ညစာ ဖိတ်ကြားမှု
Vol. 76 Ch. 1126
ရွှီချန် စနောက် ကျီစယ်စွာ ပြုံးရင်း လင်းရီကို ကြည့်နေလိုက်သည်။
ဒီကောင်က ဘာမှသိတဲ့ပုံ မပေါ်ဘူး ဆိုပေမယ့် အနည်းဆုံးတော့ သူဘယ်သူလဲ ဆိုတာ သိလောက်မယ် ထင်တာပဲ။ ဒီဧရိယာ တစ်ဝိုက်မှာ သူ့ကို မသိသူဆိုတာ မရှိပဲကိုး။
အဲ့လိုဆိုရင်တော့ ပြောရဆိုရတာ လွယ်သွားပြီ။
" ငါမင်းကို မေးနေတယ်လေ..."ရွှီချန် သူ၏ အသံကို မြင့်လိုက်ပြီး " ဒီ ဖရဲသီးတွေ မှည့်တာ သေချာပြီလား... "
" သေချာတာပေါ့... "လင်းရီ ပြုံးလိုက်သည်။
" တစ်ကတ်တီ ဘယ်လောက်လဲ..."
" ယွမ် သုံးထောင်... "
" သောက်ခွေး.. မင်း ဘာပြောတယ်... တစ်ကတ်တီကို ယွမ် သုံးထောင် .. ဟုတ်လား... " ရွှီချန် ပြောလိုက်ပြီး " မင်းဟာက ရွှေနဲ့ လုပ်ထားလို့လား အဲ့လောက် ဈေးကြီးနေတာ... "
" ဒါ ကျုပ်အိမ်က ဖန်လုံအိမ်ထဲမှာ စိုက်တဲ့ အသီးတွေပဲ.. တခြား သာမန်ဆိုင်က အသီးတွေနဲ့ မတူဘူး... "
" ကောင်းပြီလေ... ငါ တစ်လုံး စမ်းကြည့်မယ်... "
လင်းရီ ဖရဲသီးကို မ၍ ကတ္တားပေါ် တင်လိုက်ပြီး " ၁၅ ကတ်တီ.. ဒီတော့ ယွမ် ၄၅,၀၀၀ .. ကျူအာကုတ် ဒီမှာ ဖတ်ပေးပါ... "
" ကျူအာကုတ် စကန်ဖတ်ပေးရမယ်တဲ့... " ရွှီချန် ဘေးရှိ သူ့လူများကို တစ်ချက် ကြည့်လိုက်ရင်း " မင်းတို့ကောင်တွေ ငါ ဒီဧရိယာ တစ်ဝိုက်မှာ ပိုက်ဆံပေးပြီး စားတာ မြင်ဖူးကြလား... "
"ဟားဟား...."
" ဟက်..."
လင်းရီ ပြုံးလိုက်ပြီး "အလကား စားနေတယ်ပေါ့.. ပစ္စည်း ၀ယ်ရင် ငွေရှင်းရမယ့် မသိတဲ့ကောင် နောက် တစ်ကောင်ပါလား... "
" ဟေ့ကောင်.. မင်း သတ္တိတွေ သိပ်ကောင်းနေတာလား.. ငါ့တို့ရဲ့ အစ်ကိုကြီးချန်ကို ဒီလိုစကားမျိုး ပြောဝံ့နေတယ်... "
လင်းရီ ဖရဲသီးခွဲသည့် ဓားဖြင့် ဟောင်ဖွာဟောင်ဖွာ လုပ်နေသည့် ကောင်ဘက် ရွယ်လိုက်ရင်း " မင်း နောက်တစ်ခါ စကားဖြတ်ပြောရဲရင် ဒီဓားနဲ့ မသေမခြင်း ထိုးသတ်ပစ်မယ်.. မယုံမရှိလိုက်နဲ့..."
လင်းရီ၏ တည်ငြိမ်ပြီး တကယ်လုပ်မည့် အကြည့်တို့က ရွှီချန် အနီးတစ်ဝိုက်ရှိ လူများအား ကြောက်ရွံ့သွားစေခဲ့သည်။ သူတို့ တံတွေးတစ်လုတ် မျိုချရင်း သတိထားသည့် အကြည့်ဖြင့်သာ ကြည့်နေကြတော့၏။ တော်နေကြာ ပြောမရ ဆတ်ကနဲ ပြုလုပ်ပါက အသက်က တစ်ချောင်း အပိုမပါပေ။
“ မင်း… ငါ့ညီကိုတွေကို ခြိမ်းခြောက်ဝံ့နေတယ်…”
လင်းရီ လက်ဆန့်တန်း၍ ရွှီချန်၏ ဦးခေါင်းကို ဆွဲယူလိုက်သည်။ ထို့နောက် ကားသံပန်းများနှင့် ကပ်ထားလိုက်ပြီး ဇက်ပေါ် ဓားတင်ထားလိုက်ကာ “ မင်းဒီကို ပြဿနာ လာရှာတာ မလား… ဒါပေမယ့် မင်းမှာ လုံလောက်တဲ့ အရည်အချင်း မရှိသေးဘူး..”
ထက်ရှသည့် ဓားသွားက ရွှီချန် တည့်တည့်တွင် ရှိနေပြီး သူ့မျက်နှာသူ ပြန်မြင်နေရလေသည်။
ရွှီချန် မျက်နှာ ဖြူဖပ်ဖြူလျော်ဖြစ်သည်အထိ ကြောက်ရွံ့သွားခဲ့တော့၏။ သူ လင်းရီ ဆွဲထားသည့် လက်ကို ရုန်းချင်သော်လည်း မလှုပ်နိုင် ဖြစ်နေလေသည်။
“ မဟုတ်တာ မဟုတ်တာတွေ… အစ်ကိုကြီး… ငါတို့ စကားအေးဆေး ပြောကြမယ်လေ…”
“ မင်း ဘာတွေ လာပြောနေတာလဲ… မင်း ဒီကို ပြဿနာ ရှာဖို့ ရောက်လာတယ်ဆိုတာ အရှင်းကြီးပဲ… အဲ့ဒါတောင် ငါနဲ့ စကားပြောချင်နေသေးတယ်ပေါ့… ဟုတ်လား..”
“ မဟုတ်တာ.. ငါလည်း ဒီကို မလာချင်ပါဘူးကွာ… မာကျန်းဖုန်း လာခိုင်းလို့ပါ… ငါတို့က အကူအညီပေးရုံ သပ်သပ်ပါပဲ…”
“ မာကျန်းဖုန်း… ကူညီပေးတယ်….”
လင်းရီ သူ့အရှေ့ရှိ ဗန်ကို တစ်ချက် ကြည့်လိုက်တော့ ခရီးသည် ထိုင်ခုံတွင် ထိုင်နေသည့် အမျိုးသားတစ်ယောက်ကို လှမ်းမြင်လိုက်ရလေသည်။
ကြည့်ရသည်မှာ သူ လတ်တလောတင် ဖုန်းကျားကျား အိမ် အပြင်ဘက်၌ တွေ့ခဲ့သည့် အပျော်လင်လေး ဖြစ်ပုံရ၏။
ထိုအခိုက်အတန့်တွင် မာကျန်းဖုန်းသည်လည်း လင်းရီ သူ့အား ကြည့်နေသည်ကို သတိမူမိသွားသည်။
ချက်ချင်း ဆိုသလို တစ်ကိုယ်လုံး တုန်ခါသွားပြီး ကားထဲမှ အလျင်အမြန် ထွက်၍ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားခဲ့တော့သည်။
“ ငိုးပဲ.. မာကျန်းဖုန်း အဲ့ခွေးမသား ထွက်ပြေးသွားပြီ…” ရွှီချန်၏ ငယ်သားတစ်ယောက်မှ အော်ဟစ်လိုက်လေသည်။
“ မင်း အဘွား… မပြေးနဲ့လေ… ငါ ဒီမှာ ဒုက္ခရောက်နေတာ မင်း မမြင်ဘူးလားကွ…” မာကျန်းဖုန်း ဓားကို အထိတ်တလန့်ဖြင့် ကြည့်နေရင်း တုန်လှုပ်စွာဖြင့် အစွမ်းကုန် အော်ဟစ်လိုက်တော့သည်။
လင်းရီ ရယ်တော့မယောင် ဖြစ်သွားခဲ့သည်။ ဤလူများ လူရွှင်တော်များ လုပ်ပါက ဇာတ်အဖွဲ့သည် တိုင်းကျော်ပြည်ကျော် ဖြစ်လိမ့်မည်ဟု စိတ်ထဲ ခံစားနေမိ၏။
သို့သော်လည်းပဲ သူ ဂရုတစိုက်နှင့် ပြန်တွေးကြည့်လိုက်တော့ သူ၏ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ဘဝကို ပြန်လည် အမှတ်ရသွားခဲ့လေသည်။ ထိုစဉ်အခါက သူသည်လည်း ဤလူမိုက်များနှင့် ထူးမခြားနား ရှိခဲ့ပုံကို ပြန်တွေးမိရင်း လင်းရီ ကိုယ့်ကိုယ်ကို ရယ်မောမိသွားချင်ခဲ့သည်။
ဒီကောင်တွေကလည်း အတိတ်က သူ့လိုပါပဲလား။
အသီးခွဲဓားကို ပြန်ရုတ်လိုက်ရင်း လင်းရီ ရွှီချန်ကို ဘေးသို့ တွန်းထုတ်လိုက်သည်။
“ လစ်တော့… နောက်ဆို လူကောင်းသူကောင်း အလုပ်တွေပဲ လုပ်ကြ… မင်းတို့ ဒီလိုမျိုး တစ်နေကုန် ရန်ဖြစ် တိုက်ခိုက်နေရင် နောက်ကျ ဘယ်လို သေသွားမှန်းတောင် မသိလိုက်ပဲ ဖြစ်နေလိမ့်မယ်… “
“ လုပ်မှာပါ.. ငါတို့ လုပ်မှာပါ…”
ရွှီချန် ပြောပြီးနောက် ဦးညွှတ်တောင်းပန်လိုက်ရင်း “ ဒီနေ့ ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်.. တကယ်လို့ နောင်ကျ အကူအညီလိုအပ်ခဲ့ရင် ငါ့ကို သတိရလိုက်ပါ ညီကို… ငါ ကျိန်းသေပေါက်ကို ကူညီပေးမယ်…”
ပြောပြီးနောက် ရွှီချန်နှင့် သူ့လူများ ထွက်ခွာသွားခဲ့ကြသည်။
လင်းရီ ပြုံးလိုက်၏။ ဆရာသမားက ဖုန်းနံပါတ်လေး ပေးမသွားဘဲနဲ့ အကူအညီတောင်းလို့ရပါတယ်လုပ်နေ။
“ ရီလေး… မင်း တစ်ယောက်ယောက်ကို အပြစ်ပြုမိလို့လား…. အဲ့လူက မင်းကို လက်စားချေဖို့ လွှတ်လိုက်တဲ့သူလား…” သူသဟိုင် လင်းရီအနား ပြန်ရောက်လာခဲ့ပြီး မေးမြန်းလိုက်၏။
“ ယင်ကောင် အသေးစားလေး တစ်အုပ်ပါဗျာ… စိတ်ထဲ ထားမနေပါနဲ့..”
လင်းရီ မည်မျှ တည်ငြိမ်နေသည်ကို မြင်တော့ သူသဟိုင်လည်း စိတ်ထဲထားမနေတော့ချေ။
လင်းရီက သူ့ထက်ပို၍ လုပ်နိုင်စွမ်း ရှိလေသည်။ ထို့ကြောင့် သူက ကိုယ်စား စိတ်ပူပေးနေဖို့ မလိုအပ်ချေ။
ရွှီချန် ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီ နောက် သုံးလေးသုတ်ခန့် ရောင်းချလိုက်ရသေး၏။ ညနေ လေးနာရီထိုးလောက် ကျတော့ ကော်ဖေး၏ ကားမှာ ထန်းချိန် အိမ်ယာ ဝင်ပေါက်ဝသို့ ထိုးရပ်လာလေသည်။
သုံးယောက်သား တစ်ယောက်ပြီး တစ်ယောက် ကားထဲမှ ထွက်လာခဲ့ကြ၏။
“ သမီး… အခြေအနေ ဘယ်လိုရှိလဲ… ဝင်ခွင့်ရခဲ့လား…” သူသဟိုင် မျှော်လင့်တကြီးနှင့် မေးမြန်းလိုက်သည်။
“ ဟုတ် … ပြဿနာတော့ ရှိတော့မယ် မထင်ဘူး…” သူယောင် စိတ်သက်သာရာရသည့် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ သမီးကို မြင့်မြင့်မှန်းထားတဲ့ တီချယ် တစ်ယောက် ရှိတယ်… သူက သမီးကို ခေါ်ချင်တယ်တဲ့… အခြေအနေ ကောင်းပါတယ်…”
ဘွဲ့လွန် အင်တာဗျူးသည်က အလွန်ပင် ဓမ္မဓိဌာန် မကျသည့် ကဏ္ဍတစ်ခုဖြစ်၏။
အချိန်အများစုတွင် မျှမျှတတနှင့် ရလဒ်များကို ထုတ်ပေးလေ့ရှိသော်လည်း အခြား အခြေအနေတစ်ခုကလည်း ရှိနေသေးပြန်သည်။
အကယ်၍ ဆရာတစ်ယောက်က ကျောင်းသားတစ်ယောက်၏ အခြေအနေကို အလွန် သင့်လျော်သည်ဟု ခံစားရပါက သူ၏ ခွင့်ပြုမှုကို အသံကျယ်ကျယ်ဖြင့် ထုတ်ဖော်ပြောဆိုလိမ့်မည်။
ထိုသို့ ဖြစ်လာပြီဆိုပါက အမေးခံရသည့် ကျောင်းသားအဖို့ ကောင်းချီးပေးခံလိုက်ရသလိုပါပင်။
သူယောင်သည်လည်း ထိုကဲ့သို့သော အခြေအနေမျိုးဖြင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။
“ ကောင်းတာပေါ့..” သူသဟိုင် ပြောလိုက်ပြီး “ ဒီလောက် အကြာကြီး စာတွေ လုပ်ခဲ့ရတာ ကြည့်ရတာ နင့်ရဲ့ ကြိုးစားမှုတွေ အရာရောက်သွားတဲ့ ပုံပဲ… အဲ့တာကောင်းတယ်..”
သူယောင် သဘောကျစွာဖြင့် တခစ်ခစ် ရယ်မောလိုက်သည်။ ဘွဲ့လွန် တက်ရတော့မည်ဆိုတော့ သူမ ခံစားချက်တို့ ကောင်းမွန်နေသည်။ ကြုံဖူးသူတို့သာလျှင် နားလည်နိုင်မည့် ခံစားချက်မျိုး ဖြစ်၏။
“ နောက်ကျနေပြီ ပြန်ကြရအောင်လေ အဖေ… ပြန်ရောက်ရင် အမေ့ကို ဟင်းကောင်းတွေ ချက်ခိုင်းရမယ်…”
သူသဟိုင် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် လင်းရီဘက်သို့ ကြည့်ရင်း “ မင်း ဒီည ရွာပြန်လာမှာလား…. အိမ်မှာ ထမင်းလာစားလေ…”
“ ကျုပ် ဒီနေ့တော့ မပြန်ဖြစ်သေးဘူး… အသီးတွေ ရောင်းလို့ မကုန်သေးဘူး… နောက် တစ်ခေါက်ပေါ့…” လင်းရီ ပြုံးလိုက်၏။
“ ကောင်းပြီလေ… ဒါဆိုလည်း ငါ တိုက်တွန်းမနေတော့ဘူး…”
“ ရတယ်… ခင်များတို့ သားအဖတွေ သွားစရာရှိတာသာ မြန်မြန်သွား… ခု လေးနာရီတောင် ထိုးနေပြီ… ခဏဆို မိုးချုပ်သွားတော့မှာ…”
“ အစ်ကိုကြီးလင်း… ညီမတို့ အရင်သွားနှင့်ပြီနော်… ညီမတော့ ခုကစပြီး ဘွဲ့လွန်ကျောင်းသူလေး ဖြစ်သွားပြီ… အချိန်ရတော့မှပဲ လိုက်ပြီး ဧည့်ခံပေးတော့မယ်…”
သူယောင် ပြောလိုက်၏။
“ ကောင်းပြီလေ… ပိုက်ဆံကုန်ဖို့သာ ပြင်ထားလိုက်…”
“ ဟီးဟီး…”
ကလင် ကလင် ကလင်…
ထိုစဉ် သူယောင်၏ ဖုန်းအသံ မြည်ဟီးလာခဲ့သည်။ အမည်မသိ ဖုန်းနံပါတ် တစ်ခု ဖြစ်၏။
“ ဟယ်လို … ဘယ်သူပါလဲ…”
“ ဪ .. ဟုတ်ကဲ့ တီချယ်တင်း… “
“ အခုလား…”
“ ဟုတ် ဟုတ် .. အချိန်ရပါတယ်..”
“ ဟုတ်ကဲ့… နားလည်ပါပြီ…”
ဖုန်းချပြီးနောက် သူယောင် အိမ်ပြန်နိုင်မည် မဟုတ်ဟု လူတိုင်း ခန့်မှန်းလိုက်ကြသည်။
“ သမီး… ဘာတဲ့လဲ… တစ်ယောက်ယောက်က သမီးကို တွေ့ချင်လို့တဲ့လား…”
“ သမီးကို လက်ခံချင်နေတဲ့ တီချယ်တစ်ယောက် ရှိတယ်လို့ ခုနက ပြောခဲ့တယ်မလား… သူ ဖုန်းလာပြီး သမီးနဲ့ ထမင်း အတူ စားချင်တယ်တဲ့.. သူပြောတာ စားရင်းနဲ့ ဘွဲ့လွန်ကျောင်းသား ခေါ်ယူမှု အစီအစဉ် အကြောင်း ပြောချင်တယ်ဆိုပဲ..”
“ ဟုတ်လား…”
ကျိုးဟိုင် ပင်းချန် တက္ကသိုလ်တွင် ခေတ္တကြာအောင် ကျောင်းဆရာ လုပ်ခဲ့ပြီးနောက် လင်းရီ ဘွဲ့လွန်ကျောင်းသား ခေါ်ယူမှုသည် မည်ကဲ့သို့ လုပ်ထုံးလုပ်နည်းများအကြောင်း နားလည်မှု တစ်ချို့ ရှိထားလေသည်။
သူယောင်သည်က လက်ခံခြင်း ခံရပြီး ဖြစ်သော်လည်းပဲ တရားဝင် စာထွက်လာခြင်း မရှိသေးသောကြောင့် ယုတ္တိရှိရှိ ပြောရမည်ဆိုလျှင် ယခုလို တွေ့ဆုံမှုမျိုး မရှိသင့်ချေ။
အဘယ်ကြောင့် အင်တာဗျူး ပြီးသည်နှင့် ချက်ချင်းကြီး တွေ့ချင်နေရပါသနည်း။
ရိုးတော့ မရိုးသားချေ။
“ ဘယ်အချိန်လောက် ပြီးမှာလဲ.. အဖေတို့ ဒီမှာ စောင့်နေမယ်လေ…”
“ ဘယ်အချိန်ပြီးမလဲ သမီးလည်း မသိဘူး… သူပြောတာ ည ခြောက်နာရီတဲ့… တော်တော်တောင် နောက်ကျနေပြီ… သမီး ဒီညတော့ မပြန်တော့ဘူး…”
“ ဘာလို့ မပြန်ရမှာ… နင်က မိန်းကလေး… ဘာလို့ အပြင်မှာ တစ်ည အချိန်ကုန်ရမှာလဲ…”
“ ရပါတယ် .. သမီး ဖေးဖေးကို သမီးနဲ့အတူ ခေါ်သွားလိုက်မယ်… အစ်ကိုကြီးလင်းရဲ့ မိသားစုကလည်း ကျိုးဟိုင်မှာလေ… အကူအညီ လိုလာခဲ့ရင် သူ့နားလည်း တောင်းလို့ရနေတာကိုပဲ… စိတ်ချစမ်းပါ….”
လင်းရီလည်း ရှိနေသည်ကို ပြန် အမှတ်ရသွားတော့ သူသဟိုင်၏ စိတ်အခြေအနေသည် အများအပြား ကောင်းမွန်လာခဲ့သည်။ သူ ဆက်ပြီး စိုးရိမ် ပူပန်နေခြင် မရှိတော့ချေ။
“ ရီလေး… မင်း ညီမကို ဂရုစိုက်ပေးပါဦးကွာ…”
“ ဒါပေါ့…. ခင်များလည်း အီးရောအီးရော လုပ်မနေနဲ့လေ…” လင်းရီ ရယ်သွမ်းလိုက်ရင်း “ လူကြီး ဖြစ်နေပြီကို တစ်ယောက်ထဲသွားလို့ လမ်းပျောက်မှာတော့ မကြောက်ဘူးမလား…”
“ မင်း ခွေးကောင်လေး…”
သူသဟိုင် အပြုံးလေးဖြင့် ကျိန်ဆဲလိုက်သည်။ ထို့နောက် မပြန်ခင် သူ့သမီးကို တစ်ခွန်းနှစ်ခွန်း မှာကြားပြီးနောက် ထွက်ခွာသွားခဲ့လေသည်။
“ ကော်ဖေး… နင်လည်း လုပ်စရာရှိတယ်လို့ ပြောတယ်မလား.. နင် အရင် ပြန်နှင့်… ငါ ဒီမှာနေပြီး ယောင်ယောင်ကို လိုက်သွားပေးလိုက်ဦးမယ်…”
ဖန်းဖေး ပြောလိုက်သည်။
“ ကောင်းပြီလေ… ဒါဆို ငါအရင် ပြန်နှင့်ပြီ..
ထမင်း တစ်နပ်စားရုံမျှသာ ဖြစ်သောကြောင့် ကော်ဖေး အတွေးလွန်မနေတော့ပဲ ကားဖြင့် မောင်းထွက်သွားခဲ့တော့၏။
“ ထမင်းစားဖို့ ခေါ်တဲ့ တီချယ်ရဲ့ နာမည်က ဘယ်သူတဲ့လဲ…”