← Chapters

မင်းပဲ

Vol. 104 Ch. 1449

မင်းပဲ

Vol. 104 Ch. 1449

ဝမ်ပေါင်လဲ့က သူ့ဘဝ၌ သူ့မိဘများ၊ ကျေးဇူးရှင်နှင့် ဆရာကလွဲ၍ ဘယ်သူ့ထံမှ ဒူးမထောက်ခဲ့ဖူးပေ။

သို့သော် ထိုအခိုက်အတန့်၌ သူက ထိုအနက်ဝတ်အမျိုးသားရှိရာထံ မျက်ရည်များ ကျဆင်းလာလျက် တိတ်တဆိတ် ဒူးထောက်လိုက်သည်။ သူက အဘယ်ကြောင့် ငိုနေမိမှန်း မသိပေ။ သူက လွတ်လပ်လို၏။ သူက ခွဲထုတ်ခံလိုက်ရသည့် နေ့ရက်ကတည်းက ထိုအရာကို စီစဉ်ထားခဲ့သည်။ သူက သူ့ကိုယ်သူ အပြီးတိုင် အမှီအခိုကင်းစေလိုသည်။

သူက စိတ်ခံစားချက်၇မျိုးနှင့် လိုအင်ဆန္ဒ၆ပါးကို ကျွမ်းကျင်ပြီး အထက်ကမ္ဘာရှိ ဂိတ်ပေါက်ကို မသွားခင်အထိသာ ဖြစ်၏။ သူက မူလစကြဝဠာတာအိုနေရာ၏ ဒုတိယကမ္ဘာရှိ သဲကန္တာရထဲ သွားခဲ့သည်။ ထိုနေရာက ပင်မခန္ဓာကိုယ် သီးသန့်ကျင့်ကြံနေသည့် နေရာတစ်ခု ဖြစ်၏။ ပထမဦးဆုံးအကြိမ်အနေဖြင့် သူက ပင်မခန္ဓာကိုယ်ရှေ့ အမှန်တကယ် လျှောက်လှမ်းသွားခဲ့သည်။ မူလက သူသည် ပင်မခန္ဓာကိုယ်နှင့် အပေးအယူပြုလုပ်လိုခြင်းသာ ဖြစ်၏။

သူက ပင်မခန္ဓာကိုယ်အတွက် အထက်ကမ္ဘာကို သွားလိုသည်။ သူက  သေခြင်းရှင်ခြင်းကို စွန့်စားလို၏။ ပင်မခန္ဓာကိုယ်၏ အနာဂတ်အတွက် တိုက်ခိုက်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။ သူက အရာအားလုံးကို လက်လျှော့လိုက်ပြီး သူ အောင်မြင်သည့်အခါ သူ့ပင်မခန္ဓာကိုယ်က သူနှင့် ကံဆက်နွယ်မှုကို ဖြတ်တောက်ပြီး သူ့ကို လွတ်လပ်ခွင့် ပေးဖို့ရာသာ မျှော်လင့်ထားမိသည်။

ထိုအခါမှသာ သူက သေဆုံးပိုင်ခွင့်ကို ထိန်းချုပ်နိုင်မည် ဖြစ်၏။

သေခြင်းတရားက ကြီးမားသည့် အခွင့်အရေးတစ်ခု ဖြစ်ပေသည်။ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်သည့်သူများကသာ အမှန်တကယ် လွတ်လပ်နိုင်ကြ၏။

ပင်မခန္ဓာကိုယ်က ထိုအရာကို သဘောတူညီခြင်း မရှိသလို ငြင်းဆန်ခြင်းလည်း မရှိပေ။ ဝမ်ပေါင်လဲ့က စိတ်ရှုပ်ထွေးနေစဉ် ထိုသူက သူ့အား ဖိနှိပ်ကာ စည်းတံဆိပ်လေးခုဖြင့် ဖိနှိပ်ခဲ့သည်။

ထို့နောက် သူ့ခန္ဓာကိုယ်မှ လိုအင်ဆန္ဒ စည်းမျဉ်းဥပဒေသ ၆ပါးကို ထုတ်ယူပြီး သီးသန့်ကျင့်ကြံရာမှ ထွက်ခွာသွားခဲ့၏။ ပင်မခန္ဓာကိုယ်က သဲကန္တာရထဲမှ ထွက်ခွာသွားခဲ့သည်။

ဝမ်ပေါင်လဲ့က စိတ်ရှုပ်ထွေးနေမိ၏။ သို့သော်လည်း စည်းတံဆိပ်အတွင်း သူ့အတွေးများက နှေးကွေးသွားပြီး ဖြည်းဖြည်းချင်း အိပ်စက်သွားတော့သည်။ ထိုအရာက သူ့နာမည်ခေါ်နေသည်ကို မကြားခင်အထိသာ ဖြစ်၏။ သူမျက်လုံးဖွင့်လာသည့်အခါ ပထမကမ္ဘာကနေ ပင်မခန္ဓာက သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

မူလခန္ဓာ၏ စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီးသည့်နောက်တွင် စည်းတံဆိပ်ချိုးဖောက်ပြီးသည့်နောက် သွေးချီနှင့် ကျင့်ကြံဆင့်တို့ ပေါင်းစည်းလာသည်ကိုပင် ခံစားမိလိုက်သည်။ ထို့အပြင် သူ့ဝိညာဉ်၏ အားဖြည့်မှုကိုပင် ခံစားမိလိုက်၏။ ထိုအရာအားလုံးက ဝမ်ပေါင်လဲ့အား တုန်ယင်သွားစေသည်။ ထိုအရာက ထိုစကားတစ်ခွန်းကို မကြားခင်အချိန်ထိသာ ဖြစ်၏။

“ဝမ်ပေါင်လဲ့ ဒီနာမည်ကို မင်းဆီ ပေးလိုက်ပြီ”

ထိုစကားက အမှတ်အသားတစ်ခု၊ စည်းတံဆိပ်တစ်ခုသဖွယ် ဖြစ်၏။ နာမည်က လူတစ်ယောက်၏ အမှတ်အသား ဖြစ်ပေသည်။ တချို့သောမျိုးနွယ်များတွင် ထိုအရာက အစစ်အမှန်စိတ်ဝိညာဉ် ဖြစ်ပြီး သေဆုံးပြီးသည့်နောက်တွင်ပင် ပျောက်ကွယ်သွားခြင်း မရှိပေ။ သို့သော် ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့၏ နာမည်က သူ့တကယ့်ကိုယ်မှ ဆွဲခွာခံလိုက်ရပြီး သူ့ဆီ ပေးလာလေသည်။

သူက ထိုနာမည်ကို လက်ခံရရှိလိုက်သည့်အခိုက်အတန့် ဝမ်ပေါင်လဲ့က အမှန်တကယ် လွတ်မြောက်သွားလေသည်။

ထိုအခိုက်အတန့် သူသည် အနက်ဝတ်အမျိုးသား သို့မဟုတ် နတ်ဧကရာဇ်နှင့် ကံဆက်နွယ်မှုဟူ၍ မရှိတော့ပေ။ ဆိုးသည့်အရာအားလုံးကို အနက်ဝတ်အမျိုးသားက ယူဆောင်သွားခဲ့ပြီး ကောင်းသည့်အရာအားလုံးကို သူ့ဆီ ချန်ထားခဲ့သည်။

ထိုသို့သော အရာမျိုးကြောင့် ဝမ်ပေါင်လဲ့က ပျော်ရွှင်သင့်ပေသည်။

သို့သော်လည်း ထိုအခိုက်အတန့်၌ သူ့စိတ်နှလုံးသားထဲ အဆုံးမဲ့ဝမ်းနည်းမှုတို့ကသာ ကြီးစိုးလာလေသည်။

ထိုဝမ်းနည်းမှုအလယ်တွင် ဝမ်ပေါင်လဲ့က ဒူးထောက်လိုက်ပြီး ကျောက်တောင်အလယ်တွင် တုန်တုန်ယင်ယင် ဖြစ်နေလေ၏။ အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သူ့အနောက်ဖက်မှ သက်ပြင်းချသံ ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်တစ်ခုက နွေးထွေးသည့်လက်ဖြင့် သူ့ပုခုံးကို အသာပုတ်လာခဲ့သည်။

“ပေါင်လဲ့ သူက လေးစားဖို့ ထိုက်တန်တဲ့သူပဲ။ သူ့ရွေးချယ်မှုကို အလကားမဖြစ်စေနဲ့”

သူ့အသံက ညင်သာပြီး နောင်တတရားတို့ ကိန်းအောင်းနေသည်။ ဝမ်ပေါင်လဲ့က ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ဝမ်ရီရီ၏ ဖခင်ဖြစ်သူက သူ့ဘေးတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

“လူကြီးမင်း”

“လာ သွားကြစို့။ ငါနဲ့ ထာဝရကြယ်စင်ကုန်းမြေဆီ ပြန်လိုက်ခဲ့။ ရီရီက မင်းကို စောင့်နေတုန်းပဲ။ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးကလည်း မင်းကို စောင့်နေတုန်းပဲ” ဝမ်ရီရီ၏ ဖခင်ဖြစ်သူက ခေါင်းယမ်းကာ အဝေးတစ်နေရာရှိ ကောင်းကင်ယံထဲ လျှောက်လှမ်းသွားလိုက်သည်။

တောင်ထိပ်ပေါ်တွင်ရှိနေသည့် ဝမ်ပေါင်လဲ့က အချိန်အတော်ကြာ တိတ်ဆိတ်နေမိ၏။ သူက အနက်ဝတ်အမျိုးသား ပျောက်ကွယ်သွားသည့် နေရာကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ဝမ်ရီရီ၏ ဖခင်ဖြစ်သူနောက် လိုက်ပါသွားလေသည်။

ဤသို့ဖြင့် အချိန်က ကုန်လွန်သွားလေ၏။

ဝမ်ပေါင်လဲ့ မျက်ဝန်းရှေ့ အချိန်မြစ်ကြောင်း စီးဆင်းသွားလေ၏။ သူက ဝမ်ရီရီ၏ ဖခင်ဖြစ်သူနောက်မှလိုက်ကာ ထာဝရကြယ်စင်ကုန်းမြေဆီ ပြန်လည်ရောက်ရှိလာသည်။ သူ ထာဝရကြယ်စင်ကုန်းမြေကို ပြန်လည်ချေချလိုက်သည်နှင့် သူ့ကို စောင့်ဆိုင်းနေသည့် ဝမ်ရီရီကို မြင်လိုက်ရသည်။

သို့သော်လည်း ဝမ်ပေါင်လဲ့က ခေါင်းငုံ့ထားသည့်အတွက် ဝမ်ရီရီ၏ မျက်ဝန်းအထက် အံ့ဩမှုတို့ ဖြတ်ပြေးသွားလေသည်။ သူက သူမကို ရှောင်ဖို့ ကြိုးစားနေလေ၏။ တစ်စုံတစ်ယောက်က အချိန်သည် အရာအားလုံးကို ပြောင်းလဲပြီး ကုစားပေးနိုင်ကြောင်း ပြောထားသော်လည်း သူမကို ရှောင်နေမိသည်။

သို့သော်လည်း ဝမ်ပေါင်လဲ့အတွက်မူ ထိုအရာက တည်ရှိဟန်မပေါ်ပေ။ သူက ထာဝရကြယ်စင်ကုန်းမြေပေါ် ရောက်ကတည်းက နှစ် ၆၀စက်ဝန်းတစ်ခုက မသိလိုက်ဘဲ ကုန်လွန်သွားလေ၏။

ထိုနှစ်၆၀အတွင်း သူ့ကျင့်ကြံရေးက အနက်ဝတ်အမျိုးသားနှင့် ကံဆက်နွယ်မှု ဖြတ်တောက်ပြီးပြီဖြစ်ကာ ပြီးပြည့်စုံသည့် ဝိညာဉ်နှင့် သွေးချီကို ရရှိလာခဲ့သည်။ သူက မယုံနိုင်လောက်ဖွယ် အနေအထားတစ်ခုသို့ ရောက်ရှိလာလေ၏။

ထာဝရကြယ်စင်ကုန်းမြေတစ်ခုလုံးအနှံ့ ဝမ်ရီရီ၏ ဖခင်ဖြစ်သူကလွဲ၍ မည်သူကမှ ဝမ်ပေါင်လဲ့၏ လက်ရှိအနေအထားကို သိကြမည် မဟုတ်ပေ။ သူနှင့် သူ့တကယ့်အသွင်အကြောင်း ဇာတ်ကြောင်းများက ထိပ်တန်းလျှို့ဝှက်ချက်များသာ ဖြစ်၏။ စကြဝဠာတစ်ခုလုံးကြီးအနက် ထိုအကြောင်းကို သိသည့်သူတချို့သာ ရှိလေသည်။ သိသည့်သူများကလည်း တိတ်ဆိတ်လျက်သာ နေနေကြ၏။

ဝမ်ပေါင်လဲ့ဆီမှ ခပ်တန်းတန်းဖြစ်နေသည့် ဝမ်ရီရီကလည်း အကြောင်းအရင်းကို နားမလည်ခဲ့ပေ။ သူမက အလျင်လိုနေခြင်း မရှိဘဲ စောင့်ဆိုင်းနေ၏။

ပြောရလျှင် သူ့အတိတ်နှင့် ပစ္စုပ္ပန်တို့အတူ ရှိနေလေသည်။

သူမက ဆက်လက် စောင့်ဆိုင်းနေလေသည်။

ထိုဖယ်ခွာမှုက အချိန်အတော်ကြာမြင့်နေသော်လည်း သူမက အဖြေမရလျှင်ပင် ဝမ်ရီရီက ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင် တစ်စုံတစ်ခု ရှိနေကြောင်း ပြောနိုင်လေ၏။ မပျော်မရွှင်ဖြစ်နေသည့် အကြောင်းတချို့ရှိနေဟန်ပေါ်သည်။

သူမက မည်သို့နှစ်သိမ့်ပေးရမှန်း မသိသည့်အတွက် တိတ်တဆိတ်သာ စောင့်ကြည့်နေလိုက်သည်။

ဝမ်ပေါင်လဲ့က အမှန်ပင် မပျော်ရွှင်ပေ။ အချိန်ကုန်လွန်သွားသည့်အခါ သူက ဖြည်းဖြည်းချင်း လက်ခံလာနိုင်သည်ဟု ထင်ထားခဲ့မိသည်။ သို့သော်လည်း ဆယ်စုနှစ်များ ကုန်ဆုံးသွားသော်လည်း ထိုသို့မလုပ်နိုင်ခဲ့ပေ။

အချိန်က တိုတောင်းလွန်း၍ ဖြစ်နိုင်သည်။

ဝမ်ပေါင်လဲ့က ထာဝရကြယ်စင်ကုန်းမြေအပေါ်တွင် လျှောက်လှမ်းရင်း သူ့ဂိုဏ်းတူအစ်ကိုကြီး၏ မြို့ဆီ ရောက်ရှိလာကာ ခရီးသွားတည်းခိုဆောင်တစ်ခုအတွင်း ဝင်ရောက်ခဲ့သည်။

သူက ဤနေရာကို သဘောကျသည်မှာ သူ့ဂိုဏ်းတူအစ်ကိုကြီးက ဤနေရာတွင်ရှိနေ၍ ဖြစ်သည်။ ဂိုဏ်းတူအစ်ကိုကြီးအတွက် ဝမ်ပေါင်လဲ့၏ ခံစားချက်များ သူ့ဝိညာဉ်ထဲထိ ထိုးထွင်းထားလေ၏။

သူက ဤမြို့ကို သဘောကျသည်မှာ ဤနေရာလေး ရှိနေ၍ ဖြစ်သည်။ ဆန်အရက်အပြင် အအေးဖျော်ရည်တချို့ကိုပါ ရောင်းချနေ၏။ ပိုင်ရှင်က ထိုအရာကို ဝိညာဉ်ရေခဲရေဟု ခေါ်ဆိုသည်။

ဝမ်ပေါင်လဲ့က ထိုအရာသည် တိုက်ဆိုင်မှု မဟုတ်ကြောင်း သိထားလေ၏။ ထိုအရာက သူ့ဂိုဏ်းတူအစ်ကိုကြီးမှ စီစဉ်ထားခြင်းဖြစ်ကာ ဝိညာဉ်ရေခဲရေ၏ အရသာကလည်း ပြည်ထောင်စုကြီးနှင့် လုံးဝတူညီနေသည်။

ထိုတည်းခိုဆောင်အတွင်း ဝမ်ပေါင်လဲ့က ဆန်အရက်ကို မသောက်သုံးတော့ပေ။ ထိုအစား သူက ဝိညာဉ်ရေခဲရေကို သောက်သုံးခဲ့၏။ ထိုအရာက သေရည် မဟုတ်သော်လည်း သူက အချိန်တိုင်းဆိုသလို မူးဝေသွားလေ့ရှိသည်။

ဤတစ်ကြိမ်တွင်လည်း အတူတူသာ ဖြစ်၏။

စားပွဲဘေးတွင် ထိုင်နေရင်း လမ်းမထက်က မြင်ကွင်းများကို ကြည့်နေမိသည်။ ဝမ်ပေါင်လဲ့က အပြင်ဘက်ကို ကြည့်လိုက်ပြီး ဝိညာဉ်ရေခဲရေကို ပါးစပ်အပြည့် သောက်သုံးလိုက်၏။ သူ့မြင်ကွင်းများက စတင်ဝေဝါးလာသည်။ ကောင်းကင်ကြီးက မှောင်စပြုလာသည့်အချိန် လူငယ်လေးတစ်ဦးက ဝင်လာပြီး ဝမ်ပေါင်လဲ့ဘေးတွင် ဝင်ထိုင်လာ၏။

“ပေါင်လဲ့ ငါ မင်းကို ဒီနှစ်တွေအတွင်းမှာ သုံးကြိမ်တောင် မေးခဲ့ဖူးတယ်။ မင်း ပြန်လာပြီးတဲ့နောက်မှာ ဘာလို့ ဝမ်းနည်းနေရတာလဲ။ မင်း ငါ့ကို ခုထိ မဖြေရသေးဘူး” လူငယ်လေးက သေရည်ပုလင်းကို ထုတ်ကာ ပါးစပ်အပြည့် သောက်သုံးလိုက်သည်။ သူက စားပွဲပေါ်တင်ပြီးနောက်တွင် ဝမ်ပေါင်လဲ့ကို ကြည့်လိုက်၏။

ထိုလူငယ်လေးက သူ့ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းသာ ဖြစ်၏။

လွန်ခဲ့သည့်နှစ် ၂၀ခန့်က သူသည် မှတ်ဉာဏ်အားလုံးကို ပြန်လည်နိုးထလာလေသည်။

ဝမ်ပေါင်လဲ့က တိတ်ဆိတ်နေမိသည်။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် သူက ချန်ရှင်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် သူက ရုတ်တရက် ပြောလိုက်သည်။

“တကယ်လို့ ကျွန်တော်က ဂိုဏ်းတူညီလေး မဟုတ်ဘူးလို့ ပြောတယ်ဆိုရင် … တကယ့် ဝမ်ပေါင်လဲ့အစစ် မဟုတ်ဘူးလို့ ပြောတယ်ဆိုရင်…”

“မင်းက ဟုတ်တယ်” ချန်ရှင်းက အလေးအနက် ပြောလိုက်သည်။

“မင်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မသိပေမဲ့ ငါ့ရဲ့ နှလုံးသား၊ ဝိညာဉ်နဲ့ အသိအမြင်တွေအရ မင်းက ငါ့ရဲ့ ဂိုဏ်းတူညီလေးဆိုတာကို ပြောနေတယ်”

All Chapters