လိုအင်ဆန္ဒသုံးခု၏ ကျိန်စာ
Vol. 103 Ch. 1424
ဤသည်က နတ်ဧကရာဇ် ဖြစ်၏။
ဤသူက ဝူလေး၏ ဖခင်ဖြစ်သလို စစ်သူကြီး ၁၀၈ယောက်အနက် ထိပ်တန်းတိုက်ခိုက်စွမ်းရည် ရှိထားသော ၃ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် မြေနက်ဧကရာဇ် ဖြစ်ပေသည်။
သူ့တိုင်းပြည်အမှတ်အသားက ကြက်တူရွေး ဖြစ်၏။ ထိုကြက်တူရွေးက ဧကရာဇ်နှင့် ထူးကဲသည့် ဆက်ဆံရေးမျိုး ရှိသည်ဟု ကောလဟာလများပင် ရှိခဲ့သည်။ ထိုအကြောင်းအရင်းကြောင့် မြေနက်ဧကရာဇ်က ချိတ်ပိတ်မခံရဘဲ အစောင့်အရှောက် ဖြစ်လာဟန်ပေါ်သည်။
ထိုအခိုက်အတန့်၌ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မီးခိုးရောင်ဆံပင်တို့ ရှိထား၏။ သူ့သွင်ပြင်က ရှည်ကြာကာ မျက်ဝန်းများက နက်ရှိုင်းလှသည်။ သို့သော် သေချာအနီးကပ်ကြည့်ပါက သူ့မျက်ဝန်းအနက်ပိုင်း၌ စိတ်ဝိညာဉ်အသိစိတ်ဟူ၍ ရှိဟန်မပေါ်ပေ။
သူက တံခါးအထက်တွင် ရပ်နေရင်း ဝမ်ပေါင်လဲ့အား အေးစက်စက် စိုက်ကြည့်လာသည်။
ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ မြေနက်ဧကရာဇ်အား စိုက်ကြည့်လိုက်၏။
အရာအားလုံးက တိတ်ဆိတ်နေသည်။ ဒုတိယကမ္ဘာပင် အေးခဲသွားသကဲ့သို့ ဖြစ်၏။ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒ မြို့သခင်များက အဝေးမှသာ ကြည့်နေကြ၏။
တံခါး ပေါ်ထွက်လာသည့်အခိုက်အတန့် သူတို့စိတ်ထဲတွင် ချိတ်ပိတ်ထားခဲ့သည့် မှတ်ဉာဏ်များက ပြန်လည် ပေါ်ထွက်လာသည်။ ထိုမှတ်ဉာဏ်များက သူတို့၏ သွေးမျိုးဆက်ထဲ တံဆိပ်ရိုက်နှက်ထားသကဲ့သို့ ဖြစ်လေ၏။ ယခု ထိုအရာပေါ်ထွက်လာသည့်အခါ အားလုံးက ဤသည်က အထက်ကမ္ဘာ၏ တံခါးဖြစ်ကြောင်း နားလည်လိုက်သည်။ အကယ်၍ သူတို့သာ တံခါးကို ဖွင့်လိုက်ပါက ပထမနှင့် ဒုတိယကမ္ဘာကို ချိတ်ဆက်သွားနိုင်ပြီး ဒုတိယကမ္ဘာရှိ ကျင့်ကြံသူများက အထက်ကမ္ဘာဆီ တက်လှမ်းနိုင်လိမ့်မည်။ အထက်ကမ္ဘာက နတ်ဘုရား အိပ်စက်နေသည်ဟု ကောလဟာလများရှိနေသည့် နေရာတစ်ခု ဖြစ်၏။ အားလုံးက ထိုအရာကို ကြည့်နေကြစဉ် တံခါးဝတွင် ရပ်နေသည့် မြေနက်ဧကရာဇ်က ထပ်မံ ပြောလာခဲ့သည်။ သူ့အသံက မိုးခြိမ်းသံသဖွယ် ဖြစ်ကာ အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး ဝမ်ပေါင်လဲ့၏ နားထဲ ထွက်ပေါ်လာသည်။
“မင်း တွေးပြီးပြီလား”
ဤသည်က မြေနက်ဧကရာဇ်သည် တူညီသည့်အရာကို ဒုတိယအကြိမ် ပြောခြင်း ဖြစ်၏။ သူ့အကြည့်တို့က စူးရှနေကာ ဝမ်ပေါင်လဲ့အား အဖြေစောင့်နေသကဲ့သို့ ကြည့်နေသည်။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်နေ၏။ တခြားသူများက သူ ပြောနေသည့်စကားကို နားမလည်နိုင်လောက်သော်လည်း သူကလည်း သိထားသည်။
အသက်ရှိုက်စာအနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ဝင်မပြောသေးသော်လည်း သူ့အပြုအမူများကို အသုံးပြု၍ ထိုမြေနက်ဧကရာဇ်အား သူသည် ကိစ္စများကို တွေးပြီးကြောင်း ပြသခဲ့သည်။
သူက မြေနက်ဧကရာဇ်ဆီ တိုက်ရိုက် ပြေးဝင်သွားလေ၏။ သူက မြန်ဆန်လွန်းသည့်အတွက် မျက်စိတစ်မှိတ်အတွင်း မြေနက်ဧကရာဇ်ရှေ့ ရောက်ရှိသွားသည်။ သူက ဘယ်ဖက်လက်ကို မြှောက်လိုက်ပြီး ထင်းယွိစည်းမျဉ်းဥပဒေသဖြင့် နေရာတစ်ခုလုံး လွှမ်းခြုံလိုက်ကာ ညအသွင်ပြောင်းလဲလိုက်ပြီး မြေနက်ဧကရာဇ်အား အထဲသို့ ဆွဲခေါ်လိုက်သည်။
ဤသည်က ထူးဆန်းနေသည့် မြင်ကွင်းတစ်ခု ဖြစ်၏။ မိုင်တစ်သောင်းအကွာတွင် နေ့အချိန် ဖြစ်နေသော်လည်း ဝမ်ပေါင်လဲ့ဝန်းကျင်တွင် ရှိနေသည့် မိုင်တစ်သောင်းပတ်လည်က မဲမှောင်နေသည်။ ထို့နောက် အမှောင်ထုထဲမှ စူးစူးရှရှ အော်သံများကိုပင် ကြားနေရ၏။
အထက်ကမ္ဘာ၏ တံခါးကသာ သက်ရောက်မခံရပေ။ ထိုအရာက အမှောင်ထုအတွင်း တည်ရှိနေဆဲဖြစ်ကာ ဝမ်ပေါင်လဲ့နှင့် မြေနက်ဧကရာဇ်တို့၏ ပုံရိပ်ကမူ အမှောင်ထုထဲ မမြင်ရတော့ပေ။
သူတို့က ထင်းယွိကမ္ဘာထဲ ဝင်ရောက်လိုက်ခြင်း ဖြစ်၏။
ထင်းယွိကမ္ဘာထဲတွင်ရှိသည့် အရာအားလုံးက ပုံပေါ်လာသည်။ ဝမ်ပေါင်လဲ့နှင့် မြေနက်ဧကရာဇ်တို့က အချင်းချင်း တိုက်ခိုက်နေကြ၏။ သူတို့ ထိပ်တိုက်တွေ့သွားသည့်အခါ အသံကျယ်ကြီး ထွက်ပေါ်လာသည်။
အဖက်ဖက်မှ ထူးဆန်းသည့် သက်ရှိများကလည်း သူတို့နှင့်အတူ သတ်ဖြတ်သည့် အငွေ့အသက်တို့ကို ဆောင်ကြဉ်းလာ၏။ သူတို့က အတူတကွ စုစည်းကာ ဝမ်ပေါင်လဲ့နှင့် ပေါင်းစည်းပြီး မြေနက်ဧကရာဇ်ကို တိုက်ခိုက်နေသည်။ သို့သော်လည်း မြေနက်ဧကရာဇ်က ထင်းယွိကမ္ဘာမှ ထူးဆန်းသည့်အရာများ လှုပ်ခတ်နိုင်သည့် အရာမျိုး မဟုတ်ပေ။ ဤသည်က ထင်းယွိစည်းမျဉ်းဥပဒေသပင် ဖိနှိပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။
သိပ်မကြာခင် မိုးမြေကိုပင် ကွဲထွက်သွားစေလောက်သည့် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာလေ၏။ အမှောင်ညက ပျက်စီးသွားသည်။ ထိုအရာ ပေါက်ထွက်လာသည့်အခါ ဝမ်ပေါင်လဲ့၏ ပုံရိပ်က အထဲမှ ထွက်ပေါ်လာပြီး မြေနက်ဧကရာဇ်ကလည်း လိုက်ပါလာသည်။
သို့သော်လည်း ဝမ်ပေါင်လဲ့၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ ပုံမှန်အားဖြင့် သူသည် ထင်းယွိကမ္ဘာကို အသုံးပြု၍ ထိုသူကို ဖိနှိပ်ဖို့ရာ လက်တွေ့မဆန်ကြောင်း သိထားလေ၏။ ထို့ကြောင့် ထင်းယွိကမ္ဘာက သူ စမ်းသပ်ကြည့်လိုသည့် နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။
ထိုနောက်ကွယ်၌ တခြားသော ရည်ရွယ်ချက်များလည်း ရှိနေသေး၏။
ထိုအခိုက်အတန့်၌ ပတ်ဝန်းကျင်တွင်ရှိနေသည့် ညက လှုပ်ခတ်ကာ ကြေမွသွားသည်။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်၏။ သူက နောက်ဆုတ်ရင်းဖြင့် ညာဖက်လက်ကို ဝှေ့ယမ်းလိုက်သည့်အချိန် အာသီသစည်းမျဉ်းဥပဒေသက စတင်လှုပ်ရှားလာသည်။ ထို့နောက် သူ့မျက်ဝန်းအထက် နက်ရှိုင်းသည့် တောက်ပမှုတို့ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်က ကြီးမားလာ၏။
သူ့ကို လေမှုတ်ထားသကဲ့သို့ ပေသုံးထောင်ကျော် မြင့်မားလာ၏။
အာသီသစည်းမျဉ်းဥပဒေသ ပေါ်ထွက်လာသည့်အခါ အိပ်မက်ဆိုးတို့ကလည်း ပေါ်ထွက်လာသည်။ သူတို့က သောင်းချီ၍ ရှိ၏။ သူတို့က ပြိုင်တူအော်ဟစ်ရင်း မြေနက်ဧကရာဇ်ကို ဝါးမျိုဖို့ ဧရာမပါးစပ်ကြီးများအသွင် ပြောင်းလဲသွားခဲ့သည်။
ဝမ်ပေါင်လဲ့က ပါးစပ်ဟလိုက်ပြီး ချဉ်းကပ်လာသည့် မြေနက်ဧကရာဇ်ကို ဝါးမျိုလိုက်၏။
တစ်ချိန်တည်းဆိုသလို သူတို့ဝန်းကျင်တွင်ရှိနေသည့် ညအပိုင်းအစက မှောင်မဲနေခြင်း မရှိတော့ပေ။ ထိုအစား သူတို့က နတ်ဆိုးဆန်ဆန် တောက်ပမှုတို့ ထုတ်လွှတ်လာလေ၏။ ထိုအရာက ကီလိုမီတာ တစ်သောင်းပတ်လည်အတွင်း လိုအင်ဆန္ဒ ၂ခုကြောင့် ပိုမိုရက်စက်လာဟန်ပေါ်သည်။
မြေနက်ဧကရာဇ်၏ ပုံရိပ်ကပင် သက်ရောက်ခံလိုက်ရ၏။ သူက အေးစက်စက်သရော်ပြီး လက်ကိုမြှောက်ကာ ဆွဲယူလိုက်သည်။ ထိုဆွဲယူမှုဖြင့် ကောင်းကင်ယံရှိ တိမ်တိုက်များက ပြောင်းလဲသွားပြီး မြို့အရွယ်အစားရှိသည့် ဧရာမအနက်ရောင် လက်သည်းတစ်ခု ကျရောက်လာသည်။
အရှိန်အဝါက အံ့မခန်း ဖြစ်၏။ ထိုအရာက အနီးမကပ်ခင် အိပ်မက်ဆိုးတို့မှ ဖွဲ့စည်းထားသည့် ပါးစပ်ကြီးက သဘာဝ၏ ရန်သူနှင့် တွေ့ဆုံသွားသကဲ့သို့ဖြစ်ကာ စူးစူးရှရှ အော်ဟစ်ရင်းဖြင့် ချက်ချင်းဆိုသလို ပြိုလဲသွားသည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကလည်း သက်ရောက်ခံလိုက်ရကာ စတင်ကွဲထွက်လာ၏။
သို့သော်လည်း ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲမှ တိုက်ခိုက်လိုစိတ်အပေါ် သက်ရောက်မှု မရှိပေ။ သူက မျက်မှောင်ကြုတ်ရင်းဖြင့် အသံတစ်သံ ထုတ်လွှတ်လိုက်သည်။ သူ့လက်နှစ်ဖက်လုံးက လက်ဟန်များ ပြုလုပ်သည့်အချိန် သူ့ဝန်းကျင်၌ ဧရာမလက်ကြီးတစ်ခု ပေါ်ထွက်လာလေ၏။ ထိုလက်ကြီးက လက်သုံးချောင်းသာ ရှိလေသည်။
ဤသည်က ဝမ်ပေါင်လဲ့၏ ဝှက်ဖဲ ဖြစ်၏။ သူက ဧကရာဇ်၏ သွေးချီကို လက်ဝါးအနေနှင့် အသုံးပြုကာ သူ့အလိုဆန္ဒ စည်းမျဉ်းဥပဒေသကို လက်မ၊ ကျန့်ယွိစည်းမျဉ်းဥပဒေသကို လက်ညှိုးနဲ့ အာသီသစည်းမျဉ်းဥပဒေသကို လက်ခလယ်အနေနှင့် အသုံးပြုထားလေသည်။ သူက ဧရာမလက်သည်းကြီးနှင့် တိုက်ရိုက်ရင်ဆိုင်လိုက်၏။
တစ်ချိန်တည်းဆိုသလို ထင်းယွိစည်းမျဉ်းဥပဒေသ အပိုင်းအစများနှင့် အာသီသစည်းမျဉ်းဥပဒေသတို့က အချိန်အတော်ကြာ ပြင်ဆင်ထားဟန်ပေါ်သည်။ သူတို့က ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်သွားပြီး ဝမ်ပေါင်လဲ့၏ ပုံရိပ်ယောင်လက်ဝါးနှင့် တစ်သားတည်း ဖြစ်သွားလေသည်။
အဝေးမှ ကြည့်မည်ဆိုပါက ထင်းယွိစည်းမျဉ်းအပိုင်းအစများနှင့် အာသီသစည်းမျဉ်းဥပဒေသတို့က လက်သုံးချောင်း၏ အသွေးအသားအဖြစ် ပြောင်းလဲသွားကာ ပိုမိုလက်တွေ့ဆန်လာစေသည်။
“အလိုဆန္ဒကမ္ဘာပဲ” စိတ်ခံစားချက်မြို့သခင်နှင့် လိုအင်ဆန္ဒမြို့သခင်များက တိုက်ပွဲကို ကြည့်နေရင်း ရေရွတ်လိုက်ကြသည်။
သူတို့ပြောသည်က မှန်ကန်နေ၏။ အလိုဆန္ဒစည်းမျဉ်းဥပဒေသနှင့် တခြားသော လိုအင်ဆန္ဒစည်းမျဉ်းဥပဒေသများကို ကျွမ်းကျင်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အလိုဆန္ဒစည်းမျဉ်းဥပဒေသ၏ စွမ်းအားကို မည်သို့မြှင့်တင်နိုင်ကြောင်း လှုံ့ဆော်မှုမျိုး ရရှိလာသည်။
ထိုလိုအင်ဆန္ဒများ ပေါင်းစည်းမှုဖြင့် နေရာက သူ့အား အံ့မခန်းစွမ်းအားကို ထုတ်လွှတ်ခွင့်ပြုလာသည်။ နမူနာအနေဖြင့် ယခု ထိုလက်သုံးချောင်းပါ လက်ဝါးကြီးက ကောင်းကင်မှ ဧရာမလက်သည်းနှင့် တွေ့ဆုံသွားလေ၏။
ကမ္ဘာကြီးက လှုပ်ခတ်သွားကာ တုန်ခါသွားလေ၏။ ဒုတိယကမ္ဘာကြီးက မုန်တိုင်းတစ်ခု ဝင်မွှေသွားသကဲ့သို့ ဖြစ်သည်။ ဝမ်ပေါင်လဲ့နှင့် မြေနက်ဧကရာဇ် ရပ်နေသည့် နေရာကို ဗဟိုပြုလျက် အဖက်ဖက်သို့ ပျံ့နှံ့သွားလေသည်။
မြေကြီးမှ သစ်ပင်များက အမြစ်မှ ကျွတ်ထွက်သွားပြီး တောင်များကလည်း ပြိုကျသွားသည်။ ပင်လယ်နှင့် မြစ်များကလည်း ကုန်းပေါ် လွှမ်းမိုးလာလေ၏။ ထို့နောက် ကောင်းကင်ယံမှ မိုးကြီး ရွာသွန်းလာသည်။
တစ်ချိန်တည်းဆိုသလို စိတ်ခံစားချက်မြို့သခင်များနှင့် လိုအင်ဆန္ဒမြို့သခင်များက တိုက်ပွဲရလဒ်ကို စောင့်ကြည့်နေကြ၏။ သို့သော် သိပ်မကြာခင် သူတို့၏ အမူအရာများက ပြောင်းလဲသွားလေသည်။ အကြောင်းအရင်းကမူ ဝမ်ပေါင်လဲ့နှင့် မြေနက်ဧကရာဇ်တို့ တိုက်ခိုက်သည့်နေရာ၌ ရှေ့တစ်ယောက်၏ ပုံရိပ်က သွေးများ ထွက်ကာ အလျင်အမြန် နောက်ဆုတ်လိုက်ရ၍ ဖြစ်သည်။
နောက်တစ်ယောက်ကမူ တံခါး၌ ရပ်နေပြီး နောက်ဆုတ်နေသည့် ဝမ်ပေါင်လဲ့ကို စိုက်ကြည့်နေလေ၏။ သူက လိုက်ဖမ်းတော့မည့်ဆဲဆဲတွင် ခြေကြွလိုက်သည့်အချိန် မျက်မှောင်ကြုတ်မိသွားသည်။
ထို့နောက် သူ့မျက်နှာအထက် မျက်နှာသုံးခု ရုတ်ချည်း ပေါ်ထွက်လာသည်။
ထိုမျက်နှာသုံးခုက မြေနက်ဧကရာဇ်၏ မျက်နှာအထက် ကပ်နေသည့် ကြည်လင်နေသော မျက်နှာဖုံးများသဖွယ် ဖြစ်နေလေသည်။ သူတို့က ဝမ်ပေါင်လဲ့နှင့် တူသော်လည်း အမူအရာများက ကွဲပြားနေလေ၏။ တစ်ယောက်က အာသီသ၊ တစ်ယောက်က ထင်းယွိ၊ နောက်တစ်ခုက အလိုဆန္ဒ ဖြစ်ပေသည်။ ဤသည်က ကျိန်စာတစ်ခုသဖွယ် ဖြစ်၏။