← Chapters

လက်ထပ်ပွဲဖြင့် မဟာမိတ်ဖွဲ့ခြင်း

Vol. 010 Ch. 933

လက်ထပ်ပွဲဖြင့် မဟာမိတ်ဖွဲ့ခြင်း

Vol. 010 Ch. 933

မိန်းမတစ်ယောက်၏ နွေးထွေးသော ပွေ့ဖက်မှုက သူရဲကောင်းများ၏ နှလုံးသား အာဟာရတစ်ခုဖြစ်၏။

အထက်ဘုံ၌ မုန်တိုင်း ထန်စေခဲ့သော နာမည်ကျော် ပါရမီရှင်များမှာ ယခုတွင် သူတို့၏ လေ့ကျင့်မှုများကို ဘေးချိတ်ကာ အနားယူ နေကြလေပြီ။

ညမှာ မှောင်မိုက်နေခဲ့ပြီး ရီဖူရှင်းက အိပ်ရာထဲတွင် သူ၏ဇနီးအား ပွေ့ဖက်ပြီး ငြိမ်းချမ်းကာ လှပသော အခိုက်အတန့်လေးအား ခံစားနေသည်။ ရီဖူရှင်း၏ လက်မောင်းများ ကြားမှ ဟွာဂျီယူက သူ၏လက်အား အတင်း ဆွဲဖယ်လိုက်၏။ ဟွာဂျီယူက ငြိမ်သက်စွာ ထထိုင်လိုက်ပြီး အပေါ်ဝတ်ရုံအား ခြုံလိုက်ပြီး ညင်သာသော ခြေလှမ်းများဖြင့် အပြင်သို့ ထွက်သည်။

“ဂျီယူ … ဘာဖြစ်တာလဲ...” အိပ်ရာပေါ်တွင် လဲလျောင်းနေသော ရီဖူးရှင်းက မျက်လုံးကို ဖွင့်ကာ အဝေးသို့ လျှောက်လှမ်းကာ ထွက်သွားသော ပုံသဏ္ဌာန်အား ကြည့်သည်။ လရောင်များသည် ဟွာဂျီယူအပေါ်သို့ ဖျန်းပက်ထား၏။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်နှင့် ခြေထောက်အစုံမှာ ကျောက်စိမ်းဖြင့် ထုဆစ်ထားသော ရုပ်တုတစ်ခုနှယ် ထင်မှတ်ရသည်။ သူမက သည်အတိုင်း ခြုံလွှမ်းထားသော ဝတ်ရုံရှည်မှာလည်း လူးလွင့်ကာ ပိုမို၍ ဆွဲဆောင်အားကောင်း စေသည်။

“ငါ သွားလေ့ကျင့်မလို့...” ဟွာဂျီယူက နောက်လှည့်ကာ ရီဖူရှင်းအား ပြုံးလျက် ပြောသည်။

“မင်းက ငါ့ကို အခန်းထဲ တစ်ယောက်တည်း ထားခဲ့မလို့လား...” ရီဖူရှင်းက ထပ်ပြောသည်… “ဂျီယူ… မင်းက သုံးနှစ်တိတိ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီးပြီ… နည်းနည်း အနားယူဦး...”

“အပြင်မှာ ငါ သွားလေ့ကျင့်တုန်းက ထူးခြား ပြောင်မြောက်တဲ့လူတွေ အများကြီး တွေ့ခဲ့ရတော့ ငါကပိုပြီး ကြိုးစားဖို့ လိုလာတယ်… ငါက ရှားရှင်းယွန်ထက် ပိုထူးချွန်ထက်မြက် လာမယ်လို့ နင်ပဲပြောခဲ့တယ် မလား… သူမက အရမ်း ကြိုးစားတော့ ငါက ဘယ်လိုလုပ် ပျင်းရိနိုင်ပါ့မလဲ...” ဟွာဂျီယူက ထပ်ပြောသည်… “ကောင်းကောင်း အိပ်ပါ… ငါ့ကို စိတ်မပူနဲ့...”

“ကောင်းပြီ… ဒါဆိုလည်း ငါလည်း မင်းနဲ့အတူ လိုက်လေ့ကျင့်မယ်...” ရီဖူရှင်းက ထရပ်လိုက်ပြီး ဟွာဂျီယူ၏ဘေးသို့ လျှောက်လာကာ သူမ၏လက်အား ကိုင်ဆွဲသည်။ ဟွာဂျီယူမှာ ဖိအားများ ရှိနေသည်ကို ရီဖူရှင်း သိသည်။

“အင်း… ဒါပေမဲ့ ငါ့ရဲ့စိတ်စွမ်းအားကို လေ့ကျင့်ရာမှာ ပြင်ပ အနှောင့်အယှက်တွေ ရှိလို့မရဘူး… နင်က နောက်တစ်နေရာမှာ သီးသန့် လေ့ကျင့်ပါ...” ဟွာဂျီယူက ရီဖူရှင်းအား ပြုံးလျက ပြောသည်။

“ကောင်းပြီ...” ရီဖူရှင်းက ခေါင်းညိတ်သည်။

သူတို့ နှစ်ယောက်လုံး အိပ်ခန်း အပြင်ဘက်သို့ ထွက်လာကာ ဟွာဂျီယူက အစီအရင်များဖြင့် ကာရန်ထားသော သီးသန့်ခန်း၌ လေ့ကျင့်ပြီး ရီဖူရှင်းက သီးသန့်ခန်း ပြင်ပ၌ လေ့ကျင့်သည်။ ဟွာဂျီယူ လေ့ကျင့်သော သီးသန့်ခန်းကား တိတ်ဆိတ် ငြိမ်သက်နေသည်။ ဟွာဂျီယူက တင်ပျဉ်ခွေ ထိုင်နေပြီး ပုံရိပ်သဏ္ဌာန် တစ်ခုမှာ သူမ၏အနီး၌ ရှိနေ၏။ ထိုပုံရိပ် သဏ္ဌာန်ကား ဟွာဂျီယူ၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေသော ရှန့်ထိုတန်ခိုးရှင် ဖြစ်သည်။

“မင်းက ဘာလို့ သူ့ကို မပြောခဲ့တာလဲ...” ထိုမိန်းမက ဟွာဂျီယူကို ပြောသည်။

“ဆရာ... ကျွန်မက သူ့ကို စိတ်မပူစေချင်ဘူး...” ဟွာဂျီယူက ပြောသည်။ ရှန့်ထိုကား သူမ၏ ခန္ဓာကိုယ်ထဲ၌ ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ကာ သူမအား အမြဲတမ်း သင်ကြား ပေးခဲ့သည်။ ဟွာဂျီယူက သူမအား ဆရာဟု ခေါ်ခြင်းမှာ ပုံမှန်မျှသာ ဖြစ်သည်။

“မင်း လေ့ကျင့်ဖို့အတွက် သိပ်သဘောမတူဘူး ... မမြင်နိုင်တဲ့ အကြောင်းတရားတွေ အများကြီး ရှိလာနိုင်တယ် ..." ရှန့်ထိုက ပြောသည်။

“အဲဒါ အဆင်ပြေ သွားလိမ့်မယ်...” ဟွာဂျီယူက ပြောသည်... “သူမက ငါ့ကို ရွေးချယ်တယ် ဆိုကတည်းက သူမရဲ့လေ့ကျင့်မှုမှာ ငါက သင့်တော်တယ်လို့ ယူဆရတယ်...” ဟွာဂျီယူက ပြောလိုက်ကာ မျက်လုံးကို ပိတ်လိုက်သည်။ ရှန့်ထိုက သူမအား ကြည့်ကာ သက်ပြင်း ချလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ် သွားသည်။

သူမထံမှ အလင်းတန်းများ ဖြာထွက်လာခဲ့ကာ ကောင်းကင်ယံသို့ အထိ ထိုးတက် သွားသည်။ သူမ၏စွမ်းအင်မှာ လေဟာနယ်ကို ဖြတ်သန်းလျက် ကောင်းကင်နှင့် မြေပြင်ကို ကျော်လွန်ကာ အလွန် ဝေးကွာသော အရပ်ဆီသို့ ရောက်ရှိသွားသည်ဟု ခံစားရသည်။ သူမ ခံစားရသမျှ သဘာဝစွမ်းအင်များမှာ ယခင်ကထက် အဆများစွာ ကြည်လင် ပြတ်သား လာခဲ့သည်။

ဟွာဂျီယူ၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ရစ်သိုင်း လွှမ်းခြုံနေသည်မှာ သူမအား နတ်သမီး တစ်ပါးနှယ် ထင်မှတ်ရ၏။ သူမ၏အနီးတွင် မရေမတွက်နိုင်သော အလင်း အမှုန်အမွှားများ ရစ်ပတ်နေခဲ့၏။ ရောင်စဉ်များ ခြုံလွှမ်းနေသော သူမက ထိုအခိုက်တွင် အလွန်တော်ဝင် မြင့်မြတ်၏။

ဟွာဂျီယူ၏ ရုပ်သွင်မှာ အမြဲတမ်းအားဖြင့် ပြိုင်စံရှားပေသည်။ ယခု တော်ဝင် မြင့်မြတ်သော အလင်းတန်းများ အောက်တွင် သူမကား အဆုံးစွန်သော လှပမှု ချောမွေ့မှုဖြင့် ပြည့်စုံနေပေသည်။

***

ရီဖူရှင်းတို့ ပြန်ရောက်လာခဲ့သည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မြေရိုင်းပြည်နယ်မှ လူများ ပြန်ရောက် လာခဲ့သည်ကို တခြားသော တော်ဝင်မြေများ အားလုံး သတင်းရခဲ့ပြီ ဖြစ်သည်။ သူတို့အားလုံး အံ့သြကြသော်လည်း အခြေအနေ အသေးစိတ်ကို မသိရှိကြပေ။ အထက်ဘုံနှင့် အောက်ဘုံမှာ သတင်း အချက်အလက် ကူးလူးဆက်နွှယ်မှု အားနည်းပေသည်။ ရှန့်ထိုရှားကား ထိုသတင်းများကို ရရှိသော အနည်းငယ်မျှသော လူများထဲတွင် ပါဝင်သည်။  ရီဖူရှင်းက ရှားကလန်သို့ သွားခဲ့စဉ်က ရီဖူရှင်းမှာ ကောင်းကင်လှေကားကို တက်ရောက်မည်ဟု ရှန့်ထိုရှားက ခန့်မှန်းခဲ့၏။

ရီဖူရှင်းနှင့် မြေရိုင်းပြည်နယ်မှ လူများ ပြန်ရောက် လာသောအခါ အထက်ဘုံ၌ ဘာဖြစ်ခဲ့သည်ကို ရှန့်ထိုရှားကား အလွန် စိတ်ဝင်စားခဲ့သည်။ အထက်ဘုံသို့ သူ၏ရှန့်ထိုများအား စေလွှတ် စနည်းနာခဲ့စေ သော်လည်း သူက သိပ်မမျှော်လင့် ထားခဲ့ပေ။ ရီဖူရှင်းက ကောင်းကင် လှေကားကို အောင်မြင်စွာ တက်ရောက် နိုင်ခဲ့သည့်တိုင် သူက အထက်ဘုံ၌ သိပ်စွမ်းဆောင် နိုင်မည် မဟုတ်ဟု ရှန့်ထိုရှားက ထင်မြင် ယူဆခဲ့သည်။

ရှန့်ထိုရှား တစ်ယောက်သာ ရီဖူရှင်းနှင့် ပတ်သက်၍ စိတ်ဝင်စားသည် မဟုတ်ပေ။ ကျောက်ပြည်ထောင် သည်လည်း သူ၏ လှုပ်ရှားမှုများကို အမြဲတမ်း စောင့်ကြည့် နေခဲ့သည်။ သို့သော်လည်း ရီဖူရှင်း မည်သည့် နေရာသို့ သွားခဲ့သည်ကို သူတို့ အတိအကျ မသိခဲ့ပေ။ ရီဖူရှင်းက လွန်ခဲ့တဲ့သော ၃နှစ်၌ ကျင်းပခဲ့သော ရှန့်ထိုရှား၏ မွေးနေ့တွင် ပုံမှန်ထက်ပို၍ နှိမ့်ချနေထိုင်ခဲ့သလို ပြည်နယ်ကိုးခု ကျောင်းတော်သို့ သွားခဲ့သည်မှလွဲ၍ အပြင်သို့ သိပ်မထွက်ခဲ့ပေ။ ​နောက်ပိုင်းတွင် ပြည်နယ်ကိုးခု တစ်ခွင်၌ ရီဖူရှင်း လှည့်လည် သွားလာနေခဲ့သော ကောလာဟလများစွာ ပေါ်ထွက်လာခဲ့ရာ ထိုသတင်းများမှာလည်း အတည်ပြုရန် ခက်ခဲခဲ့သည်။

ရီဖူရှင်း ကိုယ်တိုင်မူကား ပြန်ရောက်လာပြီး နောက်ပိုင်း တော်ဝင်ကျဲ နန်းတော်၌ တိတ်ဆိတ်စွာ လေ့ကျင့်နေခဲ့သည်။ အထက်ဘုံ၌ အဆက်မပြတ် တိုက်ပွဲဝင်ပြီး နောက်ပိုင်း သူ၏ လေ့ကျင့်မှုများတွင် ပိုမို၍ အာရုံစိုက်ခဲ့သည်။ နောက်ဆုံးတွင် သူက အဆင့်မြင့်မိုရှီသို့ တက်လှမ်း နိုင်ခဲ့၏။ သူကား ကွန်းရှီအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။

တော်ဝင်ကျဲ နန်းတော်၏ လေ့ကျင့်ရေးရပ် တစ်ခုတွင် ရှိသော မြင့်မားသော ကုန်းမြေတစ်ခုထက်၌ ရီဖူရှင်းတစ်ယောက် ငြိမ်သက်စွာ ရပ်နေသည်။ လေပြည်လေညင်းများ ရိုက်ခတ်သွားတိုင်း သူ၏အဝတ်စများမှာ တဖျတ်ဖျတ် လွင့်သွားသည်။ နေရာစုံတွင် လေ့ကျင့်နေကြသော တော်ဝင်ကျဲနန်းတော်၏ တပည့်များအား ကြည့်ကာ ရီဖူရှင်းက ကျေနပ် အားရမိသည်။ သူတို့က နေ့စဉ်နေ့တိုင်း ကြိုးစား လေ့ကျင့်နေကြကာ သူတို့၏ တိုးတက်မှုများ မှာလည်း ဒီရေအလား တရိပ်ရိပ် တက်လာခဲ့သည်။ ပြည်နယ်ကိုးခု၌ တော်ဝင်ကျဲ နန်းတော်က နံပါတ်တစ် တော်ဝင်မြေ ဖြစ်လာမည်မှာ အချိန်တစ်ခုသာ လိုပေတော့သည်။

ထို့ကြောင့် သူကား တော်ဝင်စစ်ပွဲနှင့် ပတ်သက်၍ အမြန်လိုခြင်း မရှိပေ။ သူတို့အတွက် အချိန်ပိုရလေလေ ထိပ်ဆုံးသို့ ရောက်ရန် အခွင့်အလမ်း ပိုများလေ ဖြစ်သည်။ သူနှင့်ယူချင်းတို့ နှစ်ယောက် ကွန်းရှီအဆင့်သို့ တက်ရောက်သောအခါ သူတို့အား ပြည်နယ်ကိုးခု၌ ရှန့်ထိုအဆင့်အောင်မှ မည်သူကမှ ယှဉ်နိုင်တော့မည် မဟုတ်တော့ပေ။ သူ စိတ်ပူသည်ကား ရှန့်ထို တန်ခိုးရှင်များ၏ အားပြိုင်မှုဖြစ်သည်။ ရှန့်ထိုများအကြား ငါးနှစ် သဘောတူညီချက် မှာလည်း ကုန်ဆုံးရန် တစ်နှစ်သာ လိုတော့သည်။

တစ်နေရာမှ ပြင်းထန်သော ဓားအသိတစ်ခု ကွဲထွက်လာခဲ့၏။ ထိုနေရာမှ လက်တစ်ဖက်ပြတ် ဓားသမား တစ်ယောက် သူ့ထံသို့ လှမ်းလာခဲ့သည်ကို ရီဖူရှင်းမြင်သည်။ ထိုသူကား ရီဝူချင်း ဖြစ်သည်။

“ကြည့်ရတာ မင်းရဲ့ဓားအသိက ပိုပြီးတော့ အားကောင်း လာတာပဲ...” ရီဖူရှင်းက ပြုံးလျက်ပြောသည်။

“ဒါက ပုံမှန်ပါပဲ ... လွန်ခဲ့တဲ့ သုံးနှစ်ကနေ အခုအချိန်ထိ ကွဲပြား ခြားနားတဲ့ ဓားအသိသုံးခုကို သန့်စင်ခဲ့ပြီးနောက် သူ့ရဲ့လက်ရှိအဆင့် ဘယ်လောက်တောင် ရောက်နေပြီလဲ ဆိုတာကို သူ့ကို မေးကြည့်ဦး...”

“မင်းတို့ကောင်တွေ မနာလို ဖြစ်နေပြီလား...” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“ငါက သေချာပေါက် မနာလို ဖြစ်တာပေါ့...” ကျွေ့ချိန်ချူက လက်ထဲမှ သေရည်အိုးကို မော့သောက်ကာ ပြောသည်။

“ရန်ဟောင်ဓားအသိ...” ရီဝူချင်းက ညင်သာစွာ ပြောသည်။

“တချို့စကားတွေက မပြောဘဲ ထားတာ ပိုကောင်းတယ်...” ရီဖူရှင်းက လေးနက်သော အမူအရာဖြင့် ပြောသည်။ ပုံမှန်အားဖြင့် သူက ရီဝူချင်းအတွက် ပျော်ရွှင်မိသော်လည်း ရန်ဟောင်ဓားအသိ ဆိုသည်မှာ အလွန်တရာ အရေးကြီးရကား အထက်ဘုံမှ ရှန့်ထိုများပင် လိုချင်လောဘများ ဖြစ်စေနိုင်ပေသည်။ အကယ်၍သာ ရီဝူချင်းသည် ရန်ဟောင်ဓား အသိကို ပိုင်ဆိုင်ကြောင်း သတင်းများ ပျံ့နှံ့သွားပါက လူအများအပြားက ရီဝူချင်းအား ပစ်မှတ်ထား လာနိုင်ကြပေသည်။

ရှားရှင်းယွန်မှာ ရန်ဟောင် တန်ခိုးရှင်၏ သမီးကိုယ်တိုင် ဖြစ်သောကြောင့်သာ ထိုဓားအသိအား လိုချင်လောဘများ မရှိခဲ့ခြင်းဖြစ်သည်။ တစ်ဖက်တွင် ရှားရှင်းယွန် ကိုယ်တိုင်က ထိုသို့ မြင့်မားသော အဆင့်အတန်း မရှိခဲ့လျှင် ထိုလူများ အားလုံးကို ရန်ဟောင် အပျက်အစီး နယ်မြေသို့ ခေါ်သွားနိုင်မည် မဟုတ်ပေ။

“ဒါပေမဲ့ ဒီဓားအသိက အားကောင်းလွန်း အားကြီးတယ်... ဓားအသိကို ငါ့ရဲ့သက်စောင့် ဝိညာဉ်နဲ့ အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်ခဲ့တယ် ဆိုပေမဲ့ ငါကိုယ်တိုင်က ဒီဓားအသိရဲ့ အစိတ်အပိုင်း အနည်းငယ်မျှကိုပဲ နားလည် နိုင်သေးတယ်... စွေ့ရန်ရှန့်ထို ဓားကိုယ်တိုင်က ဒီဓားအသိကို အောင်မြင်အောင် မသန့်စင်နိုင်ခဲ့ဘူး...”

“မင်းက တကယ်ကို ရူးသွပ်တဲ့ လူတစ်ယောက်ပဲ ... မင်းက အဲဒီဓားအသိကို မင်းရဲ့ သက်စောင့်ဝိညာဉ်နဲ့ ပေါင်းစပ်ဖို့ ကြိုးစားခဲ့တုန်းက အခြေအနေ မဟန်ရင် မင်းရဲ့ဝိညာဉ် ပျက်စီး သွားနိုင်တယ် … မင်းက ဒါကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တာ ကံကောင်းတာပဲ...” စုချွဲက ပြောသည်။ ရီဝူချင်းက ရန်ဟောင်ဓားအသိကို သန့်စင်ရန် ကြိုးစားတုန်းက သူ၏အသက်ကို ရင်းခဲ့ရပေသည်။

“မင်းတို့ နှစ်ယောက်ကရော... အပျက်အစီး နယ်မြေတွေက ဘာမှ မရခဲ့ဘူးလား...” ရီဖူရှင်းက ပြုံးလျက် မေးသည်။

“ရခဲ့တာပေါ့ ... ဒါပေမဲ့ ဒီအကောင်နဲ့ ယှဉ်ရင် ငါတို့ရခဲ့တာက စကားထဲတောင် ထည့်ပြောဖို့ မတန်ဘူး ... ပြီးတော့ လေ့ကျင့်ရေး ခရီးစဉ်မှာ လူတိုင်းကတော့ အနည်းနဲ့အများ အကျိုးကျေးဇူးတွေ ရခဲ့ကြတယ်… ဒီခရီးစဉ်မှာပဲ ပါရမီမြင့်မားတဲ့ သူတွေကို မင်းသမီး ရှားရှင်းယွမ်က ကောင်းကင် ရွေးချယ်သူတွေ အဖြစ် သတ်မှတ်ခဲ့ပြီးတော့ အထက်ဘုံမှာ လေ့ကျင့်ခွင့် ပေးခဲ့တယ် ... အနာဂတ်မှာ သူတို့က မင်းသမီးကို ခစားရလိမ့်မယ်...” စုချွဲက ပြောသည်။

“အင်ပါယာရှားက သူ့ထီးနန်းကို မင်းသမီးသို့ ပေးမယ်လို့ မင်းက ပြောတာလား...” ရီဖူရှင်းက ပြောသည်။ အောက်ဘုံမှ လူများအား အထက်ဘုံသို့ တက်ရောက် လေ့ကျင့်စေခြင်းဖြင့် သူမက အနာဂတ်အတွက် လက်အောက်ခံများအား မွေးထုတ် နေခြင်းများလား။ သို့သော်လည်း ရီဝူချင်း ကိစ္စကြောင့် မြေရိုင်းဒေသမှ မည်သူကမှ ကောင်းကင် ရွေးချယ်သူ မဖြစ်ခဲ့ပေ။ ရီဖူရှင်း အတွက်မူ ထိုကိစ္စက သိပ်တော့ အရေးမပါပေ။

ခရီးစဉ်မှ ပြန်လာသူ တစ်ဦး တစ်ယောက်စီတိုင်းမှာ သိသိသာသာ တိုးတက် လာခဲ့ကြသည်။ တစ်ခါတစ်ရံ တန်ခိုးရှင်များ၏ တိုးတက်မှုမှာ ပါရမီနှင့် မသက်ဆိုင်ဘဲ ပြင်ပ အတွေ့အကြုံ ရှိခြင်း မရှိခြင်းနှင့်လည်း သက်ဆိုင်၏။ တန်ခိုးရှင်တိုင်းမှာ မြင့်မားသော ပင်ကို အရည်အသွေးများ ရှိကြပေသည်။ ဥပမာအားဖြင့် ရီဝူချင်းသာ ကန်ယီနိုင်ငံ၌ ဆက်လက် ကျင့်ကြံနေခဲ့မည် ဆိုပါက လက်ရှိတန်ခိုး အဆင့်သို့ ရောက်လာခဲ့မည် မဟုတ်ပေ။

“ဦးလေးရီ...” သေးသွယ်စူးရှသော အသံတစ်သံကို ကြားရသည်။ ရီဝူချင်းက လှမ်းကြည့်လျက် သိမ်းငှက်တစ်ကောင် ပျံသန်း ဆင်းသက် လာခဲ့သည်ကို မြင်၏။ သိမ်းငှက်နက် အပေါ်မှ မိန်းကလေးငယ် တစ်ယောက် ခုန်ဆင်း လာခဲ့သည်။

ရီဖူရှင်းက သူမအား ဆီးကြိုလျက် ပွေ့ဖက်လိုက်သည်။

“မင်းက တဖြည်းဖြည်း အရွယ်လောက်လာတော့ ပိုပြီး လေးလာသလိုပဲ ... မကြာခင် မင်းရဲ့ဦးလေးရီက မင်းကို ပွေ့ထားနိုင်တော့မှာ မဟုတ်ဘူး...” ရီဖူရှင်းက သူ၏ လက်မောင်းများ ကြားထဲမှ မိန်းကလေးငယ်အား ကြည့်ကာ ပြုံးလျက် ပြောသည်။ မိန်းကလေးငယ်က အသက်ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်အရွယ်မျှ ရှိကာ အရုပ်ကလေး တစ်ရုပ်နှယ် ချစ်စဖွယ် ကောင်းကာ ချောမော လှပပေသည်။ သူမ၏အဖေ ရွှီယီကား ချောမော ခန့်ညားသူ ဖြစ်သလို သူမ၏အမေ ယူချီမှာလည်း အာခီမီမြို့၌ နာမည်ကျော် အလှပဂေး ဖြစ်သည်။

“ကောင်းပြီ ... ဒါဆိုလည်း သမီး အောက်သို့ဆင်းမယ်...” မိန်းကလေးငယ်က ပြောသည်။

“မလိုပါဘူး ... မင်းရဲ့ဦးလေးက မင်းကို ကောင်းကောင်း ချီနိုင်ပါသေးတယ်...” ရီဖူရှင်းက သူမ၏ နှာခေါင်းလေးကို ကိုင်ဆွဲကာ ပြောသည်။

“မင်းက အမြဲတမ်း ခိုးထွက်ပြီးတော့ မင်းရဲ့ဦးလေးရီကို လာလာပြီး နှောင့်ယှက်တယ်... မြက်ကလေး...” ရွှီယီနှင့် ယူချီတို့ ပေါ်လာကြသည်။

“မြက်ကလေးက ကလေးပဲ ရှိသေးတယ် ... သူမကစားပါစေ...” သူ၏အစ်ကို၄နှင့် ယူချီတို့က မြက်ကလေးအား ငယ်စဉ်ကတည်းက စာအုပ် စာပေများစွာကို ဖတ်ရှုလေ့လာစေပြီး စည်းကမ်းများ တင်းကျပ်ခဲ့ကြကြောင်း ရီဖူရှင်း သိသည်။

“ကလေးကို သိပ်အလိုမလိုက်ပါနဲ့...” ရွှီယီက သဘောမကျဟန်ဖြင့် ပြောသည်။ ကလေးကား သူမ၏ အဖေထက် ရီဖူရှင်းအား ပိုမို၍ ခင်တွယ်ပေသည်။ သို့သော်လည်း သူကိုယ်တိုင်က သုံးနှစ်တိတိ ခရီးထွက်နေခဲ့ရာ မြက်ကလေး အပေါ်၌ အချိန် သိပ်မပေးနိုင် ခဲ့ခြင်းကြောင့်လည်း ဖြစ်ပေသည်။

“မြက်ကလေးက အလိုလိုက်ခံရလို့ ဆိုးသွမ်း သွားခဲ့ရင်လည်း ငါကိုယ်တိုင် သူမကို သင်ပေးမယ်...” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ရီဖူရှင်းက အာခီမီမြို့၌ တွယ်ကပ်ကာ ယူစီ အပေါ်၌ များစွာ အားကိုးခဲ့ရသော အချိန်များ ရှိခဲ့ပေသည်။ ရီဖူရှင်းက ကျေးဇူးမမေ့ပေ။ ထို့အပြင် ကလေးသည်လည်း ချစ်စရာ ကောင်းလွန်း ပေသည်။

ကလေးကား အခက်အခဲ အကျပ်အတည်းများ ကြား၌ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူမက သူမ၏ မိဘများနှင့်အတူ တော်ဝင်ကျဲ နန်းတော်၌ နေထိုင်သည်မှာ ပုံမှန်ဖြစ်သည်။ ထို့ကြောင့် သူမမှာ တော်ဝင်ကျဲ နန်းတော်၏ ဆည်းလည်းငယ်လေး ဖြစ်လာခဲ့ရသည်။

“ကောင်းပြီ ... ကလေးကို နင်ကြိုက်သလိုသာ အလိုလိုက်ပေတော့...” ယူချီက ခေါင်းယမ်းကာ ပြောသည်။

“သေချာတာပေါ့... သူမက ကော့တေးရဲ့ ပထမဦးဆုံး သမီးငယ်လေးပဲ...” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“နန်းတော်သခင်...” လေထဲမှ ပုံရိပ်တစ်ခု ဆင်းသက် လာသည်။ ရီဖူရှင်းက နောက်လှည့်ကာ ရောက်လာသူအား မေးသည်... “ဘာကိစ္စများလဲ...”

သတင်းပို့သူက သူ၏လက်ထဲမှစာကို ရီဖူရှင်းသို့ ပေးသည်။

ရီဖူရှင်းက စာအား ဖွင့်ဖောက်ကာ ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲ၌ ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ် လာခဲ့သည်။

“အဲဒီစာ ဘယ်က လာတာလဲ...” စုချွဲကမေးသည်။

“ရှီဟွာတောင်က...” ရီဖူရှင်းက စာရွက်ကို ခေါက်ကာ ထပ်ပြောသည်... “လျူကျောင်းက ကျောက်စီရီနဲ့ လက်ထပ်တော့မယ် ... ရှီဟွာတောင်နဲ့ ကျောက်ပြည်ထောင် တို့က လက်ထပ်ပွဲနဲ့ မဟာမိတ် ပြုကြတော့မယ်... ငါက အဲဒီပွဲကို တက်ရောက်ရမယ်...”

“လျူကျောင်းက ဟန်ဆောင် အရမ်း ကောင်းပြီးတော့ ရည်မှန်းချက် မြင့်တဲ့သူပဲ... ခရီးစဉ်မှာ သူက အကျိုးအမြတ်တွေ အများကြီး ရခဲ့ပြီးတော့ ကောင်းကင် ရွေးချယ်သူ အဖြစ် သတ်မှတ် ခံရတယ်... ငါ ထင်တာကတော့ ရှီဟွာတောင်နဲ့ ကျောက်ပြည်ထောင်က သူတို့ရဲ့ မျှော်မှန်းချက်တွေကို လျူကျောင်းဆီမှာ ပုံအောထားပုံပဲ...” စုချွဲက ပြောသည်... “ကျောင်းပြည်ထောင်နဲ့ တော်ဝင်ကျဲ နန်းတော်တို့ရဲ့ လက်ရှိ တင်းမာမှုနဲ့ဆို ဒီလက်ထပ်ပွဲက ငါတို့အတွက် သိပ်မကောင်းဘူး...”

“လက်ရှိ ကျောက်ပြည်ထောင်နဲ့ ငါတို့ရဲ့ လက်ရှိ အခြေအနေနဲ့ဆို လက်ထပ်ပွဲကို ငါတို့တက်စရာ မလိုဘူး...” ရီဝူချင်းက ထပ်ပြောသည်။ ရှီဟွာတောင်က တော်ဝင်ကျဲ နန်းတော်ကို တစ်ခုခု ကြံစည် နိုင်ပေသည်။

***

All Chapters