← Chapters

အကြံပြုချက် တစ်ခု

Vol. 76 Ch. 1133

အကြံပြုချက် တစ်ခု

Vol. 76 Ch. 1133

" အဟွတ် အဟမ်း... အဲ့ဒါက... "

လင်းရီ ကိုးရို့ကားယား ချောင်းဟန့်လိုက်ရင်း " အဲ့တာလည်း အရည်အချင်းကောင်းပဲလေ... "

ရန်စီကို လီချူးဟန်နှင့် နှိုင်းယှဉ်မည်ဆိုပါက နည်းစနစ်ပိုင်းဆိုင်ရာ၌ အမှန်ပင် မဆိုစလောက်လေး ကောင်းမွန်နေသည်။

ထိုအကြောင်းတွေးမိတော့ လင်းရီ ရုတ်ချည်းဆိုသလို မျက်လုံး လက်ခနဲ ဖြစ်သွားခဲ့၏။

သူတော့ နက်နက်နဲနဲ လေ့လာလို့ ကောင်းမည့် အကြောင်းအရာ အသစ်တစ်ခုကို ရှာတွေ့လိုက်သည်နှင့်တူသည်။

သို့သော် ဉာဏ်ရည်ဉာဏ်သွေးပိုင်း ဆိုင်ရာတွင်တော့ လီချူးဟန်က အနည်းငယ် ပိုသာသည်။ မည်သို့ပင်ဆိုစေ သူမက ဟွာရှန်း ဆေးရုံ တစ်ခုလုံး၏ ပါရမီရှင် ဒေါက်တာမလေး ဘွဲ့ကို အပ်နှင်းခြင်း ခံထားရသူ မဟုတ်ပါလား။

သူသည်လည်း ထိုကဲ့သို့သော ဘွဲ့မျိုး ရထားခဲ့သော်လည်း သူ၏ ရရှိမှု မရိုးသားချေ။ အဘယ်ကြောင့်ဆိုသော် သူက ဆာဗာခိုးကစားသူ ဖြစ်နေသောကြောင့် လီချူးဟန်သည်သာလျှင် စစ်မှန်သည့် ပါရမီရှင်တစ်ဦးဖြစ်၏။

သို့သော်လည်းပဲ ထိုသို့ ဆိုသည့်တိုင် ညဘက် တိုက်ပွဲများတွင်တော့ ရန်စီက ပိုပြီး သာလွန်သည်မှာ သိသာလေသည်။

ပန်ဒိုရာ သေတ္တာကို ဖွင့်လှစ်လိုက်ပြီး မကြာခင်မှာပဲ အပြောင်းအလဲ ပုံစံ ၈၁ မျိုးကို သူမကိုယ်တိုင် သင်ယူတတ်ကျွမ်းသွားခဲ့၏။

ရှေးခေတ်အခါက ဆိုရိုးရှိခဲ့သည်မှာ တောက်အသိစွမ်းအားတွင် ရာထူးဂုဏ်သိမ် အဆင့်ဆင့်ရှိပြီး ကဏ္ဍပေါင်းစုံတွင် အထူးပြု ကျွမ်းကျင်လိမ္မာသူများ ရှိကြ၏။ ယင်းအဆိုက ယခု ကိစ္စကို ညွှန်းဆိုခြင်းပင် ဖြစ်တန်တူသည်။

ထင်မှတ်မထားစွာဖြင့် ထိုစဉ်အခါက ဟန်ယွီသည်လည်း စားဘဲကြီးတစ်ဦး ဖြစ်နေခဲ့သည်။ ထိုမျှ လှပသည့် ကဗျာနှစ်ပုဒ်ကို သီကုံးရေးစပ်နိုင်ရန်အတွက် သူ၏ ဘ၀ကို မရေမတွက်နိုင်သည့် လှပသည့် ပျိုကညာတို့အပေါ် စတေးထားရမည်မှာ ကျိန်းသေသည်။

" ကြယ်ပွင့် ဧည့်သည်တော်တွေ ကိစ္စရော စီစဉ်ပြီးပြီလား... "လင်းရီ မေးမြန်းလိုက်သည်။

" သူလည်း ပြီးသလောက် နီးပါးပါပဲ... လူရိုသေ ရှင်ရိုသေရှိတဲ့ ကျွမ်းကျင်တဲ့ အနုပညာရှင် အမျိုးသားတစ်ယောက် ၊ အမျိုးသမီး တစ်ယောက်ကို ဖိတ်ခေါ်ထားပြီးသွားပြီ... ထိပ်သီး A အဆင့် စာရင်း၀င် အနုပညာရှင် တစ်ယောက်ကိုလည်း ရှာတွေ့ထားပြီးပြီ.. ကျန်တဲ့ တစ်ယောက်ကိုတော့ ဆွေးနွေးနေတုန်းပဲ... တခြား ကျန်တာကတော့ ဧည့်သရုပ်ဆောင်တွေဆိုတော့ အနည်းနဲ့အများ ပြဿနာ မရှိပါဘူး... B အဆင့် စာရင်း၀င်တွေထဲက ကြိုက်တဲ့အချိန် ဆွဲစိလိုက်လို့ရတယ်... "

" ကြည့်ရသလောက်တော့ ဘာပြဿနာမှ မရှိတဲ့ပုံပဲ... ငါတို့ တစ်လှမ်းချင်း မှန်မှန် ရွေ့နေသရွေ့ပေါ့... "

" အရာအားလုံးနည်းပါးက နေသားတကျနဲ့ ဖြစ်နေပြီ.. တစ်ခုတည်း မသေချာတာက ရင်းနှီးမြုပ်နှံမှု ကိစ္စပဲ... " ရန်စီ သူမ ဆံပင်ကို နားအနောက်သို့ သပ်လိုက်ရင်း " ငါ့ရဲ့ ကနေဦး အကြံဉာဏ်က သန်း ၁၀၀ နဲ့ ကြော်ငြာဖြစ်အောင် ရိုက်ကူးဖို့.. ဒါပေမယ့် ငါ့ရဲ့ ခန့်မှန်းမှု သပ်သပ်ပါပဲ... ၀က်၀က်ကွဲ အောင်မြင်နိုင်ချေ ရှိသလို ဆုံးဆုံးမြုပ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်... ပြီးတော့ အဲ့လို ဖြစ်သွားမှာကို ငါ အကြောက်ဆုံးပဲ... "

" ပိုက်ဆံ ကိစ္စနဲ့ပတ်သက်ပြီး မစိုးရိမ်ပါနဲ့လို့ ငါမပြောထားဘူးလား... "

" မှန်တယ်... ဒါပေမယ့် ရင်းနှီးမြုပ်နှံတယ် ဆိုတဲ့ သဘောသဘာ၀က မတူညီဘူးလေ... ရင်းနှီးမြုပ်နှံသူတွေ ဆီက လာတဲ့ ပိုက်ဆံတွေက တကယ့် အစစ်တွေ.. ပြီးတော့ ငါက အဲ့ဒီအတွက် ဘာ တာ၀န်ယူမှု တာ၀န်ခံမှုမှ လုပ်စရာ မလိုဘူး... ကျရှုံးခဲ့ရင် တာ၀န်ယူရမယ်ဆိုတဲ့ နင့်နားက လာတဲ့ ရင်းနှီးမြုပ်နှံနဲ့ မတူဘူး... "

" ဟက်... မင်း အရှုံးပေါ်သွားရင်လည်း ငါက မင်းကို အကြွေးသိမ်းလိုက်မှာလေ... "

ရန်စီ သူမ၏ နက်မှောင်လှပသည့် မျက်၀န်းများကို ပုတ်ခတ် ပုတ်ခတ် ပြုလိုက်၏။

သူမကိုယ်သူမ ပေးပြီး ပြန်ဆပ်ရမည်ဆိုလျှင်တော့ မဆိုးသည့် အကြံပင်။

" ကောင်းပြီ သွားတော့... ငါလည်း ခြံထဲသွားလိုက်ဦးမယ်... "

" အင်း.. သွားလေ... "

ရန်စီနှင့် လမ်းခွဲပြီးနောက် လင်းရီ မြို့ထဲသို့ မောင်းသွား၍ ဟင်းသီးဟင်းရွက်များကို ဝေစုပေါင်းများစွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။

ထို့နောက် ဒီလီပို့ပေးသည့် နေရာထံ အပ်နှံလိုက်လေသည်။ ရန်ကျင်းတွင်ရှိနေသည့် လျန်မိသားစုမှလွဲ၍ ကျိုးဟိုင်ရှိ ကတ်စတန်မာများထံ မနက်ဖြန် အရောက် ပို့ပေးမည် ဖြစ်၏။

ထို့နောက် လင်းရီ ၀မ်ထျန်းလုံကို ခေါ်၍ ခန်းမနေရာ ချန်ထားဖို့ရာ စီစဉ်ခိုင်းထားလိုက်သည်။

အသေးအမွှား ကိစ္စလေးများအား ကိုင်တွယ်ပြီးနောက် လင်းရီ ဖန်လုံအိမ်သို့ ပြန်သွားပြီး အသီးများနှင့် ဟင်းသီးဟင်းရွက်ပင်များကို ဆေးဖြန်းလိုက်သည်။ ညမရောက်ခင် အချိန်အထိ လင်းရီ ဖန်လုံအိမ်ထဲ အလုပ်ရှုပ်နေခဲ့တော့၏။

ထိုညတွင်လည်း နှစ်ယောက်လုံး အငြိမ်မနေ။ ပြင်းထန်သည့် ကုတင်ထက် တိုက်ပွဲတို့က ည နောက်ကျသည်အထိ အဟုန်ကောင်းနေခဲ့၏။

" နင် သန်ဘက်ခါကျရင် အားလား... "

ကိစ္စပြီးနောက် ရန်စီ ပိုးထည် ညအိပ်၀တ်စုံကို ထပ်ရင်း မေးလိုက်သည်။

" အပင်တွေ ဂရုစိုက်တာကလွဲရင် ကျန်တာ ဘာမှ လုပ်စရာ မရှိဘူး... "လင်းရီ ပြောလိုက်ပြီး

" စပွန်ဆာရှစ် မီတင်ကို မင်းနဲ့အတူ လိုက်ခဲ့စေချင်လို့လား... "

" တော်တယ်... "ရန်စီ ပြောလိုက်ပြီး " နင်လည်း အားတယ်ဆိုတော့ ငါနဲ့အတူ လိုက်ကြည့်ပေးပေါ့... ဒါပေမယ့် နင်က မအားဘူးဆိုရင်တော့ ထားလိုက်ပါ... "

" ကောင်းပြီလေ... တကယ်လို့ မထင်မှတ်ထားတာတွေ ဖြစ်မလာခဲ့ဘူးဆိုရင်တော့ မင်းနဲ့ အတူ လိုက်ခဲ့ပေးမယ်... "

" အင်း အင်း... ဒါက ငါကိုယ်တိုင် ပထမဆုံးအကြိမ် အစည်းအဝေးပွဲကို ဦးဆောင် ကျင်းပတာလေ... နင်ရှိနေရင် ငါလည်း ပိုပြီး ယုံကြည်မှုရှိသွားပြီ... "

နောက်တစ်နေ့ နံနက် ကိုးနာရီထိုးတော့ ဖုန်းမြည်သံကြောင့် လင်းရီ အိပ်ယာမှ နိုးလာခဲ့သည်။

ချီရှန်းကျောက်မှ ဆက်သွယ်လာခဲ့ခြင်း ဖြစ်၏။

" ဟယ်လို..." လင်းရီ အိပ်ချင်မူးတူး လေသံဖြင့် ဖုန်းဖြေလိုက်၏။

" ဥက္ကဌလင်း အနားယူနေတာလား... ဟိုလို အရေးကြီးတာမျိုး မဟုတ်ပါဘူး... ကျုပ်တို့ နောက်မှ ပြောကြတာပေါ့..."

" ရတယ်.. ပြောစရာ ရှိတာကိုပြော... "

" ကျုပ်သိချင်တာ ကျုပ်တို့ လတ်တလော variety show တွေမှာ ရင်းနှီးမြုပ်နှံဖို့ ရည်ရွယ်ချက် ရှိမရှိ သိချင်လို့ပါ.. "

" ဟမ်.. ခင်များ ဘယ်လိုသိသွားတာလဲ... "

" ဒီမနက်ခင်း ကျုပ်ကို ဖုန်းဆက်ပြီး လင်းယွင်အုပ်စုက variety showတစ်ခုမှာ ရင်းနှီးမြုပ်နှံထားတယ်ဆိုပြီး ပြောနေကြတာ... အဲ့တာ အမှန်ပဲလားလို့ ကျုပ်ကို ဖုန်းဆက်လှမ်းမေးနေကြတယ်... ကျုပ် ဒီကိစ္စကို အတည်ပြုချင်လို့ပါ... ကျုပ်စိုးရိမ်မိတာ တစ်ယောက်ယောက်က အပြင်မှာ ကောလဟာလတွေ ဖြန့်မှာ စိုးလို့လေ... "

" အမှန်ပဲ.. ဒါပေမယ့် ဒီတိုင်း အပျော်သဘောမျိုးပါကွာ... ကုမ္ပဏီရဲ့ စီးပွားရေးနဲ့ ပတ်သက်မနေဘူး... အလေးအနက်ကြီး ထားမနေနဲ့... "

" နားလည်ပါပြီ.... "

ချီရှန်းကျောက်နှင့် စကားတစ်ချို့ ဖလှယ်ပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။ သူ ရယ်ရ အခက် ငိုရအခက် ဖြစ်နေလေသည်။

ဤကိစ္စက စတင်တာ မကြာသေးသော်လည်းပဲ ထိုငနဲများက တံခါးလာခေါက်နေကြပြီဖြစ်၏။ တယ်လည်း အနံ့ခံကောင်းကြသူများပင်။

" ဘာဖြစ်တာလဲ... တစ်ယောက်ယောက်က ရှိုးအကြောင်း မေးနေတာလား.."ရန်စီ ကုတင်ပေါ်ထပြီး မေးလိုက်၏။

လင်းရီ ခေါင်းညိမ့်လိုက်သည်။ " သူတို့ ရုံးကို ဆက်သွယ်လာခဲ့ကြတာ.. သူတို့ရဲ့ ရည်ရွယ်ချက်ကိုလည်း ဖုံးကွယ်မထားကြဘူး... "

" အိုး.... ဒါဆိုလည်း ငါနည်းနည်းလောက် ဆက်အိပ်လိုက်ဦးမယ်.. "

" ကိုးနာရီကျော်နေပြီကို ဆက်အိပ်ဦးမယ်ပေါ့... "

" အာ... အဲ့လောက်တောင် ရှိနေပြီလား... "

ရန်စီ သူမ၏ ဖွာလန်ကျဲနေသည့် ဆံပင်နှင့် ချက်ချင်းဆိုသလို မျက်၀န်းများ ပြူးကျယ်သွားခဲ့တော့၏။

" မင်း ဒီနေ့ ဘာလုပ်စရာမှ မရှိဘူးမလား.. နည်းနည်းလောက် ဆက်အိပ်လို့လည်း ဘာမှမဖြစ်ပါဘူး..."

" မနက်ဖြန်က စပွန်ဆာရှစ် မီတင် ကျင်းပမယ့်နေ့လေ... ငါ ကျိုးဟိုင်ကိုပြန်ပြီး ဒီကိစ္စအတွက် စီစဉ်ထားရမှာ... "ရန်စီ အိပ်ရာပေါ်မှ ထလိုက်ရင်း " အဲ့တာ လူကို နောက်ကျတဲ့အထိ လုပ်တဲ့ နင့်ကြောင့်ပဲ.... "

" ဟမ်... ငါဘယ်လိုလုပ်ပြီး မသိမိလိုက်ပါလိမ့်... "လင်းရီ ပြောလိုက်ပြီး " မရပ်လိုက်နဲ့ မရပ်လိုက်နဲ့ ဆိုပြီး အော်နေတာ ဘယ်သူလဲ... မင်းက အဲ့လောက်တောင် မျက်နှာပြောင်တိုက်၀ံ့နေတယ်ပေါ့... "

" အားလုံး နင့်အပြစ်တွေချည်းပဲ... " ရန်စီ သူမ မှားမှန်းလည်း သိတော့ စတင်ပြီး မဆီမလျော် ပြုမူလာတော့သည်။ " ထပြီး အ၀တ်အစား ၀တ်တော့ ... ငါတို့ ခဏကျရင် ကျိုးဟိုင်ပြန်ကြမယ်..."

" ဘာတွေ အလျင်လိုစရာ လိုလို့လဲ... အောက်ကလူတွေကိုပဲ လုပ်ခိုင်းထားလိုက်စမ်းပါ... အရာအားလုံးကို ကိုယ်ကချည်း လိုက်ပါနေလို့ ဘယ်ဖြစ်မှာတုန်း..."

" ငါက အဲ့မှာသွားပြီး စောင့်ကြည့်နေရမယ်လေ... တကယ်လို့ သူတို့ မလုပ်နိုင်တာ ရှိရင် ဖြစ်နိုင်သမျှ မြန်မြန် ဂရုစိုက်ရမှာပေါ့... "

လင်းရီ ထပြီး အညောင်းအညာ ဆန့်လိုက်သည်။ ရေမိုးချိုးပြီးနောက် ရန်စီနှင့်အတူ ထွက်လာခဲ့လေသည်။

သို့သော်လည်းပဲ ချက်ချင်းကြီး ထွက်ခွာသွားသည်တော့ မဟုတ်ပေ။ သူတို့ အရင်ဆုံး ဆောက်လုပ်ရေး လုပ်ငန်းများ ပြုလုပ်နေသည့် နေရာသို့ အရင်သွားကြည့်ကြ၏။ ပြဿနာ တစ်စုံတစ်ရာ မရှိကြောင်း သေချာတော့မှ ကျိုးဟိုင်သို့ အတူပြန်လာခဲ့ကြသည်။

" ဘာစားမလဲ... နေ့လည်တောင် ရောက်နေပြီ ငါတို့ ဘာမှ မစားရသေးဘူး... "

" စားချင်တာ စားလေ... "ရန်စီ အပြင်ဘက်သို့ ကြည့်လိုက်ရင်း " ရှေ့က ဟွိုက်ရန် စားသောက်ဆိုင်နဲ့တူတယ်... စားကြည့်ကြမလား... "

" ငါက ဘာစားစား ရတယ်... အစားမရွေးဘူး... "

ပြောရင်းဖြင့် လင်းရီ ကားကို စားသောက်ဆိုင် ၀င်ပေါက်၀သို့ ဦးတည်မောင်းနှင်လိုက်သည်။

စားသောက်ဆိုင်၏ အတွင်းပိုင်း အပြင်အဆင်က သိပ်ကို ကျော့ရှင်းနေသည်။ သနပ်ခါးရောင် အရောအနှောက လူကို ရှင်းမပြနိုင်အောင် သက်တောင့်သက်သာ ဖြစ်နေစေတော့၏။

လေထု အခြအနေခြင်း နှိုင်းယှဉ်ပါက အခြားသော စားသောက်ဆိုင်များထက်ကို သာလွန်လေသည်။

ထိုင်နေရင်းဖြင့် နားစွန်နားဖျား ကြားမိသလောက်တော့ ဤ ဟွိုက်ရန် စားသောက်ဆိုင်က ယခင်နှစ် မီချယ်လင်းကြယ်တစ်ပွင့် ရရှိထားခဲ့သည် ဆိုပင်။

" စကားမစပ် ငါ နင့်ကို မေးချင်တာ တစ်ခုရှိတယ်..." ရန်စီ စားသောက်ရင်းဖြင့် မေးမြန်းလိုက်၏။

" ဘာကိုလဲ... "

" နင် ရှိုးထဲမှာ ၀င်ပြီး တစ်ထောင့်တစ်နေရာ ဆင်နွှဲဖို့ စိတ်ကူးလေး ဘာလေးများ မရှိဘူးလားလို့ပါ..."

" ဟမ်... မင်းက ငါ့ကို ဧည့်သည်တော် အဖြစ် ဖိတ်ခေါ်ချင်နေတာလား... "

" အင်း.. နင့်မျက်နှာကို ပြပေးတာပဲ ဖြစ်ဖြစ် .. ဒါမှမဟုတ် တစ်ခုခုပေါ့... "

“ ရတယ်လေ.. တကယ်လို့ ထင်မှတ်မထားတာတွေ ဖြစ်လာခဲ့ပြီး တစ်စုံတစ်ယောက်ရဲ့ အကူအညီ လိုအပ်လာတယ်ဆိုရင် ငါ ကူညီပေးဖို့ စိတ်မရှိပါဘူး… ဒါပေမယ့် ငါ့ကို အကြောင်းပြချက်ကောင်း မရှိဘဲနဲ့ ဒီတိုင်း ပါဝင်စေချင်နေတယ်ဆိုရင်တော့ အဓိပ္ပာယ် ရှိမှာ မဟုတ်တော့ဘူး…”

“ ဘာလို့လဲ…”

ရန်စီ သူမ ပြုလတ္တံ့ရှိသည်များကို ရပ်ဆိုင်းလိုက်ပြီး လင်းရီဘက်သို့ လေးလေးနက်နက် စိုက်ကြည့်လိုက်၏။

သူမ လင်းရီ၏ စကားလုံးများ နားထောင်ရသည်ကို နှစ်သက်မိသည်။ ထိုအကောင်က အရိုင်းအစိုင်းလေး ဆိုသော်ငြားလည်း ပြောလိုက်သည့် ဒဿနများကတော့ တော်တော်လေး အဓိပ္ပာယ် ရှိနေလေသည်။

“ မင်းရဲ့ မျက်လုံးထဲမှာ ငါက ကောင်းခြင်း အဖြာဖြာနဲ့ ပြီးပြည့်စုံတဲ့ ယောက်ျားတစ်ယောက် ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်… ဒါပေမယ့် တခြားသူတွေရဲ့ မျက်လုံးထဲမှာကျတော့ ငါက ကြည့်ကောင်းရုံရှိတဲ့ သာမန်လူတစ်ယောက်ပဲ.. ဟိုလို နာမည်ကြီး ဆယ်လီတွေနဲ့ ယှဉ်ရင် ဘယ်လို အားသာမှုမျိုးမှ ယူဆောင်လာခဲ့ပေးမှာ မဟုတ်ဘူး… ပရိသတ်ကလည်း ငါ့ကို ဂရုစိုက်နေမှာ မဟုတ်ဘူး… ဒါကြောင့်မို့ ငါ ရှိုးထဲ ဝင်စရာ အကြောင်း မရှိတာပဲ…” လင်းရီ ပြောလိုက်သည်။

ထို့နောက် ဆက်လက်၍ “ ဒါပေမယ့် ငါ့မှာ အကြံတစ်ခုတော့ ရှိတယ်… မင်း ကြားချင်လား…”

All Chapters