မင်း သေချာတွေးပြီးပြီလား
Vol. 103 Ch. 1426
“အလိုဆန္ဒ ဇစ်မြစ်” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူက အထိအတွေ့မြို့ထဲရှိ မျှော်စင်ထဲတွင် ရပ်နေလေ၏။ သူ့ဘေးတွင်ရှိနေသည့် မြို့သခင်က တုန်ယင်နေသည်။ ဤသို့သောအနေအထားမျိုးတွင် သူမအနေဖြင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ အတက်အကျလှိုင်းတို့ကို ရှင်းရှင်းလင်းလင်း ပိုမိုခံစားမိနေ၏။
ထိုအတက်အကျလှိုင်းက သူမအား အားကောင်းသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။ အကယ်၍ သူတို့သာ ပျံ့နှံ့လာပါက သူမသည် အကျိုးအကြောင်း ဆင်ခြင်စိတ်ကို ဆုံးရှုံးသွားပြီး အဆုံးမဲ့တဏှာရမ္မက်ထဲ ကျရောက်သွားလိမ့်မည်။
အဲ့လိုဆိုရင် ဧကရာဇ်က ဒီနေရာကို စိတ်ခံစားချက်နဲ့ လိုအင်ဆန္ဒတွေရဲ့ နေရာအဖြစ် ဘာလို့ ပြောင်းလဲခဲ့တာလဲ။ အတိအကျပြောရမယ်ဆိုရင် ဧကရာဇ်က သူ့လိုအင်ဆန္ဒတွေကို ဘာလို့ ဒီနေရာမှာ ထားခဲ့တာလဲ….
ဝမ်ပေါင်လဲ့က တိတ်ဆိတ်နေမိသည်။ ခဏအကြာတွင် သူက ခေါင်းကို မော့ကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။
အကြောင်းအရင်းတချို့ကြောင့် သူသည် မြေနက်ဧကရာဇ် နှစ်ခါမေးခဲ့ဖူးသည့် မေးခွန်းကို ရုတ်ချည်း စဉ်းစားမိသွားသည်။
“မင်း တွေးပြီးသွားပြီလား”
ထိုစဉ်အခါက ဝမ်ပေါင်လဲ့သည် အပြုအမူနှင့် ပြန်လည်ဖြေကြားခဲ့၏။ သို့သော် အဆုံးသတ်၌ ဘာမှမပြောခဲ့ပေ။ သူက အဖြေကို တိုက်ရိုက်ပေးခဲ့ခြင်း မဟုတ်ပေ။
ဝမ်ပေါင်လဲ့က အတွေးနက်နေမိသည်။ သူက ခေါင်းကို ငုံ့ကာ ညာဖက်လက်ကို မြှောက်လိုက်၏။ နောက်အခိုက်အတန့်လေး၌ သူ့လက်ဖဝါးမှ အနက်ရောင်မြူခိုးများမှ စိမ့်ထွက်လာပြီး အနက်ရောင်ဘောလုံးအသွင် စုဝေးသွားသည်။ ထိုအနက်ရောင်ဘောလုံးထဲတွင် သက်ရှိတချို့ ရှိနေဟန်ပေါ်သည်။ ထို့နောက် အဆုံးမဲ့လိုအင်ဆန္ဒတို့ ထုတ်လွှတ်နေသည်။ တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့၏ လက်မှ လွတ်မြောက်ဖို့ရာအတွက် ရုန်းကန်နေဟန်ပေါ်သည်။
သူ့ဘေးတွင် ရှိနေသည့် မြို့သခင်က ပိုမိုတုန်လှုပ်လာ၏။
ဝမ်ပေါင်လဲ့က ထိုအရာကို ကြည့်နေပြီးသည့်နောက်တွင် ခန္ဓာကိုယ်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် ရှေ့တစ်လှမ်း တိုးလာ၏။ နောက်အခိုက်အတန့်လေး၌ သူက အထိအတွေ့မြို့မှ ထွက်ခွာလာလိုက်သည်။
အထိအတွေ့မြို့သခင်က သူ့ပုံရိပ် မြို့ထဲမှ ပျောက်ကွယ်သွားပြီးနောက်တွင်မှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သို့သော်လည်း သူ့မျက်ဝန်းထဲ အကြောက်တရားတို့က ကိန်းအောင်းနေဆဲ ဖြစ်သည်။
အဲဒီအနက်ရောင်မြူခိုး…
အထိအတွေ့မြို့သခင်က သူမကို တုန်ယင်သွားစေသည့် မှတ်ဉာဏ်တချို့ကို ပြန်လည်အမှတ်ရသွားသကဲ့သို့ ရေရွတ်လိုက်ပြီး ဖြစ်၏။
တစ်ချိန်တည်းဆိုသလို အထိအတွေ့မြို့မှ ထွက်လာသည့် ဝမ်ပေါင်လဲ့က သူ့ရှိ အနေအထားသည် ဤကမ္ဘာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်း ခံစားမိ၏။ သူ့လက်ရှိအခြေအနေဖြင့် ဝမ်ပေါင်လဲ့သည် မြေနက်ဧကရာဇ်ကို ဖိနှိပ်ထားနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိလာသည်။ ထိုသူကို ရင်ဆိုင်ပြီး အထက်ကမ္ဘာ၏ တံခါးကို ဖွင့်လှစ်နိုင်လိမ့်မည် ဖြစ်၏။
မူလစကြဝဠာတာအိုနေရာသို့ ရောက်လာသည့် ရည်မှန်းချက်ကလည်း ပြီးမြောက်တော့မည်ဟု ဆိုရပေမည်။ သိပ်မကြာခင် သူက သီးသန့်ကျင့်ကြံနေသည့် နတ်ဧကရာဇ်နှင့် တွေ့နိုင်တော့မည် ဖြစ်၏။ နောက်အဆင့်ကမူ သူတို့ကြားမှ ကံအနှောင်အဖွဲ့ကို ဖြတ်တောက်ပြီး လွတ်မြောက်စေဖို့ ဖြစ်သည်။
သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် သူက တုံ့ဆိုင်းနေမိ၏။
သူ့တုံ့ဆိုင်းမှု၏ ဇစ်မြစ်ကို တွေးတောပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ဒုတိယကမ္ဘာထဲ ရည်ရွယ်ချက်ကင်းမဲ့စွာ လျှောက်သွားလိုက်သည်။ လူမသိအချိန်တစ်ခုကြာမြင့်ပြီးသည့်နောက်တွင် သူက ကန္တာရဆီ ရောက်ရှိလာ၏။
ငါ ဒီရောက်လာတာကို မယုံနိုင်သေးဘူး…
ဝမ်ပေါင်လဲ့က ငေးမောနေမိသည်။ သူက ခေါင်းမော့ကာ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးနေမိသည့် အမူအရာမျိုး ဖြစ်လာလေ၏။
ဤသည်က သူ့ပင်မခန္ဓာကိုယ်ရှိသည့်နေရာ ဖြစ်၏။ ပင်မခန္ဓာကိုယ်က ကန္တာရအောက်ထဲတွင် ရှိပြီး ပင်မခန္ဓာကိုယ်ကလည်း သူရောက်လာသည်ကို ခံစားမိဟန်ပေါ်သည်။
သူနှင့် ပင်မခန္ဓာကိုယ်တို့က တစ်ယောက်က ကန္တာရအပေါ်တွင်ရှိကာ တစ်ယောက်က မြေကြီးအောက်တွင်ရှိပြီး အချင်းချင်း ကြည့်နေကြသည်။
နှစ်ယောက်လုံးက တိတ်ဆိတ်နေကြ၏။
ခဏအကြာတွင် ဝမ်ပေါင်လဲ့က ကန္တာရထဲတွင် ရုတ်ချည်း ပြုံးလိုက်၏။ ခန္ဓာကိုယ်က ဝှေ့ယမ်းသွားကာ ကန္တာရထဲ နစ်မြုပ်သွားသည်။ သူ ပေါ်ထွက်လာသည့်အခါ ပင်မခန္ဓာကိုယ် သီးသန့်ကျင့်ကြံနေသည့်နေရာသို့ ရောက်ရှိနေပြီ ဖြစ်၏။
ဤသည်က ဝမ်ပေါင်လဲ့၏ ကိုယ်ပွားအနေဖြင့် ပင်မခန္ဓာကိုယ်ကို ပထမဦးဆုံး လာရောက်တွေ့ဆုံခြင်း ဖြစ်သည်။
အချိန်ကုန်ဆုံးသွားပြီး သုံးရက်တာ ကြာမြင့်သွားလေသည်။
ဝမ်ပေါင်လဲ့ကိုယ်တိုင်ကလွဲ၍ သူ့ကိုယ်ပွားနှင့် သူ့တကယ့်သွင်ပြင်တို့က ထိုသုံးရက်အတွင်း ဘာတွေပြောနေကြလဲ မည်သူကမှ မသိကြပေ။
သုံးရက်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ ပုံရိပ်က အပြင်ဘက်တွင် ပြန်လည်ပေါ်ထွက်လာ၏။ သူက ခေါင်းငုံ့ရင်း ထိုနေရာတွင်ရပ်နေပြီး စိတ်ရှုပ်ထွေးသည့် ခံစားချက်မျိုးရှိနေသည်။ သူက အသက်ပြင်းပြင်းရှူပြီးသည့်နောက်တွင် ဆုံးဖြတ်ချက်ချသည့် အမူအရာမျိုး ပေါ်ထွက်လာကာ ကောင်းကင်ယံဆီ ဦးတည်လိုက်၏။
ကန္တာရအောက်တွင် ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်ကာ သက်ပြင်းချလိုက်သည်။ သူ့မျက်နှာအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုးရှိနေပြီး မဖော်ပြနိုင်ဖွယ် စိတ်ရှုပ်ထွေးမှုတို့လည်း ရှိနေသည်။
ဒုတိယကမ္ဘာက ပြောင်းလဲသွားခဲ့သည်။
ဝမ်ပေါင်လဲ့က ကောင်းကင်ယံထဲ ရောက်ရှိလာပြီး အထက်ကမ္ဘာ၏ ဂိတ်တံခါးဝဆီ ရောက်ရှိလာသည့်အချိန် ဒုတိယကမ္ဘာမှ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒ မြို့သခင်များက စုဝေးလာလေ၏။
ရှေးဟောင်းမြို့မှ အားကောင်းသည့် ကျင့်ကြံသူတချို့ကလည်း မျက်လုံးဖွင့်ကာ ကောင်းကင်ကို မော့ကြည့်လာကြသည်။ လူအုပ်ကြီး၏ စောင့်ကြည့်နေသည့် မျက်ဝန်းများအထက် ဝမ်ပေါင်လဲ့က တံခါးဆီ တစ်လှမ်းချင်း ချဉ်းကပ်လာသည့်အခါ တံခါးရှေ့တွင် တင်ပျဉ်ခွေထိုင်နေသည့် မြေနက်ဧကရာဇ်က မျက်လုံးဖွင့်ကာ ဝမ်ပေါင်လဲ့အား အေးစက်စက်ကြည့်လာသည်။
သူ့မျက်နှာအထက် ကျိန်စာမျက်နှာများက တည်ရှိနေဆဲဖြစ်သော်လည်း တစ်ခုသာ ကျန်ရှိတော့၏။
“ရပ်စမ်း” မြေနက်ဧကရာဇ်က ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်သည်။ သူ့အေးစက်သည့်အမူအရာက ဖြည်းဖြည်းချင်း ပြောင်းလဲသွားလေ၏။ ပထမဦးဆုံးအကြိမ်အနေဖြင့် သူက အလေးအနက် ပြောလာဟန်ပေါ်သည်။
ဝမ်ပေါင်လဲ့က ခေါင်းအသာယမ်းကာ ဆက်လက် လျှောက်လှမ်းလာသည်။ သူက မြေနက်ဧကရာဇ်နှင့် တဖြည်းဖြည်း နီးကပ်လာလေ၏။ သူတို့က ခြေလှမ်းရာချီမျှ ကွာဝေးတော့သည့်အချိန် မြေနက်ဧကရာဇ်က ရုတ်ချည်းဆိုသလို ညာဖက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်သည်။
ထိုလက်ချောင်းဖြင့် ဝမ်ပေါင်လဲ့ဝန်းကျင်တွင် ရှိသည့် လေထုက ပျက်ယွင်းသွားခဲ့၏။ ထို့နောက် ဖိနှိပ်စွမ်းအားက အသံကျယ်ကြီးနှင့်အတူ ကျရောက်လာကာ သူ့ဘေးပတ်ဝန်းကျင်တွင် ကြက်တူရွေး၏ ပုံရိပ်တစ်ခု ပြောင်းလဲသွားလေသည်။
ဝမ်ပေါင်လဲ့က တည်ငြိမ်နေဆဲသာ ဖြစ်၏။ သူ့လက်တစ်ချက်အဝှေ့တွင် လက်ဖဝါးမှ အနက်ရောင်မြူခိုးများ ထုတ်လွှတ်လာသည်။ ထို့နောက် ကြက်တူရွေးပုံရိပ်က သူနှင့် ထိတွေ့မိသည့်အခါ မျက်ဆံနက်လာလေ၏။ ပြောရမည်ဆိုလျှင် နဂိုက အသက်မဲ့နေရာမှ ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ဖြစ်သည်။
သို့သော်လည်း အသက်ဝင်လာမှု၏ ဇစ်မြစ်က လိုအင်ဆန္ဒ ဖြစ်၏။
စူးစူးရှရှအော်ဟစ်ပြီးသည့်နောက်တွင် ပုံရိပ်ယောင် ကြက်တူရွေးက ခေါင်းလှည့်ကာ မြေနက်ဧကရာဇ်ဆီ ပျံသန်းသွားလေ၏။
မြေနက်ဧကရာဇ်၏ အမူအရာက အလေးအနက် ဖြစ်လာသည်။ သူက လက်ဟန်စည်းတံဆိပ်ကို လွှတ်ကာ လက်ညှိုးထိုးလိုက်၏။ သူ့ဆီ တိုးဝင်လာသည့် ကြက်တူရွေးက ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း မြေနက်ဧကရာဇ်၏ စွမ်းရည်ကပင် မဖျက်နိုင်သည့် အနက်ရောင်မြူတစ်ခု ရှိနေလေ၏။ ထိုအရာက သူ့ဆီ လောဘအရိပ်အယောင်ဖြင့် ပြေးဝင်လာသည်။
မြေနက်ဧကရာဇ်၏ အမူအရာက ထူးဆန်းနေ၏။ သူက အနက်ရောင်မြူကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ သူက မရှောင်ရှားဘဲ မျက်လုံးမှိတ်လိုက်၏။
နောက်အခိုက်အတန့်လေး၌ အနက်ရောင်မြူခိုးက နီးကပ်လာပြီး မြေနက်ဧကရာဇ်၏ မျက်ခုံးကြား ရောက်ရှိတော့မည့်ဆဲဆဲတွင် ရပ်တန့်သွားခဲ့သည်။ သူနှင့် သုံးလက်မခန့်လောက် ကွာဝေးတော့၏။
အနက်ရောင်မြူခိုးက လက်မလျှော့လိုဘဲ ဆက်လက်ရုန်းကန်နေသည်။ သို့သော် အားကောင်းသည့် စွမ်းအားတစ်ခုက ဆက်လက်မတိုးနိုင်အောင် တားဆီးထားလေ၏။
တားဆီးထားသည့်သူက မြေနက်ဧကရာဇ် မဟုတ်ဘဲ ဝမ်ပေါင်လဲ့သာ ဖြစ်၏။
ဝမ်ပေါင်လဲ့က အမူအရာကင်းမဲ့စွာဖြင့် မြေနက်ဧကရာဇ်ဆီ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။ မြေနက်ဧကရာဇ်က တစ်စုံတစ်ခုကို ခံစားမိကာ မျက်လုံးဖွင့်ပြီး ဝမ်ပေါင်လဲ့ကို ကြည့်လိုက်၏။
ဝမ်ပေါင်လဲ့ကလည်း သူ့ကို ပြန်ကြည့်လိုက်သည်။
“လူကြီးမင်း မြေနက်ဧကရာဇ် ကျုပ် သေချာတွေးပြီးသွားပါပြီ”
ထိုစကားကို ကြားကာ မြေနက်ဧကရာဇ်က တိတ်တဆိတ် ထရပ်လိုက်သည်။ သူက ဘာမှမပြောဘဲ လှည့်ကာ အဝေးသို့ ထွက်သွားလေ၏။
ဤသည်က သူ စောင့်ဆိုင်းနေခဲ့သည့် အရာတစ်ခုဖြစ်သကဲ့သို့ ဖြစ်သည်။
ဝမ်ပေါင်လဲ့က မြေနက်ဧကရာဇ်၏ ကျောကို စိုက်ကြည့်နေမိသည်။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် အကြည့်ပြန်ရုတ်သိမ်းပြီး အထက်ကမ္ဘာဆီ ဦးတည်လိုက်၏။ သူ့မျက်နှာအထက် ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင်တို့ ရှိနေလေသည်။ သူက တံခါးဝဆီ ရောက်ရှိလာလေ၏။ ထို့နောက် ညာဖက်လက်ကိုမြှောက်ကာ တံခါးကို အသာထိကပ်လိုက်သည်။
သူက ချက်ချင်း မဖွင့်သေးပေ။ ဝမ်ပေါင်လဲ့က ကမ္ဘာကို တစ်ချက်လှည့်ကြည့်လိုက်၏။ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရင်းနှီးပြီးသား မျက်နှာများစွာကို မြင်တွေ့လိုက်ရသည်။ ထို့နောက် သူက ကန္တာရကို တစ်ချက်ကြည့်ပြီးသည့်နောက်တွင် မျက်လုံးကို အသာမှိတ်လိုက်သည်။
သူ မျက်လုံးဖွင့်လိုက်သည့်အခါ သူ့အကြည့်များက တောက်ပနေပြီ ဖြစ်၏။ ထို့နောက် သူက ညာဖက်လက်ဖြင့် တံခါးကို တွန်းဖွင့်လိုက်၏။
အထက်ကမ္ဘာဆီ ဦးတည်နေသည့် တံခါးက ပွင့်သွားလေသည်။