လက်ထပ်ပွဲသို့ တက်ရောက်ခြင်း
Vol. 010 Ch. 934
ရှီဟွာတောင်၏ တတိယတပည့် ဖြစ်သော လျူကျောင်းသည် ကျောက်ပြည်ထောင်မှ ကျောက်စီရီနှင့် လက်ထပ်မည့် သတင်းမှာ ပြည်နယ်ကိုးခုတွင် လူပြောများသော ကိစ္စတစ်ခု ဖြစ်လာသည်။ ရှီဟွာတောင်မှ ဖိတ်စာများမှာလည်း နေရာအနှံ့သို့ ရောက်ရှိ လာခဲ့၏။
ဤလက်ထပ်မှုဖြင့် မဟာမိတ်ပြုခြင်းမှာ အလွန် အရေးပါသည့်ကိစ္စ ဖြစ်သည်။ လျူကျောင်းကား ရှီဟွာတောင်၏ တတိယ သားတော်ဖြစ်ကာ ရှီဟွာတောင်ကို ကိုယ်စားပြုပြီး ကျောက်စီရီမှာ ကျောက်ပြည်ထောင်၏ မင်းသမီးတစ်ပါး ဖြစ်သည်။ ဤလက်ထပ်ပွဲက တော်ဝင်မြေ နှစ်ခု၏ ပေါင်းစပ်မှုလည်း ဖြစ်သည်။
အရှေ့ဘက် ပြည်နယ်တွင် မှန်နန်းတော်မှာ အလွန် အားနည်းပြီး ကောင်းကင် ရှန့်ထိုမှာလည်း တစ်ကိုယ်တည်း သီးသန့်နေထိုင်ကာ တပည့် တစ်ယောက်မျှသာ ရှိသည်။
သည်လက်ထပ်မှုဖြင့် မဟာမိတ်ပြုခြင်းသည် မှန်နန်းတော် သခင်မအား ဖိအားများစွာ ဖြစ်စေပေလိမ့်မည်။ မည်သို့ဆိုစေ ကျောက်ပြည်ထောင် ဘုရင်မင်းကြီးက မှန်နန်းတော် သခင်မအား အမြဲတမ်းအားဖြင့် စိတ်ဝင်စား ခဲ့ပေသည်။ ထိုအချက်က လျှို့ဝှက်ချက် မဟုတ်ပေ။ ကောင်းကင် ရှန့်ထိုမူကား ထိုကိစ္စများနှင့် သိပ်မသက်ဆိုင်ရာ စိတ်ပူစရာ မရှိပေ။
မှန်သည်၊ ပြည်နယ်ကိုးခုမှလူများ နားလည်သည်မှာ ထိုကိစ္စနှင့် ပတ်သက်၍ ဖိအား အများဆုံးမှာ တော်ဝင်ကျဲနန်းတော် ဖြစ်သည်။ ကျောက်ပြည်ထောင်နှင့် စစ်ခင်းနေရသော တော်ဝင်ကျဲ နန်းတော် အတွက် သည်လက်ထပ်ပွဲမှာ ပိုမိုကြီးမားသော ဖိအားများ ဖြစ်စေနိုင်ပေသည်။
ထို့အပြင် လျူကျောင်းကား ရှားရှင်းယွန်နှင့် အထက်ဘုံသို့ သွားရောက် လေ့ကျင့်ရာ၌ ကောင်းကင် ရွေးချယ်သူအဖြစ် သတ်မှတ်ခံခဲ့ရ၏။ ရှီဟွာတောင်၏ ဆက်ခံသူ တစ်ယောက် အနေဖြင့် သူ၏နာမည်မှာ ပြည်နယ်ကိုးခုသို့ ပိုမို ကျော်ကြား လာခဲ့သည်။
လွန်ခဲ့သော သုံးနှစ်က ရီဖူရှင်းသည် ရှားရှင်းယွန်နှင့်အတူ အထက်ဘုံသို့ သွားရောက် လေ့ကျင့်ရန် ငြင်းပယ်ခဲ့သည်။ ယခု အထက်ဘုံသို့ သွားရောက် လေ့ကျင့်ခဲ့သူများမှာ ကြီးမားစွာ တိုးတက်ခဲ့ကြသည်။ ယခု ထိုလူများ၏တိုးတက်မှုကို ရီဖူရှင်း သိမည်မဟုတ်ပေ။
ရှီဟွာတောင်က ပြည်နယ်ကိုးခု ညီလာခံကို လက်ခံ ကျင်းပပြီးနောက် ယခုတစ်ဖန် လူအများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပြန်သည်။ လူအများအပြားက ရှီဟွာတောင်သို့ ခရီးနှင်ကြပြီး တော်ဝင်မြေများ ကလည်း သူတို့၏ ကိုယ်စားလှယ်များအား စေလွှတ်ကြသည်။ တော်ဝင်ရှီ နန်းဆောင်ထဲ၌လည်း ရီဖူရှင်းက ကိစ္စရပ်များအား ဆွေးနွေးရန် အရေးကြီး ပုဂ္ဂိုလ်များအား ဆင့်ခေါ်ခဲ့သည်။
တော်ဝင်မြေနှစ်ခု၏ လက်ထပ်မှုဖြင့် မဟာမိတ်ပြုခြင်းက တော်ဝင်ကျဲ နန်းတော်ကို ဖိအားများစွာ ဖြစ်စေခဲ့သည်။ သည်ကိစ္စက နန်းတော်၏ သေရေးရှင်ရေးနှင့် သက်ဆိုင်သည်။
ဓားမိစ္ဆာ၊ ကျန်ကျောင်း၊ ယူစီ၊ ဟောင်စီ၊ ရန်ရှောင်နှင့် တခြားသူများ အားလုံးက ဖိတ်စာကို မျက်မှောင်ကြုတ်လျက် ကြည့်နေကြသည်။ ကောလာဟလများကို ကြားခဲ့ပြီ ဖြစ်ကြသော်လည်း တကယ်တမ်း လက်တွေ့ ကြုံလာရသောအခါ ဖိအားမှာ ကြီးမားခဲ့ပေသည်။
“စီနီယာတွေက ဘယ်လို ထင်ပါသလဲ...” ရီဖူရှင်းက ပြောသည်။
“ပြီးခဲ့တဲ့သုံးနှစ် ရှန့်ထိုရှားရဲ့ မွေးနေ့ပွဲမှာ လုပ်ခဲ့တဲ့ သဘော တူညီချက်အရ ရှန့်ထိုတွေက တော်ဝင်စစ်ပွဲမှာ ဝင်ပါလို့မရဘူး... ရှန့်ထိုအဆင့် အောက်က လူတွေကလည်း ဝင်္ကပါရဲ့ အကူအညီကို ယူလို့မရဘူး... ဒါက လက်ထပ်ပွဲ တစ်ခုဆိုပေမဲ့ တော်ဝင်မြေတစ်ခုရဲ့ သေခြင်း ရှင်ခြင်းနဲ့လည်း သက်ဆိုင်နေတယ် ... ကျောက်ပြည်ထောင်က အကြံအစည် တစ်ခုခု မလုပ်ဘဲ နေမှာမဟုတ်ဘူး...” ယူစီက ဆက်ပြောသည်... “ငါတို့က ဖိတ်ကြားမှုကို ငြင်းပယ်လိုက်တာ အကောင်းဆုံးပဲ...”
ယူစီ ဘာကို ဆိုလိုသည်ကို အားလုံးက နားလည်ကြသည်။ ရီဖူရှင်း၏ လူများမှာ အရည်အသွေး မြင့်မားကြရာ သူတို့၏ တိုးတက်မှုမှာလည်း မြန်ဆန် ကြပေသည်။ နောက်ထပ် ငါးနှစ် သို့မဟုတ် ခြောက်နှစ် အတွင်း၌ ထိုလူများမှာ ထိပ်သီးရှိ တန်ခိုးရှင်များ ဖြစ်လာကြပေလိမ့်မည်။ ထို့ကြောင့်ပင် တော်ဝင်ကျဲနန်းတော်က လွန်ခဲ့သော သုံးနှစ်အတွင်း ငြိမ်သက် တိတ်ဆိတ်စွာ လေ့ကျင့် နေခဲ့ကြသည်။
“ပြီးတော့... ကျောက်ပြည်ထောင် ကလည်း နန်းတော်သခင်ကို သတ်ဖို့ဆိုရင် ဘယ်လို ပေးဆပ်မှုမျိုးမဆို လုပ်မှာပဲ...” ထောင်ကျန်းက ပြောသည်။
“ကျွန်တော်က အဆင့်မြင့်မိုရှီသို့ တက်လှမ်းနိုင်ခဲ့ပြီ…” ကျောက်ပြည်ထောင်က ကျုပ်ကို သတ်မယ် ဆိုရင်လည်း ဒီလောက် လွယ်ကူမှာ မဟုတ်ဘူး...” ရီဖူရှင်းက ပြောသည်။
“ပြီးတော့ ရှီဟွာတောင်က သူတို့ရဲ့ လက်ထပ်ပွဲကို ဖိတ်ကြားပြီးတော့ ဧည့်သည်ကိုတော့ အရှက်မရှိ လုပ်ကြံမှာ မဟုတ်ဘူး...” သူက ဆက်ပြောသည်။ ရီဖူရှင်းက လက်ထပ်ပွဲကို မတက်ခဲ့လျှင် တော်ဝင်မြေတစ်ခု အနေဖြင့် မျက်နှာပျက် ရပေလိမ့်မည်။
“ဒါက ကျောက်ပြည်ထောင် ဘုရင် မင်းကိုသတ်ဖို့ ဘယ်လောက် စိတ်ပြင်းပြလဲ အပေါ် မူတည်တယ်...” ထောင်ကျန်းက ပြောသည်။ ရီဖူရှင်းက ပြုံးလျက် ခေါင်းယမ်း၏။ ကျောက်ပြည်ထောင် ဘုရင်သည် ပုံမှန်အားဖြင့် သူ့ကို လွန်စွာ မုန်းတီးပေသည်။
“ကျုပ်က နန်းတော်သခင် ပြောတာကို သဘောတူတယ် ... တော်ဝင်မြေ နှစ်ခုက နန်းတော်သခင်ကို သတ်ချင်ပေမဲ့ သူတို့က လက်ထပ်ပွဲကို ဖိတ်ကြားပြီးမှတော့ အားလုံးရဲ့ရှေ့မှာ အကောက် ကြံမှာတော့ မဟုတ်ဘူး...”
“သူတို့က သေချာပေါက် ငါတို့ရဲ့ ဟန်ချက်ကို ရပ်တန့်ချင်မှာပဲ ... ကျုပ်တို့က မွေးနေ့ပွဲကို တက်ခဲ့ရင် သူတို့ဘက်က ရန်စပြီးတော့ ဖိနှိပ်ဖို့ ကြိုးစားမှာပဲ … ဒီလိုဖြစ်လာခဲ့ရင် ကျုပ်တို့နဲ့ ရင်းနှီးတဲ့ တော်ဝင်မြေတွေကို ကျုပ်တို့နဲ့ ပိုမို နီးကပ်စေနိုင်သလို ကျုပ်တို့ကို သဘောမကျတဲ့ တော်ဝင်မြေတွေ ကလည်း အခွင့်အရေး အမိအရ ဆုပ်ကိုင်ပြီးတော့ သူတို့နဲ့အတူ ပူးပေါင်းပြီး ကျုပ်တို့ကို ဖိနှိပ်ဖို့ ကြိုးစားမှာပဲ... ယွီပြည်နယ်နဲ့ ကျိရှမ်းကမ်းပါး ကလည်း ကျုပ်တို့ကို ဖိနှိပ်ဖို့ နောက်တွန့်နေမှာ မဟုတ်ဘူး...” ဟောင်စီက ပြောသည်။
ကျိရှမ်းကမ်းပါးနှင့် ယွီပြည်နယ်တို့က မြေရိုင်း ပြည်နယ်ကို မလိုလားသည်မှာ လူတိုင်း သိသော ကိစ္စဖြစ်သည်။ ကျိရှမ်းကမ်းပါး၏ ဖိနှိပ်မှုကြောင့်ပင် မြေရိုင်းပြည်နယ်မှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ခဲ့ပြီး ရီဖူရှင်း ကိုယ်တိုင်က တော်ဝင်ကျဲ နန်းတော်သခင် ဖြစ်လာခဲ့သည်။
“အားလုံးက ကွဲပြားခြားနားတဲ့ အမြင်တွေ ရှိနေမှတော့ ဆရာ ဦးလေးဝမ်ရှင်းက ဟောကိန်း ထုတ်ကြည့်ရင် ကောင်းမယ် ထင်တယ်...” ရီဖူရှင်းက ဝမ်ရှင်းအား ကြည့်ကာ ပြောသည်။
“ကျုပ်က ဒီကို မလာခင်ကတည်းက တွက်ချက်ခဲ့ပြီ ... ဒီခရီးက ပိုကြီးတဲ့ ပြဿနာတွေကို သယ်ဆောင် လာလိမ့်မယ်... ဒါပေမဲ့ လောလောလတ်လတ် ပြဿနာတွေတော့ မရှိဘူး...” ဝမ်ရှင်းက ပြောသည်။
“ဆရာဦးလေးက ကောင်းကောင်း ပြင်ဆင်ထားခဲ့တာပဲ...” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ဤသို့သော ဟောကိန်း ထုတ်ခြင်းက ဝမ်ရှင်းအတွက် သိပ်ကြီးမားသော ကိစ္စမဟုတ်ပေ။
“ဒါပေမဲ့ ငါက ပြည်နယ်ကိုးခုရဲ့ ကံကြမ္မာကိုလည်း တွက်ချက် ခဲ့သေးတယ် ... မကြာခင် ပြည်နယ်ကိုးခုက အပြောင်းအလဲ ကြီးကြီး မားမားတွေ ဖြစ်လိမ့်မယ်...” ဝမ်ရှင်းက ဆက်ပြောသည်။ ရီဖူရှင်းက သူ့အား လှမ်းကြည့်ကာ ခေါင်းညိတ်၏။ ထိုအကြောင်းအရာကို ယခင် ကတည်းက သူ ခန့်မှန်းခဲ့ပြီးဖြစ်ကာ ယခု ဝမ်ရှင်း၏ ဟောကိန်းက ထပ်မံ၍ အတည်ပြုခဲ့ပေသည်။ ကြည့်ရသည်မှာ တော်ဝင်စစ်ပွဲအပြင် ပြည်နယ်ကိုးခု၌ ကြီးမားသော မုန်တိုင်းများ ဆက်လက် ရိုက်ခတ် လာပေလိမ့်မည်။ သို့သော်လည်း ထိုမုန်တိုင်းများ အနည်းငယ် နောက်ကျပြီးမှ ရောက်လာရန် သူ မျှော်လင့်သည်။ အကောင်းဆုံးက သူကိုယ်တိုင် ရှန့်ထိုအဆင့်သို့ တက်လှမ်းနိုင်ခြင်း ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူက မည်သည့်အရာကိုမှ ကြောက်ရွံ့စရာ မလိုတော့ပေ။
“ဒီလိုဆိုရင်လည်း ကျုပ်က သွားဖို့ ဆုံးဖြတ်လိုက်မယ်...” ရီဖူရှင်းက ပြောလျှင် အားလုံးက ခေါင်းညိတ်သည်။ သူတို့အားလုံးတွင် ကွဲပြားခြားနားသော အမြင်များ ရှိသော်လည်း ရီဖူရှင်းက လုပ်မည်ဟု ဆုံးဖြတ်ထားသည့် ကိစ္စကို မည်သူကမှ မတားဆီးနိုင်ပေ။
ထိုအချိန်တွင် ရန်ရှောင်က ပြောသည်... “အရှင်... ကျုပ်လည်း မင်္ဂလာပွဲသို့ လိုက်ပါချင်ပါတယ်...”
ရီဖူရှင်းက ရန်ရှောင်အား ကြည့်သည်။ နှစ်ပေါင်းများစွာ ကြာသည့်တိုင် လျူကျောင်းအပေါ် ရန်ရှောင်၏ အမုန်းတရားမှာ အနည်းငယ်မျှပင် လျော့နည်းခဲ့ခြင်း မရှိပေ။
“စိတ်မပူနဲ့... ကျုပ်က ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ပါတယ်...” ရန်ရှောင်က ပြောသည်။
“ကောင်းပြီ...” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ကျေးဇူးတင်ပါတယ်... အရှင်...” ရန်ရှောင်က ရီဖူရှင်းအား ဦးညွှတ်ကာ ထွက်သွားသည်။ ရီဖူရှင်းက သူ၏ နောက်ကျောအား ကြည့်၏။ လျူကျောင်းနှင့် စစ်တုရင် ရှန့်ထိုတို့က သူ၏ဇနီးနှင့် ပညာသင်ဘက် ညီအစ်ကိုများအား မရဏတောင်၌ သတ်ဖြတ် စတေးခဲ့သည်။ သူက ကလဲ့စား မချေဘဲနှင့် ငြိမ်းချမ်းစွာ မျက်လုံး မှိတ်နိုင်မည် မဟုတ်ပေ။
ယခု လျူကျောင်း၏ အောင်မြင်မှုများမှာ အကန့်အသတ်မရှိ ဖြစ်နေသည်။ သူကား ကောင်းကင် ရွေးချယ် ခံရသူဖြစ်ပြီး ပြည်နယ်ကိုးခုတွင် နာမည် ကျော်ကြား၏။ ယခု သူ၏ လက်ထပ်ပွဲမှာလည်း ပြည်နယ်ကိုးခုမှ လူတိုင်း တက်ရောက်ရအောင် အရေးကြီး ပေသည်။
ရန်ရှောင် မည်သို့ ခံစားနေရမည်ကို အားလုံး ခန့်မှန်း နိုင်ပေသည်။
ထို့နောက်တွင် ရီဖူရှင်းက သူနှင့်အတူ သွားမည့် လူများအား ရွေးချယ်သည်။ အားလုံးက သူနှင့်လိုက်ပါ လိုကြ၏။ သို့သော်လည်း ရီဖူရှင်းက အထက်ဘုံသို့ သွားရောက် လေ့ကျင့်သူများနှင့် အားအကောင်းဆုံး လူများကိုသာ ရွေးချယ်ခဲ့သည်။
ရက်များမကြာမီ နန်းတော်မှ တန်ခိုးရှင်တစ်စု စတင်ထွက်ခွာကြ၏။ ကျေးရွာ ခေါင်းဆောင်က ကိုယ်တိုင် သူတို့ကို ပို့ဆောင်သည်။ ရီဖူရှင်းအပြင် ယန်ဟောင်၊ ယူစီ၊ ကျန်ကျောင်း၊ စုရှမ်း၊ ရန်ရှောင်၊ ဂူတုံးလျို၊ ဓားသခင်၊ ဟွာဂျီယူ၊ ယူချင်း၊ ရီဝူချင်း၊ ဟောင်ကျူဂီနှင့် တခြား တန်ခိုးရှင်များ ပါဝင်ကြသည်။ ထို့အပြင် အဆုံးမဲ့ပင်လယ်မှ ထိပ်သီး သားရဲများမှာလည်း စတင် လှုပ်ရှား ထွက်ခွာကြ၏။ သူတို့က ကောင်းကင်မှတစ်ဆင့် အရှေ့ဘက် ပြည်နယ်သို့ ဖြန့်ကြက် ခရီးနှင်ကာ အားလုံး၏ သတိထားခြင်းမှ ကင်းလွတ်အောင် သွားကြသည်။ သူတို့အားလုံးက အလွန် မြင့်မားသော ကောင်းကင်မှ ပျံသန်းကြကာ တကွဲတပြား ခရီးနှင်ကြရာ လူအများက သိပ်သတိ မထားမိကြပေ။
သားရဲများကို ကြိုတင် ပြင်ဆင်ထားခြင်းက မမြင်နိုင်သော ကိစ္စရပ်များအား ကာကွယ်ရန် ဖြစ်သည်။ ဤနည်းဖြင့် ကျောက်ပြည်ထောင်က အရှက်မရှိ လုပ်ကြံရန် ကြိုးစားပါက သူတို့အားလုံးက ပြန်လည် ခုခံနိုင်ပေမည်။
***
ဟွာထျန်းမြို့ကား တစ်ဖန် ပြည်နယ်ကိုးခုမှ လူများ၏အာရုံကို ဆွဲငင် ထားပြန်သည်။ တော်ဝင်မြေများမှ တန်ခိုးရှင် အများအပြား ရောက်ရှိ လာနေကြသည်။ အချို့ကား ကြိုတင်၍ပင် ရောက်ရှိနေကြ၏။ သည်တစ်ကြိမ်ကား ရှန့်ထိုများပင် တက်ရောက်လာခဲ့ကြရာ ယခင်ပြည်နယ်ကိုးခု ညီလာခံ ကျင်းပသည့် အခေါက်ထက် ပိုမို စည်ကားပေသည်။
ပြည်နယ်ကိုးခုမှ ရှန့်ထိုများမှာ အခြေအနေများ ရှုပ်ထွေး လာသည်ကို မြင်ကြရာ သူတို့အားလုံးက ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့၏ လက်ထပ်ပွဲ မဟာမိတ်သို့ ကိုယ်တိုင် ကြွရောက် လာကြကာ အခြေအနေကို ကြည့်ရှုကြသည်။
သူတို့ အင်အားစုနှစ်ခု ပေါင်းကာ တော်ဝင်ကျဲ နန်းတော်အား အမှန်တကယ် ရင်ဆိုင်ကြပါ့မလား။
သည်တစ်ကြိမ် နာမည်ကျော် ဟွာထျန်းမြို့မှ ဟွာထျန်းမျှော်စင်တွင် ယခင်လို စည်ကားခြင်းတော့ မရှိခဲ့ပေ။ သို့သော် မျှော်စင်ထိပ်တွင် လူတစ်စုမှာ ထိုင်ကာ စကားစမြည် ပြောနေကြသည်။ သူတို့ အားလုံးသည် ရှန့်ထိုများ ဖြစ်ကြ၏။ ပြည်နယ်ကိုးခုမှ ရှန့်ထိုများ အားလုံးနီးပါး သည်နေရာသို့ ကိုယ်တိုင် ရောက်လာခဲ့ကြသည်။
“ကျုပ်က ခင်ဗျားတို့ အားလုံးကို ဖိတ်ခေါ်တာ ကိစ္စတစ်ခုကို ဆွေးနွေးမလို့ ... အားလုံးက အဆုံးမဲ့ပင်လယ်က အပျက်အစီး နယ်မြေ အကြောင်းကို သိကြလိမ့်မယ်လို့ ကျုပ် ယူဆတယ်...” ပင်လယ်နန်းတော် သခင်က တခြားလူများအား ကြည့်ကာ ပြောသည်။ အားလုံးက ခေါင်းညိတ်ကြသည်။ အမှန်ပင် သူတို့အားလုံး ထိုအကြောင်းကို သိကြသည်။
“အချိန်နဲ့ လေဟာနယ်လှံကို တော်ဝင်မြေသုံးခုက ယူသွားတာ မဟုတ်ဘူးလား...” တော်ဝင်အလင်း နန်းတော်မှ ရှန့်ထိုတစ်ပါးက အဆုံးမဲ့ ပင်လယ်မှ ရှန့်ထိုများအား ကြည့်ကာ ပြောသည်။ သတင်းများ ထွက်လာသောအခါ သူတို့အားလုံးက တော်ဝင်မြေ သုံးခုအား သံသယ ဝင်ခဲ့ကြပေသည်။
“အချိန်နဲ့ လေဟာနယ်လှံက တစ်ခုတည်းပဲ ရှိတယ်... ကျုပ်တို့ တော်ဝင်မြေသုံးခုက ဘယ်လိုလုပ် ခွဲဝေယူနိုင်မလဲ...” နတ်ဘုရား ကမ်းပါးမှ ရှန့်ထိုက မပျော်မရွှင်ဟန်ဖြင့် ပြောသည်။
“ဒါပေမဲ့ နောက်ပိုင်းရက်တွေမှာ ကျူးရန်ရဲ့ လှုပ်ရှားမှုတွေကို မတွေ့ရတော့ဘူး ... သူက လုံးဝ ပျောက်ကွယ် သွားသလိုပဲ...” တစ်ယောက်က ပြောသည်။
“ကျူးရန်က ရှန့်ထိုသားရဲပဲ ... သူက လည်ဝယ်ပြီး ကောက်ကျစ်တယ် ... တကယ်လို့ သူက လူအသွင်ပြောင်းပြီး ပြည်နယ်ကိုးခုထဲ ပုန်းအောင်းနေရင် ဘယ်သူက မှတ်မိပါ့မလဲ ... ပြီးတော့ သူက ရတနာလှံကို ရသွားခဲ့ရင်လည်း လူတွေ သတိထားမိအောင် လှုပ်ရှားမှုတွေ လုပ်နေမှာ မဟုတ်ဘူး ... ဒါပေမဲ့ သူက ရတနာလှံကို လုံးဝ ပိုင်နိုင် ထိန်းချုပ်သွားနိုင်တဲ့ တစ်နေ့ကျရင် ပြည်နယ်ကိုးခုမှာ သွေးချောင်း စီးလိမ့်မယ် ... ကျူးရန်ရဲ့ သတင်းကိုရခဲ့ရင် တော်ဝင်မြေတွေက အချင်းချင်း သတင်းပေးဖို့ လိုလိမ့်မယ်...”
အားလုံး၏ မျက်လုံးများ အရောင်လက် သွားကြသည်။ သူတို့အားလုံးမှာ ကိုယ်ပိုင်အတွေးများ ရှိကြ၏။ သူတို့က ကျူးရန်၏ သတင်းအစအနများကို ရခဲ့ပါက သူတို့ဦးဆုံး လုပ်မည့်အရာမှာ ကျူးရန်ကို သတ်လျက် ရတနာလှံအား အရယူရန်သာ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ယခု ကျူးရန် မည်သည့်နေရာသို့ ရောက်နေသည်ကို မည်သူမှ မသိကြပေ။ ကျူးရန်ကိုယ်တိုင် ထွက်လာမည့် အချိန်ကိုသာ သူတို့က စောင့်ရပေတော့မည်။
***