အခန်း (၁၄၄၀)
Vol. 104 Ch. 1440
ချဉ်းကပ်လာသည့် အလိုဆန္ဒက လှေကားအစွန်းမှ ထွက်လာလေသည်။ အနက်ရောင်မြူခိုးများက ကွဲပြားသည့် အလင်းရောင် ၆ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအလင်းရောင် ၆ခုက လိုအင်ဆန္ဒ၆ပါးကို ကိုယ်စားပြု၏။ သူတို့က အတူတကွ ရောယှက်သွားသော်လည်း အချင်းချင်းပေါင်းစည်းမှု မရှိပေ။
ထိုအစား သူတို့က မျက်နှာ၆ခု အသွင်ပြောင်းလဲသွားခဲ့သည်။ အနက်ရောင်မြူခိုးဖြင့် သူတို့က ဝမ်ပေါင်လဲ့ဆီ ဦးတည်လာကာ ဝါးမျိုဖို့ ကြိုးစားနေကြသည်။
“ပြီးဆုံးသွားပြီ” အသံ၆ခုက အတူတကွ ပေါင်းစည်းသွားပြီး မိုးမြေကိုပင် လှုပ်ခတ်သွားစေနိုင်လောက်သည့် ဆိုးယုတ်မှုများဖြင့် ပြည့်နှက်သွားလေ၏။
ဝမ်ပေါင်လဲ့က ခေါင်းမော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းအထက်ရှိ အေးစက်မှုက ပေါက်ထွက်လာကာ ထုတ်ပြတော့မလို ဖြစ်နေ၏။ ရုတ်ချည်းဆိုသလို အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
လှေကားထိပ်ရှိ ပလ္လင်ပေါ်တွင် ထိုင်နေသည့် နတ်ဧကရာဇ်က ရုတ်ချည်းဆိုသလို ခေါင်းမော့လာသည်။ သူ့မျက်ဝန်းအထက် အပြာရောင်မီးတောက်တစ်ခု ထွက်ပေါ်လာ၏။ ထိုမီးတောက်က သူ့မျက်လုံးတစ်ခုလုံးကို နေရာယူသွားသည့်အတွက် နတ်ဧကရာဇ်အား ထူးဆန်းစေသည်။
သူ့ခေါင်းမော့လိုက်သည့်အခိုက်အတန့် ညာဖက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့ဆီ ခုန်အုပ်တော့မည့် အနက်ရောင်မြူခိုးကို ဆွဲကိုင်လိုက်သည်။
ထိုဆွဲကိုင်မှုဖြင့် အနက်ရောင်မြူခိုးက စူးစူးရှရှ အော်ဟစ်လာလေ၏။ ခန္ဓာကိုယ်ကို မမြင်နိုင်သည့် စွမ်းအားတစ်ခုက ထိန်းချုပ်လိုက်သည့်အလား ဝမ်ပေါင်လဲ့ရှေ့မှောက် ရပ်တန့်သွားခဲ့သည်။
ဝမ်ပေါင်လဲ့က မျက်ခုံးအသာပင့်ကာ ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲမှ ပေါက်ထွက်လာတော့မည့် အေးစက်မှုက ထပ်မံ ရုတ်သိမ်းသွားလေ၏။
“နတ်ဧကရာဇ် … ရှင်က သေချင်နေတာပဲ”
လေထုထဲတွင် အလိုဆန္ဒဆီမှ စူးစူးရှရှအော်သံ ထွက်ပေါ်လာ၏။ ထိုအရာက လှည့်ပတ်နေပြီး မြူခိုးများက ထွက်ပေါ်လာကာ အလင်း၆ခုဖြင့် ဖွဲ့စည်းထားသည့် မျက်နှာ၆ခုက နတ်ဧကရာဇ်ကို အော်ဟစ်နေကြသည်။
သူတို့က စွမ်းအားကုန်သုံးပြီး ကြိုးစားရုန်းကန်နေကြ၏။ သူတို့က နတ်ဧကရာဇ်၏ ရုတ်ချည်း ထိန်းချုပ်မှုဆီမှ လွတ်မြောက်လိုသကဲ့သို့ ဖြစ်သည်။
သူက ရုန်းကန်နေရင်း နတ်ဧကရာဇ်၏ မီးတောက်ထဲရှိ အပြာရောင်မီးတောက်က မှေးမှိန်သွားလေသည်။ သူ့ညာဖက်လက်ကလည်း အလျင်အမြန် ခြောက်ကပ်လာ၏။
သို့သော်လည်း နတ်ဧကရာဇ်၏ အမူအရာက နဂိုအတိုင်းသာ ဖြစ်၏။ သူက ထိုင်ခုံပေါ်တွင် ဆက်လက် ထိုင်နေသေးပြီး သူ့ခရမ်းရောင်ဝတ်ရုံက အနည်းငယ် လွင့်နေသည်။ သူ့ဆံပင်အရှည်ကလည်း လေနှင့်အတူ ကခုန်နေလျက် ရှိ၏။ သူ့မျက်ဝန်းထဲရှိ အပြာရောင်မီးတောက်က ဆက်လက် မှေးမှိန်နေသော်လည်း သူတို့က လောင်ကျွမ်းနေဆဲသာ ဖြစ်သည်။ သူ့ဘေးပတ်ဝန်းကျင်တွင် ရှိနေသည့် မြူခိုးက သက်ရောက်ခံလိုက်ရသည့်အလား တချို့တစ်ဝက်က နေရာမှ မောင်းထုတ်ခံလိုက်ရသည်။
မြူခိုးကို မောင်းထုတ်ခံလိုက်ရသည့်အချိန် နတ်ဧကရာဇ်က ပိုမိုအခြေအနေကောင်းသွားဟန်ပေါ်၏။ သူက မျက်မှောင်အသာကြုတ်ပြီး ဝမ်ပေါင်လဲ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ငါက သူမကို အချိန်အတိုပဲ ပိတ်လှောင်ထားနိုင်မှာ။ ငါ ချုပ်နှောင်ခံထားရတယ်ဆိုရင်တောင် ဒီတစ်ကြိမ် သူမကို သတ်နိုင်မှာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် အလိုဆန္ဒဆိုတာက ထာဝရတည်ရှိတဲ့အရာမျိုးလေ”
“အဲဒီအချိန်အတွင်းမှာ ငါ့နဲ့ စကားပြောပေးလို့ရမလား” နတ်ဧကရာဇ်က ဝမ်ပေါင်လဲ့အား အလေးအနက် စိုက်ကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့က ဘာမှမပြောပေ။ သူက ရုန်းကန်နေသည့် အလိုဆန္ဒနှင့် နတ်ဧကရာဇ်ကိုသာ ကြည့်လိုက်၏။ ခဏအကြာတွင် သူက ခေါင်းညိတ်လိုက်သည်။
ဝမ်ပေါင်လဲ့ ခေါင်းညိတ်သည်ကို မြင်တွေ့ပြီးသည့်နောက်တွင် နတ်ဧကရာဇ်က ပြုံးလိုက်သည်။ သူ့အပြုံးက ပျော်ရွှင်မှုနှင့် ပြန်လည်တွေးတောမှုတို့ ကိန်းအောင်းနေလေ၏။
“အပြင်ဘက်လောကကြီးက အရမ်းလှလား”
“မဆိုးပါဘူး” ဝမ်ပေါင်လဲ့က တီးတိုးပြောလိုက်သည်။
“မဆိုးဘူးတဲ့လား” နတ်ဧကရာဇ်က ရေရွတ်လိုက်၏။ သူ့မျက်ဝန်းထဲရှိ အပြာရောင်မီးတောက်က ပိုမိုမှေးမှိန်လာသည်။
“မင်းဘေးနားမှာ အဖော်ပြုပေးတဲ့ တစ်စုံတစ်ယောက်ရှိတာ ဘယ်လိုခံစားရတုန်း။ မင်းကို ဂရုစိုက်ပေးမဲ့သူတစ်ယောက်ပေါ့” သူက ထပ်မေးလိုက်သည်။
ဝမ်ပေါင်လဲ့က တစ်စုံတစ်ခုကို တွေးမိကာ ပြန်ဖြေလိုက်၏။
“အဲဒီခံစားချက်က အသက်ရှင်နေသေးတယ်ဆိုတာမျိုး ခံစားမိစေတယ်။ ဆက်ပြီးတော့လည်း အသက်ရှင်ချင်တယ်”
နတ်ဧကရာဇ်က ဘာမှမပြောတော့ပေ။ သူက စဉ်းစားနေဟန်ပေါ်၏။ ခဏအကြာတွင် သူက တီးတိုးပြောလာခဲ့သည်။
“ဒီနှစ်တွေတစ်လျှောက်မှာ မင်း ပျော်ခဲ့လား”
ဝမ်ပေါင်လဲ့က ဘာမှမပြောပေ။
ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားလေ၏။ ကြားနိုင်သည့် တစ်ခုတည်းသောအရာက အလိုဆန္ဒဆီမှ ရုန်းကန်မှုနှင့် အော်သံများသာ ဖြစ်သည်။
နတ်ဧကရာဇ်က ဝမ်ပေါင်လဲ့၏ အဖြေကို စောင့်ဆိုင်းနေလေ၏။ အမှန်တော့ သူက နိုးထသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ အစောလေး ဝမ်ပေါင်လဲ့နှင့် လိုအင်ဆန္ဒ တိုက်ခိုက်နေကတည်းက ပေါ်ထွက်လာသည့် အလင်းပြောက်များသည် သူ့အား နိုးထလာစေခဲ့သည်။
ထိုစွမ်းအားကြောင့် နတ်ဧကရာဇ်သည် အိပ်စက်နေရာမှ နိုးထလာခြင်း ဖြစ်၏။ သို့သော်လည်း သူက အင်မတန်အားနည်းလွန်းလှသည်။ သူ နိုးထလာလျှင်ပင် သူ့ကိုယ်ထဲမှ နောက်ဆုံးသော နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးဖို့ အချိန်လိုအပ်နေဆဲသာ ဖြစ်၏။ ထို့ကြောင့် အလိုဆန္ဒ၏ ဖိနှိပ်မှုအောက်တွင် သူက အိပ်စက်ချင်ယောင်ဆောင်ခဲ့ခြင်း ဖြစ်၏။
တစ်ချိန်တည်းဆိုသလို သူက ဆုံးဖြတ်ချက်တစ်ခုကို တွေးတောရင်း တုံ့ဆိုင်းနေမိသည်။
အလိုဆန္ဒက ဝမ်ပေါင်လဲ့ကို ပူးကပ်ဖို့ ကြိုးစားသည့်အခါ နတ်ဧကရာဇ်၏ တုံ့ဆိုင်းမှုကို စတင်ဝေဝါးလာသည်။ ဆုံးဖြတ်ချက် ပိုမိုရှင်းလင်းလာခဲ့၏။ ထို့ကြောင့် သူက အလိုဆန္ဒကို ရွေးချယ်ဖို့ ချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူက အလိုဆန္ဒကို ရွေးချယ်ဖို့ ချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူက မေးခွန်းသုံးခုကို မေးခဲ့လေ၏။
ထိုမေးခွန်းသုံးခုက သူ့ဆုံးဖြတ်ချက်အတွက် အင်မတန် အရေးကြီးလှသည်။
ဝမ်ပေါင်လဲ့က အလေးအနက် စဉ်းစားပြီး နတ်ဧကရာဇ်ကို ကြည့်ကာ ပြောလိုက်သည်။
“ကျုပ် ပျော်လည်း ပျော်တယ်။ မပျော်လည်း မပျော်ဘူး။ ဒါပေမဲ့ အဆုံးသတ်မှာတော့ အနာဂတ်အကြောင်း သိချင်နေတုန်းပဲ”
“အနာဂတ်ကို စောင့်မျှော်နေမိတယ်တဲ့လား” နတ်ဧကရာဇ်က ရေရွတ်လိုက်သည်။ သူ့မျက်ဝန်းထဲရှိ အပြာရောင်မီးတောက်က ပိုမိုမှေးမှိန်လာ၏။ သို့သော် သူတို့ကြားတွင် အလင်းတစ်ခုကို မြင်တွေ့နိုင်သည်။ ထို့နောက် ပိုမိုတောက်ပလာလေ၏။
“ငါ့လမ်းစဉ်ကို မလျှောက်လှမ်းနိုင်မှတော့ မင်းလမ်းစဉ်ကိုတော့ လျှောက်လှမ်းနိုင်ရမယ်”
“အဆုံးသတ်မှာ ငါတို့ထဲက တစ်ယောက်က သူ့ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းဖို့ လိုအပ်နေတုန်းပဲလေ”
နတ်ဧကရာဇ်က ရုတ်တရက် ထရယ်မောလိုက်သည်။ သူ့ရယ်မောသံက ပိုမိုကျယ်လောင်လာကာ ခန်းမတစ်လျှောက် ပဲ့တင်ထွက်သွားလေ၏။ သူ့မျက်ဝန်းထဲရှိ အလင်းရောင်က နေမင်းသဖွယ် ဖြစ်ကာ အဆုံးစွန်မဲ့အလင်းရောင်ဖြင့် တောက်ပနေသည်။
“အလိုဆန္ဒ” နတ်ဧကရာဇ်က အော်ပြောလိုက်သည်။ သူက ဘယ်ဖက်လက်ကို အောက်ချလိုက်ပြီး ထရပ်လိုက်သည်။ သူက မီးစာကုန်တော့မည့် ဖယောင်းတိုင်သဖွယ် ဖြစ်နေလျှင်ပင် သူ့မာနကို ထိန်းလိုဆဲသာ ဖြစ်၏။
သူ သေဆုံးသွားလျှင်ပင် သူက အရာအားလုံးကို ရင်ဆိုင်လိုဆဲသာ ဖြစ်သည်။
“အရင်ဘဝက သေဆုံးမှုက မင်းက တိုက်ရိုက်မပတ်သက်နေပေမဲ့ မှတ်ဉာဏ်တချို့ကို မူတည်ပြီးတော့ မင်းက တစ်နည်းနည်းနဲ့ ပတ်သက်နေတယ်ဆိုတာကို သိတယ်။ ငါ အတိတ်ဘဝက ဘယ်သူလဲဆိုတာက လက်ရှိမှာ အရေးမကြီးတော့ဘူး။ ဒါပေမဲ့ ငါက နတ်ဧကရာဇ် … ဒီစကြဝဠာရဲ့ ပထမဦးဆုံး မွေးဖွားလာတဲ့သက်ရှိပဲ။ ငါက လူမှုအဖွဲ့အစည်းများစွာက နတ်ဘုရားအဖြစ် ကိုးကွယ်ခံရတဲ့ တည်ရှိမှုပဲ။ ငါက ရှုံးနိမ့်လို့ရတယ်။ ငါ့ကိုယ်ငါပဲ ရှုံးနိမ့်လို့ရမှာ”
နတ်ဧကရာဇ်က ရုန်းကန်ထားရင်း သူ့မျက်ဝန်းထဲရှိ အလင်းရောင်က ပိုမိုတောက်ပလာသည်။ သူက လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့လက်ကို လက်ညှိုးထိုးလိုက်သည်။
“ဝမ်ပေါင်လဲ့ မင်းက ငါ့တကယ့်သွင်ပြင်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ မင်းက ငါ့နေရာမှာ ငါ့ကိုယ်စား လျှောက်လှမ်းရမှာပဲ။ မင်းက ငါ့ကိုယ်စား ပျော်ရွှင်မှုတွေ တွေ့ကြုံခံစားရမယ်။ အဲဒီအတွက် စောင့်မျှော်နေလိုက်”
ထိုသို့ပြောပြီးသည့်နောက် နတ်ဧကရာဇ်က အားပါးတရ ရယ်မောလိုက်သည်။ သူ့မျက်ဝန်းထဲရှိ အပြာရောင်မီးတောက်က ရုတ်ချည်းဆိုသလို ပေါက်ထွက်လာကာ မျက်နှာ၊ လည်ပင်း၊ အပေါ်ပိုင်းခန္ဓာနှင့် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။
သူ့ခန္ဓာကိုယ်က လောင်ကျွမ်းသွားသည့်အခါ သူ့နတ်ဘုရားဝိညာဉ်၊ ခန္ဓာကိုယ်နှင့် အရာအားလုံးက အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။ ထိုအရာက သူ့ရှေ့၌ အပြာရောင်သလင်းကျောက်အသွင် ပြောင်းလဲသွားကာ ဝမ်ပေါင်လဲ့ဆီ ဦးတည်သွားသည်။ ထိုအရာက နတ်ဧကရာဇ်၏ တစ်ဘဝလုံး ဖြစ်၏။
နတ်ဧကရာဇ်က ပြောခဲ့သည့်အတိုင်း သူက ရှုံးနိမ့်နိုင်သော်လည်း သူ့ကိုယ်၌သာ ရှုံးနိမ့်နိုင်သည်။ သူက ဤကမ္ဘာတွင်ရှိသည့် တခြားသူများက သူ့ကို ရှုံးနိမ့်အောင် လုပ်ဖို့ အရည်အချင်းပြည့်မှီလိမ့်မည်ဟု မယုံပေ။
ထို့ကြောင့် သူ ကျရှုံးသွားသောကြောင့် ဝမ်ပေါင်လဲ့ကို ကူညီဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သူက သူ့ကိုယ်သူ စတေးကာ တစ်ဖက်သူ၏ ဘဝကို ပြီးပြည့်စုံအောင် ကူညီပေးခဲ့ခြင်း ဖြစ်သည်။
“မင်းက အနာဂတ်ကို လျှောက်လှမ်းလိုမှတော့ ဆက်လက်လျှောက်လှမ်း။ မင်းက မင်းမိတ်ဆွေတွေနဲ့ တခြားသူကို ကာကွယ်ချင်တယ်ဆိုရင် ကာကွယ်။
အတိတ်ဘဝက အဆက်အသွယ်တွေအားလုံးကို ဖြတ်တောက်ပြီး ကိုယ်ပိုင်လမ်းစဉ်ကို ထိုးဖောက်ချင်တယ်ဆိုလည်း အဆက်အသွယ်တွေ အားလုံးကို ဖြတ်လိုက်။ အခုကစပြီး မင်းက ဘာမှမပတ်သက်ဘူး။ မင်းက နတ်ဧကရာဇ်နဲ့ မပတ်သက်ဘူး။ မင်းက မင်းပဲ”
နတ်ဧကရာဇ်၏ ရယ်သံက ကောင်းကင်ကိုပင် လှုပ်ခတ်သွားစေသည်။ အပြာရောင်သလင်းကျောက် ထွက်ပေါ်လာသည့်အခါ သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပြာအဖြစ် ပြောင်းလဲသွားခဲ့၏။
ထိုအပြာမှုန့်များက ဖြည်းဖြည်းချင်း လွင့်ပြယ်သွားလေသည်။
အခုမှစ၍ လမ်းစဉ်သုံးခု၊ ဘဝသုံးခုကြား ငါ ဆိုတာ မရှိတော့ပါလေ …