ထွက်ခွာခြင်း
Vol. 104 Ch. 1454
“နတ်ဘုရားက ထွက်ခွာသွားခဲ့ပြီ။ ဒီစကြဝဠာကြီးရဲ့ နောက်ဆုံးနတ်ဘုရားအနေနဲ့ သူက သူ့မျိုးနွယ်ကို ခေါ်ဆောင်ပြီးတော့ ဒီနေရာကနေ ထွက်ခွာသွားခဲ့ပြီ။ ဒါပေမဲ့ သူ ထွက်ခွာမသွားခင် ငါတို့ကို ဒီလျှို့ဝှက်ဆန်းကြယ် ရုပ်ထုကို ကိုးကွယ်ဖို့ပြောခဲ့တယ်။
“ဒီရုပ်ထုက အချိန်အတော်ကြီး တည်ရှိနေခဲ့တယ်ဆိုပေမဲ့ နတ်ဘုရား ထွက်မသွားခင် သူက တစ်ခေါက်သွားပြီး တွေ့ဆုံခဲ့သေးတယ်။ တစ်စုံတစ်ယောက်က အဝေးကနေ ကြည့်လိုက်တဲ့အချိန်မှာ နတ်ဘုရားက အဲဒီရုပ်ထုကို နှုတ်ဆက်စကားပြောသလိုမျိုး ဦးညွှတ်နေတာကို မြင်လိုက်ရတယ်လေ”
ထိုသတင်းအချက်အလက်က စွမ်းအားကြီး ပုဂ္ဂိုလ်၏ စိတ်နှလုံးသားထဲ ဂယက်ရိုက်သွားစေသည်။ ဤလက်ရှိ မဟာစကြဝဠာကြီးထဲ ရှေးအကျဆုံးနှင့် အားအကောင်းဆုံး အင်အားစု ငါးခုထဲမှ တစ်ခုအနေဖြင့် သူက တခြားသူများ မသိသည့် သတင်းအချက်အလက်တချို့ကို သိထားလေသည်။
မူလအနေဖြင့် မဟာစကြဝဠာကြီးထဲ လွန်ခဲ့သည့် နှစ်များစွာက နတ်ဘုရားတစ်ပါး ရှိခဲ့ဖူးသည်။ ထိုနတ်ဘုရား၏ စွမ်းအားက စကြဝဠာတစ်ခုလုံးကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။ ထိုစွမ်းအားက သူ့အား တအံ့တဩဖြစ်သွားစေသလို တစ်ချိန်တည်းဆိုသလို သူက ပထမဦးဆုံး မယုံကြည်နိုင်ခဲ့ပေ။ သူ့ကျင့်ကြံဆင့် တိုးမြင့်လာသည့်အခါ ထိုနတ်ဘုရား အမှန်တကယ်တည်ရှိကြောင်း စတင်ယုံကြည်လာမိသည်။
ထို့ကြောင့် သူသည် စတုတ္ထအဆင့်သို့ ရောက်ရှိလာသည့်အချိန် နတ်ဘုရားဟု ခေါ်ဆိုသည့်သူက မယုံနိုင်လောက်ဖွယ် အနေအထားတစ်ခုသို့ ရောက်ရှိနေသင့်သည့်သူကို ခေါ်သင့်ကြောင်း ကောင်းကောင်းသိလိုက်သည်။
ထိုသို့သော စွမ်းအားကြီးပုဂ္ဂိုလ်မျိုးက သူထွက်မသွားခင် ရုပ်ထုကို နှုတ်ဆက်စကားဆိုဖို့ရာ ထိုရုပ်ထုက မည်မျှပင် အားကောင်းသလဲ အလွယ်တကူ တွေးကြည့်၍ ရပေသည်။
လူအိုကြီးက ထိုသတင်းအချက်အလက်အား တခြားသူများဆီ လက်ဆင့်ကမ်းခဲ့သည်။ အားအကောင်းဆုံး သက်ရှိများအနေဖြင့် သူတို့က ပြန်လာပြီးသည့်နောက်တွင် ရုပ်ထု၏ ဇစ်မြစ်ကို စတင်စုံစမ်းစစ်ဆေးနေကြသည်။ လူအိုကြီးက သတင်းအချက်အလက်ကို ပေးလိုက်သည့်အခါ သူတို့ကလည်း သူတို့တွေ့ရှိထားသည့် မယုံနိုင်လောက်ဖွယ် သတင်းအချက်အလက်များကို ပြန်လည်မျှဝေကြ၏။
တစ်ယောက်နှင့်တစ်ယောက် သတင်းအချက်အလက်များ မျှဝေပြီးသည့်နောက်တွင် အနည်းနှင့်အများ သူတို့စိတ်ထဲ အဖြေတစ်ခု ရှိလာမိသည်။
“ဒီစကြဝဠာကြီးထဲမှာ နတ်ဘုရားတစ်ပါးထက်ပိုပြီး ရှိခဲ့တာပဲ”
“နတ်ဘုရားတွေအားလုံးက သူတို့ထွက်မသွားခင် ရုပ်ထုကြီးကို နှုတ်ဆက်သွားကြတယ်”
“ဒီရုပ်ထုကြီးက ကျင့်ကြံသူတစ်ယောက်ရဲ့ မှတ်တမ်း ရှိတယ်။ တချို့က သူ့ကို မသေမျိုးလို့ ပြောကြတယ်”
သူတို့က စတင် တူးထုတ်လေလေ ထိုစွမ်းအားကြီးပုဂ္ဂိုလ်များက ပိုမိုထိတ်လန့်လာမိလေလေ ဖြစ်၏။ အဆုံးသတ်၌ သူတို့သည် ဆက်လက် မတူးထုတ်ရဲကြတော့ပေ။ ထိုအစား သူတို့က ကပ်ဘေး ကျရောက်လာမည်ကိုသာ အကြောက်တလန့်ဖြင့် စောင့်ဆိုင်းနေကြသည်။
သူတို့က တစ်နှစ်ကြာ စောင့်ဆိုင်းခဲ့သော်လည်း ရလဒ်ဟူ၍ မရှိပေ။ သို့သော်လည်း သူတို့က စိတ်အေးလက်အေး မနေရဲသေးပေ။ သူတို့နှင့် ယှဉ်လိုက်ပါက စကြဝဠာကြီးထဲရှိ လူမှုအဖွဲ့အစည်းအများစုက ထိုအရာကို မသိသည့်အတွက် သူတို့၏ ဘဝကမူ ပုံမှန်အတိုင်း ဖြစ်နေလေ၏။
ထိုအခိုက်အတန့်၌ စွမ်းအားကြီး ပုဂ္ဂိုလ်များကို ထိတ်လန့်စေသည့် ဝမ်ပေါင်လဲ့ကမူ စကြဝဠာကြီး၏ ဗဟိုချက်သို့ ရောက်ရှိနေသည်။ ထိုနေရာက မူလစကြဝဠာတာအိုနေရာ ရှိခဲ့သည့်နေရာဖြစ်ကာ ယခုအခါ ဂြိုလ်များနှင့် လူမှုအဖွဲ့အစည်းများနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်နေသည်။
ပုံမှန်အားဖြင့် သူ ရောက်ရှိလာမှုကို မည်သူကမှ သတိမထားမိကြပေ။ ဤသို့ဖြင့် ဝမ်ပေါင်လဲ့က အထဲ ဝင်ရောက်သွားလိုက်၏။ သူက ကြယ်စင်တစ်ခုအပေါ် လျှောက်လှမ်းသွားပြီး ကုန်းမြေပေါ်ကြည့်လိုက်သည်။
သူ့မှတ်ဉာဏ်များထဲ ဤနေရာက သဲကန္တာရ ဖြစ်ခဲ့ဖူးသည့် နေရာတစ်ခု ဖြစ်ပေသည်။
“ငါ့တကယ့်ခန္ဓာ” ဝမ်ပေါင်လဲ့က တောင်ထိပ်ပေါ်တွင်ထိုင်ရင်း တွေးလိုက်သည်။ လေပြင်းတိုက်ခတ်သွားသည့်အခါ သူ့မျက်ဝန်းတို့က အထီးကျန်မှုတို့ ထင်ဟပ်ပြသလာလေ၏။
“သူတို့အားလုံး ထွက်ခွာသွားပြီ” ဝမ်ပေါင်လဲ့က တီးတိုးရေရွတ်လိုက်သည်။ အားလုံး ထွက်ခွာသွားသည့်အခါ စကြဝဠာကြီးတစ်ခုလုံးက သူ့အတွက် အဓိပ္ပာယ် မရှိတော့ပေ။ လက်တွေ့၌ သူကလည်း အချိန်အတော်ကြာကတည်းက ထွက်ခွာသွားသကဲ့သို့ ဖြစ်၏။
သူက နှစ်သောင်းပေါင်းများစွာ သက်ရှိအားလုံးကို စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း သူက မူလခန္ဓာကို သူ့ကို စည်းပိတ်ခဲ့ပြီး သဲကန္တာရထဲ ချန်ထားခဲ့သည့်အချက်ကို မမေ့နိုင်သေးပေ။
သူက သူ့မူလခန္ဓာသည် ပြုံးကာ သူ့နာမည် ပေးခဲ့သည့်အချက်ကိုပင် မမေ့နိုင်သေးပေ။ ထိုအရာက သူ၏ အစွဲအလမ်းသဖွယ် ဖြစ်နေလေ၏။
“ကြည့်ရတာ ငါက ထွက်မသွားချင်တာ … မနိုးထချင်တာ မဟုတ်ဘဲ ငါ့မူလခန္ဓာဆီက သတင်းကို စောင့်ဆိုင်းနေခဲ့တာပဲ။ ငါက သက်ရှိအားလုံးကို ကြည့်နေတာက ငါ့စိတ်နှလုံးသားထဲက ရှုပ်ထွေးမှုအားလုံးကို ဒီပုံရိပ်တွေက ဖြေဖျောက်သွားစေဖို့ မျှော်လင့်ခဲ့တာပဲ။
ငါ့မူလခန္ဓာကိုယ်ရဲ့ သတင်းအချက်အလက်တွေက ပေါ်ထွက်လာတဲ့နောက်မှာ နှစ်တစ်သန်းကြာ ကြည့်ရှုနေခဲ့ပေမဲ့ အခုထိ မမေ့နိုင်သေးဘူး။ ကြည့်ရတာ ငါ့အတွက် တစ်စုံတစ်ခုလုပ်ဖို့အချိန်ပဲ” ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ဖြည်းဖြည်းချင်း သူက ပြုံးလိုက်၏။ ထိုအရာက လွတ်လပ်ကာ စိတ်သက်သာရာရသွားသည့် အပြုံးမျိုး ဖြစ်ပေသည်။ သူ ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးက သက်တောင့်သက်သာဖြစ်သွားသလို ခံစားလိုက်ရသည်။
“လူသားတွေက လောဘကြီးကြတယ်။ ဒါပေမဲ့ ရှင်သန်ဖို့ မဖြစ်နိုင်တော့တဲ့အချိန်မှာ သူတို့တွေက တခြားသူကို ကူညီဖို့ တွေးတောလာကြတယ်။ နမူနာအနေနဲ့ဆိုရင် နတ်ဧကရာဇ်ပေါ့။ သူက ကျရှုံးသွားပြီး မျှော်လင့်ချက် မရှိတာကို သိပြီးတဲ့နောက်မှာ ငါ့မူလခန္ဓာကို ကူညီဖို့ ရွေးချယ်ပေးခဲ့တယ်။ သူ့ရဲ့ မျှော်လင့်ချက်တွေကို ငါ့မူလခန္ဓာဆီ ပုံအပ်ထားခဲ့တယ်။
ငါ့မူလခန္ဓာကလည်း နတ်ဧကရာဇ်ထက် ပိုပြီးတော့တောင် သိသေးတယ်။ သူ့အလိုဆန္ဒတွေကို ဖြတ်တောက်မရမှန်း သိပြီးတဲ့နောက်မှာ သူက သူ့အကျိုးအကြောင်းဆင်ခြင်စိတ်ကို ထိန်းထားဖို့ သက်ရှိတွေအားလုံးကို ဝါးမျိုဖို့ ရွေးချယ်နိုင်တယ်ဆိုပေမဲ့ သူက သူ့ဂုဏ်သတင်းကို အလွန်ဂရုစိုက်တဲ့သူ။ သူက သူ့ရဲ့ ဒီလိုဆိုးယုတ်ဖွယ် သွင်ပြင်ကို မြင်တွေ့စေချင်တာ မဟုတ်ဘူး။ အဲဒါကြောင့် သူ စတေးပြီးတော့ ကိုယ်ပွားကို ကူညီဖို့ ရွေးချယ်ခဲ့တာပဲ”
ဝမ်ပေါင်လဲ့က ပြုံးကာ လက်မြှောက်လိုက်သည်။ ထို့နောက် ဝိညာဉ်ရေခဲရေပုလင်းက သူ့လက်ထဲ ပေါ်ထွက်လာလေ၏။
“အခုထိ အရသာမကောင်းသေးဘူး။ ငါက ဆန်အရက်ကို ကြိုက်တုန်းပဲ”
သူ ပြောပြီးသည့်နောက်တွင် သူက ဝိညာဉ်ရေခဲရေပုလင်းကို လွှတ်ကာ လေထဲမှ ဆွဲထုတ်လိုက်သည်။
ဤသို့ဖြင့် ဆန်အရက်ပုလင်း တစ်လုံး ထွက်ပေါ်လာ၏။ သူက ခေါင်းကိုမော့ကာ အားရပါးရ သောက်သုံးလိုက်သည်။
သူက အတော်လေး ကျေနပ်သွားဟန်ပေါ်၏။
“ငါက နတ်ဧကရာဇ်နဲ့ မူလခန္ဓာကို ဖိနှိပ်ထားနိုင်ခဲ့တယ်။ ငါ့ရဲ့ အသိစိတ်က သူတို့ထက်ပိုပြီးတော့ မြင့်မားနေတာ။ နတ်ဧကရာဇ်က ရွေးချယ်စရာ မရှိဘူး။ ငါ့ရဲ့ မူလခန္ဓာမှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ ငါ့အတွက်ကတော့ ရွေးချယ်စရာတွေ အများကြီး ရှိတယ်။ ငါက ငါ့မူလခန္ဓာအကြောင်းကို မေ့ပြီးတော့ တကယ့် ဝမ်ပေါင်လဲ့ ဖြစ်လာနိုင်တယ်။ ငါက နဂို ဝမ်ပေါင်လဲ့ပဲ။ ငါက လွတ်မြောက်ပြီးတော့ မသေမျိုးတစ်ယောက် ဖြစ်လာနိုင်တယ်။ ငါက ဝမ်ရီရီနဲ့ ထွက်သွားဖို့ ရွေးချယ်နိုင်တယ်။
ငါက ထွက်မသွားဘဲနဲ့ ဒီနေရာမှာပဲ လွတ်လပ်တဲ့ဘဝကို ဆက်ပြီး နေထိုင်နိုင်တယ်။ ဒါပေမဲ့ ငါက ဒီကိစ္စကို ရွေးချယ်ခဲ့တယ် … ”
ဝမ်ပေါင်လဲ့က ပြောရင်း ပြုံးလိုက်သည်။ သူက အားပါးတရ ရယ်မောလိုက်၏။ ထို့နောက် သူက ဆန်အရက်ကို သောက်သုံးကာ ဘူးခွံကို ပစ်လွှတ်လိုက်၏။
“ငတုံး … တကယ်ကို ငတုံးပဲ” ဝမ်ပေါင်လဲ့က သေရည်ပုလင်းကို ပစ်ကာ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။
“နတ်ဧကရာဇ်လည်း ငတုံး။ ငါ့တကယ့်ခန္ဓာကလည်း ငတုံး။ ငါကလည်း ငတုံး”
“နတ်ဧကရာဇ်က ငါ့မူလခန္ဓာကို ကူညီပေးခဲ့တယ်။ ငါ့မူလခန္ဓာက ငါ့ကို ကူညီပေးခဲ့တယ်။ အဲဒါဆိုတော့ ငါက ဘာကိုကူညီရမလဲ။ ငါ တစ်ယောက်တည်းနေရတာ ငြီးငွေ့နေပြီ။ ငါ မနေချင်တော့ဘူး။ ငါ တစ်ယောက်တည်းနေဖို့ ကူညီပေးပါ”
ဝမ်ပေါင်လဲ့က ပြောရင်း ထရပ်လာသည်။ သူက ဝေးကွာလှသည့် ကမ္ဘာဆီ လှမ်းရင်း တောက်ပသွားလေ၏။
ထိုခြေလှမ်းလှမ်းလိုက်သည့်အချိန် စကြဝဠာတစ်ခုလုံးက လှုပ်ခတ်သွားလေသည်။ သူ့ပုံရိပ်က စကြဝဠာအစွန်းက ပြန်လည်ပေါ်ထွက်လာလေ၏။
သို့သော်လည်း ဝမ်ပေါင်လဲ့က ရပ်တန့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
“ငါ ထွက်သွားတော့မယ်။ စကြဝဠာကြီးရဲ့ စိတ်ဆန္ဒက ငါ့ကို လိုက်မပို့တော့ဘူးလား”
အနည်းဆုံးတော့ ငါ မင်းကို မသေမျိုးအမွေအနှစ် ပေးခဲ့တဲ့သူပဲလေ ဟုတ်လား။ ငါက ဆန်အရက်ကို ကြိုက်တယ်။ စကြဝဠာကြီးထဲက မျိုးနွယ်အားလုံးဆီကနေ ဆန်အရက်တွေ ယူခဲ့”
နောက်အခိုက်အတန့်လေး၌ လူမှုအဖွဲ့အစည်းနှင့် စကြဝဠာကြီးထဲရှိ ဆန်အရက်အားလုံးက ပျောက်ကွယ်သွားလေသည်။ သူတို့က ဝမ်ပေါင်လဲ့ရှေ့တွင် ပေါ်ထွက်လာသည့် ပုတီးစေ့ထဲတွင် စုဝေးသွားကြ၏။
နောက်အခိုက်အတန့်လေးတွင် ကောင်လေးတစ်ယောက်၏ ပုံရိပ်က ထွက်ပေါ်လာလေသည်။ ထိုသူက ဝမ်ပေါင်လဲ့ကို ကြည့်ကာ အဝေးမှ ဦးညွှတ်လိုက်၏။
ဝမ်ပေါင်လဲ့က ထိုပုတီးစေ့ကို ယူလိုက်သည်။ သူက အားပါးတရ ရယ်မောလိုက်ပြီး စကြဝဠာကြီးထဲမှ ထွက်ခွာသွားတော့သည်။