ကြယ်ကြွေလက်သီး
Vol. 11 Ch. 21
“မိရိုင်၊ ငါတို့ရောက်ပြီ။” ယုဆက လေယာဥ်ပြတင်းပေါက်ကနေတစ်ဆင့် တိမ်ပင်လယ်ပြင်အောက်က တိုကျိုမြို့ကြီးကို ငုံကြည့်လိုက်ရင်း ပြောလိုက်ပါတယ်။ မြို့ရဲ့တစ်ဝက်လောက်ကို မုန်တိုင်းကြီးတစ်ခုက ဖုံးလွှမ်းထားပြီး X43 လေယာဥ်က စက်ထရိုစပီးယားလေထုအလွှာမှာ ပျံသန်းနေတာကြောင့်တာ မုန်တိုင်းထဲမပါသေးတာပါ။
“စိတ်မပူပါနဲ့၊ ငါက အဲဒီလူဆိုးကောင်တွေကို သေချာပေါက် အနိုင်ယူပြီးတော့ ဆရာ့ကိုပြန်ခေါ်လာမှာမလို့လေ။”
မိရိုင်က လေယာဥ်ရဲ့လေထီးခုန်တဲ့အပေါက်တည့်တည့်မှာ ရပ်လိုက်ရင်းနဲ့ပြောတယ်။ လေယာဥ်ကတော့ မြို့အပေါ်မှာ အခေါက်ခေါက်အခါခါပတ်နေပြီးတော့ လေထီးခုန်ဖို့ဖြစ်နိုင်တဲ့အထိ အရှိန်ကိုလျှော့ချဖို့ကြိုးစားနေပါတယ်။ X43က အသံမြန်နှုန်းထက် ကိုးဆမြန်တာကြောင့် ဒီအတိုင်းလေထီးခုန်ဖို့က ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
“မိရိုင်က နတ်ဘုရားအစ်ကိုကို တစ်ခါပြန်ခေါ်လာခဲ့ပြီးပြီ။ ဒါကြောင့် နောက်တစ်ခါလည်း ပြန်ခေါ်လာနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။” ယုဆက ပြောလိုက်ပြီး စက္ကူနဲ့ခေါက်ထားတဲ့ ဧရာမကြိုးကြာငှက်ရုပ်တစ်ခုကို မိရိုင်လက်ထဲ ထည့်ပေးလိုက်ပါတယ်။
“ ဒီငှက်ရုပ်လေးက မုန်တိုင်းရဲ့အလယ်ဗဟိုရောက်တဲ့အထိ မိရိုင်ကို ခေါ်သွားပေးလိမ့်မယ်။ ကိုယ်တိုင်မလိုက်နိုင်တဲ့အတွက် တောင်းပန်ပါတယ်။”
ယုဆက ပြောလိုက်တယ်။ ယုဆက မိရိုင်ထက်အားနည်းပြီး မိရိုင်ကိုယ်တိုင်တောင် အသက်ရှင်နိုင်မရှင်နိုင် မသေချာတဲ့ ဒီမစ်ရှင်မှာ လိုက်ပါဖို့ မဖြစ်နိုင်သေးပါဘူး။
“ကိုယ့်ကိုယ်ကိုယ် ဒီလောက်ကြီးအပြစ်မတင်ပါနဲ့။ ပြီးတော့ ဒီမစ်ရှင်က အလွယ်လေးပါ။ တခြားမစ်ရှင်အဖွဲ့ဝင်တွေရောက်မလာခင်အထိ ဆရာ့ကို ကူညီရုံပဲလေ။”
မိရိုင်နဲ့ယုဆတို့က အရှေ့စွန်းဖျားစစ်မြေပြင်ကို ဦးဆုံးရောက်လာတဲ့ စစ်ကူတွေပါ။ ဒါပေမဲ့ နောက်ဆုံးရောက်လာမယ့် စစ်ကူတွေတော့မဟုတ်ဘူး။ သူတို့နှစ်ယောက် စကားပြောနေတဲ့အချိန်မှာပဲ လေထီးခုန်ဖို့အတွက် အချက်ပြမီးတွေပွင့်လာတယ်။ မိရိုင်က ယုဆကို လက်နှစ်ချောင်းထောင်ပြလိုက်ပြီး
“သွားပါတော့မယ်။” လို့နှုတ်ဆက်လိုက်တယ်။ ပြီးတဲ့နောက်တော့ လေယာဥ်ရဲ့ဝမ်းဗိုက်ပွင့်သွားပြီး စက္ကူကြိုးကြာငှက်ကိုစီးကာ လေမုန်တိုင်းထဲကို တိုးဝင်သွားတယ်။
ဝှီး... ဝှစ်... ဝှစ်....
ကြိုးကြာငှက်က စက်ထရိုစပီးယားအလွှာကနေ ဖြည်းဖြည်းချင်းလေဟုန်စီးကာ ဆင်းသက်လာရင်း လေပြင်းတွေကိုကျော်ဖြတ်လို့ လေမုန်တိုင်းရဲ့အလယ်ဗဟိုမျက်လုံးကို ရောက်လာပါတယ်။ အလယ်ဗဟိုမှာလှုပ်ရှားနေတဲ့ ဧရာမအတောင်ပံကြီးကိုလည်း မြင်နိုင်ပြီးတော့ အဲဒီအတောင်ပံက ပိုးဖလံရဲ့အတောင်ပါ။ ပိုးဖလံက သူ့အတောင်ကို အံ့မခန်းမြန်နှုန်းနဲ့ခတ်ရင်း ဒီမုန်တိုင်းကို ဖန်တီးထားတာ။ မုန်တိုင်းရဲ့တစ်နေရာမှာတော့ အရွယ်အစားချင်းယှဥ်ရင် သေးငယ်တယ်လို့ပြောရမယ့် မီးတောက်ကြာပန်းတစ်ခုရှိနေတာတွေ့ရပြီး အချိန်မရွေး ငြိမ်းသက်သွားတော့မလိုထင်ရပါတယ်။
“တစ်ချက်တည်းနဲ့ ပွဲသိမ်းကြတာပေါ့။”
မိရိုင်က ကြိုးကြာငှက်ပေါ်မှာထိုင်နေရာကနေ ဟန်ချက်ညီညီမတ်တပ်ရပ်လိုက်တယ်။ ပြီးတဲ့နောက် သူ့ညာဖက်လက်ကိုမြှောက်လိုက်ပြီး မီတာတစ်ရာကျော် အဝန်းရှိတဲ့ ကြယ်မီးတောက်တစ်ခုကိုဖန်တီးလိုက်တယ်။ ထုတ်ဖော်ထားတဲ့စွမ်းအားက ကြီးမားလွန်းတဲ့အတွက် သူ့နဖူးပေါ်မှာချွေးစက်တွေသီလာပြီး မီးတောက်ကို ဆက်လက်ထိန်းချုပ်ဖို့အတွက် အပြင်းအထန်ကြိုးစားနေရတယ်။
မီတာနှစ်ရာ... မီတာသုံးရာ... မီတာငါးရာ....
မီးတောက်က တဖြည်းဖြည်းကြီးမားလာပြီး မြေပြင်ကနေကြည့်ရင်တောင် ကြယ်ပွင့်သေးသေးလေးကို ကောင်းကင်မှာမြင်ရတဲ့အထိ တောက်ပလာနေပါတယ်။
မီတာခုနစ်ရာ...
လုံလောက်တဲ့မီးတောက်အရွယ်ကိုရောက်ပြီလို့ မိရိုင်က ဆုံးဖြတ်ပြီးတဲ့နောက် ခေါင်းကိုညိတ်လိုက်ပြီး မြှောက်ထားတဲ့လက်ကို လက်သီးဆုပ်အဖြစ်ပြောင်းလိုက်တယ်။ မီတာခုနစ်ရာအရွယ်ရှိတဲ့ ကြယ်မီးတောက်ကြီးကလည်း ချက်ချင်းကြုံဝင်သွားပြီး မိရိုင်ရဲ့လက်ခုံပေါ်မှာ ခုနစ်လက်မအရွယ် ကြယ်တံဆိပ်ကလေးအဖြစ် လာပေါ်တယ်။ ဒါပေမဲ့ အဲဒီကြယ်တံဆိပ်မှာ လွန်စွာသိပ်သည်းတဲ့ အပူစွမ်းအားတွေကို သိုလှောင်ထားတာဖြစ်ပြီး ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေကို ထုတ်ဖော်ထားပါတယ်။
“ဆရာ၊ နောက်ဆုံးတော့ ကျွန်မဘာသာ တိုက်ကွက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီ။ ကြယ်ကြွေလက်သီးနဲ့ ဆရာ့ရဲ့ရန်သူကို ဖြေရှင်းပါရစေ။”
မိရိုင်က ပြောပြောဆိုဆိုနဲ့ ကြိုးကြာငှက်ပေါ်ရပ်နေရာကနေ ခုန်ချလိုက်တယ်။ ပြီးတဲ့နောက် လက်သီးထဲကိုအားထည့်လိုက်ပြီး လက်ကိုပြန်ရုပ်လိုက်တယ်။ မိရိုင်ရဲ့ခန္ဓာကိုယ်လေးက လေထုကိုထွင်းဖောက်ကာ မြေပြင်ကိုကျဆင်းနေပြီးတော့ ဆန်တက်လာတဲ့လေတွေကြောင့် သူ့ရဲ့အညိုနဲ့အနီရောစပ်နေတဲ့ဆံပင်တွေက အရူးအမူးလှုပ်ခါနေပါတယ်။
“ ပျောက်ကွယ်သွားစမ်း....” မိရိုင်ရဲ့ကျောနောက်မှာ ငန်းတစ်ကောင်ရဲ့အတောင်နဲ့ဆင်တူတဲ့ မီးတောက်နဲ့ ဖွဲ့စည်းထားတဲ့အတောင်တွေပေါ်လာပြီး အမြန်နှုန်းက ချက်ချင်းမြင့်တက်သွားတယ်။ အသံမြန်နှုန်းရဲ့သုံးဆ တိတိကိုရောက်လာပြီးမကြာခင်မှာပဲ ပိုးဖလံရဲ့အမြီးပိုင်းကို လက်သီးက ထိမှန်သွားတယ်။
ဘုန်း....
မိရိုင်ရဲ့လက်က ပိုးဖလံရဲ့အကြေးခွံတွေကို ဖောက်ထွက်သွားပြီး ခန္ဓာကိုယ်အတွင်းထဲအထိ ဖြတ်ဝင်သွားတယ်။ ပြီးတဲ့နောက် မိရိုင်ရဲ့ခန္ဓာကိုယ်က ပိုးကောင်ရဲ့ဝမ်းဗိုက်ကနေပြန်ထွက်လာပြီး တိုကျိုမြို့ရဲ့မြေပြင်နဲ့လက်သီးက မိတ်ဆက်မိသွားတယ်။ တစ်ပြိုင်နက်တည်းဆိုသလိုပဲ ဧရာမမီးတောက်ကြီးက မြေပြင်ကနေလိမ့်တက်လာပြီး ပျက်စီးနေပြီးသား တိုကျိုမြို့ကြီးတစ်ခုလုံးကို မြေလှန်ပစ်လိုက်တယ်။
“ဟမ်....” နောက်ဆုံးကြုံရမရတဲ့အတွက် မီးကြာပန်းကိုဖန်တီးပြီး မုန်တိုင်းအလယ်မှာ တောင့်ခံနေခဲ့တဲ့ ကိုင်းတိုက မျက်လုံးပြူးသွားတယ်။ မြို့ထဲမှာတိုက်နေတဲ့ မုန်တိုင်းမရှိတော့ဘူး။ အဲဒီမုန်တိုင်းကို ဧရာမမီးတောက်လှိုင်းကြီးက ဝါးမျိုသွားပြီးပြီ။ အခုမြို့ရဲ့အလယ်မှာတော့ မြေပြင်ကို လက်သီးနဲ့ထိထားတဲ့ အနီရောင်ဂေါ့သစ်ဂါဝန်နဲ့ကလေးမရှိနေပြီး အညိုနဲ့အနီရောစပ်နေတဲ့ ဆံပင်တိုကြောင့် ဘယ်သူလဲ ကိုင်းတိုသိနေပါတယ်။
“မိရိုင်လား....” ကိုင်းတိုက အတောင်ပံကိုဖြန့်ပြီး မိရိုင်ဆီ ပျံသန်းသွားလိုက်တယ်။ ဖလေရာနဲ့လင်ဒါတို့လည်း နောက်ကနေ သတိရှိရှိနဲ့လိုက်ပါလာကြတယ်။ သူတို့တွေ ပတ်ဝန်းကျင်ကို သတိရှိရှိနဲ့လိုက်လံရှာဖွေခဲ့တယ်ဆိုပေမဲ့ ဧရာမပိုးကောင်ကြီးတစ်ကောင်ရဲ့သက်မဲ့ခန္ဓာကိုယ်ကလွဲလို့ ဘာမှမတွေ့ရတော့ပါဘူး။
“ဒီကောင်မလေးက လက်သီးတစ်ချက်တည်းနဲ့ ပိုးဖလံကို သတ်ပစ်လိုက်တာလား။”
ဖလေရာက မယုံနိုင်စွာနဲ့ပြောလိုက်ပါတယ်။ ကိုင်းတိုက အရင်ဆုံးမိရိုင်နားကို ရောက်သွားပြီး မိရိုင်ရဲ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်တယ်။
“မိရိုင်... ဘာလို့ဒီလိုမဆင်မခြင်ကိစ္စတစ်ခုကို လုပ်ရတာလဲ။”
ဖလေရာနဲ့လင်ဒါလည်း ကိုင်းတိုနားကိုရောက်တော့မှ မိရိုင်ရဲ့လက်ရှိအခြေအနေကို မြင်လိုက်ရတယ်။ သူ့ရဲ့နားရွက်တွေနဲ့နှာခေါင်းတွေထဲကနေ ဆူပွက်နေတဲ့ သွေးတွေထွက်နေပြီး တစ်ကိုယ်လုံးကနေ ညှော်နံထွက်နေပါတယ်။
“ဘာမှမဖြစ်ပါဘူး၊ ကျွန်မအဆင်ပြေပါတယ်။ စွမ်းအားတွေအများကြီး သုံးလိုက်မိလို့ဖြစ်တာပါ။”
မိရိုင်က ဆရာဖြစ်သူစိတ်အေးစေဖို့ ပြောလိုက်ပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ အရှိတရားကိုပြနေပြီး မကြာခင်မှာပဲ သွေးတွေအန်ထုတ်လိုက်ရတယ်။ အဲဒီသွေးတွေကလည်း ဆူပွက်နေပြီး မြေပြင်နဲ့ထိတာနဲ့ အငွေ့ပြန်သွားတယ်။
“မိရိုင်...” ကိုင်းတိုက စိုးရိမ်တကြီးနဲ့ မိရိုင်ကိုပိုပြီး သေသေချာချာစူးစမ်းလိုက်တယ်။ သူ့တစ်ကိုယ်လုံးက အရေပြားတွေအက်ကွဲနေပေမဲ့ မိရိုင်က ကိုင်းတိုကို ပြုံးပြနေပါတယ်။
“ဆရာ... ဆရာ့တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ပိုပြီး ဂရုစိုက်သင့်တယ်မဟုတ်လား။” မိရိုင်က သူ့လက်ကို အားအင်ချိနဲ့စွာမြှောက်လိုက်ပြီး ကိုင်းတိုရဲ့ပါးပြင်ကို ထိလိုက်တယ်။ သူ့လက်ကနေ ကြယ်မှုန်လေးတွေထွက်လာပြီး ကြယ်တာရာနယ်မြေက အသက်ဝင်လာတယ်။ ကိုင်းတိုတို့သုံးယောက်ရဲ့ကိုယ်ပေါ်က ဒဏ်ရာတွေ ပြန်ကောင်းလာပေမဲ့ မိရိုင်ကိုယ်တိုင်အတွက်တော့ မပါပါဘူး။ လင်ဒါကတော့ မျက်စိရှေ့က မြင်ကွင်းကို ဆက်မကြည့်နိုင်တော့ဘဲ အကြည့်လွှဲလိုက်ပြီး ပါးစပ်ကို လက်ဝါးနဲ့အုပ်ထားလိုက်လေရဲ့။
“အခုချက်ချင်းဆေးရုံကိုခေါ်သွားပေးမှာမလို့ ခွန်အားကိုခြွေတာပြီး ဘာမှမပြောနဲ့တော့။” ကိုင်းတိုက မိရိုင်ရဲ့ကိုယ်ကို သူ့ကျောပေါ်တင်လိုက်တယ်။ မိရိုင်က ဖျော့ဖျော့လေးပြုံးထားပေမဲ့ ပိုပြီးအားအင်ချိနဲ့လာနေတာကို မြင်နိုင်ပါတယ်။
“ဒီကလေးမက သူ့ကိုယ်သူကာကွယ်ဖို့ခွန်အားကိုတောင်မချန်ဘဲ ခန္ဓာကိုယ်မှာရှိသမျှ မြူတန့်စွမ်းအားတွေအားလုံးကို ဖောက်ခွဲပစ်လိုက်တာ။ သူ့မှာသာ ခိုင်မာတဲ့စိတ်ဆုံးဖြတ်ချက်မျိုးမရှိရင် အတွင်းပိုင်းကိုယ်အင်္ဂါအစိတ်အပိုင်းတွေ လောင်ကျွမ်းမှုကြောင့် မြေပြင်ပေါ်ရောက်ကတည်းက သေနေလောက်ပြီ။”
ဖလေရာက အခြေအနေကို သုံးသပ်လိုက်ရင်း ပြောလိုက်တယ်။ လင်ဒါကတော့ စဥ်းစားလေ အခုကိစ္စကို ပိုပြီးနားမလည်နိုင်လေပဲ။
“ဒီလောက်ဒဏ်ရာတွေနဲ့ကို ဆက်အသက်ရှင်နေသေးတာ စိတ်ခွန်အားတစ်ခုတည်းကြောင့်နဲ့လား။”
လင်ဒါက မိရိုင်ကို မယုံနိုင်စွာနဲ့ ကြည့်လိုက်တယ်။ မိရိုင်က ကိုင်းတိုရဲ့ပခုံးပေါ်မှာရှိနေရတာကို သဘောကျနေပုံပေါ်ပြီး ကိုင်းတိုရဲ့ပခုံးကို လက်နဲ့ပုတ်ပေးလိုက်တယ်။
“ဆရာ... ကျွန်မတို့ရဲ့ဘုရားကျောင်းလေး မပျက်စီးသေးဘူးမဟုတ်လား။ တိုက်ပွဲပြီးရင် အဲဒီမှာ ခဏနားကြမယ်လေ။”
ကိုင်းတိုကတော့ သူတို့ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်။ မျက်စိတစ်ဆုံးအပျက်အစီးတွေချည်းပဲမလို့ သူ့ဘုရားကျောင်း ဘယ်မှာရှိခဲ့လဲဆိုတာတောင် သူမမှတ်မိတော့ပါဘူး။
“ပြန်ဆောက်ပြီးမှပေါ့။” သူကလည်း ပြုံးပြီးတော့ ပြန်ဖြေလိုက်တယ်။ ဒါပေမဲ့ သူ့အကြည့်တွေက ပိုးကောင်သေကြီးဆီ ရောက်သွားပြီးနောက်မှာတော့ အပြုံးတွေအေးခဲသွားတယ်။
“သေစမ်း....”
ဖျောက်... ဖလောက်... ဖလောက်....
သူတို့ဘေးနားမှာရှိနေတဲ့ ကျောက်အပိုင်းအစတွေ ကြားထဲကနေ လူတစ်ယောက်တိုးထွက်လာတာကို သူတို့သုံးယောက် မြင်လိုက်ရတယ်။ မကြာခင်မှာပဲ ဘယ်သူလဲဆိုတာကို သူတို့မြင်လိုက်ရတယ်။ ပိုးဖလံဖြစ်ပြီး သူ့အဝတ်အစားတွေအားလုံး စုတ်ပြဲနေပါပြီ။ ပြီးတော့ သူ့နားကြပ်ကလည်း တစ်စစီဖြစ်နေပြီ။
“မင်းက ငါ့နားကြပ်ကိုဖျက်ဆီးပစ်လိုက်တာပဲ။ တော်တော် သောက်မြင်ကပ်ဖို့ကောင်းတဲ့ကလေး။”
ပိုးဖလံက ဒယိမ်းဒယိုင်လျှောက်လာပြီး သူတို့ရှေ့မှာ ရပ်လိုက်တယ်။ မိရိုင်ကိုယ်တိုင်ကတော့ ပိုးဖလံကို မော့ကြည့်လိုက်ပြီး ဖျော့တော့စွာနဲ့ပြောလိုက်တယ်။
“ဆရာ... သူမသေသေးဘူးလား။”
ကိုင်းတိုက ခေါင်းညိတ်လိုက်ပြီး မိရိုင်နားလည်အောင် ရှင်းပြလိုက်တယ်။
“ဒီကောင်က လူလည်လုပ်ပြီး သူ့အခွံမာကိုယ်သူ ဆွဲချွတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတာ။ အခု လဲကျနေတဲ့အသေကောင်က သူ့အခွံမာသက်သက်ပဲ။ ဒါပေမဲ့ သူကိုယ်တိုင်လည်းတော်တော်ထိထားတာမလို့ အားအရမ်းနည်းနေပါပြီ။”
အားနည်းနေပြီဆိုတဲ့စကားကြောင့် မိရိုင်က ပြုံးလိုက်ပြန်တယ်။ “တစ်နည်းအားဖြင့် ဆရာက သူ့ကို ပွဲသိမ်းနိုင်တယ်ပေါ့။ မိရိုင်က ဆရာ့ကိုထိထိရောက်ရောက် ကူညီနိုင်ခဲ့တာပဲ။”
ကိုင်းတိုက မိရိုင်ရဲ့ဆံပင်တွေကို ထိလိုက်ရင်းပြောလိုက်တယ်။ “အဲဒါထက်ပိုတယ်။ အခုဒီကောင်က ဆရာ့လက်သီးတစ်ချက်စာပဲရှိတော့တယ်။” ကိုင်းတိုက သူ့လက်သီးကိုဆုပ်လိုက်တယ်။ လေကြီးမိုးကြီးဂိုက်ဖမ်းထားတဲ့ ပိုးဖလံလည်း နောက်ကိုပြန်ခုန်ဆုတ်သွားတယ်။
“အဲဒီကလေးမသာ ငါ့ကို အလစ်မတိုက်ခဲ့ရင် မင်းသေနေလောက်ပြီ ဖယောင်းတိုင်ကောင်ရ။ ဒါနဲ့ မင်းတစ်ခုခုမေ့နေတယ်လို့ မထင်မိဘူးလား။”
ဘုန်း... ဘုန်း... ဘုတ်...
ရုတ်တရက် ဧရာမဧရာဝတ္ထုတစ်ခု ကိုင်ပေါက်ခံလိုက်ရတဲ့အသံနဲ့အတူ သူတို့နားကို လူငယ်လေးတစ်ယောက် ပြုတ်ကျလာတယ်။ တစ်ကိုယ်လုံး ဗလတွေပြည့်နေပေမဲ့ နည်းနည်းဝတယ်ထင်နေရသေးတဲ့ ဖရန့်ပါ။ အခုဖရန့်က လိပ်နက်ပုံစံပျောက်ပြီး သူတို့နားကို ပြုတ်ကျလာတာ။
“စိတ်မရှိပါနဲ့... ပိုးစုန်းကြူးက ငါခုခံနိုင်တာထက် ပိုသန်မာနေတယ်။” ဖရန့်က သတိမလစ်သွားခင် သူတို့ကို ပြောလိုက်ပြီး တိတ်ဆိတ်သွားတယ်။
“.....” ကိုင်းတိုနဲ့အုပ်စုက သူတို့အပေါ်ကို အရိပ်နက်ကြီး စိုးမိုးလာတာကို သတိထားမိတဲ့အတွက် မော့ကြည့်တော့ မီတာသုံးရာလောက်အရွယ်ရှိတဲ့ ပိုးစုန်းကြူးကြီးက သူတို့ကို အပေါ်ကနေ မိုးကြည့်နေပါတယ်။ ပိုးစုန်းကြူးရဲ့ခေါင်းပေါ်မှာတော့ ပိုးကောင်တွေရဲ့ဘုရင်မ ဥစာကီရှိနေတယ်။
“ဒီတော့ ဂြိုဟ်တုဂိုင်ယာရဲ့ခန့်မှန်းချက်က မှန်နေတာပဲ။ ပိုးစုန်းကြူးနဲ့အတူ ဥစာကီရှိနေတယ်။”
ဖလေရာက ပြောလိုက်တယ်။ အခုအခြေအနေကို သူတို့ မခန့်မှန်းမိတာတော့မဟုတ်ခဲ့ဘူး။ ဥစာကီက သူတို့ကို ချက်ချင်းစမတိုက်သေးဘဲ ပိုးစုန်းကြူးပေါ်ကနေ ခုန်ဆင်းလိုက်တယ်။ ပြီးတဲ့နောက် မိရိုင်ဆီကို စိုးရိမ်တကြီး ပြေးလာလိုက်တယ်။
“မိရိုင်၊ ဘာလို့ တစွတ်ထိုးလုပ်ရပြန်တာလဲ။”
“အစ်မ....” မိရိုင်က လေးလံလာတဲ့ မျက်ခွံတွေကို ဆန့်ကျင်လို့ ဥစာကီကိုမော့ကြည့်လိုက်တယ်။ အခုဥစာကီရဲ့မျက်နှာအမူအရာက သူမှတ်မိတဲ့ အစ်မလိုပါပဲ။
“နေပါဦး....” ဥစာကီက မိရိုင်ဆီမရောက်သေးခင် ပိုးဖလံက ကြားဝင်ပြီးရပ်လိုက်တယ်။ ပြီးနောက် ဥစာကီကို အတည်ပေါက်မျက်နှာနဲ့မေးလိုက်လေရဲ့။
“အရှင်မ၊ သူတို့က ရန်သူတွေပါ။ ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်ပါတယ်။”
မိရိုင်ကလည်း ပိုးဖလံရဲ့စကားကို သေချာပေါက် ကြားလိုက်တဲ့အတွက် ပါးပြင်တစ်ဖက်ပေါ်ကို မျက်ရည်တစ်စက် စီးကျလာတယ်။
“အစ်မက အရင်ကနဲ့ဘယ်လောက်တူတူ... ကျွန်မတို့ကို ရန်သူအဖြစ်မြင်ရတော့မှာပဲမဟုတ်လား။”
ဥစာကီကတော့ ဓားကိုဆွဲထုတ်လိုက်ပြီး ပိုးဖလံကို ရွယ်လိုက်တယ်။ “သာမန် ပိုးကောင်ဗိုလ်ချုပ်လေးတစ်ကောင်က ငါသွားမယ့်လမ်းကို ပိတ်ရဲတာလား။”
နဂိုကတည်းက ဒဏ်ရာအကြီးအကျယ်ရထားတဲ့ ပိုးဖလံလည်း ကြောက်လန့်တကြားနဲ့ လက်နှစ်ဖက်ကို မြှောက်ပြလိုက်ပြီး ဘေးကိုဖယ်ပေးလိုက်တယ်။
“ကျွန်တော်မျိုးက ကျီစားတာပါခင်ဗျ၊ ကျီစားတာပါ။”
ပိုးဖလံ ဘေးကိုဖယ်သွားပြီးတဲ့နောက်တော့ ဥစာကီက မိရိုင်နဲ့ကိုင်းတိုရှေ့မှာ ရပ်လိုက်ပြီး ဓားကိုဓားအိမ်ထဲ ပြန်သွင်းလိုက်တယ်။ သူက နွေးထွေးစွာပြုံးနေခဲ့ပြီး အဲဒီအပြုံးက တကယ့်အစစ်အမှန်ပါပဲ။
“အရင်တစ်ခါ အစ်မနန်းတော်ကို ပြန်သွားပြီးတဲ့နောက် သေသေချာချာစဥ်းစားဖြစ်ခဲ့တယ်။ အစ်မဘယ်လိုပဲ ဖြစ်သွားပါစေ၊ ညီမလေးက အစ်မရဲ့ညီမလေးပါပဲ။ ဒါကြောင့် ညီမလေးကို ရန်သူလို့မတွေးပါဘူး။”
အဲဒီနောက် ဥစာကီက ကိုင်းတိုကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။ “ကိုင်းတို၊ အရင်ဖြစ်ခဲ့တာတွေကို ထောက်ထားပြီး မိရိုင်ကို ငါနဲ့ထားခဲ့ပါ။ ဒါဆိုရင် နင်တို့ကို အသက်ရှင်လျက် လွတ်ပေးလိုက်မယ်။ ဒီဒဏ်ရာတွေအားလုံးကို ကုသပေးနိုင်စွမ်း ငါတို့မှာရှိတယ်။”
ဒါပေမဲ့ တစ်ဖက်မှာတော့ ကိုင်းတိုက မီးတောက်လှံကို ဖန်တီးလိုက်ပြီး ဥစာကီကို ရွယ်လိုက်ပါတယ်။ “မိရိုင်ကို မင်းတို့လက်ထဲထားခဲ့ရင် မင်းတို့သူ့ကိုဘာလုပ်မလဲ ငါမပြောနိုင်ဘူး။ ငါလက်မခံနိုင်ဘူး။”
“ကိုင်းတို၊ ငါက ပိုးကောင်တွေရဲ့ဘုရင်မတစ်ပါးအနေနဲ့ ဒီဂြိုဟ်ကိုသိမ်းပိုက်ဖို့တာဝန်ရှိတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း ငါချစ်တဲ့သူတွေကို ရန်ပြုဖို့ လိုအပ်မနေဘူးလေ။ သူတို့ကို ငါ့အရိပ်အာဝါသအောက်မှာ စောင့်ရှောက်ထားဖို့ ဖြစ်နိုင်တာပဲ။”
“မပြတ်သားတဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါပေမဲ့ အနည်းဆုံးတော့ ငါတို့ဘုရင်မမှာ ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိနေသေးတယ်။”
ပိုးဖလံက ပြောလိုက်ရင်း တိုက်ပွဲအနံကိုရနေတဲ့အတွက် နေရာကနေ ဆုတ်ခွာထွက်ပြေးသွားတယ်။ ကိုင်းတိုကတော့ မိရိုင်ကို ဖလေရာတို့လက်ထဲ ထည့်ပေးလိုက်ရင်း ပြောလိုက်ပါပြီ။
“မင်းက ဥစာကီမဟုတ်တော့ဘူး။ ဒီအတိုင်း ကိုယ့်ကိုယ်ကိုယ် ဥစာကီလို့တွေးနေတဲ့ ပိုးကောင်တစ်ကောင်သက်သက်ပဲ။ မိရိုင်ကို စောင့်ရှောက်ဖို့ အရည်အချင်းမရှိဘူး။”
ဥစာကီကလည်း ဓားကိုဆွဲထုတ်လိုက်တယ်။ “ဒါဆိုရင်လည်း ဓားနဲ့စကားပြောဖို့ တစ်နည်းပဲရှိတော့မယ်။ နင့်ကိုလေးစားတဲ့အနေနဲ့ ငါ့ရဲ့ဓားနဲ့မြူတန့်စွမ်းအားကိုပဲသုံးပြီး နင့်ကိုယှဥ်မယ်။ ပိုးကောင်တစ်ကောင်ရဲ့ခွန်အားကိုသုံးမိတာနဲ့ ငါရှုံးပြီလို့ ဝန်ခံမယ်။”
“အစ်မ... ဆရာ....” မိရိုင်ကတော့ သူအချစ်ဆုံးပုဂ္ဂိုလ်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အသေသတ်တော့မယ့် မြင်ကွင်းကို ကြောက်လန့်တကြား စောင့်ကြည့်နေရုံသာ တတ်နိုင်ပါတယ်။