ရလဒ်များအား ကိုင်တွယ်ခြင်း
Vol. 76 Ch. 1130
တင်းရိဝေ သူ၏ အထက်လူကြီးကို နှုတ်ဆက်ပြီးချိန်မှာပဲ လင်းရီနှင့် သူယောင်တို့ကို မြင်တွေ့လိုက်ရတော့ အံ့အားသင့်သွားခဲ့လေသည်။ သူ၏ မူလက ပြုံးရွှင်နေသည့် မျက်နှာထားသည် တစ်မဟုတ်ချင်း အထင်သေးသည့် အမူအရာသို့ ပြောင်းလဲသွားခဲ့ပြီး “ ဘာလဲ… မင်းတို့ကောင်တွေက ဒီလာပြီး ကွန်ပလိန်းလာတက်ကြတယ်ပေါ့… ဉာဏ်သိပ်ကောင်းကြတာပဲ….”
“ တိတ်စမ်း… မင်း ဘာလုပ်ခဲ့လဲ မင်းသိလား…” ကျောက်ချီ ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။
“ ကျောင်းအုပ်ကျောက်.. စိတ်လျော့ပါ… ဒီကိစ္စ ကျွန်တော်နဲ့ ဘာမှ မပတ်သက်ပါဘူး… သူတို့က ကျွန်တော့်ကို ချောက်ချနေကြတာ…”
တင်းရိဝေ လုံးဝ ကြောက်ရွံ့ခြင်း မရှိပဲ သူ လီဆယ် ဖန်တီးထားသည့် ဖြစ်ကြောင်း ကုန်စင်ကို ဖြည်းဖြည်းချင်း ရှင်းပြတော့သည်။
“ ဒီကောင်မလေး နှစ်ယောက်က ကျိုးဟိုင် ပင်းချန် တက္ကသိုလ်မှာ ဘွဲ့လွန် စာမေးပွဲ လာဖြေကြတဲ့ သူတွေပါ… ဒါပေမယ့် သူတို့ ရလဒ်က သိပ်မကောင်းကြတော့ ချက်ချင်းပဲ အငြင်းခံလိုက်ရတယ်လေ…ဒါကြောင့်မို့ အရှက်မရှိပဲ ကျွန်တော့်ကို ထမင်းစားဖိတ်ပြီး မသင့်လျော်တဲ့ နည်းလမ်းနဲ့ သူတို့ကို ဝင်ခွင့်လုပ်ပေးဖို့ တောင်းဆိုကြတော့တာပဲ… ဒါပေမယ့် ကျွန်တော်က သဘောတူဖို့ ငြင်းဆန်တော့ ဇာတိပြလာပြီး သူတို့ကို ထိပါးစော်ကားပါတယ်လို့ စွပ်စွဲကြတော့တာပဲ… စက်ဆုပ်ဖို့ ကောင်းလိုက်ကြတာ…”
ဘန်း….
ကျောက်ချီ စားပွဲကို ဒေါသတကြီးဖြင့် လက်ဝါးရိုက်ချလိုက်သည်။ သူ တင်းရိဝေ၏ နှာခေါင်းကို လက်ညိုးထိုးလိုက်ပြီး “ မင်းက ဒီလို အချိန်မျိုးမှာတောင် ပလီပလာ ယီးစကားတွေ လာပြောနေသေးတယ်ပေါ့…”
“ ကျောင်းအုပ်ကျောက်.. ကျွန်တော် ပြောနေတာတွေက အမှန်တွေပါလို့ ကျွန်တော် ကျိန်ရဲပါတယ်… ကျွန်တော် မညာပါဘူး..” တင်းရိဝေ ကျိန်ဆိုလိုက်ပြီး “ ကျောင်းအုပ်ကျောက်လည်း ကျွန်တော် ဘယ်လိုလူစားမျိုးလဲ ဆိုတာ သိနေတာကိုပဲ… ကျွန်တော့်ကို မယုံဘူးပေါ့…”
“ ငါမင်းကို ပြောမယ်… ခု မင်းရှေ့မှာ ရှိနေတဲ့လူက ကျောင်းရဲ့ ဒုကျောင်းအုပ်ကြီးကွ… ဒီ ကျောင်းသူ နှစ်ယောက်ကို သူကိုယ်တိုင် ဒီခေါ်လာခဲ့တာ… သူက မင်းကို မှားယွင်းပြီး စွပ်စွဲမယ်လို့ မင်းထင်လား…”
“ ဘာ - ဘာဖြစ်တယ်… ဒုကျောင်းအုပ်ကြီး ဟုတ်လား…”
တင်းရိဝေ လင်းရီကို ငေးငိုင်စွာ စိုက်ကြည့်မိသွားခဲ့သည်။ သူ၏ ဦးနှောက်သည်လည်း တွေးခေါ်နိုင်သည့် စွမ်းရည်ကို ခေတ္တ ဆုံးရှုံးသွားခဲ့တော့၏။
ဒီလူငယ်လေးက ဘယ်လိုလုပ်ပြီး ကျိုးဟိုင် ပင်းချန် တက္ကသိုလ်ရဲ့ ဒုကျောင်းအုပ် ဖြစ်နေတာလဲတဲ့။ ဒါကြီးကတော့ ရူးခါလွန်းသွားပြီ။ သူက မထင်မှတ်ဘဲနဲ့ ဒီလို ပုဂ္ဂိုလ်မျိုးကြီးကို အပြစ်ပြုမိခဲ့တယ်ပေါ့။
" ငါမင်းကို ညာဖို့ လိုအပ်တယ်လို့ ထင်လား..." ကျောက်ချီ အေးစက်သော အကြည့်တို့ဖြင့် ကြည့်လျက် ပြောလိုက်သည်။
" ခုချိန်ကစပြီးတော့ မင်းရဲ့ တာ၀န်တွေ အကုန်လုံးကို ရပ်ဆိုင်းပစ်လိုက်ပြီ... မင်းက ဒီရဲ့ ကျိုးဟိုင် ပင်းချန်တက္ကသိုလ်နဲ့ ဘာအပ်စပ်မှုမှ မရှိတော့ဘူး.... ပြန်ရင် HR ဌာနကို ၀င်ပြီး လစ်လိုက်တော့.... "
ကျောက်ချီ၏ ခိုင်မာသည့် သဘောထားကို မြင်တော့ သူယောင်နှင့် ဖန်းဖေးတို့ နှစ်ယောက်လုံး သူမတို့ အစ်ကိုကြီးလင်း အဆက်အသွယ်များ၏ စွမ်းအားရှိမှုကို မြင်တွေ့လိုက်ရသည်။
မည်သို့ပင်ဆိုစေ တင်းရိဝေ ဆိုသည်က ဘွဲ့လွန်ကျောင်းသားများအား လမ်းညွှန်သင်ပြပေးရသူ တစ်ဦးဖြစ်သည်။ သို့ဖြစ်သည့်တိုင် ယခုကဲ့သို့ အစ်ကိုကြီးလင်း၏ စကားတစ်ခွန်းဖြင့် ဖယ်ရှားခံလိုက်ရသည် မဟုတ်ပါလော။ သာမန်လူတစ်ဦးဆိုပါက ယခုကဲ့သို့ အာစက်လျှာစက် ရှိမည် မဟုတ်ချေ။
တင်းရိဝေ လက်သီးကျစ်ကျစ် ပါအောင် ဆုပ်ထားလျက်ရှိပြီး နားထင်တွင် သွေးကြောပြာကြီးများ ထောင်ထနေသည်။
သူ အလျော့မပေးလိုသည်က အထင်းသားပင်။
" ရတယ်လေ... ခင်များတို့က ကျုပ်ကို လက်မခံဘူး ဆိုမှတော့ ကျုပ်ကလည်း မနေပါဘူး... ကျိုးဟိုင် ပင်းချန် တက္ကသိုလ်က သာမညောင်ညလေးပဲ.... ကျုပ်ရဲ့ အဆင့်နဲ့ အလုပ်မရှားဘူး.... "
" အိုးဟိုး... အဲ့တာကြီးက လုံး၀ မှန်နေတာမှ မဟုတ်တာ... ခင်များ အပြောမစောသေးနဲ့ဦး...." လင်းရီ ဆိုဖာနောက်သို့ ကျောမှီ၍ ပြောလိုက်၏။
"ဟမ့်..."
တင်းရိဝေ အထင်တသေး နှာခေါင်းရှုံ့လိုက်ပြီး " မင်းက ဒီတိုင်း ဒုကျောင်းအုပ်လေးပဲ ရှိတာ... မင်း တခြားသူတွေကိုသာ အရူးလုပ်လို့ ရရင်ရမယ်.. ငါ့ကိုတော့ အရူးလာလုပ်လို့ မရဘူး... မင်းလက်ထဲမှာ စစ်မှန်တဲ့ အာဏာဆိုတာ မရှိဘူး... မင်းကို ကြောက်လိမ့်မယ်များ ထင်နေလား...."
" ခင်များရဲ့ အရှိန်အဝါကို တစ်ချက်ကြည့်လိုက်တာနဲ့ ခင်များက အမြဲတမ်း ဟိတ်ဟန်ထုတ်လေ့ ရှိတဲ့သူဆိုတာ ကျုပ် ပြောနိုင်တယ်.... ဒါပေမယ့် ကံဆိုးချင်တော့ ဒီနေ့ ခင်များ ကျုပ်နဲ့ လာပြီး ပက်ပင်းတိုးမိတာပဲ.... "
" အဲ့တော့ ဘာဖြစ်လဲ... ငါက ပညာရေး နယ်ပယ်ထဲမှာ နှစ်တွေ အကြာကြီး နေလာခဲ့တာ... ငါ့မှာ အဆက်အသွယ်တွေ မရှားဘူး.... ငါ့ကို တစ်ခုခု လုပ်နိုင်မယ် မထင်လိုက်နဲ့...." တင်းရိဝေ ပြောလိုက်ပြီး " ရဲဌာနကလည်း အဲ့နှစ်ယောက် ငါ့ကို မြှူဆွယ်တဲ့ ကိစ္စ စုံစမ်းစစ်ဆေးတော့မှာ... သူတို့ ဒီကျောင်းမှာ ဘွဲ့လွန် မတက်လိုက်ရတာမျိုးတောင် ဖြစ်သွားနိုင်တယ်...."
" ခင်များကိုယ် ခင်များ ဘုရားသခင်လို့ ထင်နေတာလား.... "
" ဒီလိုအမှုမျိုးတွေဆိုတာ တောထနေတာ... ပြီးတော့ သက်သေအခိုင်အလုံလည်း မရှိဘူး... ငါ တစ်နေ့ တရားရုံးတက်ရရင်တောင် တရားသူကြီးက ငါ့ဘက် ရပ်တည်ပေးလိမ့်မယ်ဆိုတာ သေချာတယ်... ဒီတော့ အဆုံးထိ သွားပြီး ဘယ်သူက အရင်ဆုံး ထွက်ရမလဲ ကြည့်ကြတာပေါ့... "
" ကောင်းပြီလေ.... ဒီလိုဆိုတော့လည်း အဆုံးထိ သွားကြတာပေါ့.... "လင်းရီ ပခုံးတွန့်လိုက်ပြီး " ဒါပေမယ့် အဲ့တာမတိုင်ခင်.. ကျုပ် ခင်များကို တစ်ခု ပြောပြချင်တယ်.... ကျုပ်က လင်းယွင် အုပ်စုရဲ့ ဥက္ကဌပဲ... ကျုပ်မှာ ပရော်ဖက်ရှင်နယ် ရှေ့နေ့ အဖွဲ့ရှိတယ်.... သူတို့က ဒီကိစ္စကို လက်လွှဲယူကြလိမ့်မယ်.... ခင်များလည်း ခင်များဘက်က ပြင်ဆင်ထားမယ်လို့ ကျုပ်မျှော်လင့်တယ်...."
တင်းရိဝေ မျက်နှာပေါ်ရှိ အပြုံးသည် တစ်မဟုတ်ချင်း အေးခဲသွားခဲ့တော့၏။
" မင်း- မင်းက တကယ်ကြီး ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌကြီး ဟုတ်လား... ပြီးတော့ ရှေ့နေအဖွဲ့လည်း ရှိနေတယ်....."
" ဘာဖြစ်ရမှာ... ကျုပ်ကိုများ ကျိုးဟိုင်မှာ အလကား အချိန်ထိုင်ဖြုန်းနေတယ်လို့များ ထင်နေတာလား.... "
ဘုတ်...
တင်းရိဝေ ကြမ်းပြင်သို့ ပုံလျက် လဲကျသွားခဲ့တော့သည်။ လင်းရီ မတ်တပ်ရပ်၍ တင်းရိဝေ၏ ပခုံးကို ပုတ်လိုက်ပြီး " ဘာမှ ကြီးကျယ်တာမျိုး မဟုတ်ပါဘူး... အလွန်ဆုံးရှိလှ... ခင်များ ဆယ်နှစ်လောက် အထဲ၀င်ရရုံပါပဲ ... ကျုပ် ခင်များကို ပစ်သတ်နိုင်တာမျိုးလည်း မဟုတ်ဘဲနဲ့ ကြောက်မနေစမ်းပါနဲ့...."
ပြောပြီးနောက် လင်းရီ ကျောက်ချီကို နှုတ်ဆက်ကာ ကောင်မလေး နှစ်ယောက်နှင့်အတူ ရုံးခန်းထဲမှ ထွက်လာခဲ့လေသည်။ ထို့နောက် သူယောင်တို့ကို ကြည့်၍ " ကျောင်းကိစ္စနဲ့ ပတ်သက်တာကိုတော့ ငါစီစဉ်ပေးပြီးသွားပြီ... ပြန်ပြီး အသိပေးလာတာကို စောင့်နေလိုက်ကြတော့.... "
" အစ်ကိုကြီးလင်း... ရှင်က သိပ်အံ့ဩဖို့ကောင်းတာပဲ.... " ဖန်းဖေး စိတ်လှုပ်ရှားလွန်း၍ လျှာခေါက်သွားခဲ့ပြီး ဗလုံးဗထွေး ပြောဆိုလိုက်ကာ " ရှင့်မှာ ကုမ္ပဏီကြီး ရှိရုံတင် မကသေးဘူး... ကျောင်းရဲ့ ဒုကျောင်းအုပ်ကြီးပါ ဖြစ်နေသေးတယ်... ရှင့်ရဲ့ ဘ၀ကြီးက လုံး၀ကို ဒဏ္ဍာရီလာပါပဲ.... "
" ဒီတိုင်း ဒုကျောင်းအုပ် ရာထူးလေးပါပဲကွာ.... ပိုက်ဆံ တစ်ချို့ လှူဒါန်းပေးလိုက်ရင် အလိုလိုရလာလိမ့်မယ်.. မင်းတို့ ထင်သလောက်ကြီးလည်း အံ့ဩဖို့ကောင်းမနေဘူး.... "
" အဲ့လောက်ကြီးလည်း နှိမ့်ချ မနေစမ်းပါနဲ့.. တကယ်လို့ အစ်ကိုကြီးလင်းကသာ သာမန် ဒုကျောင်းအုပ်သာဆိုရင် ဒီလောက်ထိ လုပ်ပိုင်ခွင့်တွေ ရှိနေမှာ မဟုတ်ဘူး.... "
" အဆင်ပြေပါတယ် အဆင်ပြေပါတယ်... တကယ်တော့ ဒါက ဘာမှကို မဟုတ်တာ... မင်းတို့ နောင်အနာဂတ် အောင်မြင်လာတဲ့ အချိန်ကျရင် လွယ်လွယ်လေးနဲ့ ရနိုင်တဲ့အရာတွေ အများအပြား ရှိနေတယ်ဆိုတာ သိလာလိမ့်မယ်... မင်းတို့ မလိုချင်ပါဘူးဆိုရင်တောင် ကိုယ့်လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာလိမ့်ဦးမယ်.... ဒါက ဘာမှ မဟုတ်သေးဘူး...."
" ဒါကို မှတ်ထားလိုက်ပါ့မယ်.... ဝါး....." ဖန်းဖေးသန်းဝေလိုက်သည်။
ကျောင်း ပရ၀ဏ်ထဲမှ ထွက်လာခဲ့ပြီးနောက် ဖန်းဖေး ကားမှတ်တိုင်တွင် တက္ကစီ တစ်စင်း ငှားလိုက်၏။ ယခု အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်သဖြင့် အိမ်ကို စိတ်အေးလက်အေး ပြန်ရတော့မည့် အချိန်ပင်။
သို့သော်လည်း သူသဟိုင်မှာ ထန်းချိန် အိမ်ယာ ၀င်ပေါက်၀တွင် အရွက်များ ရောင်းချနေလျက် ဖြစ်သောကြောင့် သူယောင်မှာ လင်းရီနှင့်အတူ တစ်ချက် သွားကြည့်ချင်နေသည်။
သူမတို့ နှစ်ယောက် ပန်နီဆူလာဟိုတယ်သို့ ပြန်လာပြီး ထမင်းစားလိုက်ကြသည်။ ထို့နောက် ထန်းချိန်အိမ်ယာသို့ မောင်းထွက်လာကြလေသည်။
ယမန်မေ့ညက ဖြစ်ပျက်ခဲ့သည်များကို သူသဟိုင် မသိရှိသောကြောင့် သူယောင်ကို မြင်တော့ အလွန်အကျွံ ပြုမူချင်းမျိုး မရှိချေ။ အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်နေသည်ဟု ထင်ရလေသည်။
အခိုင်အမာ တည်ဆောက်ထားသည့် လင်းရီ၏ ဂုဏ်သတင်းကြောင့် မွန်းလွဲပိုင်း အသီးရောင်းချမှုမှာ ကြိတ်ကြိတ်တိုး စည်ကားနေလျက်ရှိသည်။ အများအပြား တန်းစီ ၀ယ်ယူနေကြလေသည်။ သို့သော် ကြီးကြီးမားမား ၀ယ်ယူအားပေးနိုင်သူကတော့ သိပ်မများ။ သို့ပေမယ့် အရင်ကထက် စာလျှင်တော့ ရောင်းအားက အင်မတန် အထင်ကြီးဖို့ ကောင်းနေလေသည်။
နောက်ထပ် နှစ်ရက်သည့် တိုင်အောင် လင်းရီ၏ နေ့စဉ်ဘ၀မှာ ပြောင်းလဲ သွားခြင်း မရှိချေ။
ဒုတိယ အသုတ် အသီးများကို ကုန်စင်အောင် ရောင်းချနိုင်ရန်အတွက် နှစ်ရက်နှင့် နေ့တစ်၀က် အချိန်ယူလိုက်ရ၏။
ရောင်းပြီးလို့ ညနေခင်း အိမ်ပြန်ရောက်တော့ သူတစ်ချက် တွက်ချက်ကြည့်လိုက်ရာ အသီးများ၏ ရောင်းရငွေက ယွမ် ခြောက်သိန်းခွဲ ရှိနေချေပြီ။
ဖန်လုံအိမ်ထဲတွင်လည်း အသီးသုံးပုံ တစ်ပုံခန့် ခူးဆွတ် ရိတ်သိမ်းရန် ကျန်ရှိနေသေးသည်။ သူသာ ထိုအသီးများကို ယွမ် လေးငါးသိန်း ရအောင် ရောင်းချလိုက်မည်ဆိုပါက မစ်ရှင် ပြီးမြောက်ဖို့ရာ အလွယ်ကလေး ဖြစ်သွားချေပြီ။
သို့သော် အသီးများက ရင့်မှည့်ဖို့ လ၀က်ခန့် လိုနေသေး၏။ ထို့အတွက်လည်း သူ ဘာမျှ မတတ်နိုင်ပါချေ။
လက်ထဲရှိ အသီးများကို ရောင်းချပြီးနောက် လင်းရီ အားအားယားယား ထိုင်လို့မနေ။ ဟွမ်ရှီးကျေးရွာသို့ ပြန်ပြီး စစ်ဆေးမှုတစ်ချို့ လုပ်ဆောင်ရန် ဟန်ပြင်လိုက်သည်။
ဖန်လုံအိမ်နှင့် စိုက်ခင်းက ဂရုစိုက်ပေးရန် လိုအပ်၏။ ရေလောင်းပေါင်းသင်သည့် အလုပ်များကို အမြဲတစေ သူများချည်း ကူညီခိုင်းနေ၍လည်း မဖြစ်ပြန်ချည်။
ကလင် ကလင် ကလင်....
ဟွမ်ရှီးကျေးရွာသို့ အပြန်လမ်းတွင် လင်းရီ ရှန်းရှုရီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်၏။
" အန်တီရှန်း.. ရန်ကျင်းမှာ အကြောင်းထူးကိစ္စရှိလို့လား...."
" ငါ အဲ့ကိစ္စနဲ့ ခေါ်လိုက်တယ်ဆိုတာ နင်ဘယ်လိုလုပ်ပြီး သိလဲ.. "ရှန်းရှုရီ အပြုံးလေးဖြင့် မေးလိုက်၏။
" ဒီအချိန်ကာလက နည်းနည်းလေး ထိလွယ်ရှလွယ်နေတယ်လေ.... အန်တီရှန်းဘက်ကနေပြီး အရင်ဆုံး ဖုန်းခေါ်လာတယ်ဆိုတော့ ဆိုလိုတာ အဲ့ဒီ အချိန်ကာလကို ဖြတ်ကျော်လိုက်နိုင်သွားပြီ ဆိုတာပဲ.... ကိုင်တွယ်သင့်တာတွေ အကုန် ကိုင်တွယ်လို့ ပြီးသွားခဲ့ပြီ ဟုတ်တယ်မလား...."
" နင်ကတော့ ပုံမှန်အတိုင်း ဉာဏ်ပြေးလျက်ချည်းပဲ.... နင်ကလည်း နားလည်နေပြီဆိုမှတော့ ငါ လေအကုန်ခံပြီး ရှင်းပြမနေတော့ဘူး...."
" အားလုံးက အန်တီရှန်းရဲ့ ညွှန်ပြမှုတွေကြောင့်ပါဗျာ ဟဲဟဲ..... "
ရှန်းရှုရီ လင်းရီ၏ မြှောက်ပင့်နေမှုကို လျစ်လျူရှုထားလိုက်သည်။
" ဒီကိစ္စရဲ့ ယေဘုယျ ရလဒ်က ဆုံးဖြတ်ပြီးသွားပြီ.... ၀မ်မိသားစုရဲ့ လွှမ်မိုးမှုက အဆင့်တစ်ခု မဟုတ်ရင်တောင် တစ်၀က်လောက်တော့ သိသိသာသာ လျော့ကျသွားခဲ့ပြီ... တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ အဆင့်အတန်းကလည်း နိမ့်ကျသွားပြီလို့ ဆိုရမှာပဲ.... “