← Chapters

အတုအယောင် ဟန်ဆောင်မှုများ

Vol. 103 Ch. 1434

အတုအယောင် ဟန်ဆောင်မှုများ

Vol. 103 Ch. 1434

ဝမ်ပေါင်လဲ့က ဘာမှားနေလဲ မပြောနိုင်ပေ။ ဤသည်မှာ ထိုသို့အတွေးမျိုးရှိသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ နှစ်များစွာကြာမြင့်ပြီးသည့်နောက်တွင် ထိုကမ္ဘာထဲ မိုးသည်းနေသည့် ညတစ်ည၌ အားလုံးက ပျော်ရွှင်ချမ်းမြေ့နေသည်ဟု ထင်ထားသည့် ဝမ်ပေါင်လဲ့က အပြင်ဘက်မှ မိုးစက်များကို ကြည့်ရင်း ကြောင်အမ်းနေမိသည်။

“တစ်ခုခုတော့ မှားနေပြီ” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်၏။ သူ့အနောက်ဖက်တွင် အမျိုးသမီးတစ်ဦးက ထွက်ပေါ်လာသည်။ ဤသည်က သူ့ဇနီးဝမ်ရီရီ ဖြစ်၏။

ဝမ်ရီရီက ဝမ်ပေါင်လဲ့ကို နောက်မှသိုင်းဖက်ကာ နောက်ကျောပေါ် ခေါင်းမှီပြီး တီးတိုးပြောလိုက်သည်။

“ပေါင်လဲ့ ဘာတွေဖြစ်နေလို့လဲ”

ဝမ်ပေါင်လဲ့က ခေါင်းလှည့်ကာ ဝမ်ရီရီကို ကြည့်လိုက်၏။ သူက သူမ၏ ခန္ဓာကိုယ်မှ ရင်းနှီးပြီးသား ရနံ့ကို ခံစားမိလိုက်သည်။ ထို့နောက် သူမ၏ ရင်းနှီးပြီးသား မျက်နှာကို ကြည့်ကာ ခေါင်းအသာယမ်းလိုက်၏။

“ဘာမှမဟုတ်ပါဘူး။ တစ်ခုခုမေ့နေတယ်လို့ ခံစားမိလို့ပါ”

“အဲ့အကြောင်းကို မတွေးပါနဲ့။ ရှင် ဘာမှမေ့မနေပါဘူး” ဝမ်ရီရီက တီးတိုးရယ်လိုက်သည်။ ထိုရယ်သံက ဝမ်ပေါင်လဲ့အတွက် အတော်လေး ရင်းနှီးနေလေ၏။ အထိအတွေ့ကလည်း ရင်းနှီးနေပြန်သည်။ သို့သော် ရင်းနှီးပြီးသား မျက်နှာကို မြင်လိုက်သည့်အခါ သူက ခေါင်းညိတ်လိုက်သည်။

အချိန်က ဤသို့ဖြင့် ကုန်ဆုံးသွားလေသည်။ တစ်ရက်ကျ အပြင်ဘက်တွင် မိုးရွာနေစဉ် အိပ်စက်နေသည့် ဝမ်ပေါင်လဲ့က နိုးထလာ၏။ သူက မျက်လုံးဖွင့်ကာ သူ့ဘေးတွင်လဲလျောင်းနေသည့် သူ့ဇနီးဖြစ်သူကို ကြည့်ပြီး အပြင်ဘက်မှ မိုးသံကို နားစွင့်လိုက်သည်။ ထို့နောက် သူက ထထိုင်ကာ တံခါးဆီ လျှောက်လှမ်းသွားလိုက်၏။ သူက မိုးစက်များကို ကြည့်နေရင်း အတွေးနက်နေမိသည်။

တစ်ခုခုတော့ မဟုတ်သေးဘူး။ ငါ ငိုသံကို ကြားနေရသလိုပဲ။ ဒီမှာ မိုးစက်တွေက မျက်ရည်နဲ့တူတယ်…

ဝမ်ပေါင်လဲ့က အနည်းငယ် စိတ်ထဲ ဂယက်ရိုက်လာသည်။ သူက တစ်စုံတစ်ခုကို သောက်သုံးလိုသည့်အလား ဖမ်းဆုပ်လိုဟန်ပြုလုပ်လိုက်သည်။ သို့သော်လည်း သူက ဘာမှမဖမ်းဆုပ်မိပေ။ သူ့သိုလှောင်အိတ်ထဲ၌ ဝိညာဉ်ရေခဲရေလည်း မရှိတော့ပေ။

 ကြည့်ရတာ သူ ဝိညာဉ်ရေခဲရေကို သောက်ခဲ့တာ အချိန်အရမ်းကိုကြာသွားတဲ့ပုံပဲ…

ဝမ်ပေါင်လဲ့က လက်ဗလာကို ကြည့်ရင်း တိတ်ဆိတ်သွားမိသည်။

အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် သူက အပြင်ဘက်မှ မိုးစက်များကို ကြည့်ရင်း တိတ်တဆိတ် လျှောက်လှမ်းသွားလိုက်၏။ သူက မိုးရေထဲတွင် ရပ်ရင်း မြို့ထဲမှ လမ်းမအထက် လျှောက်လှမ်းလာလိုက်သည်။

သူ နေထိုင်ရာနေရာက ထာဝရကြယ်စင်ကုန်းမြေ၏ တော်ဝင်ကုန်းမြေတစ်ခု ဖြစ်ပေသည်။ ထိုနေရာက အင်မတန် ကြီးမားလွန်းလှ၏။ မိုးက ရွာသွန်းနေသော်လည်း အပြင်ဘက်တွင် စီးပွားရေးလုပ်နေကြသည့် ဈေးသည်များနှင့် လူများစွာရှိနေဆဲ ဖြစ်၏။

သူက လမ်းမအထက် လျှောက်လှမ်းလာသည့်အခါ စားသောက်ဆိုင်တစ်ခုကို မြင်လိုက်ရသည်။ သူက ထိုအရာကို လျစ်လျူရှုတော့မည့်ဆဲဆဲတွင် ခေါင်းလှည့်ကာ စားသောက်ဆိုင်ကို လှည့်ကြည့်လိုက်၏။ ခဏအကြာတွင် သူက အနီးသွားလိုက်သည်။

“ခင်ဗျားတို့ဆီမှာ ဆန်အရက် ရှိလား” ဝမ်ပေါင်လဲ့က မေးလိုက်သည်။

“ရှိတာပေါ့” စားသောက်ဆိုင်သူဌေးက ပြုံးကာ ပြောလိုက်သည်။ သိပ်မကြာခင် သူက သေရည်အိုးကို ထုတ်လာကာ ဝမ်ပေါင်လဲ့ဆီ ပေးလိုက်၏။

ဝမ်ပေါင်လဲ့က သေရည်အိုးကို ကိုင်ရင်း လှုပ်လိုက်သည်။ ထို့နောက် သူက ခေါင်းအသာမော့ကာ တစ်ငုံ သောက်သုံးလိုက်၏။ ဆန်အရက်က သူ့လည်ချောင်းထဲ ဝင်ရောက်သွားသည့်ခါ မျက်မှောင်အသာကြုတ်မိသွားသည်။ ခဏအကြာတွင် သူက ထိုအရာကို ချရင်း ရေရွတ်လိုက်သည်။

“ဝိညာဉ်ရေခဲရေထက် ပိုပြီးတော့ ကောင်းနေတာပဲ။ ငါ ဘာမှားနေတယ်ဆိုတာကို အမှတ်ရသွားပြီ။ ငါ သူ့အကြောင်း ဘယ်လိုလုပ် မေ့သွားတာလဲ။ ငါက လွတ်လပ်မှုကို ရှာဖွေဖို့ ဘယ်လိုများ ရပ်တန့်လိုက်ရတာလဲ”

ဝမ်ရီရီရဲ့ သွင်ပြင်က ဒီအိပ်မက်ထဲမှာ ငါ မြင်ခဲ့ရတဲ့ ပုံမျိုးမဟုတ်ဘူး။

ဝမ်ပေါင်လဲ့က တီးတိုးသက်ပြင်းချလိုက်သည်။ သူက ခေါင်းညိတ်လိုက်သည့်အချိန် ဆီစိမ်စက္ကူထီးကို ကိုင်ဆောင်ထားပြီး မှိန်ဖျဖျအလင်းရောင်အောက်တွင် ရပ်နေသည့် အမျိုးသမီးတစ်ဦး၏ ပုံရိပ်ကို မြင်လိုက်ရသည်။

ထိုအမျိုးသမီးက ဝမ်ရီရီ၏ အဝတ်များကို ဝတ်ဆင်ထားပြီး သူမ၏ ခန္ဓာကိုယ်မှ ရင်းနှီးပြီးသား ရနံ့တို့ ရှိနေလေ၏။ သူမက ရင်းနှီးပြီးသား ရယ်သံကို ထုတ်လွှတ်လာသည်။ သို့သော် ဆီစိမ်စက္ကူထီးကို မလိုက်သည့်အခါ မရင်းနှီးသော မျက်နှာကို မြင်တွေ့လိုက်ရသည်။

နှစ်ဦးသားက မိုးစက်များကြား အချင်းချင်း ကြည့်နေကြ၏။

ထိုဝမ်ပေါင်လဲ့ မြင်ကွင်းတွင်ရှိသည့် ပုံရိပ်က အက်ကွဲသွားကာ ဖြည်းဖြည်းချင်း ပြိုလဲသွားသည်။ သူက သူမ၏ မျက်ဝန်းသည် အနက်ရောင် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရ၏။

နောက်အခိုက်အတန့်လေး၌ အရာအားလုံးက ပျောက်ကွယ်သွားလေသည်။

ဝမ်ပေါင်လဲ့၏ မြင်ကွင်းက ဝေဝါးသွားပြီး သူက နောက်ဆုံးသောနေရာ၌ ရှိနေဆဲသာ ဖြစ်၏။ ပြောရမည်ဆိုလျှင် သူက ပထမခြေလှမ်းကို လှမ်းနေဆဲသာ ဖြစ်သည်။

အရာအားလုံးက ထိုခြေလှမ်းထဲ၌ ဖြစ်ပျက်ခဲ့ခြင်းသာ ဖြစ်၏။ ဝမ်ပေါင်လဲ့က တိတ်တဆိတ်ဖြင့် အချိန်အတော်ကြာ ရပ်နေမိသည်။

ဝမ်ပေါင်လဲ့က ခေါင်းအသာယမ်းကာ ဆက်လက်လျှောက်လှမ်းလိုက်သည်။ သို့သော်လည်း ဒုတိယခြေလှမ်း လှမ်းလိုက်သည့်အချိန် သူ့ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ့မျက်ဝန်းက ပိတ်သွားလေသည်။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က မျက်လုံးပွင့်လာသည်။ သူ့မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုးရှိနေလေ၏။

သူက ဒုတိယခြေလှမ်းကို လှမ်းလိုက်သည့်အခါ မိန်းမောမှုထဲ ထပ်မံ ကျဆင်းသွားခဲ့သည်။

ထိုမိန်းမောမှုက ပထမအကြိမ်နှင့် ကွဲပြား၏။

ဤတစ်ကြိမ် သူက နတ်ဧကရာဇ်ကို ဖိနှိပ်ထားခဲ့သော်လည်း ဝမ်ရီရီနှင့် လက်မထပ်ခဲ့ပေ။ ထိုအစား သူက လွတ်လပ်သည့် မသေမျိုးတစ်ယောက်၏ ဘဝနောက်ကို လျှောက်လှမ်းခဲ့သည်။ သူက အနှောင်အဖွဲ့မရှိသည့် ဘဝ၌ နေထိုင်ခဲ့၏။

သို့သော်လည်း အဆုံးသတ်၌မူ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သဘောပေါက်ကာ နိုးထလာလေသည်။ ထိုအခါမှ အိပ်မက်ဆိုးကနေ လွတ်မြောက်လာလေ၏။

အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူကာ တတိယခြေလှမ်း၊ စတုတ္ထခြေလှမ်း၊ ပဉ္စမခြေလှမ်းနှင့် ဆဌမခြေလှမ်းတို့ကို လှမ်းလိုက်သည်။ ခြေလှမ်းတစ်ခုချင်းစီက အင်မတန် ခက်ခဲလှ၏။ ခြေလှမ်းတစ်ခုချင်းစီတွင် သူက နစ်မြောသွားလျက်ရှိသည်။

တတိယခြေလှမ်းတွင်မူ သူက ရုပ်ထုအတွင်း ဝင်ရောက်စဉ် နတ်ဧကရာဇ်နှင့် ရင်ဆိုင်သည့်အခါ ကျရှုံးခဲ့လေ၏။ သူက နတ်ဧကရာဇ်နှင့် ပေါင်းစည်းသွားကာ သူ့အသိစိတ်က အမှောင်ထုထဲ နစ်မြုပ်သွားခဲ့သည်။ သူက ထာဝရနစ်မြုပ်သွားမည့်အလား နိုးထမလာနိုင်တော့ပေ။

ထို့နောက် အသံတစ်သံက သူ့ကို ခေါ်နေသည်ကို  ကြားလိုက်ရဟန်ပေါ်သည်။ ဤသည်က သူ နိုးထလာရသည့်အချက် ဖြစ်၏။

စတုတ္ထအဆင့်တွင်မူ သူက ကျရှုံးနေဆဲသာ ဖြစ်သည်။ သို့သော်လည်း သူက နတ်ဧကရာဇ်နှင့် အတူတကွ တည်ရှိခဲ့သည်။ နတ်ဧကရာဇ်က စကြဝဠာမှ ထွက်ခွာသွားကာ ယခင်ဘိုးဘွားလမ်းကြောင်းဆီ ပြန်လည်ဝင်ရောက်သွားသည်။ သူက မရင်းနှီးသော စကြဝဠာထဲ ရောက်ရှိခဲ့ပြီး မရင်းနှီးသော မိတ်ဆွေများလည်း ရှိလာခဲ့သည်။ သို့သော်လည်း အဆုံးသတ်၌မူ ဧကရာဇ်က သူ့အတိတ်ဘဝမှ သဲလွန်စများကို မရှာနိုင်ခဲ့ပေ။

သူက မှတ်ဉာဏ်များ ရရှိလာသော်လည်း သူတို့ကြားတွင် မကျော်ဖြတ်နိုင်သည့် အကာအရံတချို့ ရှိနေဟန်ပေါ်ကာ သူ့အတွက် ရှေ့တိုးဖို့ မဖြစ်နိုင်ပေ။

ဝမ်ပေါင်လဲ့က အားလုံးကို ဂရုတစိုက်ပြန်လည်တွေးတောရင်း ဧကရာဇ် ရရှိခဲ့သည့် မှတ်ဉာဏ်များက သူ့အတွက် ဝေဝါးနေဆဲဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။

ထို့ကြောင့်သူက နိုးထလာခြင်း ဖြစ်သည်။

ပဉ္စမခြေလှမ်းတွင်မူ သူက အောင်မြင်သွားပြန်သည်။ နတ်ဧကရာဇ်ကို ဖိနှိပ်ပြီးသည့်နောက်တွင် သူက ထာဝရကြယ်စင်ကုန်းမြေဆီ မသွားခဲ့ပေ။ ထိုအစား သူက ကျောက်ပြားကမ္ဘာဆီ ပြန်လာလိုက်၏။ သူက ပြည်ထောင်စုကြီးထဲတွင် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ရွေးချယ်ခဲ့သည်။

ဝမ်ပေါင်လဲ့က သူ ဘယ်လိုနိုးထလာမှန်း မမှတ်မိသော်လည်း သူ့ဘဝအဆုံးသတ်ခါနီး၌ မခံမရပ်နိုင်ဖွယ် ကိစ္စတစ်ခုကို ရုတ်ချည်း ခံစားမိလိုက်သည်။ ထိုခံစားမှုက အားကောင်းလာပြီး အရာအားလုံးကို ပြိုလဲသွားစေခြင်း ဖြစ်သည်။

ဆဌမခြေလှမ်းအတွက်မူ သူက နတ်ဧကရာဇ်အသစ် ဖြစ်လာခဲ့သည်။ သူက စကြဝဠာကြီးမှ ထွက်ခွာကာ ကြယ်တာရာကောင်းကင်ကြီးထဲ တိုက်ခိုက်ခဲ့၏။

သူက အဆုံးစွန်ထိ ပင်ပန်းနွမ်းလျကာ အရာအားလုံးကို သံသယ ဖြစ်လာခဲ့သည်။ ထိုအခိုက်အတန့်၌ သူက နိုးထလာလေ၏။

ကမ္ဘာ၏ အကာအရံကြားတွင် ရပ်နေရင်း ဝမ်ပေါင်လဲ့၏ စိတ်နှလုံးသားက ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေသည်။ သူက အချိန်အတော်ကြာ တွေးပြီးသည့်နောက်တွင် သတ္တမခြေလှမ်းကို လှမ်းလိုက်၏။ ထိုခြေလှမ်းက ယခင်နှင့် အနည်းငယ် ကွဲပြားနေသည်။ သူက ရုပ်ထု၏ နဖူးရှေ့တွင် တင်ပျဉ်ခွေထိုင်နေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ပုံရိပ်က ရွှမ်းချန် ဖြစ်၏။

“မင်းကို နောက်ဆုံးအကြိမ် ထပ်မေးမယ်။ သေချာစဉ်းစားပြီးပြီလား။ ဒီနေရာကို တကယ် ဝင်ရောက်သွားမှာလား”

ဝမ်ပေါင်လဲ့က တိတ်ဆိတ်နေသည်။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် သူက ခေါင်းညိတ်လိုက်၏။

“ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် လက်ခံမှာပါ”

ရွှမ်းချန်က ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။ သူက ဘာမှမပြောဘဲ သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။

သူ့ပုံရိပ်ပျောက်ကွယ်သွားသည့်အခါ ဝမ်ပေါင်လဲ့က ရုပ်ထု၏ မျက်ခုံးကြား လျှောက်လှမ်းသွားလိုက်သည်။

သူက ရုပ်ထုထဲ ဝင်ရောက်ဖို့ ခြေတစ်လှမ်းမျှသာ ကွာဝေးတော့သည်။ ထိုအခါ နတ်ဧကရာဇ်၏ ဆဌမမြောက် မှတ်ဉာဏ်များကို မြင်တွေ့ရတော့မည်ဖြစ်ကာ အစစ်အမှန်နတ်ဧကရာဇ်နှင့် တွေ့ဆုံရတော့မည်။

သို့သော်လည်း ယခင်အတွေ့အကြုံများက ဝမ်ပေါင်လဲ့အား တုံ့ဆိုင်းသွားလေ၏။ သူက ထိုနေရာတွင် ရပ်နေရင်း သေသေချာချာစဉ်းစားနေသည်။

အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ အကြည့်များက တောက်ပလာလေ၏။ ကိစ္စများစွာကို တွေ့ကြုံခံစားခဲ့ရပြီး ကောင်းမွန်စွာ ဆုံးဖြတ်ထားနိုင်ခဲ့သည်။

အဖြေက သိရတော့မည် ဖြစ်၏။

ဝမ်ပေါင်လဲ့က အမူအရာကင်းမဲ့နေလျက် ခြေထောက်ကို မကာ နတ်ဧကရာဇ်ရုပ်တု၏ မျက်ခုံးကြား ဝင်ရောက်လိုက်သည်။

All Chapters