ဦးနှောက်၏ အရေးပါမှု
Vol. 76 Ch. 1128
“ မင်းတို့ နှစ်ယောက် အခု ဘယ်မှာလဲ…”
“ လမ်းဘေးမှာ….”
“ လမ်းဘေးမှာ…ဟုတ်လား.. ”
“ ညစာ စားတုန်းက အဲ့ သူတောင်းစား နှာဘူးက ယောင်ယောင်ကို အရက်နှစ်ခွက် အတင်း သောက်ခိုင်းတယ်လေ… ပြန်ခါနီးကျတော့ ယောင်ယောင်က တော်တော်လေး ထွေနေပြီ… အဲ့ခါကျတော့မှ သူ့ရဲ့ ဘီလူးဇာတ်ရုပ် ပေါ်လာပြီးတော့ ယောင်ယောင်ကို တွဲသလို ဘာသလိုနဲ့ အခွင့်အရေး ယူဖို့ ကြိုးစားလာတော့တာပဲ… ကျွန်မလည်း အစ်ကိုကြီးလင်း ပြောတဲ့အတိုင်း သူ့ ဘောတည့်တည့်ကို ဆောင့်ကန်ပစ်ခဲ့ပြီး ယောင်ယောင်နဲ့ ထွက်ပြေးလာခဲ့လိုက်တာ…”
“ ယောင်ယောင် ဘယ်လိုနေလဲ…”
“ အဆင်ပြေပါတယ်… ခု ပိုကောင်းနေပါပြီ.. ပြဿနာတော့ မရှိတော့ပါဘူး…”
“ မင်းတို့နှစ်ယောက် တက္ကစီငှားပြီး ပန်နီဆူလာ ဟိုတယ်ကို သွားလိုက်ကြ… ငါ့နာမည်ပြောပြီး ကောင်တာမှာ အခန်းတစ်ခန်း ငှားလိုက်… မင်းတို့ဆီ မနက်ဖြန်ကျရင် လာခဲ့မယ်…”
“ အာ… ပန်နီဆူလာဟိုတယ်ကို သွားရမယ်.. ဟုတ်လား… ကျွန်မ တစ်တော့ ပေါ်မှာ မြင်ဖူးတယ်… အဲ့ဟိုတယ်ကြီးက ကြယ်ငါးပွင့် ဟိုတယ်ကြီးမလား… ကျွန်မတို့ မတတ်နိုင်ဘူး…”
“ အဲ့တာ ငါပိုင်တဲ့ ဟိုတယ်ပဲ… အလကားနေလို့ရတယ်…”
“ ဘုရားရေ… အစ်ကိုကြီးလင်းက သိပ်အံ့ဩဖို့ကောင်းတာပဲ….”
“ သွားကြတော့… ငါဒီကိစ္စ မင်းတို့ကိုယ်စား ဖြေရှင်းပေးထားမယ်….”
“ ကျေးဇူးနော် အစ်ကိုကြီးလင်း…”
သူယောင်နှင့် ဖန်းဖေးတို့အတွက် စီစဉ်စရာ ရှိသည်များကို စီစဉ်ပေးပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။
“ ဘာဖြစ်တာလဲတဲ့…” ကျီချင်းရန် မေးမြန်းလိုက်၏။
“ အစ်ကိုဟိုင်ရဲ့ သမီးပါကွာ… ဘွဲ့လွန် အင်တာဗျူး ဖြေတုန်း နှာဘူးကျတဲ့ တစ်ယောက်နဲ့ သွားတွေ့တော့ ကံဆိုးသွားတာ… တော်သေးတာ ဘာမှ မဖြစ်သွားခဲ့တာပဲ… ငါ သူတို့ကို ဟိုတယ်မှာ ခဏ နေခိုင်းထားလိုက်တယ်..”
ကျီချင်းရန် ဟွမ်ရှီး ကျေးရွာသို့ သိပ် မရောက်ဖြစ်သော်လည်းပဲ လင်းရီမှ ရွာထဲရှိ အကြောင်းအရာများကို သူမနှင့် အမြဲပြောဖူးသောကြောင့် နာမည် ပြောလိုက်သည်နှင့် မည်သူဆိုတာကို သူမ နားလည်လေသည်။ သူသဟိုင် ဆိုသူက လင်းရီနှင့် အင်မတန် ရင်းနှီးသူ တစ်ဦး ဖြစ်ကြောင်း သူမ ဒက်ကနဲ သိလိုက်သည်။
“ ငါတို့ ရဲခေါ်မှ ဖြစ်မှာပေါ့… ဒီကိစ္စ ဒီတိုင်း လွှတ်ပေးလိုက်လို့ ဘယ်ဖြစ်မှာလဲ…”
သူမကိုယ်၌က အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် ကျီချင်းရန် ယခုလို လုပ်ရပ်မျိုးကို ပြင်းပြင်းထန်ထန် ရှုတ်ချ ဆန့်ကျင်ပါသည်။
“ ငါတို့ ရဲခေါ်လိုက်ရင် တက္ကသိုလ်ပါ ပြဿနာ တက်သွားလိမ့်မယ်… မမေ့လိုက်နဲ့လေ… ငါက ပင်းချန် တက္ကသိုလ်ရဲ့ ဂုဏ်သရေဆောင် ဒုကျောင်းအုပ်ကြီး ဖြစ်နေသေးတုန်းပဲ… ကိုယ့်မျက်နှာကိုယ် ဖြတ်ရိုက်လို့တော့ ဘယ်ဖြစ်မှာလဲ… “ လင်းရီ ပြောလိုက်သည်။
“ ပြီးတော့ ဒီလောက်လေးနဲ့ ရဲခေါ်လိုက်လို့လည်း အလကားပဲ… သက်သေ အခိုင်အလုံ မရှိဘဲနဲ့တော့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး..”
“ အင်း… နင်ကိုယ်တိုင် ကိုင်တွယ်လိုက်တာက တရားနည်းလမ်းတကျနဲ့ ဖြေရှင်းတာထက် ပိုကောင်းလိမ့်မယ်လို့ ငါထင်တယ်…”
“ မင်းလေးက ကိုယ့်ကို သိပ်နားလည်တာပဲ…”
စားသောက်ပြီးနောက် နှစ်ယောက်သား ခေတ္တဇိမ်ခံလိုက်ကြ၏။ ထို့နောက် အနားယူရန် အခန်းထဲသွားလိုက်ကြသည်။
သို့သော်လည်း လင်းရီသည် ရန်ကျင်းရှိ ကိစ္စရပ်၏ အဖြေကို မျှော်တလင့်လင့်နှင့် ဖြစ်နေခဲ့၏။
နောက်တစ်နေ့ နံနက်ရောက်တော့ လင်းရီ ပန်နီဆူလာဟိုတယ်သို့ သွားပြီး သူယောင်နှင့် ဖန်းဖေးတို့ကို သွားရှာလိုက်သည်။
“ ညက အိပ်လို့ ကောင်းကြလား…” လင်းရီ အပြုံးလေးဖြင့် မေးလိုက်သည်။
“ ကောင်းလွန်းလို့ ဟိုဘက်ကမ်းတောင် ရောက်နေပြီ..” ဖန်းဖေး ပြောလိုက်၏။
“ အစ်ကိုကြီးလင်း.. ရှင် တကယ်ကြီး ကျွန်မကို အထင်ကြီးအောင် လုပ်ပြလိုက်တာပဲ.. ရှင့်မှာ တကယ်ကြီး ဒီလောက် ဟိုတယ်ကြီး ရှိနေတယ်.. တစ်နှစ် တစ်နှစ်ကို အနည်းဆုံး ယွမ် ဆယ်သန်းလောက်ကတော့ လာထားပဲနေမှာ…”
“ ပိုက်ဆံ နည်းနည်းလေးပါကွာ…” လင်းရီ သူယောင်ကို ကြည့်လိုက်ပြီး “ ဘယ်လိုနေသေးလဲ… သူမင်းကို စိတ်ဝေဒနာရအောင် လုပ်မိလိုက်သေးလား…”
“ အစ်ကိုကြီးလင်း… ညီမ ဆက်ပြီးတော့ ဘွဲ့လွန် မတက်ချင်တော့ဘူး… မနေ့ညက အဖြစ်အပျက်ကို စဉ်းစားမိတာနဲ့ အရမ်း ကြောက်နေပြီ.. ညီမ ဆက်တက်နေရင် သူနဲ့ ပြန်တွေ့နေရမှာ…”
“ မြွေလေး တစ်ခါ ကိုက်ခံရတာနဲ့ ဆယ်နှစ်လောက်အထိ ကြိုးမြင်တိုင်း လန့်ပြမနေစမ်းပါနဲ့…. အဲ့လို လုပ်တာက လူဖျင်းလူညံ့တွေရဲ့ လုပ်ရပ်ပဲ..” လင်းရီ ပြောလိုက်ပြီး “ မင်း ကျောင်း ဆက်တက်ကို တက်ရမယ်… ဒီနေ့ခေတ် လူမှုအသိုင်းအဝိုင်းကြီးမှာ ကိုယ့်ရဲ့ ပညာရည်က မြင့်မားလေ ပိုကောင်းတဲ့ အနာဂတ် အလားအလာတွေ ပိုင်ဆိုင်နိုင်လေပဲ… မဟုတ်ရင် ဒီလို မြို့ကြီးပြကြီးမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး…”
“ အစ်ကိုကြီးလင်း ပြောတာ ဟုတ်တယ်..” ဖန်းဖေး ခေါင်းညိမ့်၍ လင်းရီ၏ စကားလုံးများကိုထောက်ခံလိုက်သည်။ “ အစ်ကိုကြီးလင်း… အစ်ကိုကြီးက သိပ်ချမ်းသာတာပဲနော်.. အစ်ကိုကြီးက စင်ဟွာကျောင်းဆင်းကများလား… ဒါမှမဟုတ် ရန် တက္ကသိုလ် ကျောင်းဆင်းကလား…”
“ အမ်…. တစ်ခုမှ မဟုတ်ဘူး…”
“ ဒါဆို ဟားဗက်လား… BIT လား..”
“ ပန်တနီးယား တက္ကသိုလ်ကလေ…”
ပန်တနီးယား တက္ကသိုလ်က အွန်လိုင်းပေါ်တွင် တော်တော်ကြီးကို နာမည်ကြီး ရေပန်းစားသည့် နိုင်ငံတကာ ထိပ်တန်း တက္ကသိုလ် တစ်ခု ဖြစ်သည်။
“ အိုးမို… နာမည် အရမ်းကြီးတဲ့ ကျောင်းပဲ….” ဖန်းဖေး အံ့အားသင့်သွားခဲ့ပြီး “ ပိုက်ဆံ ဒီလောက်အများကြီး ရှာနိုင်တာ မဆန်းတော့ပါဘူး… ဉာဏ်ပညာက ကံကြမ္မာကို ပြောင်းလဲစေတာပဲ…”
ကလင် ကလင် ကလင်….
စကားပြောရင်း တန်းလန်းဖြစ်နေတုန်းမှာပဲ ဖန်းဖေး၏ ဖုန်းသံ မြည်လာခဲ့သည်။
“ ဟယ်လို….”
“ မစ် ဖန်းဖေးလား…”
“ ဟုတ်ပါတယ်…”
“ ခုပြောနေတာ ဖူချန်လမ်း ရဲဌာနကပါ… မစ် ဖန်းဖေး မနေ့ညက တင်းရိဝေလို့ ခေါ်တဲ့ လူတစ်ယောက်ကို ဖူချန်လမ်းက ကျွင်းယွဲ့ ဟော့ပေါ့ဆိုင်မှာ ရိုက်ခဲ့တာကို မမေ့သေးဘူးလို့ ထင်ပါတယ်…”
ဖန်းဖေး ချက်ချင်းဆိုသလို ဘာဖြစ်နေမှန်း နားလည်သွားခဲ့လေသည်။
“ ဟုတ်ကဲ့ … မှတ်မိပါတယ်…”
“ ကျွန်တော်တို့ကို ခံရသူက လာပြီး တိုင်ကြား အမှုဖွင့်ထားလို့ပါ.. စည်းမျဉ်းစည်းကမ်းတွေအရ မစ်ဖန်းဖေးကို စခန်း လာခဲ့ဖို့ ပြောတာပါ…”
“ နားလည်ပါပြီ…”
ပြောပြီးနောက် တစ်ဖက်သူမှာ ဖုန်းချသွားခဲ့သည်။ ဖန်းဖေး၏ အမူအရာသည်လည်း အကျည်းတန်နေခဲ့တော့၏။
သာမန်လူများသည် ရဲအရာရှိများနှင့် အချင်းမများဆိုသည့် စကားအတိုင်း သူမ မည်မျှပင် ဒေါသထွက်နေစေကာမူ ရဲအရာရှိ တစ်ယောက်ကို ကြိမ်းလား မောင်းလား မပြုဝံ့ပါချေ။ ထို့ကြောင့် ပြန်ပြီးလည်း ခံမငြင်းဝံ့ချေ။
သူမ အသက် နှစ်ဆယ်ကျော် ကာလအတွင်း ယခုလိုမျိုး ကြုံတွေ့ရသည်မှာ ပထမဆုံး အကြိမ်ပင်။
“ ဘာဖြစ်တာလဲတဲ့..” သူယောင် မေးမြန်းလိုက်သည်။
“ ချီးပဲဟာ…” ဖန်းဖေး ဒေါသတကြီးနှင့် ကိုင်ထားသည့် ဖုန်းကို အိပ်ရာပေါ် ကောက်ပစ်လိုက်တော့၏။
“ သူက နှာဘူးလာကျနေတယ်ဆိုတာ အရှင်းကြီးပဲ… ငါက ဒီတိုင်း သူ့ကို ကန်လိုက်တာကို အဲ့တာကို သူကများ ရဲစခန်း သွားတိုင်ဝံ့နေတယ်… ဒီကမ္ဘာကြီးမှာ တရားမျှတမှု ဆိုတာ ရှိသေးလို့လား….”
“ ကြည့်လေ… ဒါ ပညာဉာဏ်ရဲ့ စွမ်းအားတွေပဲ…” လင်းရီပြောလိုက်ပြီး “ မင်းက ခံရတဲ့သူ ဆိုပေမယ့် သူက သူ့ရဲ့ ဉာဏ်ပညာနဲ့ အတွေ့အကြုကို အသုံးချပြီး ရဲတိုင်လိုက်တယ်… ဒီလိုမျိုး စက်ဆုပ်ဖို့ ကောင်းတဲ့ ကိစ္စမျိုး မင်း တစ်ခါမှ မကြုံဖူးသေးဘူး ဟုတ်တယ်ဟုတ်…”
ဤကိစ္စက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းလာနေသည်ဟု လင်းရီ ခံစားနေရသည်။ သူအစက ရဲများနှင့် ဇယား မရှုပ်ချင်သော်လည်း သူခိုးက လူပြန်ဟစ်၍ ရဲတိုင်ပြီး တစ်ကွက်ကြိုရွေ့ထားခဲ့လေသည်။
“ အမှန်ပဲ… ကျွန်မ အရင်တုန်းက ဒါမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး.. ဒီနေ့တော့ တကယ် သင်ယူလိုက်ရတာပဲ…”
“ အစ်ကိုကြီး… ခုက ဟာသလုပ်နေရမယ့် အချိန် မဟုတ်သေးဘူးနော်…. ညီမတို့က ခုဆို တရားခံတွေ ဖြစ်နေပြီ… တကယ်လို့ စခန်းသွားလိုက်မယ်ဆိုရင် တစ်ခုခု ဖြစ်မှာ ကြောက်တယ်…”
“ ဘာတွေ ထိတ်လန့်နေတာ.. လာသမျှဘေး ပြေးတွေ့လိုက်ရုံပဲလေ… မင်းတို့နှစ်ယောက် သိမ်းစရာ ရှိတာ အရင်သိမ်းကြ.. ငါ မင်းတို့ကို ခေါ်သွားပေးမယ်…”
“ ကျေးဇူးပဲ အစ်ကိုကြီးလင်း…”
လင်းရီ ရှိနေသည်နှင့် သူမတို့နှစ်ယောက်လည်း စိတ်အားရှိသွားလေသည်။ သူမတို့ အဝတ်အစားလဲ၊ ထမင်းစားသောက်၍ ဖူချန်လမ်းရှိ ရဲစခန်းသို့ တက္ကစီငှားပြီး သွားလိုက်ကြသည်။
သူတို့ ဟိုကို ရောက်တော့ တင်းရိဝေလည်း စခန်းတွင် ရောက်ရှိနေသည်။
တင်းရိဝေ၏ သွင်ပန်း သဏ္ဌာန်က သာမန်မျှပင်။ လူကြီးလူကောင်း အသက်လေးဆယ် အရွယ်ရှိပြီး ဆံပင်ကိုလည်း သေချာဆီလိမ်း ဘေးခွဲထားသည်။ အနက်ရောင် ကိုင်းမျက်မှန်ကြီးကိုလည်း တပ်ထားပြီး လင်းရီ စိတ်ကူးထဲရှိ သာမန် ကျောင်းဆရာများ၏ အသွင်နှင့် တစ်ထေရာတည်းပင်။
“ အရာရှိကြီး… သူပဲ.. ကျုပ်ကို မနေ့ကန်လိုက်တာ…. ကျုပ် ဆေးရုံသွားပြီး စစ်ဆေးကြည့်လိုက်တာ ဒဏ်ရာ အသေးစားလေး ရသွားခဲ့တယ်တဲ့.. ကျုပ် ဒီကိစ္စ ဘယ်လိုလုပ်သင့်လဲ…” တင်းရိဝေ ဖန်းဖေးကို လက်ညိုးထိုးပြီး ထိုင်နေသည့် ရဲမှူးကြီးကို တိုင်တန်းနေတော့သည်။
“ ပေါက်တတ်ကရ.. ရှင်သာ တဏှာငယ်ထိပ်စောင့်ပြီး ကထိကပါး လုပ်မလာခဲ့ရင် ကျွန်မကလည်း ရှင့်ကို ကန်ပါ့မလား… ရှင်ဘယ်လိုတောင် အရင်လာပြီး စောဒကတက်နေတာလဲ.. ရှင်က တကယ့်ကို တဏှာရူးကြီးပဲ..” “ သောက်ကောင်မ… မင်းငါ့ကို လာအပုတ်မချနဲ့… မဟုတ်ရင် အသရေဖျက်တယ်ဆိုပြီး တရားစွဲပစ်လိုက်မယ်…” တင်းရိဝေ ပြောလိုက်ပြီး “ အဲ့ကောင်မကပဲ အရက်တွေ အလွန်အကျွံသောက်ခဲ့တာလေ… ငါက ဒီတိုင်း ကူညီပေးမလို့ကို မင်းကများ လာပြီး စွပ်စွပ်စွဲစွဲ တဏှာရူးဆိုပြီး ခေါင်းစဉ်လာတပ်နေတယ်… တယ်လည်း ဆင်ခြေတက်တာပဲ…”
“ ရပြီ.. ရပြီ.. ငြင်းခုန်မနေကြနဲ့တော့…” ရဲအရာရှိကြီးမှ ပြောလိုက်ပြီး “ ဘာဖြစ်ခဲ့လဲ အရင်ဆုံး ပြောကြ.. ဒါမှ အပြစ်ရှိတဲ့သူကို မှန်မှန်ကန်ကန် အပြစ်ပေးလို့ရမှာ…”
“ အရာရှိကြီး.. ဒီလိုပါ… ကျုပ်က ကျိုးဟိုင် ပင်းချန် တက္ကသိုလ် နိုင်ငံတကာ သံရေးတမန်ရေး ဌာနက ဘွဲ့လွန် ပါမောက္ခ တစ်ယောက်ပါ… သူတို့ နှစ်ယောက်က မနေ့ အင်တာဗျူးမှာ ဘွဲ့လွန်တက်ဖို့ လာဖြေကြတဲ့ သူတွေပါ… ဒါပေမယ့် ရလဒ်တွေက မကောင်းတော့ သူတို့ ဝင်ခွင့် မရမှာ စိုးတာနဲ့ ကျုပ်ကို ထမင်းတစ်နပ် အတူစားဖို့ ဖိတ်လာခဲ့ပါတယ်..”
ပြောရင်းဖြင့် တင်းရိဝေ သူယောင်ကို ကြည့်လိုက်ပြီး “ ကျုပ်အထင် သူကိုက ရည်ရွယ်ချက် ရှိရှိ လုပ်တာ ဖြစ်ရမယ်… သူ့ကို ဝင်ခွင့်ရအောင် ထမင်းတစ်နပ်နဲ့ လှည့်စားချင်နေတာလေ… ဒါပမေယ့် ကျုပ်က သဘောမတူတာနဲ့ ဒီလိုတွေ လွန်ကြူးပြီး စွပ်စွဲလာတော့တာပဲ…”
“ စောက်အဓိပ္ပာယ် မရှိတာတွေ…” ဖန်းဖေး ခါးထောက်လိုက်ပြီး ဒေါကြီးမောကြီးဖြင့် “ ရှင်ပဲ အရင်ဆုံး ယောင်ယောင်ကို ထမင်းစားဖို့ ဖိတ်လာခဲ့တာ… ရှင့်ကိုယ်ရှင်လဲ မှန်ထဲ ပြန်ကြည့်လိုက်ဦး… အဲ့ရုပ်အဲ့ရည်နဲ့များ ကျွန်မတို့က ပျားရည်ထောင်ချောက် လုပ်ဖို့ စိတ်ပါမယ်များ ရှင်ထင်လား…”
စခန်းရှိ ရဲအရာရှိကြီးမှာလည်း နှစ်ဖက်၏ ဖြေရှင်းချက်ကို နားထောင်ပြီးနောက် ဆုံးဖြတ်ချက်ချရ ခက်ခဲနေသဖြင့် မျှတသည့် စီရင်ချက်မျိုး ဖြစ်အောင် စောင့်ကြည့်ရေး ကင်မရာများအား စစ်ဆေးရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
“ ကောင်းပြီ.. ခင်များတို့ အရင် ပြန်နှင့်ကြ… ကျုပ်တို့ ဒီကိစ္စ စုံစမ်း စစ်ဆေးလိုက်ဦးမယ်… တကယ်လို့ သီးသန့် ဖြေရှင်းဖို့ ဆန္ဒမရှိဘူးဆိုရင် နောက် တစ်ကြိမ် ကျွန်တော်တို့ ခေါ်တဲ့အချိန်ကျ ရောက်လာပေးရမယ်…”
“ ကောင်းပါပြီ.. ကျွန်မတို့ ကျိန်းသေပေါက် ပူးပေါင်းဆောင်ရွက်ပေးမှာပါ… ကျွန်မတို့ ဒီရဲ့ လူသားအရေခြုံထားတဲ့ သားရဲကြီးကို သေချာပေါက် အလွှတ်မပေးနိုင်ဘူး..”
တင်းရိဝေ ပြုံးလိုက်သည်။ ဤသည်ကလည်း သူ လိုချင်သည့် ရလဒ် အတိအကျ တစ်ထပ်တည်းပင်။ ပြီးလျှင် သူ ဤကိစ္စကို အဆက်အသွယ်များ အသုံးချ၍ ဖြေရှင်းလိုက်ပေမည်။
ကျေးတောသူ ကျောင်းသူ ပေါက်စနလေးများက သူနှင့် တိုက်ခိုက်နိုင်သည့် အစွမ်းအစ မရှိချေ။
ရဲအရာရှိကြီးမှ ပြောစရာရှိသည်များကို ပြောပြီးနောက် အုပ်စုနှစ်ခုမှာ သီးခြား ထွက်လာခဲ့ကြသည်။ တင်းရိဝေ လင်းရီနှင့် ကျန်သူများကို ကြည့်လိုက်ပြီး “ မင်းတို့ကောင်တွေက ကိုယ့်အတွက် ဘာကကောင်းလဲ မသိကြတဲ့ ကောင်တွေပဲ.. ဘွဲ့လွန် အင်တာဗျူးကို ဝင်ခွင့်ရဖို့ စိတ်တောင် မကူးနဲ့…”