို အုပ်စိုးပြီးတော့ တစ်လောကလုံးကို အပိုင်စိုးရလိမ့်မယ် ...” ဟွာဂျီယူ၏ မျက်လုံးများက တလက်လက် တောက်ပနေသည်။ ကျယ်ပြောလွန်းသော ပြင်ပလောကကြီးအား ရီဖူရှင်း ပိုင်ဆိုင်သော အရာများဖြစ်ပေသည်။
ရီဖူရှင်းက သူမ၏ပါးပြင်အား အသာ ပွတ်သပ်ကာ သူမ၏မျက်လုံး လှလှလေးများအား ကြည့်လျက် ပြောသည် ... “ကောင်းပြီ ... ဒါဆို ငါအခု ဘာတွေ တွေးနေလဲ ...”
ရီဖူရှင်း၏ မျက်လုံးများကို မြင်သည်တွင် ဟွာဂျီယူ၏ ပါးပြင်၌ ရှက်သွေးများ ဖြန်းသွား၏။
သူမက အဖြေကို သိပေသည်။
“ငါ ရေသွားချိုးတော့မယ် ...” ရီဖူရှင်း၏ မကောင်းဆိုးဝါး အကြံအစည် အောက်မှ ဟွာဂျီယူက ရုန်းထွက်ရန် ကြိုးစားသည်။
ရီဖူရှင်းက သူမ၏ ဆွဲဆောင်မှုရှိသော ပုံသဏ္ဌာန်အား ကြည့်ကာ မိမိကိုယ်ကို ရေရွတ်သည် ... “ကြည့်ရတာ ငါလည်း ရေချိုးဖို့ လိုနေပြီ ...”
ရီဖူရှင်းကလည်း အိပ်ခန်းဆောင် နောက်ဘက်သို့ လှမ်းလာခဲ့သည်တွင် သီးသန့် ရေကန်တစ်ခုအား တွေ့ရပေမည်။ သူ့ရှေ့၌ ရေကန်ထဲသို့ ထိုလှပသော သဏ္ဌာန်က တစ်လှမ်းချင်း ဆင်းသွားသည်တွင် ရေလှိုင်းကလေးများ အသာအယာ ရိုက်ခံသံများ ထွက်လာခဲ့၏။ ရေခဲမှ အပြစ်ကင်းသော သူမအား နတ်မိမယ် တစ်ပါးနှယ် ထင်မှတ်ရ၏။
“နင့်မျက်လုံးကို တခြားသို့ လွှဲထားလိုက်တော့ ...” ဟွာဂျီယူက နောက်လှည့်ကာ မျက်နှာများ နီရဲလျက် ပြောသည်။
“ငါက တစ်ခါမှ မမြင်ဖူးတာလည်း မဟုတ်ဘူး ...” ရီဖူရှင်းက ထူးမခြားနားစွာဖြင့် သူမအား ဆက်ကြည့်နေသည်။ သူကလည်း အဝတ်များအား ချွတ်ကာ ရေထဲသို့ ဆင်း၏။ သူမ၏ အပြစ်အနာအဆာ ကင်းသော သွင်ပြင်ကား ကောင်းကင်မှ ဖန်ဆင်းသော ပန်းပုရုပ်တုနှယ် လူသား တစ်ယောက်အား ရူးသွပ်စေအောင် စွမ်းဆောင် နိုင်ပေသည်။
“အနီးကို မလာနဲ့ ...” ရီဖူရှင်းက သူမပြောသည်နှင့် ဆန့်ကျင်ဘက် ပြုမူသည်တွင် ဟွာဂျီယူ၏နှလုံးက မြန်ဆန်စွာ ခုန်လာခဲ့၏။ သူကား အမှန်တကယ် သည်နေရာသို့ အထိ လိုက်လာခဲ့၏။ သည်အကောင်ကား အမှန်တကယ် အရှက်မဲ့ပေသည်။
“အချစ်ရေ ... မင်းယောက်ျားက နောက်ကျောကို ကြေးတွန်း ပေးမယ်လေ ...” ရီဖူရှင်း၏ အသံနှင့်အတူ သူမ၏ အရေပြားသို့ ထိတွေ့လာသော ခံစားချက်အား ရသည်။ သူမ၏ မျက်နှာက ပိုမိုနီမြန်း လာခဲ့သည်။
ညသည် အရာအားလုံး အတွက် လှပနေခဲ့၏။
***