စမ်းသပ်ချက် စတင်ခြင်း
Vol. 103 Ch. 1430
ဝမ်ပေါင်လဲ့က ခေါင်းအသာယမ်းပြီး ရှေ့တွင် ထပ်မံပေါ်ထွက်လာသည့် နတ်ဧကရာဇ်၏ မှတ်ဉာဏ်များကို ကြည့်လိုက်သည်။ သူ့အမူအရာက ရှုပ်ထွေးနေဆဲသာဖြစ်၏။
ထိုပုံရိပ်များထဲတွင် စကြဝဠာကြီးထဲ ပထမဦးဆုံးသက်ရှိကို မွေးဖွားလာသည်။ သူက နှစ်များစွာကြာသည့်တိုင် စကြဝဠာကြီးထဲ တစ်ယောက်ထဲ ကျင့်ကြံခဲ့၏။ ကံကောင်းစွာဖြင့် ကြက်တူရွေး ပေါ်ထွက်လာမှုက သက်ရှိနှစ်ယောက်အား အချင်းချင်း အဖော် ဖြစ်လာစေသည်။
ဤနှစ်များတစ်လျှောက် ဧကရာဇ်က ကျင့်ကြံနေရင်း သူ့ကျင့်ကြံဆင့်က သေချာသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားသည့်အခါ ဤစကြဝဠာထဲရှိ စည်းမျဉ်းဥပဒေသများက ပိုမိုပြည့်စုံလာပြီး တခြားသောစကြဝဠာများက တစ်ခုပြီးတစ်ခုဆိုသလို ဆက်တိုက်မွေးဖွားလာလေ၏။
အစောပိုင်းအဆင့်တွင် နတ်ဧကရာဇ်က ထိုသက်ရှိများကို သိချင်စွာ ကြည့်ခဲ့သည်။ သူက သူတို့ကို နှောင့်ယှက်ခြင်းမရှိဘဲ ဝင်ရောက်စွက်ဖက်ခြင်းလည်း မရှိပေ။ သို့သော်လည်း သူ မကြာခဏပေါ်ထွက်လာမှုက ထိုသက်ရှိများအပေါ် သက်ရောက်မှုရှိနေဆဲသာ ဖြစ်၏။
ဤသို့ဖြင့် သူ့ပုံရိပ်က လူမှုအဖွဲ့အစည်းများထဲတွင် ဖြည်းဖြည်းချင်း ပုံပေါ်လာလေ၏။ သူ့ကို ဖြည်းဖြည်းချင်း နတ်ဘုရားအဖြစ် သိလာကြသည်။
ထို့နောက် သက်ရှိများစွာ ပေါ်ထွက်လာပြီး လူမှုအဖွဲ့အစည်းများစွာ ဖြစ်တည်လာသည်။ နတ်ဘုရားအကြောင်း ဒဏ္ဍာရီများကလည်း မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာသည်။ တစ်ချိန်တည်းဆိုသလို နတ်ဧကရာဇ်၏ ရံဖန်ရံခါ လမ်းညွှန်ပြသမှုအောက်တွင် ကျင့်ကြံရေးနည်းစနစ်က မျိုးစေ့များသဖွယ် လူမှုအဖွဲ့အစည်းများအနှံ့ ပျံ့နှံ့သွားလေသည်။
ဘယ်အချိန်စတင်မှန်း မသိသော်လည်း ဤစကြဝဠာကြီး၏ လူမှုအဖွဲ့အစည်းက စတင်ကျင့်ကြံလာကြသည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားလေ၏။ နတ်ဧကရာဇ်အတွက် သူက ဤစကြဝဠာထဲရှိ သက်ရှိအရေအတွက် တိုးပွားလာပြီး ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာသည်ကို ကြည့်ရင်း ကျေနပ်နေကြ၏။
ထိုအရာက သူ့အား အထီးမကျန်စေတော့ပေ။
နောက်ဆုံးတွင် တစ်ရက်ကျ ထိုလူမှုအဖွဲ့အစည်းတစ်ခုထဲ၌ ပါရမီရှင်တစ်ယောက် မွေးဖွားလာလေ၏။ လူမှုအဖွဲ့အစည်းမှ ထွက်ကာ ကြယ်တာရာကောင်းကင်ကြီးထဲ တက်လှမ်းသွားခဲ့၏။ ထိုအရာက သံသရာစက်ဝန်းတစ်ခုကို စတင်ခြင်း ဖြစ်ဟန်ပေါ်သည်။ ဤနှစ်များတစ်လျှောက် ပါရမီရှင်တစ်ယောက်ပြီး တစ်ယောက်ဆိုသလို ကွဲပြားသည့် လူမှုအဖွဲ့အစည်းများမှ မွေးဖွားလာ၏။
ဤသို့ဖြင့် နတ်ဘုရားကို ပထမဦးဆုံးစိန်ခေါ်သည့်သူ ပေါ်ထွက်လာသည်။
သူ့အမွေအနှစ်က နတ်ဧကရာဇ်ဆီမှ မဟုတ်ဘဲ ကမ္ဘာတွင် ရှားရှားပါးပါး ထွက်ပေါ်လာခဲ့သည့် ကြက်တူရွေးဆီမှ ဖြစ်၏။
သူ့နာမည်က ရွှမ်းချန် (မြေနက်ဧကရာဇ်) ဖြစ်ပေသည်။
ရွှမ်းချန်က စိန်ခေါ်မှုကို ကျရှုံးခဲ့သော်လည်း နတ်ဧကရာဇ်နောက်ကို လိုက်ကာ လက်အောက်ငယ်သားဖြစ်ဖို့ ရွေးချယ်ခဲ့သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ သုံးသပ်ချက်သို့ ရောက်ကာ နတ်ဘုရားကို စိန်ခေါ်သည့်သူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာလေ၏။ သို့သော်လည်း အဆုံးသတ်၌ မည်သူကမှ မအောင်မြင်ဘဲ နတ်ဘုရား၏ လက်အောက်ငယ်သားသာ ဖြစ်သွားကြသည်။
အကယ်၍ ဤစကြဝဠာ၏ အချိန်အပိုင်းအခြားကို သုံးပိုင်းခွဲခြားရမည်ဆိုပါက ဤသည်က အစောပိုင်းအဆင့်တွင် နတ်ဧကရာဇ်က အမှန်ပင် နတ်ဘုရားနှင့်တူသည့် တည်ရှိမှုမျိုး ဖြစ်၏။
သူက သူ့ကိုယ်ပိုင်လမ်းစဉ်ကိုသာ လျှောက်လှမ်းသည်။
လက်အောက်တွင် စစ်သူကြီး ၁၀၈ယောက် ရှိ၏။ သူတို့တစ်ယောက်ချင်းစီက ခေတ်ကာလတစ်ခုလုံးကို ဖိနှိပ်ထားဖို့ လုံလောက်နေလေပြီ။ တစ်ယောက်ချင်းစီက သူတို့၏ ကိုယ်ပိုင်ဇာတ်ကြောင်းများ ရှိလေသည်။ နောက်ပိုင်းအဆင့်များတွင် လော့ပင် ပါဝင်၏။
အကယ်၍ ဤသို့သာ ဆက်ဖြစ်နေပါက နတ်ဧကရာဇ်၏ နတ်ဘုရားအနေနှင့် ထိန်းချုပ်မှုဖြင့် သူက စကြဝဠာကြီး၏ အလယ်ပိုင်းအဆင့်နှင့် နှောင်းပိုင်းအဆင့်တို့ကို ထိန်းချုပ်လိမ့်မည်။
သို့သော် ထိုအခိုက်အတန့်၌ နတ်ဧကရာဇ်၏ မှတ်ဉာဏ်များက ပြန်လည် ရောက်ရှိလာသည်။
သူက မည်သူမှန်း၊ မည်သည့်တာဝန်ထမ်းဆောင်နေမှန်း၊ ဘယ်နေရာက ရောက်လာမှန်း မသိသော်လည်း သူ ခေါင်းတလားထဲ နစ်မြုပ်ခံရစဉ်က အချိန်ကို ပြန်လည်အမှတ်ရနေလေ၏။
အတိအကျပြောရမည်ဆိုလျှင် ခေါင်းတလားထဲတွင်ရှိနေသည့် မှတ်ဉာဏ်များ ဖြစ်သည်။
ဤသည်က နတ်ဧကရာဇ်အနေဖြင့် သူ့မှတ်ဉာဏ်များသည် ပြန်လည်မကောင်းမွန်သည်မှာ သူကိုယ်တိုင် မပြီးပြည့်စုံနေ၍ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
သူ့အတိတ်ဘဝက ပေါင်းစည်းသွားခဲ့သည့် ခေါင်းတလားအတွင်း သူ့ဝိညာဉ်၏ နောက်ထပ်အကြွင်းအကျန် ရှိနေလေ၏။
နတ်ဧကရာဇ်၏ ယခင်ဘဝထဲတွင် သူ့သေဆုံးမှုအပြီး အလောင်းထဲ ကွဲကြေသွားသော ဝိညာဉ်ကို ခေါင်းတလားအတွင်း ပိတ်ဆို့ခဲ့သည်။ သူအသေးစိတ် မမှတ်မိသည့် ရှေးဟောင်းဓလေ့ထုံးတမ်းအရ ဖြစ်သော်လည်း ဝေဝေဝါးဝါး ခံစားချက်မျိုးအရ သူသည် တစ်ရက်တွင် အသက်ပြန်ရှင်နိုင်လိမ့်မည်။
ကံဆိုးစွာဖြင့် ထိုရှေးဟောင်းဓလေ့ထုံးတမ်းက မပြီးမြောက်ခင် အလောင်းကို သယ်ဆောင်ထားသည့် ခေါင်းတလားကြီးက ဤထူးကဲစကြဝဠာနှင့် တွေ့ဆုံသွားလေ၏။
ဤစကြဝဠာကြီးက အမှန်ပင် ထူးကဲနေခဲ့သည်။
အနက်ရောင်ခေါင်းတလားကြီးက ကောင်းကင်ယံထဲ မြောလွင့်နေပြီး စကြဝဠာများစွာကို ဖြတ်သန်းလာခဲ့သည်။ သို့သော် ဘယ်သူကမှ ပေါင်းစည်းနိုင်ခြင်း မရှိခဲ့ပေ။ ဤစကြဝဠာတစ်ခုတည်းကသာ ကွဲပြားနေလေ၏။ ထိုအရာက ခေါင်းတလားနှင့် ပေါင်းစည်းသွားပြီး သစ်သားတာအိုဇစ်မြစ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထိုမတော်တဆမှုက နတ်ဧကရာဇ်၏ ပြန်လည်ထမြောက်လာမှုကို ဦးဆောင်ခဲ့သော်လည်း မပြီးပြည့်စုံပေ။
ပြီးပြည့်စုံဖို့ရာအတွက် သူက တခြားသော ဝိညာဉ်များကို ပြန်လည်ယူဆောင်ဖို့ လိုအပ်နေသည်။
ထိုအခါမှ ပြီးမြောက်သွားမည်ဖြစ်ကာ ထင်မှတ်မထားသည့် ဓလေ့ကလည်း နဂိုလမ်းစဉ်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် နတ်ဧကရာဇ်တို့၏ ဆက်ဆံရေးက သူမှန်းဆထားသလို ကိုယ်ပွား မဟုတ်ခဲ့ပေ။ အတိအကျပြောရမည်ဆိုလျှင် သူကလည်း နတ်ဧကရာဇ်ကဲ့သို့ ဇစ်မြစ်ဆီမှ ခွဲထုတ်ခံထားရသည့် သက်ရှိသာ ဖြစ်၏။
သို့သော်လည်း စကြဝဠာကြီး၏ စည်းမျဉ်းဥပဒေသများကို နားလည်ပြီး ပြီးမြောက်ဖို့ရာအတွက် နတ်ဧကရာဇ်က ဤနေရာတွင် ပိတ်မိနေပြီး ထိုအရာကို အတင်းအကြပ် မရယူနိုင်ပေ။ သူက စကြဝဠာ၏ အဆုံးသတ်ကို စောင့်ဆိုင်းနိုင်သည့်အချိန်ထိသာ ဖြစ်၏။ ထိုအခါမှ အကြွင်းအကျန်ဝိညာဉ်ကို ပြန်လည်ဆောင်ယူကာ သူ့ခန္ဓာကိုယ်ကို ပြီးပြည့်စုံစေလိမ့်မည်။
နတ်ဧကရာဇ်က ကြာကြာမစောင့်နိုင်ပေ။
သူက ဖြေရှင်းနည်းတစ်ခုကို တွေ့ခဲ့မိ၏။
သူက စကြဝဠာကြီးအား လှည့်ဖျားကာ အန္တရာယ်ကို တွေ့ကြုံခံစားစေခဲ့ပြီး ကပ်ဘေးနှင့် တွေ့ကြုံအောင် လုပ်ခဲ့သည်။ စကြဝဠာကြီး၏ အားအကောင်းဆုံး ကပ်ဘေးက စကြဝဠာ၏ ပထမဦးဆုံး စည်းမျဉ်းဥပဒေသ၏ မွေးဖွားမှု ဖြစ်ပေသည်။ ထိုအရာက သစ်သားတာအိုဇစ်မြစ် ဖြစ်၏။
မြင်ကွင်းက ထိုနေရာတွင် အဆုံးသတ်သွားစဉ် ဝမ်ပေါင်လဲ့က အကြည့်ရုတ်သိမ်းပြီး အချိန်အတော်ကြာ တိတ်တဆိတ်ထိုင်နေမိသည်။
ကောလဟာလများအရ နတ်ဧကရာဇ်သည် မောက်မာပြီး စကြဝဠာ၏ အလိုဆန္ဒကို အစားထိုးဖို့ ကြိုးစားခဲ့သည်။ ထို့ကြောင့်သာ သူက ဓာတ်ငါးပါးမှ သစ်သားစမ်းသပ်ချက်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ထိုမှတ်ဉာဏ်များမှတဆင့် ဝမ်ပေါင်လဲ့သည် နားလည်လိုက်သည်။
နတ်ဧကရာဇ်က မောက်မာခြင်း မဟုတ်ဘဲ ရည်ရွယ်ချက်တစ်ခုအတွက်သာ ထိုအရာအားလုံးကို ပြုလုပ်နေခြင်း ဖြစ်၏။
သူက ဤစကြဝဠာကို အစားထိုးလိုခြင်း မဟုတ်ပေ။ သူ လိုချင်သည့်အရာက အစမှအဆုံးထိ တစ်ခုတည်းသာ ရှိသည်။ ထိုအရာက သစ်သားတာအို၏ ဇစ်မြစ် ဖြစ်၏။
ဤနှစ်များတစ်လျှောက် စကြဝဠာကြီးက အနက်ရောင်ခေါင်းတလားကို ယူဆောင်ကာ စကြဝဠာကြီး၏ ပထမဆုံး သစ်သားတာအိုဇစ်မြစ်အဖြစ် အတင်းအကြပ် ပြောင်းလဲပစ်ခဲ့သည်။
နတ်ဧကရာဇ်က ထိုနည်းလမ်းကို အသုံးပြုကာ ထိုအရာကို ပြန်လည်ရယူဖို့ ကြိုးစားနေရုံသာ ဖြစ်၏။ ထို့ကြောင့် ဤသည်က အမှန်တရား ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့က ထိုနေရာတွင် ရပ်နေရင်း သက်ပြင်းချလိုက်သည်။
သူက ပိုမိုနားလည်လေလေ ပိုမိုစိတ်ရှုပ်ထွေးလာလေလေ ဖြစ်၏။ သူက ခေါင်းကို မော့ကာ သူ့ရှေ့တွင်ပေါ်ထွက်လာသည့် ပထမကမ္ဘာကို ကြည့်နေလိုက်သည်။
ဖြည်းဖြည်းချင်းဖြင့် သူ့အကြည့်တို့က နက်ရှိုင်းလာ၏။
နောက်ထပ် အဆင့်သုံးဆင့် ကျန်သေးတယ်။ အဲဒီမှတ်ဉာဏ်ကို…
ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ခန္ဓာကိုယ်က လှုပ်ခတ်သွားကာ ဆက်လက် လျှောက်လှမ်းလိုက်၏။ ထိုအဆင့်များကို တတ်နိုင်သမျှ မြန်မြန်ကျော်ဖြတ်လိုသည်။ ထိုအခါမှသာ သူသည် ကျန်ရှိနေသည့် မှတ်ဉာဏ်များကို ဖတ်ရှုနိုင်မည် ဖြစ်၏။
ဝမ်ပေါင်လဲ့က ဆက်လက် လျှောက်လှမ်းလိုက်သည်နှင့် ကမ္ဘာထဲတွင် ရှိသမျှအရာအားလုံးက အစားအစာအဖြစ် ပြောင်းလဲသွားခဲ့သည်။ အစားအစာတစ်ခုချင်းစီက သွားရည်ကျဖွယ် အနံ့တို့ ထုတ်လွှတ်နေလေ၏။
ဤသည်က အာသီသစည်းမျဉ်းဥပဒေသ ဖြစ်သည်။
အကယ်၍ ဤသို့သာဆိုပါက စည်းမျဉ်းဥပဒေသ ပုံပေါ်လာမှုသည် သိပ်အားမကောင်းသေးပေ။ အမှန်တကယ် ထူးဆန်သည့်အရာက ဝမ်ပေါင်လဲ့သည် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက အရသာရှိသည့် အစားအစာအဖြစ် ပြောင်းလဲသွားသလို ခံစားနေရခြင်း ဖြစ်၏။
သူက သူ့ခန္ဓာကိုယ်ထဲမှ အစားစားလိုစိတ်ကို ဖိနှိပ်ထားဖို့ အင်မတန် ထိန်းချုပ်နေရသည်။
အကြောင်းအရင်းကမူ သူသာ မထိန်းချုပ်နိုင်ပါက အာသီသစည်းမျဉ်းဥပဒေသ၏ လွှမ်းမိုးမှုတွင် သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သူ့ခန္ဓာကိုယ်ကို တစ်စစီ စားမိလိမ့်မည်။