← Chapters

ရှန့်ထိုရှား၏တိုက်တွန်းမှုများ

Vol. 010 Ch. 937

ရှန့်ထိုရှား၏တိုက်တွန်းမှုများ

Vol. 010 Ch. 937

အခမ်းအနား၏ အာရုံခံစားမှုမှာ အနည်းငယ် ပြောင်းလဲခဲ့သည်။ ရှီဟွာတောင်ရှန့်ထိုနှင့် ကျောက်ပြည်ထောင် ဘုရင်တို့ ပေါ်လာခြင်း မရှိကြသေးပေ။

ထိုစဥ် ရှီဟွာတောင်မှ မိုးစက်ရှန့် ထိုရောက်လာကာ ပြည်နယ်ကိုးခုမှ ရှန့်ထိုများအား ကြိုဆိုသည်။

ယနေ့ ရောက်လာသော ဧည့်သည်များမှာ အဆင့်အတန်း မြင့်မားလွန်းပေသည်။ ရှန့်ထိုများ ကိုယ်တိုင် တက်ရောက်လာခြင်းတွင် အိမ်ရှင်ကလည်း များစွာ အလေးအနက် ထားရန် လိုအပ်ပေသည်။

ထိုအချိန်တွင် လေထဲမှ နောက်ထပ် တန်ခိုးရှင် အုပ်စုတစ်စု ရောက်လာကြသည်။ သူတို့က ရှီဟွာတောင်သို့ မြေပြင်မှ မဟုတ်ဘဲ လေထဲမှ တိုက်ရိုက် တက်ရောက် သွားခဲ့ကြသည်။ သို့သော်လည်း ထိုလူများကို မြင်သည်တွင် မည်သည်ကမှ ဘာမှမပြောကြတော့ပေ။

ရှီဟွာတောင် ရှန့်ထိုထက် စီနီယာကျသော ရှန့်ထိုတစ်ပါးက လေထဲမှ တိုက်ရိုက် ဆင်းသက် လာခြင်းအပေါ် မည်သူက ဘာပြောမည်နည်း။ ရှန့်ထိုရှားက ရှီဟွာတောင်သို့ ကိုယ်တိုင် ရောက်လာခဲ့၏။

လူအများအပြားကလည်း သူ့အား ကြည့်ကာ အံ့အားသင့် ကြရသည်။ ပြည်နယ် ကိုးခုကျောင်းတော်မှ လူများ ရောက်လာကြသော်လည်း ရှန့်ထိုလီ ရောက်မလာခဲ့ပါ။ သို့သော်လည်း ရှန့်ထိုလီ၏ အဆင့်အတန်းအရ မည်သူကမှ မှတ်ချက်မပြုကြပေ။ ယခု ရှန့်ထိုရှားကိုယ်တိုင် ရောက်လာခဲ့၏။ ရှီဟွတောင်နှင့် ကျောက်ပြည်ထောင်တို့ မဟာမိတ် ပြုသည့်ကိစ္စက ထိုမျှ အရေးပါသည်လား။

အားလုံးက ထရပ် ကြသည်။ ရှန့်ထိုများပင် ထရပ်ကြကာ ရှန့်ထိုရှားအား နှုတ်ဆက်ကြသည်...

“ရှန့်ထိုရှား... “

မိုးစက်ရှန့်ထိုက ရှေ့သို့တက်လာကာ ဦးညွတ်သည်... “ရှန့်ထိုရှားကိုယ်တိုင် ကြွရောက်လာတာက ရှီဟွာတောင် အတွက် ဂုဏ်ယူဖွယ်ရာပါပဲ...”

“အဲ့လောက် အရေးတယူ လုပ်ဖို့မလိုပါဘူး... ကျုပ်က မင်္ဂလာပွဲမှာ သေရည် တစ်ခွက် လာသောက်ရုံပါပဲ... ထိုင်ကြပါ...” ရှန့်ထိုရှားက လက်ဝှေ့ယမ်းသည်။ အားလုံးကလည်း မိမိတို့ နေရာသို့ ထိုင်ကြ၏။

“ရှန့်ထိုရှား...ကြွပါ...” မိုးစက်ရှန့်ထိုက ကိုယ်တိုင် လာရောက်ကြိုဆိုကာ ရှန့်ထိုရှားအား အဆင့်အမြင့်ဆုံး နေရာသို့ ခေါ်သွားသည်။ ရှန့်ထိုရှားတို့ကလည်း နေရာ၌ ထိုင်လိုက်ကြ၏။

“လုပ်စရာရှိတာတွေ လုပ်ကြပါ... ကျုပ်ကို စိတ်မပူပါနဲ့... “ရှန့်ထိုရှားက မိုးစက်ရှန့်ထိုအား ပြောသည်။

“ကောင်းပြီ... ရှန့်ထိုရှားက တစ်ခုခုလိုအပ်ခဲ့ရင် ကျုပ်ကို ပြောပါ...”

မိုးစက်ရှန့်ထိုက လက်နှစ်ဘက်ကို ဆုပ်ကိုင်ကာ လေးစားသော အမူအရာဖြင့်ပြောပြီး ထွက်သွားသည်။

ထိုအချိန်တွင် ရီဖူရှင်းက အနည်းငယ် အံ့အားသင့်ရသည်။ ပြည်နယ်ကိုးခု၌ ရှန့်ထိုရှား၏ အဆင့်အတန်းအား သူ၏မွေးနေ့ပွဲတွင် ရီဖူရှင်းက သတိထားမိသည်။ သူကား ပြည်နယ်ကိုးခု၏ အမြင့်ဆုံးသော အဆင့်အတန်း၌ ရှိနေဟန်ရသည်။ ရှားရှင်းယွန်ပင် ပြည်နယ်ကိုးခုသို့ ရောက်လာစဥ်က ရှန့်ထိုရှားထံသို့ လာရောက် တွေ့ဆုံရ၏။

ကောလာဟလများ အရ ရှန့်ထိုရှားကား အင်ပါယာရှားနှင့် အမျိုးတော်စပ်သည်ဟု ဆိုကြသည်။ ထိုအချက်မှာ ဖြစ်နိုင်ပေသည်။

သိပ်မဝေးသော နေရာမှ မှန်နန်းတော် သခင်မ၏ မျက်လုံးများကလည်း အံ့အားသင့်ဟန်များ ဖြစ်ပေါ်လာခဲ့၏။ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့၏ မဟာမိတ်ပြုခြင်းမှာ မှန်နန်းတော်အားပင် ဖိအားများ ဖြစ်စေနိုင်ပေသည်။

ပြည်နယ်ကိုးခုက ငြိမ်သက် နေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လတ်တလော အဖြစ်အပျက်များက ပြည်နယ်ကိုးခုတွင် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်တော့မည် ဖြစ်ကြောင်း အရိပ်အယောင်များ ပြနေသည်။

ရီဖူရှင်းကား ထိုအထဲမှ မီးတောက်တစ်ခု ဖြစ်ပေမည်။

ရှန့်ထိုရှား ထိုင်လိုက်ပြီးနောက် သူ၏ မျက်လုံးများက လူအုပ်ထံသို့ ရောက်လာခဲ့သည်။ မကြာမီ သူ၏အာရုံက တစ်နေရာသို့ ရောက်လာခဲ့၏။ ရီဖူရှင်းက သူ၏နေရာသို့ ပြန်ထိုင် လိုက်စဥ်မှာပင် ရှန့်ထိုရှား၏အကြည့်ကို ခံစားမိကာ အံ့အားသင့် သွားခဲ့သည်။ သူ၏ဘေးမှ မှန်နန်းတော် သခင်မကလည်း သတိထားမိကာ ရီဖူရှင်းအား ကြည့်သည်။

ရှန့်ထိုရှားက မွေးနေ့ပွဲမှ ကိစ္စအား စိတ်ထဲ ထားနေသေးသည် များလား။ သို့သော် ရှန့်ထိုရှား၏ အဆင့်ဖြင့် ထိုကိစ္စအား စိတ်ထဲထားစရာ အကြောင်းမရှိပေ။ မည်သို့ဆိုစေ ရှန့်ထိုများ၏ မျက်လုံးထဲတွင် ထိုမျှလောက်က အသေးအမွှားဖြစ်သည်။

ချက်ချင်းပင် ရှန့်ထိုရှားက တစ်ဖက်သို့ လှည့်သွား၏။ တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ နားထဲတွင် အသံတစ်သံကို ကြားရ၏။

“ရီဖူရှင်း... “

“ဟင်... “ရီဖူရှင်းက အံ့အားသင့် သွားခဲ့၏။ ရှန့်ထိုရှားက သူ့အား စိတ်ဖြင့် လှမ်းပြောနေသည်။

“စီနီယာ... “ရီဖူရှင်းကလည်း စိတ်ဖြန့် ပြန်လည်ဆက်သွယ်၏။

“မင်း တကယ်ပဲ လွန်နေပြီ... “ရှန့်ထိုရှား၏ လေသံက သဘောမကျဟန်များ အထင်းသား ပေါ်နေ၏။

ရီဖူရှင်းက နားမလည်ဟန်ဖြင့် ပြောသည်... “ကျွန်တော် နားမလည်ပါဘူး... “

“ပြည်နယ်ကိုးခု တမန်တော်က ဘယ်သူဖြစ်တယ်ဆိုတာ မင်းသိတယ်မလား... “ရှန့်ထိုရှားက မေးသည်။

ရီဖူရှင်းက ရှန့်ထိုရှားအား ကြည့်သည်။ ယခု ရှန့်ထိုရှားက ပြည်နယ် ကိုးခုတမန်တော်နှင့် ပတ်သက်၍ ပြောဆိုရာ သူက အထက်ဘုံ၌ ဖြစ်ပျက်ခဲ့သည်များအား သိပြီးဖြစ်ကြောင်း ရီဖူရှင်းက သိလိုက်သည်။

“ကျွန်တော် သိပါတယ်... “ရီဖူရှင်းက ဝန်ခံသည်။ သူက ရှားရှင်းယွန် မည်သူဖြစ်သည်ကို အမှန်သိပြီး ဖြစ်သည်။

“ဒါဆို မင်းသမီးရှားရှင်းယွန်က အင်ပါယာရှားရဲ့ မျိုးဆက်တွေထဲမှာ ပါရမီ အမြင့်ဆုံး ဖြစ်ပြီးတော့ အင်ပါယာရှားရဲ့ အချစ်ဆုံး ဖြစ်တယ်ဆိုတာလည်း သိမယ်ထင်တယ်... “ရှန့်ထိုရှားက အနည်းငယ် ဒေါသ ထွက်ဟန်ဖြင့် ပြောသည်။

“ကျွန်တော် သိပါတယ်... “ရီဖူရှင်းက ပြောသည်။

“မင်းက ဒါကို သိရက်နဲ့ နောက်တစ်ကြိမ် မင်းသမီးကို ငြင်းရဲတယ်... “ရှန့်ထိုရှားက အလွန် သဘောမကျဟန်ဖြင့် ပြောသည်... “မင်းသမီးလေးက အင်ပါယာ ရှားနယ်မြေမှာ နောက်ထပ် ရန်ဟောင် တစ်ပါးတောင် ဖြစ်နိုင်တယ်.. လူတိုင်းရဲ့ရှေ့မှာ သူမက မင်းကို ကိုယ်တိုင်ဖိတ်ခေါ်တယ်... ဒါ ဘာကို ဆိုလိုတာလဲ မင်းသိလား... မင်းလုပ်ရမှာက ခေါင်းတစ်ချက် ညိတ်ရုံပဲ... မင်းက သူမနောက်ကို လိုက်ပါလေ့ကျင့်ပြီးတော့ အင်ပါယာရှားနဲ့လည်း မကြာမကြာ တွေ့ခွင့်ရနိုင်တယ်... နောက်ပိုင်း အင်ပါယာ ရှားဆီကတောင် လေ့လာသင်ယူခွင့် ရဦးမယ်... ရှန့်ထိုတွေတောင် ဒီအခွင့်အရေး မရဘူး... အခုမင်းက ဒါကို ငြင်းပယ်ခဲ့တယ်... “ရှန့်ထိုရှားကား အလွန်စိတ်ဆိုးသည်။ သူက သတင်းကို ရသည်နှင့် ရီဖူရှင်းအား ရိုက်နှက် လိုစိတ်များ တားမရ ဆီးမရဖြစ်လာခဲ့၏။ ရီဖူရှင်းကား ထိုအခွင့်အရေးအား တွန့်ဆုတ်ခြင်း မရှိဘဲ ငြင်းပယ်ခဲ့သည်ဟု သူကြားခဲ့၏။

ရီဖူရှင်းကား ဆွံ့အရသည်။ ရှန့်ထိုရှားက စိတ်ဆိုးသော်လည်း အမှန်တကယ် အားဖြင့် သူက ရီဖူရှင်းအတွက် စိတ်မကောင်း ဖြစ်ခြင်းသာ။

ရှန့်ထိုရှားက ဆက်ပြောသည်... “မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ ငါသိတယ်... ဒါပေမယ့် မင်းအခု လေ့ကျင့်နေတာက အင်ပါယာရှားရဲ့ လက်အောက်ခံ ပြည်နယ်ကိုးခုဆိုတာ မမေ့နဲ့... မင်းက မင်းသမီးနောက်ကို လိုက်ဖို့ သဘောတူခဲ့ရင် ရှီဟွာတောင်နဲ့ ကျောက်ပြည်ထောင် မဟာမိတ် ဆိုတာကလည်း ဘာမှ မဟုတ်ဘူး... မင်းသမီး စကားတစ်ခွန်းတည်းနဲ့ မင်းကို ဘယ်သူက ထိရဲတော့မှာလဲ... “

“အခု... မင်းက ကောင်းကင် လှေကားကတက်ပြီး မင်းသမီးကို ငြင်းခဲ့တာကို သိရင် အနာဂတ် အန္တရာယ်ကို ဖယ်ရှားဖို့အတွက် မင်းကို သတ်ဖို့ ပိုပြီးတောင် ကြိုးစားလာကြတော့မှာပဲ... “

ရှန့်ထိုရှား၏ စကားကို ရီဖူရှင်း မငြင်းဆန်နိုင်ပေ။ ရှန့်ထိုရှားက သူ့အား အဘယ်ကြောင့် စိတ်ဖြင့်သာ လှမ်းပြောသည်ကို သူနားလည်သည်။ ရီဖူရှင်းက ကောင်းကင်လှေကားသို့ တက်ရောက်ခြင်း မရှိခဲ့လျှင် ရှန့်ထိုရှားကလည်း သူ့အား သိပ်အလေး ထားခဲ့မည် မဟုတ်ပေ။ မည်သို့ဆိုစေ ရှန့်ထိုရှား၏ အဆင့်ကား ပြည်နယ်ကိုးခု၌ ဂုဏ်သရေရှိကာ အဆင့်အတန်း မြင့်မားပေသည်။

ရှန့်ထိုရှားပြောသည်မှာ မှန်ကန်ကြောင်း သူလည်း သိပေသည်။ သူက မိမိကိုယ်ကို အထင်ကြီးသော်လည်း သည်နေမြေအား အင်ပါယာရှား အုပ်ချုပ်ပေသည်။ ရှားရှင်းယွန်နောက်ကို လိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှုလည်း ဖြစ်၏။ သို့သော်လည်း တန်ခိုးရှင်များ၌ ကိုယ်ပိုင် တန်ဖိုးများ ရှိကြကာ ရှားရှင်းယွန်နောက်ကို လိုက်၍ သူမ၏ အကာအကွယ်အား ယူခြင်းကို သူမည်သည့် အခါမှ လုပ်မည်မဟုတ်ပေ။

ပြည်နယ်ကိုးခုမှ ရှန့်ထိုများ ထိုသတင်းကို ကြားသိပြီးနောက်တွင် သူတို့က အမှန်တကယ်ပင် သူ့အား သတ်ဖြတ်ရန် ပိုမို ကြိုးစား ကြပေလိမ့်မည်။

“စီနီယာ... ဒါတွေက အခု ဘာမှ မထူးတော့ပါဘူး... “ရီဖူရှင်းက မသက်မသာ ပြောသည်။ ရှန့်ထိုရှားကား သူ့အပေါ်​ စေတနာဖြင့် ပြောနေခြင်းဖြစ်သည်။

“မင်း စိတ်ပြောင်းမယ်ဆိုရင် မင်းသမီးကို ငါပြန်ဆက်သွယ်ပေးမယ်... “ရှန့်ထိုရှားက ပြောသည်။

ရီဖူရှင်းကား ဆွံ့အရသည်။

“စီနီယာ... ကျွန်တော်က စီနီယာရဲ့ စေတနာကို နားလည်ပါတယ်... ဒါပေမဲ့ ကျွန်တော် မလုပ်နိုင်ပါဘူး.... “ရီဖူရှင်းက မတတ်သာသော ဟန်ဖြင့် ပြောသည်။

“မင်း တော်တော် ခေါင်းမာတယ်... “ရှန့်ထိုရှားက ပြောသည်။

သူက ရီဖူရှင်းအား နောက်ထပ် မပြောတော့ပေ။ ရီဖူရှင်းက သဘော မတူတော့ပြီ ဖြစ်ကြောင်း သိလိုက်ပြီဖြစ်သည်။ မည်သို့ဆိုစေ ကျူးထန်ကိုးလွှာသို့ တက်ရောက်နိုင်သူတွင် သေချာပေါက် ကိုယ်ပိုင် မာနရှိပေမည်။ သို့သော်လည်း ယူချင်းနှင့် ဂူတုံးလျိုတို့လည်း ကိုးလွှာသို့ တက်နိုင်ခဲ့ခြင်းက သူ့အား ပိုမို အံ့အားသင့်စေခဲ့၏။ အနာဂတ်တွင် မြေရိုင်းပြည်နယ်ကား အမှန်တကယ် အင်အားကြီး လာပေလိမ့်မည်။

ရီဖူရှင်းဘေးတွင် မှန်နန်းတော်သခင်မက ရီဖူရှင်းနှင့် ရှန့်ထိုရှားတို့၏ မူမမှန်မှုများအား ခံစားမိသည်။ ရီဖူရှင်းက ရှန့်ထိုရှားနှင့် စကားပြောနေခြင်း ဖြစ်ကြောင်း သူမ ရိပ်မိ၏။

“ရှန့်ထိုရှားက မင်းနဲ့ စကားပြောနေတာလား... “မှန်နန်းတော်သခင်မက ရီဖူရှင်းအား စိတ်ဖြင့် လှမ်းပြောသည်။

ရီဖူရှင်းက မှန်န်းတော် သခင်မအား ကြည့်ကာ ညင်သာစွာ ခေါင်းညိတ်သည်။ မှန်နန်းတော် သခင်မ၏ အပြုံးကား တောက်ပလွန်း၏။ သူမက ရီဖူရှင်းအား ဆက်ပြောသည်... “ရှန့်ထိုရှားက မင်းနဲ့ ဘာတွေ ပြောတာလဲ... “

မှန်နန်းတော်သခင်မ၏လှပသော အပြုံးအား ကြည့်ကာ ရီဖူရှင်းက မှင်တက် မိသည်။

“အထက်ဘုံသို့ ခရီးမှာ တော်ဝင်ကျဲ နန်းတော်တပည့်တွေ ပြဿတွေ တက်ခဲ့တာကြောင့် ျကွန်တော်က အထက်ဘံသို့ သွားခဲ့ရတယ်... ရှန့်ထိုရှားက အဲဒီကိစ္စနဲ့ပတ်သက်ပြီး မေးတာပါ... “ရီဖူရှင်းက မှန်နန်းတော် သခင်မအား ဆက်ပြောသည်... “ဒါပေမဲ့ သခင်မက ဒီကိစ္စကို လျှို့ဝှက် ထားပေးစေချင်တယ်... “

ရီဖူရှင်း၏စကားက သူမ၏ သိလိုစိတ်ကို ပိုမိုပြင်းပြစေသည်။ ရီဖူရှင်းက အထက်ဘုံသို့ အမှန်တကယ် သွားခဲ့သည်လား။ သူ ဘာလုပ်ခဲ့သနည်း။ ထို့အပြင် သူက အထက်ဘုံသို့ သွားခဲ့သည်ဆိုပါက ကောင်းကင်လှေကားမှ တက်ရောက်ခဲ့သည်ဟု ယူဆရ၏။ ရှန့်ထိုရှားကပင် သူ့ထံမှ စိတ်ဝင်တစား မေးမြန်း ခဲ့ပုံထောက်လျှင် ရီဖူရှင်းက အထက်ဘုံ၌ ဘာတွေများ လုပ်ခဲ့သနည်း။

***

All Chapters