မှန်ကန်ခြင်း
Vol. 103 Ch. 1436
ထိုမည်းနက်နေသည့် မျက်ဝန်းထဲ အဖြူရောင်ဟူ၍ မရှိပေ။ မျက်ဆံများက ပတ်ဝန်းကျင်တွင်ရှိသမျှ အရာအားလုံးကို အရည်ပျော်သွားစေသကဲ့သို့ဖြစ်ပြီး မျက်ဝန်းက အပြည့်အဝ အနက်ရောင် ဖြစ်သွားလေသည်။
ထိုအရောင်က လိုအင်ဆန္ဒအရောင်နှင့် အတူတူသာ ဖြစ်၏။
ထိုမျှသာလျှင် မကသေးဘဲ နတ်ဧကရာဇ် မျက်လုံးဖွင့်လာသည့် အခိုက်အတန့် သူ့ခန္ဓာကိုယ်မှ အနက်ရောင်မြူခိုး အငွေ့အသက်တို့က ထွက်ပေါ်လာသည်။ တစ်ချိန်တည်းဆိုသလို သူတို့က ဆက်လက်ပျံ့နှံ့နေဆဲသာ ဖြစ်၏။ အဝေးမှကြည့်လျှင် နတ်ဧကရာဇ်က အနက်ရောင်မြူခိုး၏ ဇစ်မြစ် ဖြစ်လာဟန်ပေါ်သည်။ ထိုအနက်ရောင်မြူခိုး အခိုးအငွေ့များက လက်တံများသဖွယ် ပျံ့နှံ့လာလေ၏။
ထိုမြင်ကွင်းက ဝမ်ပေါင်လဲ့အား မျက်မှောင်ကြုတ်သွားစေသည်။ သူက နတ်ဧကရာဇ်၏ ခန္ဓာကိုယ်မှ အားကောင်းသည့် အရှိန်အဝါနှင့် အလိုဆန္ဒ အတက်အကျလှိုင်းတို့ကို ခံစားမိလိုက်သည်။ ထိုအရှိန်အဝါက သူ တွေ့ကြုံဖူးသည့် လိုအင်ဆန္ဒများထက် အားကောင်းနေ၏။ သူက စိတ်ခံစားချက် ၇မျိုးကို ပေါင်းစည်းကာ လိုအင်ဆန္ဒ ၆ပါးလုံးကိုပြီးပြည့်စုံသွားစေသော်လည်း သူဖွဲ့စည်းထားသည့် အလိုဆန္ဒက နိမ့်ကျနေဆဲသာ ဖြစ်၏။
ထိုအရာက အလိုဆန္ဒ၏ ဇစ်မြစ် ဖြစ်နေဟန်ပေါ်သည်။
ထိုတွေ့ရှိမှုက ဝမ်ပေါင်လဲ့အား အံ့အားသင့်သွားစေ၏။ သူက ဝေဝေဝါးဝါး မှန်းဆချက်တစ်ခု ရှိလာမိသည်။ ထိုမှန်းဆချက်ကို ရှင်းလင်းအောင် မလုပ်နိုင်ခင် မျက်လုံးဖွင့်လာသည့် နတ်ဧကရာဇ်က ခေါင်းအသာငုံ့ကာ ဝမ်ပေါင်လဲ့အား ကြည့်လာခဲ့သည်။
တစ်ချက်ကြည့်ရုံမျှဖြင့် ဝမ်ပေါင်လဲ့၏ စိတ်ထဲ အသံကျယ်ကြီး ပေါက်ထွက်သွား၏။ ပြောရမည်ဆိုလျှင် အထွတ်အထိပ် လွှမ်းမိုးနိုင်စွမ်းရှိသည့် စွမ်းအားတစ်ခုက သူ့အပေါ် ကျဆင်းလာပြီး သူ့ခန္ဓာကိုယ်နှင့် အရာအားလုံးကို ဝါးမျိုလိုသကဲ့သို့ ဖြစ်သည်။
ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့ကလည်း ထူးကဲလှသည်။ သူ့အကြည့်က တောက်ပလာကာ ပင်လယ်ထဲတွင်ရှိနေသည့် သန္တာကျောက်တန်းကဲ့သို့ မယိုင်လဲတတ်သည့် အကြည့်မျိုးဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။
အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ထိုင်ခုံပေါ်တွင်ရှိနေသည့် နတ်ဧကရာဇ်က အကြည့်ပြန်ရုတ်သိမ်းကာ သက်ပြင်းချလာလေသည်။
ထိုသက်ပြင်းချမှုထဲ၌ လောကဓံတို့ဖြင့် ပြည့်နှက်နေလေ၏။ ထိုအရာက ခန်းမတစ်လျှောက် ပျံ့နှံ့နေပြီး အချိန်အတော်ကြာ ပျောက်ကွယ်သွားခြင်း မရှိပေ။ ထိုအရာက ဝမ်ပေါင်လဲ့အား သက်ပြင်းချသံက အချိန်အတော်ကြာ ထွက်ပေါ်လာသကဲ့သို့ ပုံရိပ်ယောင် ခံစားချက်မျိုးကို ပေးစွမ်း၏။
“ငါ ကျရှုံးသွားတယ်။ မင်း ရောက်လာတာ နောက်ကျလွန်းတယ်”
ရှေးကျသည့် အသံတစ်သံက သက်ပြင်းချသံ ပြီးသည့်နောက်တွင် ထွက်ပေါ်လာသည်။ ထို့နောက် ထိုအရာက မမြင်နိုင်ဖွယ် တုန်ခါလှိုင်းများအဖြစ် ပြောင်းလဲသွားကာ ဝမ်ပေါင်လဲ့၏ စိတ်ထဲ ဝင်ရောက်လာလေ၏။
“အဲဒါက ထိုက်တန်ရဲ့လား” ဝမ်ပေါင်လဲ့က ရုတ်တရက် ပြောလိုက်သည်။ သူ့အသံကလည်း ခန်းမတစ်လျှောက် ပျံ့နှံ့သွားလေသည့် မုန်တိုင်းသဖွယ်ဖြစ်ပြီး အသံကျယ်ကြီး ထွက်ပေါ်လာစေသည်။
“ငါက မင်းကို အမြဲတမ်း အာရုံစိုက်ခဲ့တာ။ မင်းဆီမှာ မင်းလမ်းစဉ် မင်းရှိတယ်။ လွတ်လပ်ခွင့်ကို လိုက်ပြီး ရှာဖွေနေတာ။ ငါကလည်း ငါ့လမ်းစဉ် ငါ ရှိတယ်။ ပြီးမြောက်မှုကို လိုက်လံရှာဖွေနေခဲ့တာ။ ငါ့ရဲ့ အတိတ်ဘဝက တာဝန်ကိုရောပေါ့” နတ်ဧကရာဇ်က တီးတိုးရေရွတ်လိုက်သည်။ သို့သော်လည်း ခန်းမဆောင်ထဲတွင် ထိုးဖောက်လာသည့် အသံတစ်သံသာ ရှိနေလေ၏။
“မင်းက ငါနဲ့အတူတူပဲ။ ငါ့အတိတ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ဒါပေမဲ့ မင်းက မင်းလမ်းစဉ်မင်း လိုက်တယ်။ အဲဒါကို ထိုက်တန်ရဲ့လားလို့ ငါ့ကို လာမေးနေတာလား” နတ်ဧကရာဇ်က ပြောလိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ့အပေါ်ပိုင်းခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ကွေးညွှတ်လာကာ ဝမ်ပေါင်လဲ့အား အပေါ်မှ ငုံ့ကြည့်လာသည်။
“အဲ့လိုဆိုရင် ကျုပ်လည်း မေးချင်တယ်။ ခင်ဗျားရဲ့ ဘဝကို လက်လျှော့လိုက်ရတာ ထိုက်တန်လား”
“ငါနဲ့ ပေါင်းစည်းလိုက်။ ငါတို့ရဲ့ အတိတ်ဘဝကို အတူတကွ လျှောက်လှမ်းကြမယ်။ အဲဒါနဲ့ ပတ်သက်ပြီး မှားယွင်းနေတာ ရှိလို့လား” နတ်ဧကရာဇ်၏ အသံက ဒေါသအရိပ်အယောင် စွက်လာသည်။
သူက အကြွင်းအကျန်ဝိညာဉ် အမျှင်တစ်ခု ဖြစ်သည့် ဝမ်ပေါင်လဲ့သည် ခုခံမှုကို လက်လျှော့ကာ စောစောစီစီး ပြန်ရောက်လာသင့်သော်လည်း လက်မလျှော့ရသည့် အကြောင်းအရင်းကို နားမလည်နိုင်ဖြစ်နေမိဟန်ပေါ်သည်။
အကယ်၍ ဤသို့ဆိုပါက အချိန် ရှိနေသေး၏။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်လျက်သာ ကျန်ရှိနေသည်။ သူကနတ်ဧကရာဇ်၏ မှတ်ဉာဏ်များကို စုပ်ယူပြီး သူ့ဘဝ၌ တွေ့ကြုံခဲ့ရသည့် သဲလွန်စများဖြင့် ပေါင်းစည်းထားခဲ့သည်။ အဆုံးသတ်၌ သူ့ဇစ်မြစ်နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိလိုက်သည်။ သူက အတိတ်ဘဝက ခေါင်းတလားထဲမှ အလောင်း၏ အကြွင်းအကျန်ဝိညာဉ်သာ ဖြစ်၏။ နတ်ဧကရာဇ်ကလည်း အတူတူသာ ဖြစ်ပေသည်။ သူတို့က တစ်ယောက်တည်းသာ ဖြစ်၏။ သို့သော်လည်း သူတို့၏ ထူးခြားသော အသိစိတ်က တည်ရှိမှုနှစ်ခုကို ဖြစ်ပေါ်လာစေသည်။ ထို့ကြောင့် ကွဲပြားသည့် ဦးတည်ရာနှစ်ခုကို လျှောက်လှမ်းနေကြခြင်း ဖြစ်၏။
“ခင်ဗျား ရှာဖွေနေတဲ့အရာက အတိတ်၊ ကျုပ် လိုက်လံရှာဖွေနေတဲ့အရာက ပစ္စုပ္ပန်” ဝမ်ပေါင်လဲ့က ခေါင်းအသာယမ်းပြီး နတ်ဧကရာဇ်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“အင်း ပြောတာ မမှားဘူး။ ကျုပ်ကလည်း မမှားဘူး။ ဒါပေမဲ့ တန်ကြေးကို ကြည့်ရမယ်ဆိုရင် ခင်ဗျား လုပ်ခဲ့တဲ့အရာကိုတော့ သဘောမတူဘူး။ အဲဒါက မထိုက်တန်ဘူး”
ဧကရာဇ်က တိတ်ဆိတ်နေသည်။ သူက ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည့်အခါ မဲမှောင်နေသည့် မျက်ဝန်းထဲ စိတ်ရှုပ်ထွေးသည့် ခံစားချက်များ ပေါ်ထွက်လာလေ၏။ သူအသိစိတ်ကပ်လာသည့်အချိန် သူ့ကို တန်းတူထားကာ ပြောနိုင်သည့်သက်ရှိ ရှိနေလိမ့်မည်ဟု မယုံကြည်နိုင်ပေ။
ဤသည်က ကြက်တူရွေးအတွက်ပင် အတူတူ ဖြစ်၏။
စစ်သူကြီးများအတွက်မူ သူက လက်အောက်ငယ်သားများသာ ဖြစ်သည်။ သူတို့က ထိုသို့ အရည်အချင်း မပြည့်မှီပေ။ သူ့ရှေ့၌ ရှိနေသည့် လူတစ်ဦးထဲကသာ ထိုသို့အရည်အချင်း ရှိလေ၏။
တိတ်ဆိတ်နေမှုအလယ်တွင် နတ်ဧကရာဇ်က ထပ်မံ သက်ပြင်းချလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အတိတ်ပဲဖြစ်ဖြစ် အခုပဲဖြစ်ဖြစ် ဘာမှအရေးမကြီးတော့ဘူး။ အစကတည်းက အရာအားလုံး ချောမွေ့ခဲ့မယ်ဆိုရင် ငါတို့တွေက ပြီးပြည့်စုံနေလောက်ပြီ။ ငါတို့တွေက ဒီစကြဝဠာကြီးထဲကနေ ထွက်သွားပြီးတော့ ငါတို့တွေပိုင်တဲ့ နဂိုမူလကုန်းမြေဆီ ပြန်လည်ရောက်နေလောက်ပြီ” နတ်ဧကရာဇ်က ရေရွတ်လိုက်သည်။ သူ့မျက်ဝန်းထဲ စိတ်ရှုပ်ထွေးမှုနှင့် နောင်တတရားတို့ဖြင့် ပြည့်နှက်နေလေ၏။
“နှမြောစရာပဲ … ဒီစကြဝဠာကြီးက ထူးကဲနေပြီလို့ ထင်နေခဲ့တာ။ ဒါက မသေမျိုးတွေရဲ့ ဇစ်မြစ်ဖြစ်လောက်အောင် ထူးကဲနေလိမ့်မယ်လို့တော့ တစ်ခါမှ ထင်မှတ်မထားခဲ့ဘူး”
“ငါက အလကားရှုံးနိမ့်ခဲ့တာ မဟုတ်ဘူးပဲ။ ဒါပေမဲ့ ငါ ဘယ်သူလဲဆိုတာကို သိချင်တယ်။ ငါ့ကို ဘယ်သူသတ်ခဲ့တာလဲ။ ငါ အလုပ်ချင်ဆုံးက ငါ့ရဲ့ မွေးရပ်မြေကို ပြန်ဖို့ပဲ”
“မင်းက အဲဒီအရာတွေကို နားလည်နိုင်မှာ မဟုတ်ဘူး။ မင်းမွေးဖွားလာကတည်းက ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုလုံး ဝန်းရံခံထားရတာ။ မင်းမှာ အဖော်ပြုပေးမဲ့သူတွေလည်း ရှိသလို ဘယ်တော့မှ အထီးကျန်ခဲ့တာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ငါကတော့ အဲ့လိုမဟုတ်ဘူး။ နှစ်အကြာကြီး အထီးကျန်ခဲ့ရတာ။ ပထမဦးဆုံး မွေးဖွားလာတဲ့သူက မင်း ဖြစ်ခဲ့တယ်ဆိုရင် မင်းရဲ့အတွေးတွေက ငါနဲ့ တူနေမှာပဲ။ ဒါပေမဲ့ အဲဒီအရာတွေအားလုံးက အရေးမကြီးတော့ပါဘူး။ ဘာလို့လည်းဆိုတော့ အလိုဆန္ဒက နိုးထလာပြီလေ”
ဝမ်ပေါင်လဲ့က အံ့အားသင့်သွားလေသည်။ ဤသည်က နတ်ဧကရာဇ် ပြောသည့်စကားထဲ ပထမဦးဆုံးအကြိမ်အနေဖြင့် သဘောတူမိခြင်း ဖြစ်၏။ အကယ်၍ ပထမဦးဆုံး မွေးဖွားလာပါက တူညီသည့် ရွေးချယ်မှုမျိုးကို ပြုလုပ်ခဲ့မိလောက်သည်။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်စွာဖြင့် နတ်ဧကရာဇ်၏ နောက်ဆုံးစကားကို နားထောင်လိုက်သည်။ သူ့မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ သူက နတ်ဧကရာဇ်၏ မှတ်ဉာဏ်ထဲတွင် မြင်တွေ့ဖူးသည့် ပျောက်ဆုံးနေသော မှတ်ဉာဏ်အပိုင်းအစကို နားလည်သွားလေသည်။
ထိုမှတ်ဉာဏ်ထဲတွင် နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲတွင် တွေ့ကြုံခဲ့ရသည့် အမှတ်ရတချို့ ကိန်းအောင်းနေလေ၏။ ထိုပြဿနာက မူလစကြဝဠာတာအိုနေရာထဲတွင် အပြောင်းအလဲများကို ဦးတည်သွားစေပြီး စိတ်ခံစားချက် ၇မျိုးနှင့် လိုအင်ဆန္ဒ ၆ပါး၏ မွေးဖွားမှုကို ဖြစ်ပေါ်လာစေသည်။
“အဲဒီနောက်ရော” ဝမ်ပေါင်လဲ့က တည်ငြိမ်စွာ မေးလိုက်သည်။ သူက နတ်ဧကရာဇ်ထံ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို အတိအကျသိလို၏။ သူက အနည်းနှင့်အများ မှန်းဆလိုသော်လည်း အတည်ပြုဖို့ လိုအပ်နေသည်။
နတ်ဧကရာဇ်က ခေါင်းအသာယမ်းပြီး ညာဖက်လက်ကို မြှောက်လိုက်သည်။ သူညာဖက်လက် မြှောက်သည့်ဖြစ်စဉ်က အင်မတန် ခက်ခဲနေလေ၏။ ဝမ်ပေါင်လဲ့က နတ်ဧကရာဇ်၏ ညာဖက်လက်ဝန်းကျင်တွင် မြူခိုးများစွာကို မြင်တွေ့လိုက်ရသည်။ ပြောရမည်ဆိုလျှင် သူ့အပြုအမူကို ပြီးမြောက်စေဖို့ရာအတွက် အင်အားကြီး စိုက်ထုတ်ထားရဟန်ပေါ်နေသည်။
သူ ညာဖက်လက်ကို မြှောက်လိုက်သည့်အချိန် နတ်ဧကရာဇ်၏ ညာဖက်လက်ထိပ်ဖျားမှ ညင်သာသည့် အလင်းတစ်ခု စုဝေးလာသည်။ ထိုအလင်းက သိပ်မတောက်ပဘဲ အနက်ရောင်မြူခိုးကြားတွင် အတင်းအကြပ် ဖွဲ့စည်းခံလိုက်ရသည်။ ထိုအရာက အလင်းလုံးအဖြစ် ပြောင်းလဲသွားပြီး နတ်ဧကရာဇ်၏ ပတ်ဝန်းကျင်မှ ထွက်ခွာကာ ဝမ်ပေါင်လဲ့ဆီ ရောက်ရှိလာသည်။
ထိုအရာက ဝမ်ပေါင်လဲ့ရှေ့တွင် မြောလွင့်နေလေ၏။
ဝမ်ပေါင်လဲ့က တူညီသည့် စည်းမျဉ်းဆီမှ ရောက်ရှိလာသည့် အရှိန်အဝါကို ခံစားမိလိုက်သည်။ သူ့အလိုလိုသိစိတ်က ထိုအလင်းပြောက်နှင့် ပတ်သက်ပြီး အန္တရာယ်မရှိကြောင်း ပြောပြနေလေ၏။ ထိုအရာက မှတ်ဉာဏ်တစ်ခုသာ ပါဝင်နေသည်။
ဝမ်ပေါင်လဲ့က ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ညာဖက်လက်ကို မြှောက်လိုက်သည်။ သူက အလင်းလုံးကို ထိလိုက်သည့်အချိန် သူ့စိတ်ထဲ အသံတစ်သံ မြည်သွားလေ၏။ ထို့နောက် မှတ်ဉာဏ်တစ်ခုက ပုံရိပ်သဖွယ် ထွက်ပေါ်လာသည်။