ကွဲပြားခြင်း
Vol. 103 Ch. 1429
ဤအရာက တူညီသည့် ပထမကမ္ဘာသာ ဖြစ်၏။ ကောင်းကင်က မှုန်မှိုင်းနေဆဲဖြစ်ကာ မြေကြီးက မည်းနက်နေဆဲ ဖြစ်သည်။ သို့သော်လည်း အပြိုအပျက်များ ရှိနေသည်က သိပ်မကြာမြင့်သေးဟန်နှင့်တူသည်။
ဤကမ္ဘာတွင် အသက်စွမ်းအားတချို့ရှိနေသော်လည်း ဝမ်ပေါင်လဲ့ကမူ မခံစားမိပေ။
ထိုအခိုက်အတန့်၌ သူ့မျက်နှာအထက် စိတ်ရှုပ်ထွေးသည့် အမူအရာတို့ ရှိနေရင်း အချိန်အတော်ကြာ တိတ်တဆိတ်စောင့်ကြည့်နေမိသည်။
သူက နတ်ဧကရာဇ်၏ မှတ်ဉာဏ်မှ မြင်ကွင်းနှစ်ခုကို မြင်တွေ့ပြီးသား ဖြစ်၏။ သူ့အလောင်းက ခေါင်းတလားထဲတွင် မြှုပ်နှံခံပြီး စကြဝဠာထဲ လွင့်မြောလိုက်ရာမှ … စကြဝဠာကြီးတစ်ခုအတွင်း ဝင်ရောက်ကာ သစ်သားဇစ်မြစ်အဖြစ် ပြောင်းလဲခံရပြီး သက်ရှိမွေးဖွားလာခဲ့သည်။
ထိုသက်ရှိက အသိစိတ် ဝင်လာကာ ကျင့်ကြံနေစဉ်အတွင်း မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို နိုးထလာလေသည်။
သို့သော်လည်း သူက မည်သူမှန်း မမှတ်မိသလို ဘယ်နေရာမှ ရောက်လာမှန်းလည်း မသိဘဲ သူ ပြီးမြောက်ရမည့်တာဝန်ကိုလည်း မမှတ်မိပေ။
ဝမ်ပေါင်လဲ့က ထိုနာကျင်မှုကို နားမလည်နိုင်ပေ။ သို့သော်လည်း သူက အကြွင်းအကျန်ဝိညာဉ်မှ ဖွဲ့စည်းထားသည့် သက်ရှိကို ကြည့်နေရင်း စိတ်ရှုပ်ထွေးနေသည့် ခံစားချက်များကို ခံစားမိလိုက်သည်။
ဒါက ငါ့တကယ့်သွင်ပြင်လား…
ဝမ်ပေါင်လဲ့က ရေရွတ်လိုက်၏။ သူက တိတ်တဆိတ် စဉ်းစားနေရင်းနှင့် သက်ပြင်းချလိုက်သည်။ သူက ခေါင်းကို မော့ကာ ကမ္ဘာကြီးကို လျစ်လျူရှုထားပြီး ရုပ်ထုဆီသာ ဆက်သွားလိုက်သည်။
ထိုအခိုက်အတန့်၌ သူ့စိတ်ထဲ ပို၍အရေးကြီးဆုံးအရာက နတ်ဧကရာဇ်၏ မှတ်ဉာဏ်များသာ ဖြစ်၏။ ဤသည်က အရာအားလုံး၏ အမှန်တရား ဖြစ်ပေသည်။ ဤသည်က သူ့တစ်လျှောက်လုံး လိုက်ရှာနေခဲ့ရသည့် အသိပညာဖြစ်ကာ သူ အလိုချင်ဆုံး အသိပညာလည်း ဖြစ်ပေသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ အရှိန်မြှင့်တင်မှုကြောင့် လိုအင်ဆန္ဒစမ်းသပ်ချက်က နှောင့်နှေးသွားခြင်း မရှိပေ။ ဝမ်ပေါင်လဲ့က ရှေ့တိုးလာသည့်အချိန် ပုံရိပ်ယောင်နှင့် လက်တွေ့ဆန်ဟန်ပေါ်သည့် မြင်ကွင်းများက သူ့ရှေ့မှောက် ပေါ်ထွက်လာ၏။
သူက သူ့မှတ်ဉာဏ်အနက်ပိုင်းမှ ကောင်းကင်တာအိုကျောင်းဆီ ဦးတည်နေသည့် သင်္ဘောကို မြင်လိုက်ရသည်။ ထို့နောက် ရင်းနှီးပြီးသားဖြစ်သည့် သူ့မိဘများ၊ ကျောက်ယမုန့်၊ ကျိုးရှောင်ရနှင့် သူ့ဆရာတို့ကိုပါ မြင်လိုက်ရ၏။ ထို့နောက် ပြည်ထောင်စုကြီးကို မြင်လိုက်ရကာ သက်ရှိအားလုံးနှင့် အရာအားလုံးကိုပါ မြင်တွေ့လိုက်ရသည်။
ဤသည်က လိုအင်ဆန္ဒစည်းမျဉ်း၏ နောက်ထပ်ပုံသဏ္ဌာန်ပြမှု ဖြစ်၏။
ဤသည်က ပြီးပြည့်စုံစွာ ပေါ်ထွက်လာခြင်းမရှိဘဲ သူ့မှတ်ဉာဏ်များမှ ဖွဲ့စည်းလာခြင်း ဖြစ်သည်။ သူက ပြန်လည်ဝင်စားသွားသကဲ့သို့ ဖြစ်၏။ ထို့ကြောင့် ပုံရိပ်ယောင်နှင့် လက်တွေ့ ရောစပ်ထားမှုအလယ်တွင် ဝမ်ပေါင်လဲ့၏ ခရီးလမ်းက အတင်းအကြပ် လျှော့ချခံလိုက်ရသည်။
ပထမအဆင့်တွင် သူက ပြည်ထောင်စုကြီးမှ အိမ်ကို မြင်လိုက်ရသည်။ သူ့မိဘများ၏ ဝန်လေးနေသည့် အကြည့်အောက်တွင် ဝမ်ပေါင်လဲ့က တိတ်တဆိတ်သာ လျှောက်လှမ်းသွားလိုက်၏။
ဒုတိယအဆင့်တွင်မူ သူက ကျောက်ယမုန့်ကို မြင်လိုက်ရသည်။ သူမက အိမ်နေရင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဝမ်ပေါင်လဲ့အား လက်ဝှေ့ပြီး ပြုံးပြနေလျက်ရှိနေသည်။ သူမက တစ်စုံတစ်ခုကို ပြောလိုသကဲ့သို့ ဖြစ်သည်။ သို့သော်လည်း ဝမ်ပေါင်လဲ့က မရပ်တန့်ဘဲ ဆက်လက်လျှောက်လှမ်းသွား၏။
တတိယအဆင့်က သူ့ဆရာနှင့် တွေ့ဆုံခဲ့သည်။ သူ့ဆရာက တင်ပျဉ်ခွေထိုင်ပြီး ပါးစပ်မှ သွေးများ စီးကျနေ၏။ သူ့ခန္ဓာကိုယ်မှ ကျိန်စာတစ်ခု ထွက်ပေါ်လာသကဲ့သို့ ဖြစ်ကာ ကုသမှု လိုအပ်နေလေသည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသော်လည်း တိတ်ဆိတ်လျက်သာ ဆက်လက် လျှောက်လှမ်းသွား၏။
သူ့မျက်လုံးများက နီရဲနေကာ ခရီး၏ စတုတ္ထအပိုင်းသို့ ရောက်ရှိလာချိန် မမလေးကို တွေ့လိုက်ရသည်။
မမလေးကလည်း သူ့ကို စိုက်ကြည့်နေလေ၏။ ဤသို့ဖြင့် ဝမ်ပေါင်လဲ့က မျက်လုံးကို မှိတ်ကာ ခရီးကို ဆက်လက်လျှောက်လှမ်းသွားပြီး ပဉ္စမမြောက်နေရာသို့ ရောက်ရှိလာသည်။
ပဉ္စမမြောက်နေရာကမူ အင်မတန် ရှည်လျားဟန်ပေါ်၏။ ဝမ်ပေါင်လဲ့က သူ့ပုံစံအမျိုးမျိုးကို မြင်တွေ့လိုက်ရသည်။ သူတို့က ကွဲပြားသည့် ကမ္ဘာအမျိုးမျိုးတွင်ရှိကြပြီး တူညီသည့် အဆုံးသတ် ရှိကြလေသည်။ သူတို့က နတ်ဧကရာဇ်၏ နတ်ဘုရားအသိစိတ်တစ်သိန်းမှ ဖြစ်၏။
သူက သက်ရှိတစ်သိန်း၏ ဘဝကို တွေ့ကြုံခံစားခဲ့ရသကဲ့သို့ ဝမ်ပေါင်လဲ့၏ ခြေလှမ်းများက ပိုမိုနှေးကွေးသွားလေ၏။ သို့သော်လည်း သူက ဆဌမမြောက် ကဏ္ဍအထိ ရောက်ရှိလာလေသည်။
ဤနေရာကမူ အင်မတန် ထူးဆန်းလှသည်။
ဤနေရာတွင် မဲမှောင်နေပြီး ကောင်းကင်အထက် ကြယ်စင်ဟူ၍ မရှိပေ။
ကြယ်တာရာကောင်းကင်ကြီးထဲ မြင့်မားသည့် သစ်ပင်ကြီးတစ်ပင်သာ ရှိနေလေ၏။ ထိုအရာမှ ထုတ်လွှတ်နေသည့် အရှိန်အဝါက စကြဝဠာတစ်ခုလုံးကိုပင် လှုပ်ခတ်သွားစေနိုင်လောက်သည်။
ထိုသစ်ပင်ကြီးက သစ်သီးများဖြင့် ပြည့်နှက်နေပြီး သစ်သီးတစ်ခုချင်းစီက အားကောင်းသည့် တုန်ခါလှိုင်းတို့ကို ထုတ်လွှတ်နေလေ၏။ သေချာအနီးကပ်ကြည့်မည်ဆိုပါက သူတို့က ကြယ်စင်များ ဖြစ်နေလေသည်။ သို့သော်လည်း သစ်သီးများကလည်း ရောဂါတစ်ခုရှိနေသလိုမျိုး အနက်ရောင်အစက်အပြောက်များဖြင့် ဖုံးလွှမ်းနေလေ၏။ သူတို့က အင်မတန်ထူးဆန်းနေကာ သူတို့ဆီမှ အနက်ရောင်ချီ အရိပ်အမြွက်များလည်း ထွက်ပေါ်နေသည်။
တစ်ချိန်တည်းဆိုသလို တုန်လှုပ်လုမတတ် အံ့ဖွယ်သစ်ပင်ကြီးက ခြောက်သွေ့လာဟန်ပေါ်သည်။ ဝမ်ပေါင်လဲ့က လျှောက်လှမ်းသွားသည့်အချိန် သစ်ပင်ဘေးတွင် လူတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။
ထိုလူက ဝမ်ပေါင်လဲ့ကို ကျောပေးထားသည့်အတွက် မျက်နှာကို မမြင်ရပေ။ သူ သစ်ပင်ကြီးကို တစ်စုံတစ်ခု ပြောနေသော်လည်း ဝမ်ပေါင်လဲ့က အလှမ်းဝေးသည့်အတွက် သေချာမကြားရပေ။
သို့သော်လည်း သူသာ အလိုရှိပါက ထိုသူနား ရောက်ရှိသွားကာ တစ်ဖက်သူပြောနိုင်သည့်အရာကို ကြားနိုင်သည်ကို သိထားလေသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့က ချုပ်တည်းထား၏။ သူက ထိုသူ၏ အပေါ်မှ ရင်းနှီးမှုကို ခံစားမိသည်။ ထို့အပြင် သစ်ပင်ကြီးဆီမှလည်း ရင်းနှီးမှုကို ခံစားမိ၏။
တစ်ယောက်က နတ်ဧကရာဇ်ဖြစ်ကာ တခြားတစ်ခုကမူ နတ်ဧကရာဇ်၏ ခေါင်းတလား ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့က မျက်လုံးကို အသာမှိတ်ထားပြီး နေရာမှ ထွက်ခွာလာလိုက်သည်။ သူက သတ္တမမြောက် ကဏ္ဍဆီ ရောက်ရှိလာသည့်အချိန် သူ့စိတ်နှလုံးသားထဲ စိတ်ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေလေ၏။
အကြောင်းအရင်းကမူ သူတစ်ခုကို နားလည်ခဲ့၍ ဖြစ်သည်။ ဆဌမမြောက်ကဏ္ဍအတွင်း သူက ချုပ်တည်းထားပြီး မရပ်တန့်ခဲ့ပေ။ သို့သော်လည်း တကယ့်နတ်ဧကရာဇ်ဆိုပါက အရာအားလုံးကို သိဖို့အတွက် သူက ရပ်တန့်မှုကို ရွေးချယ်မည်ဖြစ်ကြောင်း သိလေသည်။
“ကျန့်ယွိစည်းမျဉ်းဥပဒေ …” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူက သတ္တမမြောက်ကဏ္ဍမှ ထွက်သွားတော့မည့်ဆဲဆဲတွင် အမူအရာက ပြောင်းလဲသွားခဲ့၏။
သူက အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူက မရင်းနှီးပေ။
သတ္တမမြောက်ကဏ္ဍက မိုးစက်များကြားတွင် တည်ရှိ၏။ လမ်းမက မှုန်မှိုင်းနေပြီး အဝေးတစ်နေရာရှိ မှုန်ပျပျအလင်းရောင်အောက်တွင် အမျိုးသမီးတစ်ဦးက ထီးတစ်လက်ကို ကိုင်လျက် ရပ်နေလေ၏။ သူမ ကြည့်ရသည်က မရင်းနှီးသည့်အတွက် တစ်ခါမှ မမြင်ဖူးကြောင်း သေချာနေသည်။
သို့သော်လည်း မဖော်ပြနိုင်ဖွယ် ရင်းနှီးသည့် ခံစားချက်က ပေါ်ထွက်လာလေ၏။
သူက ထိုရင်းနှီးသည့် ခံစားချက်ဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလိုက်သည်။ သတ္တမမြောက်ကဏ္ဍကို ထွက်သွားဖို့ရာအတွက် ထိုအမျိုးသမီး၏ တည်နေရာကို ဖြတ်သန်းသွားရမည် ဖြစ်၏။
သူ နီးကပ်လာသည့်အခါ ရင်းနှီးပြီးသား အငွေ့အသက်ကို မိုးရေကပင် မဖုံးကွယ်နိုင်ပေ။ ထိုအရာက သူ့အား ထိတ်လန့်သွားစေ၏။
သူမပဲ…
သူ့နှာခေါင်းအထက်ရှိ ရနံ့က ယခင်နှင့် တူညီနေသည်။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်စွာဖြင့် လျှောက်လှမ်းသွား၏။ သူက အမျိုးသမီးဆီ ရောက်ရှိသည့်အခါ ဆက်လက်တိုးတော့မည့်ဆဲဆဲတွင် အမျိုးသမီးက ခေါင်းလှည့်ပြီး ဝမ်ပေါင်လဲ့အား ပြုံးပြလာသည်။
သူမ၏ အပြုံးက လှပပြီး သူမ၏ ရယ်သံက ချိုမြိန်နေသည်။ သို့သော်လည်း ဤသည်က ဝမ်ပေါင်လဲ့ အံ့အားသင့်သွားသည့် အကြောင်းအရင်း မဟုတ်သေးပေ။ တကယ့်အကြောင်းအရင်းကမူ ထိုအမျိုးသမီး၏ မျက်ဝန်းများက မဲမှောင်နေ၏။ သူတို့က လိုအင်ဆန္ဒ၏ အရောင် ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့၏ စိတ်ထဲ ဂယက်ရိုက်သွားသော်လည်း မရပ်တန့်ခဲ့ပေ။ သူက ရှေ့တစ်လှမ်းတိုးကာ သတ္တမမြောက်ကဏ္ဍကို အဆုံးသတ်လိုက်သည်။ သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ သူက ရုပ်ထုရှေ့မှောက် ရောက်ရှိနေပြီ ဖြစ်၏။ ထို့နောက် သူ့မျက်နှာအထက် စိတ်ရှုပ်ထွေးသည့် အမူအရာများ ပေါ်ထွက်လာသည်။
သူက ရုပ်ထုရှေ့တွင် ရပ်နေရင်း သူ အချိန်အတော်ကြာ တောင်းတခဲ့ရသည့် နတ်ဧကရာဇ်၏ မှတ်ဉာဏ်များက ပြန်လည်ပေါ်ထွက်လာသည်။
ဤတစ်ကြိမ် နတ်ဧကရာဇ်၏ မှတ်ဉာဏ်များက ဝမ်ပေါင်လဲ့၏ စိတ်နှလုံးသားနှင့် ဝိညာဉ်အား တုန်ယင်သွားစေသည်။
“ဒါက ငါ ထင်ထားတာနဲ့ ကွဲပြားနေတာပဲ။ ဒါပေမဲ့ အတူတူတော့ ဖြစ်နေတုန်းပါပဲ”
“အဲဒါဆိုတော့ ဒီလိုကိုး။ ဒါက နတ်ဧကရာဇ်ရဲ့ ရည်မှန်းချက်ပဲ။ ငါက နတ်ဧကရာဇ်ရဲ့ ကိုယ်ပွားလို့ ပြောလို့တော့ မရဘူးပဲ” ဝမ်ပေါင်လဲ့က ထိုနေရာတွင် အချိန်အတော်ကြာ ရပ်တန့်နေရင်း အမူအရာက ရှုပ်ထွေးနေသည်။
အဆုံးသတ်တွင် သူက သက်ပြင်းချလိုက်၏။
“နတ်ဧကရာဇ် ခင်ဗျား လုပ်နေတဲ့အရာကို နားလည်တယ်ဆိုပေမဲ့ အတိတ်နောက်ကို လိုက်ဖို့ ဒီလောက် တန်ကြေးကြီးကြီးမားမား ပေးဆပ်ရတာ ထိုက်တန်ရဲ့လား။ ကျုပ်တော့ သဘောမတူဘူး”