← Chapters

ပုံရိပ်ယောင်တစ်ခု

Vol. 104 Ch. 1457

ပုံရိပ်ယောင်တစ်ခု

Vol. 104 Ch. 1457

ငါက ဘယ်နေရာမှာ လဲလျောင်းနေတာလဲ …

ဘာလို့ အမှောင်ထုနဲ့ ဝန်းရံခံထားရတာလဲ …

တစ်ယောက်ယောက် စကားပြောနေတာ ကြားလိုက်ပေမဲ့ သူတို့ပြောနေတာ ရှင်းရှင်းလင်းလင်း မကြားနိုင်ဘူး ..

ငါ နည်းနည်းပင်ပန်းနေပြီ … ထားလိုက်ပါတော့ ထပ်ပြီး နားမထောင်တော့ဘူး

ငါက မကြာခင် ပျောက်ကွယ်သွားတော့မလို ခံစားနေရပေမဲ့ အဲလိုမဖြစ်ခင် ဘဝအကြောင်း ပြန်တွေးမိသွားတယ်

ငါ့ဘဝက တကယ်တမ်း အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ … ငါက ဘယ်သူမှန်း ဘယ်တုန်းကမှ မသိခဲ့ဘူး

အဲဆိုတော့ ငါ့နာမည်ကိုတောင် မသိဘူးလေ

ငါ့ဆီမှာ နာမည်တစ်ခု မရှိတာလည်း ဖြစ်နေနိုင်တယ်

ထူးဆန်းလိုက်တာ … နာမည် မရှိတဲ့လူလို့ ရှိမှာလား

ငါနားလည်ထားသလောက် ကမ္ဘာကြီးထဲမှာ လူအားလုံးက ကိုယ်ပိုင်နာမည်တစ်ခုတော့ ရှိကြသလိုပဲ …

ဒါပေမဲ့ ငါ့ဆီမှာ ရှိမနေဘူး

ငါက ဘာလို့ဒီလိုဖြစ်နေရတာလဲဆိုတာ မမှတ်မိဘူး။ ဒါက မှုန်ဝါးဝါး မှတ်ဉာဏ်တစ်ခုပဲ … ကြည့်ရတာ ဟိုးတုန်းက ငါ့နာမည်ကို တခြားသူဆီ ပေးခဲ့သလိုလိုပဲ …

စိတ်လိုလက်ရ ပေးခဲ့တာမျိုးပေါ့ …

ငါက ငတုံးပဲ … ငါ့နာမည်ကို ဘာလို့ တခြားလူဆီ ပေးခဲ့မိတာလဲ

ငါလည်း မသိဘူး … အကြောင်းအရင်းတစ်ခုတော့ ရှိမှာပါလေ

ဟူး … ငါ့အတွေးတွေက နည်းနည်းဖရိုဖရဲဖြစ်နေတယ် … သေချာတွေးကြည့်ပါရစေဦး … အဲဒီအရာတွေက ငါ့အတွေးထဲ အမြဲတမ်း ပဲ့တင်ထပ်နေတာပဲ

အရမ်းအရေးကြီးသလိုဆိုပေမဲ့ ငါ မမှတ်မိဘူး။ ငါ ဘာမှမမှတ်မိဘူး။ တခြားနည်းလမ်းလည်း မရှိဘူး …

ငါ မှတ်မိတာဆိုလို့ ကလေးဘဝပဲ ရှိတယ် …

ငါ့ကလေးဘဝ … ငါက အဲဒါကို အသက်နှစ်ဆယ်မတိုင်ခင် အချိန်လို့ သတ်မှတ်ထားတာပဲ … ဒီလိုသာမန်လောကတစ်ခုမှာ တခြားကလေးတွေလိုမျိုး ငါက ကျောင်းတက်တယ်၊ ဆော့ကစားတယ်၊ ကလေးဆန်တဲ့ ကစားပွဲတွေကို အကြိမ်အကြိမ် ဆော့ခဲ့တာပဲ

ဒါပေမဲ့ ငါ့ဘေးပတ်ဝန်းကျင်က လူတွေကတော့ ငါ့ကို စာသေချာလေ့လာဖို့ပဲ ပြောကြတယ် …

ငါ ပျင်းရိလာရော … ဒါပေမဲ့ တစ်ရက်ကျ ကောင်းကင်ကနေ မိုးရွာလာတာကို ကြည့်နေရင်း ဘာလို့ မိုးရွာနေတာလဲ သိချင်လာတယ် … ဘာလို့   “မိုး” လဲပေါ့

ဆရာက ငါ့ကို အဲဒီမေးခွန်းအတွက် အဖြေပြောပြခဲ့တယ် … အဲဒီနေ့ကစပြီး ငါက ကမ္ဘာကြီးအကြောင်း အမြဲတမ်း သိချင်စိတ်နဲ့ ပြည့်နှက်လာတာ

ငါက ဘာလို့လဲဆိုတဲ့ မေးခွန်းကို မေးရတာ သဘောကျလာတယ် … အဖြေရတာကိုလည်း သဘောကျတယ် .. အဲဒါက အရမ်းကျေနပ်ဖို့ကောင်းတယ်လေ

အဲဒီကျေနပ်မှုအတွက် ငါက စာကို သေချာလေ့လာဖတ်ရှုတတ်လာတယ်။ ကြည့်ရတာ ငါ့ကို တွန်းအားပေးတဲ့ အလိုဆန္ဒတစ်ခု ရှိနေသလိုပဲ … မသိသေးတဲ့အရာအားလုံးကို သိစေချင်တဲ့ စိတ် …

ငါ ဗဟုသုတအသစ်တွေ သိလာတဲ့အချိန်တိုင်း၊ အကြောင်းအရင်းကို ဖြေရှင်းနိုင်တဲ့ အချိန်တိုင်း ပျော်ရွင်မိတယ် … ငါက အတော်လေးကွဲပြားနေသလို ခံစားလိုက်ရတယ်။

ဒါက သာမန်ဆန်လွန်းလို့ ငါ့တွေးခေါ်ပုံက ကွဲပြားနေတာလားဆိုပြီး ကပျာကယာ ဖြစ်လာမိတယ်။ အဲဒါကြောင့် ရနိုင်သမျှအသိပညာအားလုံးကို ဆည်းပူးလေ့လာဖို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။

ဒါက အသက်နှစ်ဆယ်မတိုင်ခင်က ဘဝမျိုးပဲ .. အဲဒီတုန်းက ငါ အမြဲတမ်း ကြွားလုံးထုတ်ချင်ခဲ့တာ … သူငယ်ချင်းဖြစ်ဖြစ်၊ ဆရာရှေ့ဖြစ်ဖြစ် ဒါမှမဟုတ် ဆန့်ကျင်ဘက်လိင်ရှေ့မှာဖြစ်ဖြစ်ပေါ့ …

ငါက ကွဲပြားနေကြောင်း ပြချင်ခဲ့တဲ့ပုံပဲ … ငါ့စိတ်အတွင်းပိုင်းမှာ ငါက တခြားသူတွေနဲ့ ကွဲပြားနေတယ်လို့ အမြဲတမ်း ခံစားမိနေခဲ့တာ …

ငါ့ဆီမှာ ထူးခြားပြောင်မြောက်တဲ့ သွင်ပြင်မျိုး မရှိသလို ချမ်းသာကြွယ်ဝတဲ့ နောက်ခံလည်း မရှိဘဲ သာမန်အခြေအနေပဲ နေထိုင်ရပေမဲ့ အဲဒါက ငါ့စိတ်နှလုံးသားထဲ နေနေတဲ့ ငှက်ငယ်လေးအပေါ် သက်ရောက်မှု မဖြစ်စေခဲ့ဘူး …

အဲဒီငှက်ငယ်လေးက ကောင်းကင်ကြီးထဲ စိတ်အေးလက်အေး ပျံသန်းနိုင်တယ် … ဒါက ငါ ကျန်လူတွေနဲ့ ကွဲပြားစေတဲ့ အချက်ပဲ …

ဒါပေမဲ့ အဆုံးသတ်မှာတော့ ငါက တစ်နည်းနည်းနဲ့ နှစ်ခြမ်းကွဲသွားတယ် …

ငါ့အတွေးထဲ ကြီးစိုးလာပြီးတော့ သာမန် လက်တွေ့ဆန်မှုက ငါ့ကို အချိန်အများစုမှာ တိတ်ဆိတ်သွားစေတယ် …

ငါ ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ် … သူမက အတန်းကပ်လျက်က အတန်းဖော်ပဲ … ငါ့ဘဝရဲ့ ပထမဆုံး တိတ်တခိုး အချစ်ဦး …

တိတ်တခိုးအချစ်က ပျော်ရွင်ဖို့ကောင်းသလို ခါးသီးဖို့လည်း ကောင်းတယ် … ဒါပေမဲ့ ငါ သဘောကျမိနေတုန်းပဲ

ဒါပေမဲ့ ဒါက ငါ့ဘာသာ ပိုဖော်ပြခွင့်ရတယ် … ငါ ဒီအချိန်ကို အမှတ်ရနေတုန်းပဲ

ငါ့ဘဝရဲ့ အသိစိတ်တစ်ခုလိုမျိုးတောင် ဖြစ်လာခဲ့တာ … ငါက သူရဲကောင်းတစ်ယောက် ဖြစ်ချင်ခဲ့ဖူးသလို ကမ္ဘာရဲ့ အကြိုက်နှစ်သက်ဆုံးလူ ဖြစ်ချင်ခဲ့ဖူးတယ် … ငါက အာရုံစိုက်မှုအလယ်မှု ရှိနေပြီးတော့ သူမရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့ မျှော်လင့်ခဲ့ဖူးတယ်

အဲဒါကြောင့် ငါ စကားပြောတဲ့အချိန်တိုင်း အရမ်းကို  ကြိုးစားအားထုတ်ထားခဲ့တာ … ဒီတိတ်တခိုးအချစ် အဆုံးသတ်မသွားခင်အထိပေါ့

ဒါက ဘာမှမထူးခြားဘဲ ပြီးဆုံးသွားခဲ့တယ်။ အဆုံးသတ်မှာ တစ်ဖက်လူက ငါ သဘောကျနေမှန်းတောင် မသိလိုက်ဘူးလေ …

ဘွဲ့ယူတဲ့ နေ့မှာ ငါ အရမ်းဝမ်းနည်းနေခဲ့ရတာ … သတ္တိကို စုစည်းလိုက်ပေမဲ့ အဆုံးသတ်တော့ ခေါင်းငိုက်စိုက်နဲ့ပဲ …

ဒါက မှော်မန္တန်တစ်ခုလိုမျိုးပဲ …  နောက်ပိုင်းအထိ  သူမကို တိတ်တခိုး သဘောကျမိနေတုန်းပဲ

အဲဒီအချိန်အတွင်း ငါ ဗေဒင်ကြည့်ရတာလည်း သဘောကျလာတယ်။ ငါ စိတ်မပျော်တဲ့အချိန်တိုင်း ဗေဒင်သွားကြည့်လေ့ရှိတယ် …

အစပိုင်းတော့ လိုချင်တာ မပေးတဲ့ လှည့်ကွက်အသေးလေးပေါ့ … အဲဒီနောက်ကျ ချီးကျူးမှုတွေ၊ စကားကောင်းတွေအများကြီး ကြားလာရလိမ့်မယ်

အဲဒါက ပျော်ရွင်စေတယ်လေ … အဆုံးသတ်မှာတော့ ဗေဒင်ဆရာဆီ ပိုက်ဆံ အဆုံးသတ်သွားတာပေါ့

ဒီဘဝက ဘွဲ့မရခင်အထိ အဲလိုပဲ …  ငါ့ဘဝမှာ ပထမဆုံး ရည်းစားစာ ရတုန်းက အရမ်းကို ပျော်ခဲ့ရတယ်။ ဒါပေမဲ့ ငါ အဲဒီမိန်းကလေးကို မကြိုက်ခဲ့ဘူးလေ

ဘွဲ့ရပြီးတဲ့နောက်မှာ ငါ့အလုပ်နဲ့ ငါ ဖြစ်နေပြီးတော့ အသိမှတ်ပြုမှုရအောင် အရမ်းကြိုးစားခဲ့ရတယ်။

အဲဒီအချိန်ကာလက ပြန်တွေးကြည့်ရင်တော့ အတော်လေး စိတ်ဝင်စားစရာပဲ … ငါ့ကြိုးစားအားထုတ်မှုကြောင့် ကောင်မလေးတစ်ဦးနဲ့ တွေ့ပြီး ချစ်ကျွမ်းဝင်သွားခဲ့တယ်လေ

အချစ်ဆိုတာက ကော်ဖီခါးခါးတစ်ခွက်လိုပဲ …

ခါးသက်ပေမဲ့ ချိုမြိန်နေတယ် … အဆုံးသတ်မှာ ပိုခါးလာမလား၊ ပိုချိုလာမလား ခွဲခြားဖို့ မဖြစ်နိုင်ဘူး …ဒီလိုနဲ့ ပထမအချစ် အဆုံးသတ်သွားခဲ့တယ်

ငါ ဒီကမ္ဘာကြီးထဲ ပထမဆုံး ဆေးလိပ်သောက်တတ်အောင် သင်ခဲ့တဲ့ အချိန်လည်း ရှိသေးတယ်။ ပြီးတော့ အရက်လည်း စွဲသွားခဲ့တယ်။ အဲဒီကစပြီး စီးကရက်နဲ့ အရက်က ငါ့ဘဝရဲ့ တစိတ်တပိုင်းပဲ …

ငါ့ဘာသာ ဖော်ပြဖို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ငါ့စိတ်နှလုံးသားထဲက စေ့ဆော်မှုက အချိန်ကြာလာတာနဲ့အမျှ မှေးမှိန်လာတယ်။ အဲဒီအချိန်မှာ အမည်မသိအကြောင်းအရင်းတစ်ခုကြောင့် ငါ့ဘေးဝန်းကျင်မှာ ဆန့်ကျင်ဘက်လိင်တွေ အများကြီးရှိလာတယ်။

ဒုတိယအချစ်၊ တတိယအချစ်၊ စတုတ္ထအချစ်နဲ့ ကော်ဖီခါးခါးတစ်ခွက်ကတော့ ဆက်နွယ်နေတာပဲ … ငါ ထပ်ကာ ထပ်ကာ သောက်နေမိပြီးတော့ တစ်ရက်ကျ အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးနဲ့ တွေ့လာတယ် … သူမရဲ့ လခြမ်းသဏ္ဍာန်မျက်ဝန်းတွေက ငါ့ကို သက်တောင့်သက်သာ ဖြစ်စေတယ်။

ဒါက ငါ့ဘဝမှာ နောက်ဆုံးသောက်ရမဲ့ ကော်ဖီတစ်ခွက်လို့ ထင်ခဲ့မိတယ် …

ငါတို့တွေ ချစ်ကျွမ်းဝင်ကြပြီး လက်ထပ်လိုက်ကြတယ် … အဲဒီအချိန် ငါ့ပုံစံအဟောင်းကို ပြန်မြင်လိုက်ရတယ်။ အရမ်းကို သက်တောင့်သက်သာဖြစ်ပြီး အရမ်းကို လှပနေတာပေါ့

နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာ မှန်က ကြေမွသွားပြီးတော့ အိမ်ထောင်ရေးလည်း အဆုံးသတ်သွားခဲ့တယ်။

ဘယ်သူက မှန်လဲ၊ ဘယ်သူက မှားလဲ၊ ဘယ်သူ့ကို အပြစ်တင်ရမလဲဆိုတာ မပြောနိုင်ခဲ့ဘူး …

နာကျင်မှု၊ ရုန်းကန်မှု၊ အံ့ကြိတ်မှု၊ သွင်ပြင်ပြောင်းလဲမှုတွေက ငါ့ဘဝရဲ့ အဓိကပုံစံတစ်ခုလို ဖြစ်လာတယ် …

ငါ့စိတ်နှလုံးသားထဲက ငှက်ငယ်လေးက ဒီတစ်ကြိမ် ခပ်မြင့်မြင့် ပျံသန်းသွားပြီး နေရောင်ကို ထိတွေ့သွားပြီ …

ကံကြမ္မာက လူတွေကို စနောက်ရတာ သဘောကျတယ် ထင်တယ် … ငါ့နောက်ပိုင်းဘဝတွေမှာ ဆန့်ကျင်ဘက်လိင်တော်တော်များများ ဘဝထဲ ပေါ်ထွက်လာတယ်။ တချို့က အရပ်ရှည်တယ်။ တချို့က ကြော့ရှင်းတယ်။ တချို့က ညင်သာတယ်။ တချို့က လွှမ်းမိုးမှုအားကောင်းတယ် … သူတို့အားလုံးက လှပပြီးတော့ ထူးချွန်ကြတယ်

သူတို့က အုပ်စုလိုက် ရောက်လာပြီး အုပ်စုလိုက် ပြန်ထွက်သွားကြတယ်။ သံသရာက တစ်ပတ်ပြီး တစ်ပတ် လည်နေပေမဲ့ ငါကတော့ စိတ်ရှုပ်လာတယ်

အဆုံးသတ်မှာ ဆေးလိပ်လိုမျိုး၊ ဝိုင်လိုမျိုး ခါးသက်သက် ကော်ဖီတစ်ခွက်ကို ရွေးချယ်ခဲ့တယ် …

ဆေးလိပ်က  အဆုတ်ကို ပျက်စီးစေတယ်။

ဝိုင်က အသည်းကို ထိခိုက်စေတယ်။

ဆန့်ကျင်ဘက်လိင်က ဝမ်းနည်းစေတယ်။

ဒါပေမဲ့ ငါက ဆေးလိပ်ကိုရော အရက်ကိုရော ကြိုက်နေတုန်းပဲ … အချစ်ကိုလည်း တောင့်တနေတုန်းပဲ

ငါ အသက်လေးဆယ်ရောက်တော့ ဆန့်ကျင်ဘက်လိင်တွေနဲ့ အစား မိတ်ဆွေတွေနဲ့ အတိတ်အကြောင်း၊ အနာဂတ်အကြောင်း ပြောရတာကို ပိုသဘောကျလာတယ်။

ငါ အရက်သောက်တိုင်း သူငယ်ချင်းတွေ ဆွဲခေါ်သွားပြီးတော့ အတူတူ ပျော်ကြနောက်ကျ ဆယ်ကျော်သက်လိုမျိုး အချိန်ကုန်ဆုံးကြတယ်။

ဒီအပြောင်းအလဲကြောင့် မိတ်ဆွေ၊ သူငယ်ချင်းတွေ ပိုရလာတယ်။ သူတို့ဇာတ်ကြောင်းတွေ နားထောင်တယ်။ သူတို့က ငါ့ဇာတ်ကြောင်းကို နားထောင်ပေးတယ်။ ငါတို့က လွတ်လွတ်လပ်လပ် ပြောလို့ဆိုလို့ရတယ် …

ငါက နည်းနည်းသတိထားပြီးတော့ လျို့ဝှက်ချက်တချို့တော့ ထိန်းထားခဲ့တာပေါ့ … ဒါပေမဲ့ အရေးမကြီးပါဘူး

ပျော်ရွင်မှုက အရေးပါဆုံးပဲ …

အဲဒီအချိန် အားလုံးက စာအုပ်တစ်အုပ်ဆိုတာ သိလိုက်ရတယ်လေ … အားလုံးမှာ ကိုယ်ပိုင်ဇာတ်ကြောင်း ရှိကြပြီးတော့ သူတို့အရိုးထဲကကို အထီးကျန်နေကြတာပဲ

ငါ သိလာလေလေ ငါ အထီးကျန်တာ ပိုနည်းလာလေလေပဲ …

မိတ်ဆွေတွေထဲမှာ လူကြီးလူငယ်၊ ယောကျ်ားမိန်းမ မရွေး အကုန်ပါတယ် … စစ်မှန်တဲ့ အပြုံးတစ်ပွင့်က အရာအားလုံးကို ချိုးဖောက်နိုင်တဲ့ စွမ်းအားမျိုး ရှိတယ်လေ။

ဖြည်းဖြည်းချင်းနဲ့ မိတ်ဆွေတွေက ငါနဲ့ စကားပြောရတာ သဘောကျလာကြရော …

ငါ့အပြုံးတွေက ပိုပြတ်သားလာတယ် …

ငါ့မှာ သူတို့ကို ပြုံးပျော်စေနိုင်မဲ့ နည်းလမ်းတစ်ခု တွေ့သွားသလိုမျိုးပဲ …

အဲဒီအချိန်မှာ ဗဟုသုတ၊ အပြုအမူတွေ၊ ချစ်ခြင်းမေတ္တာထက် ကျော်လွန်ပြီး စကားပြောခြင်းက ငါ့ဘဝရဲ့အရေးပါဆုံး ကဏ္ဍတစ်ခု ဖြစ်လာခဲ့တယ် …

ဒါက ဝေမျှခြင်း တစ်မျိုးပဲ …

ဒီလိုဂရုတစိုက် မျှဝေပေးတာမျိုးကို တစ်နှစ်ပြီးတစ်နှစ် လုပ်လာပြီးတဲ့နောက် ဘယ်အချိန်မှန်း မသိပေမဲ့ ငါ စကားပြောရတာကို မကြိုက်တော့ဘူး … အဲအစား ငြိမ်းအေးမှုကို လိုက်လံရှာဖွေမိတယ်။

ငါ့ဆံပင်တွေ အဖြူဘက်သမ်းသွားတော့ ဖြစ်လိမ့်မယ် ထင်တယ် …

ငါ ဘာလုပ်ရမယ်၊ ဘယ်လိုတွေးရမယ် ကန့်သတ်မထားတော့ဘူး … အရာအားလုံးကို ငါ အဆင်ပြေသလို တွေးတယ်။

ငါက ကောင်းကင်ပြာကြီးကို သဘောကျပြီးတော့ တိမ်ဖြူဖြူတွေကို ကြည့်ရတာလည်း ကြိုက်တယ် … နေထွက်လာတာကိုလည်း ကြိုက်တယ် ဒါပေမဲ့ နေဝင်တာကိုတော့ မကြိုက်ဘူး

ဒါပေမဲ့ ညကောင်းကင်ယံကိုတော့ ကြိုက်မိနေပြန်ရော …

ကျောက်ထိုင်ခုံပေါ် ထိုင်ပြီး တစ်ခွက်လောက်သောက် စာအုပ်လေးကိုင်ဖတ်ပြီး လေထုကို ခံစားနေရင်း … အရာအားလုံးက ပျော်ဖို့ကောင်းနေတယ် …

ငါက နောက်ကျတဲ့အထိ မနေတော့ဘဲ စောစောထလာတယ်။ ငါက ဘာကြောင့်လဲဆိုတဲ့ မေးခွန်းမျိုးကို အစွဲအလမ်းမရှိတော့ဘူး။ ငါ့ဆီမှာ အဖြေအများကြီးရထားပြီးပြီလေ …

ငါက ဖော်ပြရတာကို မကြိုက်တော့တာက ထိုးဖောက်မြင်နိုင်လာလို့ပဲ …

ငါက စကားပြောရတာကို မကြိုက်ရတော့တာက ပျင်းရိစရာကောင်းလာလို့ပဲ

ငါက ဆန့်ကျင်ဘက်လိင်တွေအကြောင်း တွေးမနေမိတော့ဘူး။ သူတို့ကို ကြည့်မိတဲ့အခါ ပြုံးရုံပဲ ပြုံးမိတော့တယ်။ ငါ့မျက်ဝန်းထဲ မှတ်ဉာဏ်တချို့ ပြန်လည်ထင်ဟပ်လာပေမဲ့ ပုံရိပ်တွေက မရှင်းလင်းတော့ဘူး။

ငါ့တစ်ခုတည်းသော လမ်းစဉ်က ဘဝကြီးကို သက်တောင့်သက်သာ ဖြစ်စေဖို့ပဲ … စိတ်အေးအေးချမ်းချမ်းနေနိုင်ဖို့ပဲ

ဒီလိုဘဝမျိုးက အချိန်အကြာကြီးပဲ … တစ်ရက်ကျ ငါ့မျက်နှာကို ထိတွေ့မိပြီးတော့ အရေးအကြောင်းတွေကို ခံစားမိလိုက်တယ်။ ငါ့လက်ကို ပြန်ကြည့်မိပြီးတော့ ရှုံ့တွနေတဲ့ အရေးအကြောင်းအများကြီးကို မြင်လိုက်ရတယ်။

ငါ့မျက်ဝန်းတွေက မှေးမှိန်လာပြီးတော့ ငါ့ဘေးပတ်လည်က အရာတွေက ဝေဝါးလာတယ်။ ဒါပေမဲ့ ငါ့ဘာသာ မှန်ထဲ ကြည့်လိုက်တဲ့အချိန် ငါ့ခန္ဓာကိုယ်ကို အားပြုဖို့ အကောင်းဆုံး ကြိုးစားနေတုန်းပဲ …  ငါ့မျက်နှာပေါ်က အပြုံးကလည်း လှနေတုန်းပဲ …

ဒါပေမဲ့ မှန်အပြင်ဘက်မှာတော့ ငါ ကြောက်နေတယ်ဆိုတာ သိတယ် … ငါက တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်လာပြီးတော့ အရမ်းသတိကြီးလာတယ်။

ငါ ဘာကြောက်နေတယ်ဆိုတာ သိတယ်။ ညဘက် အိပ်ပြီးတဲ့နောက်မှာ သေခြင်းတရားအငွေ့အသက် လွှမ်းခြုံသွားပြီးတော့ ပြတင်းပေါက်ကနေ ငါ့ကို တိတ်တဆိတ် စောင့်ကြည့်နေသလို ခံစားနေရတယ်။

ကြည့်ရတာ သူတို့က ငါ့ကို စောင့်နေတဲ့ပုံပဲ … ငါ သူတို့နောက် လိုက်မသွားချင်ဘူး …

သူတို့ထဲက တချို့က မိတ်ဆွေဟောင်းတွေတောင် ပါသေးတယ် …

ငါ သူတို့ကို မမြင်ချင်ဘူး … စိုးထိတ်မိတယ်

ငါ မသေချင်သေးဘူး .. ငါ အသက်ရှင်ချင်တယ် … အသက်ရှင်လိုစိတ်က တစ်ခါတလေ အသက်ရှုရတာတောင် အခက်တွေ့စေတယ်

ဒီတစ်ကြိမ် ငါ အသက်ရှင်နေသေးတဲ့ မိတ်ဆွေဟောင်းတွေဆီ အာရုံစိုက်ပြီး ကျန်းမာရေးဂရုစိုက်ဖို့ မှာခဲ့တယ် …  ငါ သူတို့ ထွက်သွားတာကို မမြင်ချင်ဘူး

ဘာလို့ သေခြင်းတရားဆိုတာ ရှိနေတာလဲ …

ဒီမေးခွန်းကို မကြာမကြာမေးဖြစ်ပေမဲ့ သေခြင်းတရားက တကယ်ကြောက်စရာကောင်းလို့လားလို့ တွေးမိနေတုန်းပဲ …

အဖြေကတော့ ဟုတ်တယ် .. ဒါပေမဲ့ အဲဒီအဖြေနောက်မှာ နောက်ထပ်အဖြေတစ်ခုလည်း ရှိနေသေးတယ်။

ငါက အထီးကျန်မှုကို ကြောက်တာ … ငါ သွားရင် အထီးကျန်နေလိမ့်မယ်

သူတို့ သွားတဲ့အခါ ငါ တစ်ယောက်တည်း ဖြစ်သွားလိမ့်မယ်။

သေခြင်းတရားအပေါ် ကြောက်ရွံ့မှု … တစ်ယောက်တည်းဖြစ်မှာကို စိုးထိတ်မှုတို့က ငါ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြည့်နှက်လာတဲ့ စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားသလိုပဲ … ငါ့ခန္ဓာကိုယ်က အပေါက်တွေနဲ့ ပြည့်နှက်လာတယ် … အဲဒီစွမ်းအား ထွက်ပေါ်လာတဲ့အခါ အဲဒီအပေါက်တွေကနေတဆင့် မျက်စိနဲ့ မြင်နိုင်လောက်တဲ့အနေအထားအထိ လျော့ကျသွားတယ်

ငါ သူတို့ကို ထိန်းထားချင်ပေမဲ့ မလုပ်နိုင်ခဲ့ဘူး …

ငါ့မှာ ကုတင်ပေါ်က ထဖို့ အင်အားတောင် မကျန်တော့တဲ့ပုံပဲ … သေခြင်းတရားအငွေ့အသက်က ငါ့ကို ဖုံးလွှမ်းသွားပြီဆိုတာ သိလိုက်တယ်

ငါ့အလိုဆန္ဒ …. အရာအားလုံးက စတင်ပျောက်ကွယ်လာနေပြီ …

အဲဒီအခိုက်အတန့်မှာ ငါ အမှန်တရားတစ်ခုကို ရုတ်တရက် သဘောပေါက်သွားခဲ့တယ် … အကြောက်တရားက အသုံးမဝင်ဘူးဆိုတာပဲ …

အဲဒီနေ့ ငါက ခွန်အားတချို့ ပြန်ရလာတဲ့ပုံပဲ .. ငါ ထိုင်ဖို့ ကြိုးစားလိုက်ပြီး သေသေသပ်သပ် ဝတ်စားထားလိုက်တယ်။ ပြီးတော့ နောက်ဖေးထဲ လမ်းလျှောက်ပြီးတော့ ကျောက်ထိုင်ခုံပေါ် ထိုင်လိုက်သေးတယ်။ ပြီးတော့ အဝေးက နေဝင်တာကို လှမ်းကြည့်နေမိတယ် …

ဆောင်းလေပြေက တစ်ချက်တိုက်သွားတော့ အေးခနဲ ဖြစ်သွားသေးတယ် … နောက်ဖေးခြံဝန်းထဲက သစ်ကိုင်းတွေက နည်းနည်း လှုပ်ခတ်သွားသေးတယ်။

သစ်ကိုင်းပေါ်မှာ အဝါရောင်သစ်ရွက်တွေပဲ ရှိနေတယ်လေ။

ငါ သစ်ကိုင်းပေါ်က နောက်ဆုံးသစ်ရွက်လေးနဲ့ နေဝင်တာကို ထိုင်ကြည့်နေရင်း  အရာအားလုံး လှပလာသလို ခံစားလိုက်ရတယ်။ အဲဒါနဲ့ ဖြည်းဖြည်းချင်း ပြုံးမိသွားတယ် …

အဲဒီအပြုံးထဲမှာ နေဝင်တာကို မြင်လိုက်ရသလို နေဝင်ပြီးသွားတဲ့အခါ သစ်ကိုင်းပေါ်က သစ်ရွက်လေး ကြွေကျလာတာကိုလည်း မြင်လိုက်ရတယ်။

အဲဒါက ငါ့ထိုင်ခုံရှေ့ လွှင့်ကာ လွှင့်ကာ ကျရောက်လာတယ်။

ငါ့မျက်စိရှေ့ လွင့်နေပြီးတော့ မျက်လုံးကို အုပ်ပြီး အလင်းရောင်ကို ပျောက်သွားစေတယ် … ဒီကမ္ဘာနဲ့ ငါ့အမြင်အာရုံကြား အဆက်ပြ့တ်သွားစေတယ်

ဒါပေမဲ့ ငါ့အသိစိတ်ကတော့ မပျောက်သွားသေးဘူး …

ငါ့ဘေးဝန်းကျင်မှာ မည်းမှောင်နေတယ် .. ဘယ်ရောက်နေမှန်း မသိပေမဲ့ ငါ ကျောက်ထိုင်ခုံပေါ် ထိုင်နေတာလည်း ဖြစ်နိုင်ပါတယ် …

ငါ့အသိစိတ်ကတော့ အဲဒီနေရာမှာ ရှိနေတုန်းပဲ …

ငါ့ဘဝကြီးက တခြားသူတွေလောက် စိတ်လှုပ်ရှားဖို့ မကောင်းခဲ့ပေမဲ့ ငါ့အတွက်တော့ တစ်ခုတည်းပဲ …

အဲဒီအခိုက်အတန့်မှာ အသံတစ်သံကို ကြားလိုက်ရတဲ့ပုံပဲ …

တစ်ယောက်ယောက်က ငါ့ကို နိုးထဖို့ ငါ့ကို ခေါ်နေတယ် …

ဒါပေမဲ့ ငါ သေသေချာချာ မကြားရဘူး … ငါ့ခံစားချက်ပေါ် မူတည်ပြီး သတိထားမိခဲ့တာ … ဒီအသံက တစ်နည်းနည်းနဲ့ ရင်းနှီးနေတယ် …

အတိတ်တုန်းက ကြားခဲ့ဖူးသလိုပဲ …

“သူက ဘာတွေပြောနေတာလဲ ”

“ကျယ်ကျယ်ပြော မကြားရဘူး”

ငါ အမှောင်ထုဆီ လှမ်းပြောလိုက်တယ်။ ငါ့ကြိုးစားအားထုတ်မှုကြောင့်လားတော့ မသိပေမဲ့ ဖြည်းဖြည်းချင်းနဲ့ ငါ့အသိစိတ် ပျောက်ကွယ်သွားခါနီးဆဲဆဲမှာ အသံက ပိုရှင်းလင်းပြတ်သားလာတယ်။

“မင်း ထာဝရနေနိုင်ပြီးတော့ လွတ်မြောက်ဖို့ မျှော်လင့်ပါတယ်”

ငါ့အတွေးတွေက အပြင်းအထန် လှုပ်ခတ်သွားခဲ့တယ်။

“မင်း အမြဲတမ်း ပျော်ပျော်ရွင်ရွင်နေနိုင်ဖို့ မျှော်လင့်ပါတယ် ”

ငါ့အသိစိတ်က လှိုင်းလုံးကြီးဂယက်ထလာခဲ့တယ်။

“မင်း ထာဝရနေထိုင်ပြီးတော့ မူလရည်ရွယ်ချက်ကို မမေ့ပစ်ဖို့ မျှော်လင့်ပါတယ်”

ငါ့ဝိညာဉ်က တုန်ခါသွားခဲ့တယ်။

“နောက်ဆုံးတော့ ငါ ဝမ်ပေါင်လဲ့ဆိုတဲ့ နာမည်ကို မင်းဆီ ပြန်ပေးလိုက်ပြီ” ရင်းနှီးပြီးသား အသံက သူ့နားထဲ ရောက်ရှိလာသည်။ ထို့နောက် ကြယ်တာရာကောင်းကင်ကြီးထဲ မျှောလွင့်နေသည့် ခန္ဓာကိုယ်က မျက်လုံးဖွင့်လာလေသည်။

“ငါ့နာမည်က ဝမ်ပေါင်လဲ့ပဲ … ”

……………………………………….

ကမ္ဘာမြေပတ်လမ်းထဲ …

ဝမ်ပေါင်လဲ့က သူ နိုးထလာသည့်နေရာ၌ တိတ်တဆိတ် ရပ်နေမိသည်။ သူ့မျက်ဝန်းထဲ စိတ်ရှုပ်ထွေးမှုတို့ ရှိနေပြီး အဝေးတစ်နေရာကိုသာ စိုက်ကြည့်နေမိသည်။ အချိန်အတော်ကြာပြီးသည့်နောက်တွင် သူက လက်ကိုမြောက်ကာ သူ့မျက်ခုံးကြားမှ နေရာကို ထိလိုက်သည်။

ခဏအကြာတွင် ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်၏။ သူက ထိုအရာအားလုံးကို သိထားဟန်ပေါ်သည်။ သူက ညာဘက်လက်ကို အောက်ချလိုက်ပြီး ဆွဲယူသည့် အပြုအမူမျိုး လုပ်လိုက်သည်။ ထို့နောက် ပုတီးစေ့နှင့် သေရည်အိုး ပေါ်လာသည်။

ဝမ်ပေါင်လဲ့က ပုတီးစေ့ကို ကြည့်နေရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေမိသည်။ သူက ဘယ်လက်ကို မြောက်ကာ အသာကိုင်လိုက်၏။

ပုတီးစေ့ အရွယ်အစားက သူ့လက်ဖဝါးပြင်ထက် သုံးလက်မမျှသာ ရှိလေသည်။ ထိုအရာက သူ့အတွက် အရာအားလုံး ဖြစ်ပြီး သူ့ကမ္ဘာလည်း ဖြစ်၏။

နောက်ဆုံးတွင် သူက ညာဘက်လက်ဖြင့် သေရည်အိုးကို ယူကာ အားပါးတရ သောက်လိုက်သည်။ သူက ခါးသီးစွာ ခေါင်းယမ်းလိုက်ပြီးသည့်နောက် အဝေးတစ်နေရာရှိ ကြယ်ပင်လယ်ထဲ လျှောက်လှမ်းလာလိုက်၏။

သူ့နောက်ကျောပြင်က အထီးကျန်နေပြီး ဝေးသထက် ဝေးဝေးလျှောက်သွားတော့သည်။

“ငါ ဒီအထီးကျန်တဲ့ လမ်းကို ဆက်လျှောက်တာပဲ ကောင်းပါတယ်လေ  ”

အဆုံးသတ်မှာတော့ ဒါက ပုံရိပ်ယောင်တစ်ခုပဲလေ …

ဘယ်သူက ဆုလာဘ် .. ဘယ်သူက ကပ်ဘေးလဲ ..

စာဖတ်သူတို့ရေ ဝမ်ပေါင်လဲ့လေး ဇာတ်သိမ်းသွားပါပြီရှင် … အခုအထိ အားပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ နောက်ပိုင်း Eng Trans ဘက်က အဆင်မပြေတော့ မြန်မာဘာသာပြန်တဲ့အခါမှာလည်း အမှားအယွင်း ပါရင်လည်း ခွင့်လွတ်ပေးကြပါလို့ …

All Chapters