← Chapters

တော်ဝင်မြေသုံးခု လက်တွဲခြင်း

Vol. 010 Ch. 939

တော်ဝင်မြေသုံးခု လက်တွဲခြင်း

Vol. 010 Ch. 939

ရီဖူရှင်းသည် ရှီဟွာက ရှီဟွာတောင်ရှန့်ထိုအား မျက်လုံးများကို ကျုံ့ကာ ကြည့်သည်။ သူသည် ပြုံးနေဆဲ ဖြစ်သော်လည်း စိတ်ထဲတွင်ကား ဒေါသထွက်နေပြီ ဖြစ်၏။

နောက်ဆုံး သူတို့က လှုပ်ရှား ကြံစည် ကြတော့မည်လား။

မရဏတောင် ကိစ္စဖြစ်ပြီး နောက်ပိုင်း ရှီဟွာတောင်သည် မရဏတောင်၌ ဖြစ်ပျက်ခဲ့သည်များအား ကြိုးဆွဲ ကြံစည်နေခဲ့သည်ဟု ရီဖူရှင်း သံသယ ဝင်မိ၏။ ရှီဟွာ တောင်ရှန့်ထို၏ ထောက်ခံမှုမပါဘဲ လျူကျောင်းက ထိုမျှ များပြားသော လူများအား စတေးရန် တစ်ယောက်တည်း ဆုံးဖြတ်မည် မဟုတ်ပေ။

ယခု ရှီဟွာတောင်ရှန့်ထိုက သူ့အား မရဏ ဓားဝင်္ကပါကို ပေးအပ်ကာ အမှားဝန်ခံ တောင်းပန်ရမည်ဟု ဆိုသည်။ ထိုအရာမှာ ဖြစ်နိုင်ဖွယ် မရှိကြောင်း အားလုံး နားလည်ကြ၏။ ရီဖူရှင်းက သူပြောသည့်အတိုင်း လုပ်လျှင်ကော အပြစ်လွတ်ပါမည်လား။ သို့တိုင်အောင် ရှီဟွာတောင်ရှန့်ထိုက ထိုသို့အဆိုပြု၏။ ထိုအဆိုက သူဝင်ပါရန် အကြောင်းပြချက် တစ်ခုမျှသာ ဖြစ်သည်။ သည်လက်ထပ်ပွဲ ဖြစ်လာကတည်းက တော်ဝင်မြေနှစ်ခုမှာ အကျိုးအမြတ် ခွဲဝေခြင်းများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း ရီဖူရှင်း ခန့်မှန်းသိနိုင်သည်။ အတိအကျကို မူကား သူမသိပေ။

“ကျုပ်မှာ မရဏ ဓားဝင်္ကပါရှိရင် ဒီလက်ထပ်ပွဲ ရှိပါဦးမလား စီနီယာ။ “ရီဖူရှင်းက ပြုံးလျက်ပြောသည်။ ပုံမှန်အားဖြင့် ရီဖူရှင်း ဘာဆိုလိုသည်ကို အားလုံး နားလည်ကြ၏။ သူသာ အမှန်တကယ် မရဏ ဓားဝင်္ကပါအား ထိန်းချုပ်နိုင်သည်ဆိုပါက ကျောက်ပြည်ထောင်မှာ ဆက်လက် တည်ရှိစရာ အကြောင်းမရှိတော့။

“မင်းရဲ့ တန်ခိုးအဆင့်က ဓားဝင်္ကပါကို ထိန်းချုပ်နိုင်ခြင်း မရှိသေးတာလည်း ဖြစ်နိုင်တာပဲ။ မင်းက နည်းစနစ်ကိုပဲ သိသေးတာ ဖြစ်ရမယ်။ “ရှီဟွာတောင်ရှန့်ထိုက ပြုံးလျက် ပြောသည်...

“မှန်တယ်၊ မင်းက ဒီကိစ္စမှာ ရိုးသားဖို့ပဲ လိုတယ်။ ဥပမာ မင်းက အဲဒီ ဓားဝိညာဥ်မိန်းကလေးကို ပေးတာမျိုး၊ ဒါမှမဟုတ် မြေရိုင်းပြည်နယ်ရဲ့တပည့် ရီဝူချင်းက အထက်ဘုံသို့ သွားလေ့ကျင့်တုန်းမှာ ရန်ဟောင် ဓားအသိအချို့ကို ရခဲ့တယ်လို့ ကြားတယ်။ အဲ့ဒါကို ပေးတယ်ဆိုရင်လည်း သိပ်မဆိုးဘူး“

ရှီဟွာတောင်ရှန့်ထိုက ပြောလျှင် အားလုံး၏ အကြည့်များသည် လက်တစ်ဖက်ပြတ် ဓားသမား ရီဝူချင်းထံသို့ ရောက်လာကြ၏။

ရီဝူချင်းသည် အမှန်တကယ် ထိုဓားအသိများအား ရရှိခဲ့ပါသလော။ ထိုသတင်းသာ မှန်သည်ဆိုပါက ထိုရန်ဟောင် ဓားအသိမှာ ပြည်နယ်ကိုးခုမှ မည်သည့်ရှန့်ထိုကို မဆို လောဘ တက်စေနိုင်ပေသည်။

ရှီဟွာတောင်ရှန့်ထို၏ စကားတွင် ရီဖူရှင်း၏ဒေါသမှာ ပိုမိုဆူဝေလာခဲ့၏။ သူ၏ သာမန် ထုတ်ဖော်ချက် တစ်ခုမျှက ရီဝူချင်းအား အန္တရာယ်တွင်းထဲသို့ ထိုးကျ သွားစေနိုင်ပေသည်။

“ခင်ဗျား ဟာသပြောနေတာပဲ။ တကယ်လို့ ဝူချင်းသာ ရန်ဟောင်ဓားအသိကို ရခဲ့ရင် ဘယ်လိုလုပ် မြေရိုင်းပြည်နယ်သို့ အသက်ရှင်ပြီး ရောက်လာနိုင်ပါ့မလဲ။ လျူကျောင်းလည်း ရန်ဟောင်နယ်မြေက ရတနာ အချို့ရခဲ့တယ်လို့ ကျုပ်ကြားတယ်။ ခင်ဗျားက သူ့ကို ဆက်ခံသူ ဖြစ်စေတာ မထူးဆန်းပါဘူး။ ကျောက်ပြည်ထောင်က မင်းသမီး ကျောက်စီရီနဲ့သူ့ကို လက်ထပ် စေတာလည်း တော်ဝင်မြေနှစ်ခုကို ဆက်ခံစေဖို့ပဲ ဖြစ်ရမယ်။ “ရီဖူရှင်းက ပြောသည်။ ရှီဟွာတောင်ရှန့်ထိုက ရန်ဟောင် ဓားအသိဖြင့် သူ့အား အကျဥ်းအကျပ်ထဲသို့ ရောက်စေမှတော့ ရီဖူရှင်းကလည်း ပြန်လည်ချေပ ပြောဆိုရပေမည်။ လျူကျောင်းက ထိုသို့သော ရတနာများ အမှန်တကယ် ရရှိခဲ့သည်၊ မရရှိခဲ့သည်က အရေးမကြီးပေ။

“ရတနာတွေကို ပေးပြီး တောင်းပန်ရမယ် ဆိုတာကတော့… ကျုပ်ထင်တယ်၊ ဒီတော်ဝင်စစ်ပွဲကို ဘယ်သူ စတင်ခဲ့တယ်ဆိုတာ ခင်ဗျားသိသေးပုံ မပေါ်ဘူး။ မြေရိုင်းပြည်နယ်က တောက်လျှောက် ခုခံနေခဲ့ရပြီးတော့ ဆုံးရှုံးမှုကလည်း ကြီးမားခဲ့တယ်။ တောင်းပန်ရမယ့် လူက ကျောက်ပြည်ထောင် ဘုရင်ပဲ ဖြစ်သင့်တယ်။ “ရီဖူရှင်းက ဆက်ပြောသည်... “ခင်ဗျားရဲ့ မြင့်မားတဲ့ အဆင့်အတန်းနဲ့ဆို အမှန်နဲ့အမှားကို ကောင်းကောင်း ခွဲခြားနိုင်ပြီးတော့ လက်ထပ်ပွဲ တစ်ခုတည်းကြောင့် အားနည်းတဲ့ မြေရိုင်းပြည်နယ်ကို အနိုင်ကျင့် ဖိအားပေးတာမျိုး မလုပ် စေချင်ဘူး”

ရီဖူရှင်း၏ စကားကိုကြားလျှင် အားလုံးမှာ သူ၏ စကားပြော စွမ်းရည်ကို အထင်ကြီးကြရ၏။ မြေရိုင်းပြည်နယ်က တစ်ချိန်လုံး ခုခံနေရသည်လား။ အကြီးမားဆုံးသော တိုက်ပွဲများ၌ ကျောက်ပြည်ထောင် ဘက်မှသာ ဆုံးရှုံးမှု ကြီးမားခဲ့သည် မဟုတ်ပေဘူးလား။

အားနည်းသော မြေရိုင်းပြည်နယ်အား အနိုင်ကျင့် ဖိအားပေးသည်လား။ လက်ရှိ မြေရိုင်း ပြည်နယ်ကား အားနည်းသည်ဟု မပြောနိုင်တော့ပေ။

ရီဖူရှင်းကား အလွန် လည်ဝယ်သည်။ ရှီဟွာတောင်ရှန့်ထိုမှ အဆင့်အတန်း မြင့်မားပြီး အမှန်နှင့်အမှားကို ခွဲခြား တတ်သင့်သည်ဟု ပြော၏။ ထိုစကားက သူတို့ကို ဉာဏ်နီ ဉာဏ်နက်များ သုံး၌ မကောင်း မကြံစည်တော့ရန် တားဆီးထားခြင်း ဖြစ်သွားသည်။

“တော်ဝင်ကျဲနန်းတော်နဲ့ ကျောက်ပြည်ထောင်တို့ အကြားတိုက်ပွဲမှာ မြေရိုင်းပြည်နယ်က သိပ်ဆုံးရှုံးမှု ရှိခဲ့ဟန်မပေါ်ဘူး။ တကယ်က ကျောက်ပြည်ထောင်ရဲ့ အင်အားစုသုံးခုပဲ အမြစ်ဖြုတ် ခံလိုက်ရတာပဲ မလား။ နန်းတော်သခင်ရီက မြေရိုင်း ပြည်နယ် အားနည်းတယ် ပြောရင် ဒါက နှိမ့်ချတာပဲ ဖြစ်တယ်။ “ရှီဟွာတောင်ရှန့်ထိုက ဆက်ပြောသည်...” ကျုပ်တို့ လက်ထပ်ပွဲက တော်ဝင် ကျဲနန်းတော်ကို တမင်အနိုင်ကျင့်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာတော့ မဟုတ်ဘူး။ ပြီးတော့ ကျုပ်က နန်းတော် သခင်ရီကို အများကြီး လေးစား သဘောကျမိတယ်။ ဒါကြောင့်ပဲ နန်းတော်သခင်ရီကို ကျောက်ပြည်ထောင်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးစေလိုတာပဲ။ “

“ကျုပ်တို့ကပဲ တောင်းပန်ရမယ် ဆိုတာက ခင်ဗျားပြောတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာလား။” ရီဖူရှင်းက မေးသည်။

“မြေရိုင်းပြည်နယ်က အားမနည်းဘူးလို့ ခင်ဗျားပြောတယ်။ ရှန့်ထိုတွေက စစ်ပွဲထဲ မပါရဘူးလို့ ပြည်နယ်ကိုးခု တမန်တော်က မပြောခဲ့ရင် ကျုပ်တို့ မြေရိုင်းပြည်နယ်က ဘာဖြစ်သွားမလဲ။ အခု ကျောက်ပြည်ထောင် ဘုရင်က ရှီဟွာတောင်နဲ့ ထိမ်းမြား လက်ထပ်ပွဲ လုပ်တယ်။ ကျောက်စီရီသာ တစ်ခုခု ဖြစ်တော့မှာကို လျူကျောင်းမြင်ရင် သူက ဒီအတိုင်း ထိုင်ကြည့်မလား။ “ရီဖူရှင်းက ထိုသို့ပြောလျှင် ရှီဟွာတောင်ရှန့်ထို၏ အမူအရာမှာ တဖြည်းဖြည်း အေးစက် လာခဲ့၏။

သူ့ထံမှ ရှန့်ထို အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ကာ အေးစက်စွာ ပြောသည်...

“နန်းတော် သခင်ရီက အမှားဝန်ခံဖို့ ဒီလောက်တောင် တွန့်ဆုတ်ရသလား“

အားလုံးက တိတ်ဆိတ်စွာ သောက်စားနေကြသည်။ ရှီဟွာတောင်ကား စစ်ပွဲထဲ ဝင်ပါရန် အကြောင်းပြချက် ရှာနေခြင်းမျှသာ ဖြစ်ကြောင်း အားလုံးသိကြပေသည်။

မြေရိုင်းပြည်နယ်ကား ကံဆိုးခြင်းပင်။

ကျောက်ပြည်ထောင်ကား တော်ဝင်ကျဲ နန်းတော်ကို အကျဥ်းအကျပ်ထဲသို့ ပို့နေ၏။

ရီဖူရှင်းက ရှီဟွာတောင်ရှန့် ထိုအား ကြည့်ကာ ပြောသည်... “ခင်ဗျားက ကျုပ်မလုပ်နိုင်တဲ့ ကိစ္စကို အတင်း လုပ်ခိုင်းနေတယ်။ တကယ်တမ်း အမှားဝန်ခံရမှာက ကျောက်ပြည်ထောင် ဘုရင်ပဲ”

“ဒီလိုပြောပြီး နန်းတော်သခင်ရီက ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ထုတ်ပြနေတာပဲ” ရှီဟွာတောင်ရှန့်ထိုက အေးစက်စွာ ပြောသည်။

ရှီဟွာတောင်ရှန့်ထိုအားကြည့်ကာ မြေရိုင်းပြည်နယ်မှ လူများအားလုံး၏ အမူအရာများ အေးစက် လာခဲ့ကြသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက ပြုံးလျှက် ခွက်ကို မြှောက်လျက် ဂွတ်ခနဲ တစ်ကျိုက် သောက်လိုက်၏။ ထို့နောက် တဖန် ရှီဟွာတောင်ရှန့်ထိုအား ကြည့်ကာ ပြောသည်... “ဒီတစ်ခေါက် ရှီဟွာတောင်ကိုလာတာ ကျုပ်အတွက် ဒုတိယအကြိမ်ပဲ။ ပထမအကြိမ်တုန်းက အခြေအနေကို ခင်ဗျား မှတ်မိသေးလား”

ရှီဟွာတောင် ရှန့်ထို မျက်မှောင်ကြုတ် လိုက်၏။ လွန်ခဲ့သော နှစ်အတန်ကြာက ပြည်နယ် ကိုးခုညီလာခံကို သူပြန်တွေးမိသည်။ ထိုအရာကပင် ရီဖူရှင်း ဆိုလိုသော အကြောင်းဖြစ်ရပေမည်။

“ထိုအချိန်က မြေရိုင်းပြည်နယ်ဆိုတာ အားနည်းပြီးတော့ ဘယ်တော်ဝင်မြေကမှ ကျုပ်တို့ကို အသိအမှတ် မပြုခဲ့ကြဘူး။ ကျုပ်တို့ ညီလာခံကို တက်တုန်းကလည်း အစေခံတွေ ထိုင်တဲ့နေရာမှာပဲ ထိုင်ရတယ်။ ယူချင်းက လက်မခံဘဲ စင်မြင့်ထက်ကို တက်ပြီး ပြောတော့ အားလုံးက အထင်သေး ရှုံ့ချခဲ့ကြတယ်။ ဒါပေမဲ့ အဆုံးသတ်မှာ ဘာဖြစ်ခဲ့လဲ။ “ရီဖူရှင်း၏ မျက်လုံးများက ရှီဟွာတောင်ရှန့်ထိုထံသို့ အေးစက်စွာ ရောက်လာခဲ့၏။

ရှီဟွာတောင်ရှန့်ထို၏ မျက်နှာက နက်မှောင်သွားသည်။ ပြည်နယ်ကိုးခုညီလာခံတွင် သူက ထိုကိစ္စအတွက် တောင်းပန်ခဲ့ပြီးဖြစ်သည်။ ထိုစဥ်က ရီဖူရှင်းသည်လည်း သူ့အား လေးစားမှုဖြင့် တော်ဝင်ရတနာကိုပင် မယူခဲ့ရာ အရာရာမှ ကောင်းမွန်စွာ ပြီးဆုံးခဲ့သည်။

သို့သော် ရီဖူရှင်းက ထိုကိစ္စအား ပြန်လည် ထုတ်ပြောလာ၏။

“တော်ဝင်စစ်ပွဲက ကျောက်ပြည်ထောင် ဘုရင်ရဲ့ ရင့်သီးမှုကြောင့် ဖြစ်လာတာပဲ။ ခင်ဗျားက ကျုပ်ကို ဘာလို တောင်းပန် စေချင်တာလဲ။ အားနည်းတာက အပြစ်လား။ “ရီဖူရှင်း ဆက်ပြောသည်... “လျူကျောင်းက မရဏတောင်မှာ ရှီဟွာတောင်က တပည့်တွေ၊ ကျောက်ပြည်ထောင်က တပည့်တွေနဲ့ စစ်တုရင်ရှန့်ထိုရဲ့ တပည့်တွေ အများကြီးကို မြှုပ်နှံခဲ့တယ်။ လျူကျောင်း အပြစ်မရှိဘူးပေါ့။ သူတောင်းပန်တာ ကျုပ်တစ်ခါမှ မမြင်မိပါလား။”

အားလုံးက လျူကျောင်းကို လှမ်းကြည့်ကြသည်။ သူကား တစ်ခါမှ တောင်းပန်ခဲ့ခြင်း မရှိခဲ့ပေ။ သူ့အား ရှီဟွာတောင်က ဆက်ခံသူ အဖြစ်ပင် ရွေးချယ်ခဲ့၏။

“ဒီလက်ထပ်ပွဲပြီးရင် ခင်ဗျား ဘာလုပ်မှာလဲ ရှီဟွာတောင်ရှန့်ထို။ “ရီဖူရှင်းက မေးသည်။ ရီဖူရှင်းက မေးသည်။ သူကား ဟိုဟိုဒီဒီ ပြောနေရသည်မှာ ငြီးငွေ့နေပြီဖြစ်ရာ တည့်တိုးမေး၏။

“ကျုပ်က ပြောနိုင်တာတွေ အကုန် ပြောပြီးပြီ။ ရီဖူရှင်း... မင်းက ဒီလမ်းကြောင်းကို တကယ် ရွေးတော့မှာလား။ “ရှီဟွာတောင်ရှန့်ထို၏ အသံကား လေးလံနေ၏။

“ခင်ဗျား ပြောပြီးပြီလေ။ ကျောက်ပြည်ထောင်သာ ပြဿနာရှိရင် ခင်ဗျားက ဒီအတိုင်း ကြည့်နိုင်မှာလား။ “ရီဖူရှင်းက ပြုံးလျှက်ပြောသည်... “ခင်ဗျားနဲ့ ကျောက်ပြည်ထောင်ဘုရင်က လက်ထပ်ပွဲ မတိုင်ခင် ဆွေးနွေးပြီးကြပြီ။ ဟုတ်တယ်မလား။”

ရှီဟွာတောင်ရှန့်ထိုက သူ့အား အေးစက်စွာ ကြည့်သည်။ သည်ရီဖူရှင်းကား အမှန်ပင် အဆိပ်ဆူး ဖြစ်သည်။ သူကား မည်သူ့ မျက်နှာကိုမှ ထောက်မည့်ပုံမရှိပေ။

“ဒါကြောင့်ပဲ ခင်ဗျားက ကျုပ်ကို ဖိတ်တာမလား။ အခု ကျုပ်ရောက်နေပြီ။ ရှီဟွာတောင်က စီစဥ်ထားတာတွေ အခုလုပ်လို့ရပြီ။ “ရီဖူရှင်းက ပြောသည်... “အခန်းအနားမှာတော့ ကျုပ် ဆက်နေစရာ အကြောင်း မရှိတော့ဘူး။ ကျုပ်သွားပြီ။ “ပြောပြောဆိုဆို ရီဖူရှင်း ထရပ်သည်။ သူ့ဘေးတွင် မြေရိုင်းပြည်နယ်မှ တခြားလူများလည်း ထရပ်ကြ၏။

“ဘယ်လောက် မောက်မာလိုက်သလဲ။ “အေးစက်သော အသံတစ်သံကို ကြားကြရသည်။ ရီဖူရှင်း နောက်လှည့်ကြည့်လျှင် လူကြီးတစ်ယောက်က သူ၏ သေရည်ခွက်ကို ချလိုက်ကာ သူ့အား ကြည့်နေသည်ကို မြင်၏။ သူကား ကျိရှမ်းကမ်းပါးမှ ရှန့်ထိုခေါင်းဆောင် ဖြစ်သည်။ သူ၏နာမည်မှာ ရှန့်ထိုကျဲဖြစ်၏။

“အရင်နှစ်တွေတုန်းက အင်ပါယာရှားကိုသာ နန်းတော်က မဖိတ်ခေါ်ခဲ့ရင် တော်ဝင်ကျဲ နန်းတော်ဆိုတာ ဒီနေ့မှာ ရှန်တော့မှာ မဟုတ်ဘူး။ ဒီအခန်းအနားမှာ ဒီမောက်မာတဲ့ အကောင်ကိုလည်း တွေ့ရမှာ မဟုတ်ဘူး“

ရှန့်ထိုကျဲက အေးစက်စွာ ပြောသည်။ သူက ရီဖူရှင်းအား ကြည့်သည်... “မင်းကို တစ်ခု သတိပေးလိုက်မယ်၊ ရီဖူရှင်း... တော်ဝင်ကျဲ နန်းတော် သခင်ဟောင်းက အင်ပါယာရှားကို ဆင့်ခေါ်တုန်းက မြေရိုင်းပြည်နယ်မှာ ရှန့်ထို မရှိခဲ့ဘူး။ အခု မြေရိုင်းပြည်နယ်မှာ ရှန့်ထိုရှိနေပြီ။ ငါတို့က မင်းတို့ကို တိုက်ခိုက်လို့ မရသေးဘူးလို့ မပြောနဲ့။ “

ရှန့်ထိုကျဲ၏စကားတွင် အားလုံး၏ စိတ်နှလုံးအား တုန်ယင် သွားကြသည်။ နောက်ထပ် တော်ဝင်မြေတစ်ခုက မြေရိုင်းပြည်နယ်အား စစ်ကြေညာနေသည်။ ယခု ထိုတော်ဝင်မြေသုံးခုက ပူးပေါင်းလျှင် တော်ဝင်ကျဲနန်းတော်က မည်သို့ ခုခံနိုင်မည်နည်း။

တော်ဝင်ကျဲနန်းတော်မှာ သေချာပေါက် အဆုံးသတ် ပေတော့မည်။

ရီဖူရှင်းက ရှန့်ထိုကျဲအား ကြည့်သည်။ ယွီကျင့်လျူကလည်း သူ့အား ခွန်ယို၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ သတိပေးခဲ့သည်။ ယခု ထိုအတိုင်း ဖြစ်လာလေပြီ။

ထိုအချိန်မှာ ရီဖူရှင်းကား သိမ်းငှက်နက်မှ တစ်ဆင့် သူ၏ အမိန့်များအား ထုတ်ပြန်နေပြီ ဖြစ်သည်။

***

All Chapters