လက်ထပ်ပွဲသို့ တက်ရောက်ခြင်း
Vol. 010 Ch. 936
မှန်နန်းတော် သခင်မက ပြုံးလိုက်ပြီးမှ ဘာမှ ဆက်မပြောပေ။ ရီဖူရှင်းက ကျောက်ပြည်ထောင် ဘုရင်အား ပေါ်တင်လှောင် ပြောင်ပြောဆိုသည့် ကိစ္စတွင် သူမက ဘာမှ မပြောနိုင်ပေ။
တခြား တစ်ဖက်တွင် နတ်မိမယ်ချိန်နီက ရီဖူရှင်းအား စူးနစ်စွာ ကြည့်သည်။ ရီဖူရှင်းအား သူမက စစ်တုရင် ကျေးရွာတွင် ပထမဆုံး တွေ့ဖူးသော အချိန်အခါ၌ သူကား မြေရိုင်းပြည်နယ် ပြင်ပသို့ ပထမဆုံး ခရီးထွက်လာခဲ့သူ ဖြစ်ကာ ထိုစဉ် အချိန်အခါက ရီဖူရှင်းမှာ တော်ဝင်ကျဲ နန်းတော်သခင် ဟူသော ခေါင်းစဉ်နာမအား ပိုင်ဆိုင်သော်လည်း မည်သူကမှ သူ့အား အလေး မထားခဲ့ကြပေ။ ထိုစဉ်က လူတိုင်း၏ မျက်လုံးထဲတွင် လျူကျောင်းကား ရီဖူရှင်းထက် များစွာ တန်ဖိုးရှိကာ စစ်တုရင်ရှန့်ထို ကိုယ်တိုင်ကလည်း သူ့အား ရွေးချယ်ခဲ့၏။
ထိုအချိန်များ ကုန်လွန်ခဲ့ပြီ ဖြစ်၏။ ရီဖူရှင်း၏ နာမည်သည်ကား တစ်လောကလုံးကို ကျော်ကြားခဲ့ပြီး ဖြစ်ကာ သူက သူမ၏ ဆရာနှင့်ပင် ရယ်မော စနောက်နိုင်သော အခြေနေသို့ ရောက်လာပေ၏။ ရီဖူရှင်း မည်မျှ ယုံကြည်မှု မြင့်အားသည်ကို အားလုံးက မြင်နိုင်ပေသည်။
“အထက်ဘုံသို့ သွားရောက် လေ့ကျင့်ခဲ့တဲ့ မြေရိုင်း ပြည်နယ်ကလူတွေ ပြဿနာ အချို့ တွေ့ကြုံခဲ့တယ်လို့ ချိန်နီပြောတာ ကြားတယ် ... အခု အဆင်ပြေ သွားပြီလား...” မှန်နန်းတော် သခင်မက ရီဖူရှင်းအား မေး၏။
“ပြဿနာအချို့ ရှိပေမဲ့ အားလုံး အဆင်ပြေ သွားပါပြီ...” ရီဖူရှင်းက ပြောသည်။
“သတင်းကောင်းပဲ...” မှန်နန်းတော် သခင်မက ညင်သာစွာ ခေါင်းညိတ်၏။
“ခရီးလမ်းမှာ မှန်နန်းတော်က စီနီယာအစ်မတွေ အကူအညီ အများအပြား ပေးခဲ့တာကို ကျေးဇူးတင် ရမှာပါ...” ရီဖူရှင်း၏ဘေးမှ ဟွာဂျီယူက မှန်နန်းတော် သခင်မအား ပြော၏။ သူတို့က ခရီးလမ်း၌ မှန်နန်းတော်မှလူများနှင့် ကောင်းမွန်သော ဆက်ဆံရေးများ ရှိခဲ့ကြ၏။
“ငါ့တပည့်တွေ ပြန်ပြောပြတယ် ... ခရီးမှာ အချင်းချင်း အကူအညီရတာက ကောင်းတဲ့ကိစ္စပဲ...” မှန်နန်းတော် သခင်မက ဟွာဂျီယူအား ပြုံးလျက် ပြောသည်... “ဒါပေမဲ့ နန်းတော် သခင်ရီက ဒီလို ပြိုင်စံရှား မိန်းမလှကို လေ့ကျင့်ရေး ခရီး စေလွှတ်တယ် ဆိုတာကတော့ အံ့အားသင့်စရာပဲ...”
“ကျွန်မ ယောက်ျားမှာ အလုပ်များ လှပါတယ်... ပြိုင်စံရှားဆိုတဲ့ စကားကိုတော့ မှန်နန်းတော် သခင်မရှေ့မှာ မခံယူရဲပါဘူး...” ဟွာဂျီယူက ညင်သာစွာ ပြောသည်။
“ပုံမှန်အားဖြင့် မင်းက ဒီစကားလုံးနဲ့ ထိုက်တန်ပါတယ်...” မှန်နန်းတော် သခင်မက ဟွာဂျီယူအား ရယ်မော၍ ပြော၏။
မိန်းမနှစ်ယောက် စကား ပြောနေသည်အား ကြည့်ကာ ရီဖူရှင်းသည် မှန်နန်းတော် သခင်မ၏ အဆင့်အတန်းကိုပင် မေ့လျော့သွားပြီဟု ခံစားရ၏။ ယခု သူ၏မျက်လုံးရှေ့မှ မြင်ကွင်းကား နှစ်သက်ဖွယ် ကောင်း၏။
အရှေ့ဘက် ပြည်နယ်၏ ပြိုင်ဘက်ကင်း မိန်းမလှဖြစ်သော မှန်နန်းတော် သခင်မကား ငယ်ရွယ်စဉ် ကတည်းက ထိုဘွဲ့ထူးအား ရရှိထားသူ ဖြစ်သည်။ သူမ၏ အလှတရားအား သံသယရှိစရာ မလိုပေ။ ရှန့်ထိုတစ်ပါး၏ သန့်စင်ခြင်း၊ တော်ဝင် မြင့်မြတ်ခြင်းများဖြင့် ပေါင်းစပ်လျှင် သူမအား ပြီးပြည့်စုံသော အလှပိုင်ရှင်ဟုပင် ပြောနိုင်ပေသည်။ ကျောက်ပြည်ထောင် ဘုရင်က သူမအား မေ့မရနိုင်သည်မှာ မထူးဆန်းတော့ပေ။
သူတို့အုပ်စု စကားတပြောပြောဖြင့် လျှောက်လာရာ သူတို့က ရှီဟွာတောင် နယ်နိမိတ် အတွင်းသို့ ရောက်မှန်းမသိ ရောက်လာ ခဲ့ကြတော့သည်။ တော်ဝင်မြေများမှ ပုဂ္ဂိုလ်များစွာ ရောက်လာခဲ့ကြသလို အခမ်းအနားမှာလည်း အဆင်တန်ဆာများ ကြီးကျယ် ခမ်းနားစွာ ပြင်ဆင် ထားပေသည်။ ရီဖူရှင်းနှင့် မှန်နန်းတော် သခင်မတို့ အခမ်းအနား နေရာသို့ ရောက်လာသည်တွင် တော်ဝင်မြေမှ မရေမတွက်နိုင်သော လူများက လှမ်းကြည့်ကြ၏။ ရီဖူရှင်းက ရှန့်ထို မဟုတ်သေးသော်လည်း သူ၏နာမည်မှာ ရှန့်ထိုတစ်ပါးထက် မလျော့နည်းသော ဂုဏ်ကျက်သရေအား ဆောင်၏။ အထူးသဖြင့် နောက်ပိုင်း နှစ်များတွင် သူ၏နာမည် ကျော်ကြားမှုကို မည်သူမှ မယှဉ်နိုင်ခဲ့ပေ။
ပြည်နယ်ကိုးခု၌ မှန်နန်းတော်သခင်မ ကဲ့သို့သော အလှပဂေး ရှန့်ထိုတစ်ပါးမှာ နောက်တစ်ယောက် ရှိရန် ခက်ခဲပေသည်။ ယခု ရီဖူရှင်းနှင့် သူမတို့ အတူယှဉ်တွဲ ရောက်လာခဲ့ခြင်းက အများစုသော လူတို့၏အာရုံကို ဆွဲငင် သွားခဲ့သည်။
လူအများအပြားက ထူးဆန်းသော အမူအရာများ ဖြစ်လာကြသည်။ ရီဖူရှင်းသည် အမှန်တကယ် မင်္ဂလာပွဲသို့ တက်ရောက် လာခဲ့၏။ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့ အကြား မဟာမိတ်ပြုခြင်းမှာ တော်ဝင်ကျဲ နန်းတော်အား ဦးတည်နေကြောင်း အားလုံးက သိကြသည်။ သူက ကိုယ်တိုင် လာရောက် ရုံသာမက မှန်နန်းတော် သခင်မနှင့်ပင် ရယ်မော ပြောဆိုနေသေး၏။ သူက ကျောက်ပြည်ထောင် ဘုရင်အား တမင် ဒေါသထွက်အောင် ဆွပေးနေသည်များလား။
ရီဖူရှင်းနှင့် မှန်နန်းတော် သခင်မတို့ ဘေးချင်းကပ် ထိုင်ကြသည်။ သိပ်မဝေးသော နေရာမှ တော်ဝင် အလင်းနန်းတော်မှ တန်ခိုးရှင်များ၏ စူးရှသော အကြည့်များ သူတို့ထံသို့ ရောက်လာကြ၏။ ကျိမို၏မျက်နှာတွင် မခိုးမခန့် အပြုံးတစ်ခု ခိုတွဲနေပြီး လက်မှ သေရည်ခွက်ကို တစ်ကျိုက် သောက်လိုက်ရင်း ပြောသည်... “မင်းတို့ အသက်ရှင်ပြီး ရောက်လာတာပဲ...”
ရီဝူချင်းနှင့် အထက်ဘုံမှလူများ ပဋိပက္ခ ဖြစ်သည့် အကြောင်းကို ခရီးသို့ လိုက်ပါ သွားခဲ့သည့်လူတိုင်း သိ၏။
ဂူတုံးလျိုနှင့် တခြားလူများက တော်ဝင် အလင်းနန်းတော်မှ တန်ခိုးရှင်များအား စူးရှစွာ ကြည့်ကြ၏။ လေ့ကျင့်ရေး ခရီးစဉ်၌ မိမိတို့မှာ မှန်နန်းတော်နှင့် မဟာမိတ်ဖြစ်ခဲ့ရာ တော်ဝင်အလင်း နန်းတော်ဖြင့် မကြာခဏ ထိပ်တိုက် ရင်ဆိုင်မှုများ ရှိခဲ့သည်။
ခရီးစဉ်၌ တော်ဝင်အလင်း နန်းတော်မှ လိုက်ပါလာသူများမှာ သိပ်မများသော်လည်း သူတို့အားလုံးက လက်ရွေးစင်များ ဖြစ်ကြပေသည်။ ကျိမို၏ပါရမီမှာ ကြောက်မက်ဖွယ် ကောင်းလွန်းသော်လည်း တော်ဝင်အလင်း နန်းတော်၏ တကယ့် အတော်ဆုံးသူကို ပြပါဆိုလျှင် ကျိမိုမဟုတ်ဘဲ ကျိရာ ဖြစ်သည်။ သူကား ရှန့်ထိုအဆင့်အောက်၌ ပြိုင်ဘက်ကင်းဟုပင် ပြောနိုင်သည်။
ပြည်နယ်ကိုးခု ရှီအဆင့်၌ ဒုတိယနေရာတွင် ရှိသော ကျိရာက မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို တွေးနေစရာပင် မလိုပေ။ ထို့အပြင် သူကား အလွန်ငယ်ရွယ်ကာ ခရီးစဉ်၌လည်း ကောင်းကင်ရွေးချယ်သူ ဂုဏ်ပုဒ်အား ရရှိခဲ့၏။
“မင်းတို့ မသေမှတော့ ငါတို့လည်း ဘယ်သေပါ့မလဲ...” စုချွဲက ပျင်းရိစွာ ပြောသည်။ သူက ထိုသို့ပြောလျှင် တော်ဝင် အလင်းနန်းတော်မှ တန်ခိုးရှင်များ၏ မျက်လုံးများမှာ ပိုမို၍ပင် အေးစက်လာခဲ့၏။
“မင်းသမီးကို အားကိုးပြီးလား...” ရှိမိုက နှာခေါင်းရှုံ့လျက် ပြောသည်။ ရီဝူချင်းက အသက်ရှင်၍ ပြန်လာနိုင်သည်မှာ အံ့အားသင့်စရာ ဖြစ်သော်လည်း ပုံမှန်အားဖြင့် မင်းသမီး၏ အကူအညီဖြင့်သာ ထိုသို့ ဖြစ်လာနိုင်ကြောင်း သူတို့က ကောက်ချက် ချခဲ့ကြသည်။ ယခု ပြည်နယ်ကိုးခုမှ လူများအားလုံးမှာ ရှင်းရှင်းယွန်သည် မင်းသမီး ဖြစ်ကြောင်း သိနေကြပြီး ဖြစ်သည်။
“ရီဝူချင်းကိစ္စမှာ တော်ဝင် အလင်းနန်းတော်က လူတွေရဲ့စနက်လည်း မကင်းဘူး...” ဟွာဂျီယူက ရီဖူရှင်းအား တီးတိုးပြောသည်။
ရီဖူရှင်း၏အကြည့်က တော်ဝင်အလင်း နန်းတော်မှ လူများထံသို့ ရောက်လာသည်။ ယခင်က တော်ဝင်ကျဲ နန်းတော်နှင့် တော်ဝင်အလင်း နန်းတော်တို့ မည်သည့် ပဋိပက္ခများ မရှိခဲ့ကြပေ။ သို့သော်လည်း တော်ဝင်အလင်း နန်းတော်ကား အမြဲတမ်းအားဖြင့် တခြား လူများကို အထင်သေးကာ ဂုဏ်မောက် ပေသည်။ တော်ဝင်အလင်း နန်းတော်သခင်ပင် ထိုနည်းတူဖြစ်၏။ ယခု သူတို့က သည်အတိုင်း ပြဿနာ လာရှာမှတော့ သူတို့၏ သဘောထားကို ရီဖူရှင်းက ကောင်းကောင်း ရိပ်မိနေပြီဖြစ်သည်။
“မှန်နန်းတော်သခင်မ...”
မှန်နန်းတော် သခင်မက ပြန်လှည့်ကြည့်လျှင် တော်ဝင်အလင်း နန်းတော်သခင်က သူမအား ကြည့်နေသည်ကို မြင်၏။
“ရှန့်ထိုကျိက ဘာပြောမလို့ပါလဲ...”
“ပြည်နယ်ကိုးခုမှာ သခင်မက ရုပ်ရည် ရူပကာရော ပညာ အရည်အချင်း ထက်မြက်မှုကြောင့်ရော နာမည် ကျော်ကြားတယ်... ဒါပေမဲ့ သခင်မက တခြားလူတွေ အသုံးချတာ မခံရဖို့တော့ သတိထားဖို့ လိုလိမ့်မယ်...”
ရီဖူရှင်းတို့က သူ့အား အေးစက်စွာ ကြည့်လိုက် ကြသည်။ ရှန့်ထိုကျိ ဘာဆိုလိုသည်ကို သူတို့ နားလည်ကြ၏။ ထို့အပြင် သူကား အားလုံး၏ရှေ့တွင် ပေါ်တင် ပြောဆိုခြင်း ဖြစ်ပြီး တစ်ဖက် အင်အားစုများအပေါ် မည်သည့် လေးစားမှုမှ မရှိပေ။
“ကျွန်မရဲ့ လုပ်ဆောင်မှုတိုင်းက ကိုယ့်ဆန္ဒအလျောက်ပဲ... တခြား လူတွေက ဘယ်လိုလုပ် အသုံးချမလဲ...”
မှန်နန်းတော် သခင်မက တည်ငြိမ်စွာ ပြောသည်။
“ဒီလို ကြားရတာ ကောင်းပါတယ်... ပြီးတော့ သခင်ရဲ့ တပည့်တွေလည်း ဘောင်မကျော်ဖို့ နည်းနည်း စည်းကမ်း တင်းကျပ်ဖို့ အကြံပေးချင်တယ်...”
သူပြောသည့် အကြောင်းအရာမှာ မှန်နန်းတော်နှင့် တော်ဝင်အလင်း နန်းတော်တို့ အကြား ပဋိပက္ခနှင့် သက်ဆိုင် နေပေလိမ့်မည်။
မှန်နန်းတော် သခင်မကား ရှန့်ထိုကျိပြောသော စကားကို သဘော မကျသော်လည်း မျက်နှာက ပြုံးနေ၏။ ရှန့်ထိုကျိက သူမမှာ တပည့်များကို ကောင်းကောင်း မဆုံးမ၊ မထိန်းသိမ်းဟု အပြစ်တင်နေခြင်း ဖြစ်သည်။
“ကျွန်မ တပည့်တွေကို ကောင်းကောင်း ပြောဆို ထားပါ့မယ်...”
ရှန့်ထိုကျိက အသာအယာ ခေါင်းညိတ်လိုက်ကာ ဘာမှ ဆက်မပြောတော့။ သူကား အကြံပေးခြင်းမျှသာ ဖြစ်ကာ အမိန့်ပေးနေခြင်း မဟုတ်ပေ။ ထို့အပြင် သူက မှန်နန်းတော် သခင်မအားလည်း ဂရုမစိုက်ပေ။ ပြည်နယ်ကိုးခုတွင် သူ့အား ဂရုစိုက်စေ နိုင်သူများမှာ လက်ချိုး ရေတွက်၍ ရပေသည်။
ရှန့်ထိုကျိ၏ စကားက အခမ်းအနားကို အနည်းငယ် တိတ်ဆိတ်စေသည်။ ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်(၅)ဖြစ်သော သူ၏စကားမှာ ဖိအားများ ကြီးပေသည်။
ကျိရှမ်းကမ်းပါးမှ လူများကလည်း အခမ်းအနားကို တက်ရောက် ကြပေသည်။ ခွန်ယိုက ရီဖူရှင်းအား ကြည့်သည်။ လူငယ်ကား တခြား လူများနှင့်မတူ တစ်မူထူးခြားပြီး ပါရမီမြင့်မားလွန်း ပေသည်။ သို့သော်လည်း ပါရမီက ပါရမီသာ ဖြစ်သည်။ အကယ်၍ ရီဖူရှင်းကသာ အင်အားကြီးသူ တစ်ယောက် ဖြစ်လိုပါက ခရီးရှည်လျားစွာ သွားရပေဦးမည်။
သူ အင်အား ကြီးလာသည်ကို မည်သူက စောင့်နေမည်နည်း။
“ယူချင်း...”
ခေါ်သံတစ်သံ ကြားရသည်တွင် အားလုံးက လှမ်းကြည့် လိုက်ကြသည်။ ဤသို့သော အချိန်တွင် မည်သူက မြေရိုင်းပြည်နယ်မှ လူများနှင့် စကားပြောဆို လိုသနည်း။ သို့သော်လည်း ထိုလူကို မြင်လျှင် အားလုံးက နားလည် သွားကြသည်။
“ပြန်သွားပြီး နောက်ပိုင်း မင်းရဲ့ကျင့်ကြံမှု အခြေအနေ ဘယ်လိုလဲ...” ဘုန်းတော်ကြီး တစ်ပါးက ပြောသည်။
“ဒေသသခင်...” ယူချင်းက ထရပ်ကာ ဘုန်းတော်ကြီးအား ဦးညွှတ် နှုတ်ဆက်သည်။
“ဗုဒ္ဓရဲ့ အဆုံးအမတွေက နက်နဲပြီး ကျယ်ပြန့် လွန်းပါတယ်... ကျွန်တော်က အများကြီး လေ့လာ သင်ယူရပါဦးမယ်...”
ဘုန်းတော်ကြီးကား ပြည်နယ်ကိုးခု ရှန့်ထိုအဆင့်(၆)တွင်ရှိသော ဗာဂျာရာဒေသသခင် ဖြစ်သည်။
“ကောင်းတယ် ... မင်းရဲ့ပါရမီက မိစ္ဆာစွမ်းအင် တစ်ခုတည်းမှာ ကန့်သတ်ထားတာ မဟုတ်ဘူး ... ဗုဒ္ဓအဆုံးအမကို တွဲရက် လေ့ကျင့်တာက မိစ္ဆာပညာကို လေ့ကျင့်ရင်း မကောင်းတဲ့ စိတ်ရိုင်းတွေ စုစည်းလာတာကို ဗုဒ္ဓအဆုံးအမက ကောင်းကောင်း ချိုးနှိမ် ပယ်ဖျက်နိုင်တယ် ... ဒီနည်းနဲ့ မင်းရဲ့ အနာဂတ် ကျင့်ကြံခြင်းက ပိုပြီး ချောမွေ့စေလိမ့်မယ်...” ဒေသသခင်က ပြုံးလျက် ပြောသည်။
“ယူချင်း မှတ်သား ထားပါတယ်...”
ရီဖူရှင်းကလည်း ထရပ်ကာ ဗာဂျာရာဒေသ သခင်အား ဦးညွှတ်လျက် ပြောသည်... “ဆရာသခင်က ယူချင်းကို အချိန်ယူ သွန်သင်ပေးခဲ့တာကို ကျွန်တော်တို့ အလွန် ကျေးဇူး တင်ပါတယ်...”
ဗာဂျာရာဒေသ သခင်က ပြုံးလျက် ခေါင်းညိတ်သည်။
ထိုမြင်ကွင်းအား ကြည့်ကာ လူအများအပြားမှာ အံ့အားသင့် ရသည်။ ကြည့်ရသည်မှာ ဗာဂျာရာဒေသ သခင်နှင့် ယူချင်းတို့အကြား အလွန်ကောင်းမွန် နီးစပ်သော ဆက်ဆံရေး ရှိနေဟန်ရသည်။
ယူချင်းကား တော်ဝင်ကျဲနန်းတော် တပည့်ဖြစ်သော်လည်း ယခု သူက ဗာဂျာရာဒေသ သခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးအား တည်ဆောက် ထားနိုင်ခဲ့၏။ ဒေသသခင်အတွက် ယူချင်းကား တပည့် တစ်ဝက်ဟုပင် ပြောနိုင်ပေသည်။ အထူးသဖြင့် ယခု အခြေအနေတွင် ယူချင်း၏ နာမည်ကို ထုတ်ဖော် ပြောကြားကာ ရင်းနှီးသော အခြေအနေကို ပြသခြင်းက တခြားသော အဓိပ္ပာယ်များပင် ပါဝင်နိုင်ပေသည်။
***