ပင်မခန္ဓာ
Vol. 104 Ch. 1441
စကြဝဠာကြီးထဲ ပထမဆုံးမွေးဖွားလာသည့် သက်ရှိအနေဖြင့် သူ့ပျောက်ကွယ်သွားမှုက မူလစကြဝဠာနေရာတစ်လျှောက် ရုပ်ထုဆီမှ ဝမ်းနည်းမှု လှိုင်းလုံးများက ချက်ချင်းဆိုသလို ပဲ့တင်ထွက်ကာ ပျံ့နှံ့လာသည်။
ပထမကမ္ဘာတွင်ရောက်နေကြသည့် စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒမြို့သခင်များကလည်း တုန်လှုပ်သွားကြ၏။ သူတို့စိတ်နှလုံးသားထဲမှ မဖော်ပြနိုင်ဖွယ် ဝမ်းနည်းမှုတို့ ကြီးစိုးကြလေသည်။
ထိုဝမ်းနည်းမှုက နတ်ဧကရာဇ်အပေါ်ထားရှိသည့် သူတို့၏ အမုန်းတရားနှင့် ဘာမှမပတ်သက်ပေ။ ထိုအရာက သူတို့ထံ အတင်းအကြပ် ပေါင်းစည်းသွားသကဲ့သို့သာ ဖြစ်၏။ သူတို့သာမကသေးဘဲ စကြဝဠာရှိ ဒုတိယကမ္ဘာ၌ သက်ရှိအားလုံးနှင့် တတိယကမ္ဘာတွင် မြှုပ်နှံခံထားရသည့် သက်ရှိအားလုံးကလည်း တူညီစွာ ခံစားလိုက်ရသည်။ တကယ်တော့ ဝမ်းနည်းမှုက မူလစကြဝဠာတာအိုနေရာကို ထိုးဖောက်ကာ ပြင်ပလောကအထိ ပျံ့နှံ့သွားလေသည်။ မျက်စိတစ်မှိတ်အတွင်း ထိုအရာက စကြဝဠာတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားကာ လူမှုအဖွဲ့အစည်းနှင့် ဂြိုလ်များစွာစီ စိမ့်ဝင်သွားသည်။
ဤစကြဝဠာကြီးတွင် မွေးဖွားလာသရွေ့ ကျင့်ကြံဆင့်က မည်သို့ပင်ဖြစ်စေကာမူ လူအားလုံးက ထိုအခိုက်အတန့်၌ သူတို့၏ စိတ်နှလုံးသားထဲ ဝမ်းနည်းမှု ပေါ်ထွက်လာကြသည်။
အကြောင်းအရင်းကမူ ဤသည်က သက်ရှိအားလုံး၏ ဝမ်းနည်းမှုမဟုတ်ဘဲ စကြဝဠာကြီး၏ ဝမ်းနည်းမှု ဖြစ်၏။
နတ်ဧကရာဇ်နှင့် စကြဝဠာကြီးတို့၏ ဆက်ဆံရေးက ရှုပ်ထွေးသော်လည်း ဝမ်းနည်းမှုက ပျံ့နှံ့နေဆဲသာဖြစ်သည်။ ထိုအရာက အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်သွားခြင်း မရှိပေ။ တစ်ချိန်တည်းဆိုသလို မူလစကြဝဠာတာအိုနေရာရှိ ပထမကမ္ဘာထဲ နန်းဆောင်ထဲ၌ အပြာရောင်သလင်းကျောက်က ဝမ်ပေါင်လဲ့ဆီ ချဉ်းကပ်ကာ မျက်ခုံးကြား ဝင်ရောက်သွားသည်။
ဤသည်က ပေါင်းစည်းမှု စတင်ပြီ ဖြစ်၏။
နတ်ဧကရာဇ်က များစွာ သယ်ဆောင်ထားသည်။ ဝမ်ပေါင်လဲ့နှင့် နတ်ဧကရာဇ်တို့က တူညီသည့် ဇစ်မြစ် ရှိကြသော်လည်း ပေါင်းစည်းမှုက အလျင်အမြန် မပြီးမြောက်နိုင်ပေ။ အချိန်တစ်ခုယူရဦးမည်သာ ဖြစ်၏။
သို့သော်လည်း ထိုအခိုက်အတန့်၌ အချိန်က ဝမ်ပေါင်လဲ့ အလိုအပ်ဆုံးအရာ ဖြစ်နေပြန်သည်။
အကြောင်းအရင်းကမူ နတ်ဧကရာဇ် ပျောက်ကွယ်သွားသည့်အခိုက်တန့် ချုပ်နှောင်ခံထားရသည့် အလိုဆန္ဒက အနက်ရောင်အခိုးအငွေ့နှင့်အတူ ထွက်ပေါ်လာသည်။ ထိုအရာက မျက်နှာ၆ခုအသွင် ပြောင်းလဲသွားလေ၏။ သူတို့က အင်မတန် ကြမ်းတမ်းခက်ထန်နေသည်။ သူတို့က လှေကားအထက်ရှိ ပလ္လင်မှ နတ်ဧကရာဇ်ကို ဖိနှိပ်ထားဖို့ အသုံးပြုသည့် မြူခိုးများကိုလည်း ပြန်လည်ရုတ်သိမ်းခဲ့သည်။ အားလုံး အတူတကွ ပေါင်းစည်းပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့ဆီ ဦးတည်လာလေ၏။
“နတ်ဧကရာဇ်က သေဆုံးသွားပြီဆိုပေမဲ့ မင်းက ရှိနေသေးတယ်။ မင်းကို ထိန်းချုပ်ရင်လည်း အတူတူပဲ”
ကွဲပြားသည့် အသံ၆ခုက မျက်နှာ ၆ခုမှ ထွက်ပေါ်လာသည်။ ထိုအသံများ ပေါင်းစည်းသွားသည့်အခါ သူတို့က အထီးလား၊ အမလား၊ လူအိုလား လူရွယ်လား ပြောဖို့ရာ မဖြစ်နိုင်ပေ။ သို့သော်လည်း ထိုအရာက အင်မတန် ထူးဆန်းကာ အားကောင်းလှ၏။ ထိုအရာက ဝမ်ပေါင်လဲ့မျက်ခုံးကြားရှိ အပြာရောင်သလင်းကျောက်ကိုပင် အနည်းငယ် သက်ရောက်သွားစေသည်။
ထိုအရာက ဝမ်ပေါင်လဲ့ဆီ ခုန်အုပ်လာရင်း ဧရာမပါးစပ်ကြီးအသွင်ပြောင်းလဲကာ ဝမ်ပေါင်လဲ့ကို ဝါးမျိုဖို့ ကြိုးစားလာသည်။ ထိုအရာက အင်မတန် အားကောင်းလွန်းသည့်အတွက် အရာအားလုံးကိုပင် လှုပ်ခတ်ပစ်နိုင်စွမ်းရှိဟန်ပေါ်၏။ မြူခိုးထဲတွင်ရှိသည့် မျက်နှာ၆ခုက လိုအင်ဆန္ဒ၆ခုကို ကိုယ်စားပြုပြီး အဆုံးမဲ့စွမ်းအားတို့ ထုတ်လွှတ်နေလျက် ရှိသည်။
ထိုအရာ၏ အရှိန်ကလည်း အံ့မခန်းဖြစ်ပြီး တဖြည်းဖြည်း နီးကပ်လာ၏။ မျက်စိတစ်မှိတ်အတွင်း ထိုအရာက ဝမ်ပေါင်လဲ့ရှေ့မှောက် ရောက်ရှိလာသည်။ ထိုအရာက ဝမ်ပေါင်လဲ့ကို ဝါးမျိုတော့မည့်ဆဲဆဲတွင် ဝမ်ပေါင်လဲ့က ရုတ်တရက် မျက်လုံးဖွင့်လာပြီး အေးစက်စက် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွား၏။
“ကောင်းကင်လျှောက်လှမ်းခြင်း” ဝမ်ပေါင်လဲ့၏ ပါးစပ်မှ ထိုစကား ထွက်ပေါ်လာသည့်အချိန် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ ကမ္ဘာမြေတုန်လုမတတ် ကျင့်ကြံဆင့်မျိုး ပေါက်ထွက်လာသည်။
ဝုန်း ဝုန်း ဝုန်း
ထိုအသံက ခန်းမ၊ ရုပ်ထုနှင့် ပြင်ပလောကကိုပင် လှုပ်ခတ်သွားစေ၏။ တစ်ချိန်တည်းဆိုသလို ဧရာမကျောက်တံတားကြီးက ဝမ်ပေါင်လဲ့အနောက်ဖက်တွင် ပေါ်ထွက်လာသည်။
ဤသည်က ကောင်းကင်လျှောက်လှမ်းတံတား ဖြစ်၏။
ကောင်းကင်လျှောက်လှမ်းတံတား ထွက်ပေါ်လာသည့်အခါ ထိုအရာမှ ထွက်ပေါ်လာသည့် စွမ်းအားများက ခန်းမကို ဖျက်ဆီးပစ်လိုက်သည်။ သူတို့ရပ်နေသည့် ရုပ်ထုကလည်း အပိုင်းပိုင်းအစစ ဖြစ်သွားလေ၏။ ဝမ်ပေါင်လဲ့နှင့် အလိုဆန္ဒတို့က ပြင်ပလောက၌ ထွက်ပေါ်လာကြသည်။
ဝမ်ပေါင်လဲ့၏ အရှိန်အဝါက ထွက်ပေါ်နေဆဲသာ ဖြစ်၏။ ယခင်အားနည်းနေရာမှ ပဉ္စမအဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထို့နောက် ဆဌမအဆင့်ထိပါ ရောက်ရှိသွားလေ၏။
သူက မိုးမြေကြားတွင် ရပ်တန့်ရင်း သူ့အရှိန်အဝါက အားလုံးကို ဖိနှိပ်ထားနိုင်စွမ်း ရှိသည်။
အလိုဆန္ဒအတွက်မူ မြူခိုးများက အပြင်းအထန် လှုပ်ခတ်နေလေ၏။ မျက်နှာ၆ခုကလည်း မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေလေသည်။ သူတို့က ပြိုင်တူပြောလိုက်ကြ၏။
“မင်းက ကိုယ်ပွား မဟုတ်ဘူး”
“ကျုပ်က တကယ်ကို ကိုယ်ပွား မဟုတ်ဘူး” ကောင်းကင်ယံတွင် ရပ်နေရင်း ဝမ်ပေါင်လဲ့က အလိုဆန္ဒကို ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။
သူက လိမ်ညာနေခြင်း မဟုတ်ပေ။ သူက တကယ့်ကိုယ်ပွားတစ်ယောက် မဟုတ်ပေ။ တကယ်တော့ အထက်ကမ္ဘာကို တံခါးမဖွင့်ခင် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားက သူ့ပင်မခန္ဓာကိုယ်ရှိရာ ကန္တာရထဲ ရောက်လာခဲ့သည်။
ထိုနေရာတွင် ကိုယ်ပွားက ပင်မခန္ဓာနှင့် တွေ့ဆုံပြီး သုံးရက်တာ စကားပြောဆိုခဲ့ကြ၏။
သူတို့ထွက်လာသည့်အခါ အပြင်လျှောက်လာသည့်သူက ကိုယ်ပွား မဟုတ်တော့ဘဲ ပင်မခန္ဓာ ဖြစ်နေခဲ့၏။
သူ ထွက်လာသည့်အခါ အထက်ကမ္ဘာတံခါးကို ဖွင့်လှစ်ခဲ့ပြီး အလိုဆန္ဒ၆ပါး စမ်းသပ်ချက်ကို ဖြတ်ကျော်ခဲ့ကာ နတ်ဧကရာဇ်နှင့် တွေ့ဆုံပြီး အလိုဆန္ဒနှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့က သူ့ပင်မခန္ဓာကိုယ်မှ စွမ်းအားကို ပြသထားခြင်း မရှိပေ။ သူက ကိုယ်ပွားပေးထားသည့် လိုအင်ဆန္ဒစည်းမျဉ်းများကိုသာ အသုံးပြုခဲ့၏။
ဤသည်က ပြောင်းပြန်လှန်ဖို့ ခက်ခဲသည့် အနေအထားတစ်ခု ဖြစ်ပျက်လာသည်ကို ကာကွယ်ဖို့ရာအတွက်သာ ဖြစ်၏။
နမူနာအနေဖြင့် ယခုအခိုက်အတန့် ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့၏ အကြည့်က တောက်ပနေလျက် ရှိ၏။ သူ့ကျင့်ကြံဆင့်တို့က ထွက်ပေါ်လာသည့်အခါ မျက်ခုံးကြားရှိ အပြာရောင်သလင်းကျောက်က စုပ်ယူမှုနှင့် ပေါင်းစည်းမှုကို အရှိန်မြှင့်တင်လာပြီး သူ့အရှိန်အဝါက အံ့မခန်း မြင့်တက်လာသည်။
အလိုဆန္ဒအတွက်မူ သူမက အော်ဟစ်လိုက်သည်။ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားတစ်ယောက် မဟုတ်ပေ။ ဤသည်က သူမ၏ မှန်းဆချက်ထက် ကျော်လွန်နေ၏။ ဤသည်က ဝမ်ပေါင်လဲ့အပေါ် နားလည်နိုင်စွမ်းကင်းမဲ့မှုနှင့် သက်ဆိုင်နေသည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ အလိုဆန္ဒ၏ အမူအရာက ပိုမိုခက်ထန်လာလေသည်။
“မင်းက ကိုယ်ပွား မဟုတ်တော့လည်း ဘာဖြစ်လဲ။ အဆုံးသတ်မှာ မင်းက အဲဒီလူရဲ့ နတ်ဘုရားအသိစိတ်ကနေ ဖွဲ့စည်းထားတဲ့အရာလေ။ အဆုံးသတ်မှာ မင်းက ကိုယ်ပွားတစ်ခုပဲ”
“အရင်တုန်းက မင်းရဲ့ နဂိုခန္ဓာကိုယ်ကိုတောင် သတ်နိုင်ခဲ့သေးတာပဲ။ ဒီနေ့လည်း အတူတူပဲ” အလိုဆန္ဒက စူးစူးရှရှ အော်ဟစ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်က လှုပ်ခတ်သွားပြီး မြူခိုးများကလည်း ထွက်ပေါ်လာသည်။ ထိုအရာက အံ့မခန်းမြင်ကွင်းတစ်ခုဖြစ်ကာ ကောင်းကင်ယံကိုပင် လွှမ်းခြုံသွားလေ၏။ ထိုအခိုက်အတန့်၌ ကောင်းကင်ချီက မဲမှောင်သွားပြီး ဧရာမပါးစပ်ကြီးအသွင်ပြောင်းလဲသွားကာ ဝမ်ပေါင်လဲ့ကို စတင်ဝါးမျိုလာသည်။
ပြောရမည်ဆိုလျှင် ကောင်းကင်က မြေကြီးကို ဝါးမျိုနေသကဲ့သို့ ဖြစ်၏။
ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်လိုက်သည်။ သူက အလင်းပျောက်ကွယ်သွားမှုကြောင့် မဲပိတ်နေသည့် ကုန်းမြေကို ကြည့်လိုက်၏။ သူက သူ့ဘေးပတ်ဝန်းကျင်တွင်ရှိနေသည့် အဆုံးသတ်လေဟာနယ်ကို ကြည့်ကာ ညာဖက်လက်ကိုမြှောက်လိုက်စဉ် သူ့အနောက်ဖက်တွင်ရှိသည့် ကောင်းကင်တံတားက လှုပ်ခတ်သွားလေသည်။
“ချန်ယဲ့ပညာရပ်” ချန်ယဲ့ပညာရပ်၏ စွမ်းအား ထွက်ပေါ်လာခဲ့သည်။
ဝမ်ပေါင်လဲ့၏ ချန်ယဲ့ပညာရပ်က အိပ်မက်ဆိုးမျက်လုံးပညာရပ်နှင့် သတ်ဖြတ်ရေးပညာရပ်တို့ကို ပေါင်းစည်းထားခြင်း ဖြစ်၏။ ထို့နောက် ကောင်းကင်လျှောက်လှမ်းတံတားကို လျှောက်လှမ်းခြင်းဖြင့် ပြီးပြည့်စုံစေခဲ့သည်။ သူ့ကျင့်ကြံဆင့်၏ အထောက်အပံ့ဖြင့် အထွတ်အထိပ်သို့ ရောက်ရှိသွားလေ၏။
ထိုအခိုက်အတန့်၌ ကမ္ဘာကြီးတစ်ခုလုံးက မဲမှောင်နေသည်။ အလင်းရောင်ဟူ၍ မရှိပေ။ အားလုံးက ထိုအတိုင်းသာ ဖြစ်၏။
မဲမှောင်နေသည့် ကမ္ဘာကြီးထဲတွင် ဝမ်ပေါင်လဲ့ကို ဗဟိုပြုလျက် အလင်းရောင်စတင်ထွက်ပေါ်လာသည်။
ကမ္ဘာကြီးက ပင်လယ်ကြီးနှင့်တူလျှင် ဤသည်က ပင်လယ်ကြီးအပေါ်ဖြာကျသည့် ပထမဦးဆုံးအလင်းရောင် ဖြစ်၏။
အကယ်၍ ကမ္ဘာကြီးက ကမ္ဘာမြေနှင့်တူလျှင် ဤသည်က ပထမဦးဆုံး မိုးသောက်ယံအလင်းတန်း ဖြစ်ပေသည်။
အကယ်၍ ကမ္ဘာကြီးက ဘာနှင့်မှမတူလျှင် ဤသည်က စကြဝဠာတစ်ခုလုံး၏ ပထမဦးဆုံး အလင်းတန်း ဖြစ်လိမ့်မည်။
ထိုအလင်းတန်း ပေါ်ထွက်လာသည့်အခါ အမှောင်ထုက ပြိုကွဲသွား၏။ ကမ္ဘာကြီးက လှုပ်ခတ်ကာ တုန်ခါသွားခဲ့သည်။ အလင်းရောင်အောက်တွင် အမှောင်ထုက နစ်မြုပ်သွားလေ၏။
ထို့နောက် ဒုတိယအလင်းတန်း၊ တတိယအလင်းတန်းစသည်ဖြင့် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာလေသည်။
အဆုံးမဲ့စွမ်းအားနှင့် ဆုံးဖြတ်ချက်အောက်တွင် ထိုအရာက အမှောင်ထုထဲ ပေါက်ထွက်လာခဲ့သည်။ အလင်းတန်းများစွာအောက်တွင် အနက်ရောင်မြူခိုး၏ လှုပ်ခတ်မှုဖြင့် ဝမ်ပေါင်လဲ့က နေမင်းသဖွယ် ပြောင်းလဲသွားလေ၏။
ကမ္ဘာထဲတွင်ရှိသည့် အမှောင်ထုက ချက်ချင်းဆိုသလို ပျက်ယွင်းသွားခဲ့သည်။ အလင်းတန်းရောက်ရှိသည့်နေရာတိုင်း အမှောင်ထုက ပျောက်ကွယ်သွားရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
ကောင်းကင်ယံရှိ အနက်ရောင်မြူခိုးက စတင်လှုပ်ခတ်လာသည်။ ထိုအရာက နှင်းပွင့်များအရည်ပျော်ကျသကဲ့သို့ ဖြစ်ကာ မျက်နှာများ ပြန်လည်ပေါ်ထွက်လာသည်။ သူတို့က နေမင်းကြောင့် လောင်ကျွမ်းခံလိုက်ရသလိုမျိုး ဖြစ်၏။ သူတို့က စူးစူးရှရှအော်ဟစ်နေကြသည်။
“အဲဒီမှော်စွမ်းအားလား”