နှုတ်ထွက်လိုက်ရခြင်းရဲ့ အကြောင်းအရင်း အစစ်မှန်
Vol. 76 Ch. 1134
“ ဘယ်လို အကြံမျိုးလဲ..” ရန်စီ ချက်ချင်း စိတ်ဝင်စားသွားခဲ့၏။
“ မင်း ကျန်းဟော်ပင်းနဲ့ ကောင်းဟောင်ယွီကို ပိုပြီး အာရုံစိုက်ထားသင့်တယ်…”
“ အဲ့နှစ်ယောက်က တကယ့် ဂျီးနီးယပ်တွေ… ငါတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်ထင်တယ်… အထူးသဖြင့် ကျန်းဟော်ပင်းလို့ ခေါ်တဲ့ တစ်ယောက်ပေါ့.. သူ့ရဲ့ ဖီးနစ်အကနဲ့တင် ငါ့စိတ်ကို ရူးသွပ်သွားအောင် လုပ်နိုင်လွန်းတယ်….”
“ ဟားဟား….”
ကျန်းဟော်ပင်း၏ ဖီးနစ်အက အကြောင်း စကားစလာတော့ ရန်စီ သူမ၏ မျက်နှာအမူအရာကို ဆက်လက် မထိန်းချုပ်နိုင်တော့ချေ။
ယင်းက သူမအတွက် တံခါးသစ် တစ်ချပ် ဖွင့်ပေးလိုက်သည့်နှယ်ပင်။
“ ငါ ဒီ အကြံပြုချက်ကို အမှတ်ရနေမှာပါ.. အရင်ဆုံး ရိုက်ကူးရေးမှာ သူတို့ ဘယ်လိုရှိလဲ အရင်ကြည့်ကြတာပေါ့… ပြီးမှ screen times တွေ ပိုပေးဖို့ ကြိုးစားသွားမယ်… ပြီးရင် ကြည့်ရှုသူတွေရဲ့ အမြင်ပေါ် မူတည်ပြီး သူတို့ရဲ့ အခန်း ကဏ္ဍကို ပြင်ဆင်သွားလိုက်မယ်…”
“ အင်း… ဒီတိုင်း စောင့်ကြည့်နေလိုက်..”
ကိစ္စတစ်စုံတစ်ရာ ပြုလုပ်ရန် ကျန်ရှိနေသေးသောကြောင့် နှစ်ယောက်သား ခပ်သွက်သွက် စားသောက်လိုက်ကြသည်။ မွန်းလွဲပိုင်းတွေ သူတို့ ကိုင်တွယ်စရာ အခြား ကိစ္စရပ်များ ရှိနေလေသည်။
“ ဟင်… ဒါရိုက်တာရန် မဟုတ်လား…”
နှဏ်ယောက်သား စားသောက်ပြီး၍ ဘေလ်ရှင်းတော့မည့် အချိန်မှာပဲ ဘေးမှ တစ်စုံတစ်ယောက်၏ စကားသံကို ကြားလိုက်ရလေသည်။
သူမ မော့ကြည့်လိုက်တော့ အနက်ရောင် ဘောင်းဘီ၊ အဖြူရောင်ရှပ်နှင့် အမျိုးသမီးတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ Parada က အနီရောင် စလင်းဘတ် အိတ်ကိုလည်း လွယ်ထားသေး၏။ ရန်စီ၏ သာမန်လျှံကာဆန်သည့် ဝတ်စုံနှင့် နှိုင်းယှဉ်ပါက သူမ၏ အသွင်အပြင်မှာ သားသားနားနား ရှိနေတော့သည်။
အမျိုးသမီး၏ နာမည်က စုချန်ဖြစ်၏။ သူမက ကျိုးဟိုင် TV ဌာန လက်ထောက် ဒါရိုက်တာ တစ်ဦး ဖြစ်ပြီး ရန်စီ၏ ယခင် လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ယောက် ဖြစ်လေသည်။
သူမနံဘေးတွင် မှန်ကြောင်နှင့် ကောင်တစ်ကောင် ရှိနေပြီး အသက်ကတော့ လေးဆယ်အရွယ်လောက် ရှိလိမ့်မည်။ ခန္ဓာကိုယ်က မဝမဖိုင့်၊ ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး ခန့်ညားလို့နေသည်။
လင်းရီ ဘာမျှ မပြောဘဲ ရန်စီကိုသာ မသိစိတ်မှ လှမ်းကြည့်မိလိုက်၏။
လင်းရီ သူမ၏ အမူအရာ ချက်ချင်း အေးစက်သွားသည်ကို သတိထားမိလိုက်သည်။ သို့သော်လည်းပဲ လုပ်ပြုံးတစ်ပွင့်က ချက်ချင်း ပွင့်လန်းလာခဲ့ကာ “ ဟယ်… တိုက်ဆိုင်လိုက်တာနော်… နင်လည်း ဒီမှာ ထမင်းလာစားတာပဲလား..”
“ ဌာနက ပရိုဂရမ်အသစ် ရိုက်ကူးတော့မယ်မလား… ဒီတော့ ငါနဲ့ ဥက္ကဌချိန်ကလည်း ဒီမှာ ထမင်းလာစားရင်းနဲ့ ရင်းနှီးမြုပ်နှံမယ့်အကြောင်း လာဆွေးနွေးရတာပေါ့…”
ပြောပြီးနောက် စုချန် ဘေးသို့ ခြေတစ်လှမ်း ကပ်ရပ်လိုက်ပြီး “ မိတ်ဆက်ပေးရဦးမယ်… ဒီဘက် လူကြီးမင်းက ချိန်ကွမ်းလျန်တဲ့ … ရန်ကျင်း ရှင်းရှန်း အစားအသောက် ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာလေ… ငါတို့ ပြောလို့ဆိုလို့တောင် ပြီးတော့မယ်… သူတို့က နောက်လာမယ့် ရှိုးရဲ့ စပွန်ဆာ ပေးမယ့်သူတွေပဲ…”
“ အိုး.. ဟုတ်လား…. ဝမ်းသာပါတယ်နော်…”
“ စိတ်မကောင်းလိုက်တာ… ပရိုဂရမ် အသစ်က ရိုက်ကူးရတော့မှာကို နင်က နှုတ်ထွက်သွားတယ်.. တကယ်လို့ ငါတို့ နှစ်ယောက်သာ အတူ အလုပ်လုပ်နိုင်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ တွဲလုံးတွေ ဖြစ်လာမှာကိုပဲ.. ဒီရဲ့ အစီအစဉ်အသစ်ကလည် ကျိန်းသေပေါက်ကို ရေပန်းစားလာခဲ့တော့မှာ… ဘယ်လိုတောင် ဝမ်းနည်းဖို့ ကောင်းလိုက်သလဲနော်…”
“ အဓိကက ငါတို့ချင်း အခြေအနေတွေက ကွာခြားနေလို့လေ…” ရန်စီ ဆံပင်ကို နောက်သို့ ခါထုတ်လိုက်ရင်း အပြုံးလေးဖြင့် “ ငါ ကျိုးဟိုင် TV ဌာနမှာ နေလာတာ သုံးနှစ်ကျော်နေပြီ… အဲ့နေရာမှာ ငါ့အတွက် စိန်ခေါ်မှု အသစ်တွေ ဆိုတာ မရှိတော့သလောက်ကို ဖြစ်နေပြီ… ဒါကြောင့်မို့ ငါ့ရဲ့ အသက်မွေးဝမ်းကြောင်းကို အသစ်ပြောင်းဖို့ ဆုံးဖြတ်လိုက်တာ… ပလတ်ဖောင်း တစ်ခုက ငါ့ကို ကန့်သတ်ထားတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ….”
ရန်စီ၏ စကားထဲတွင် သိုဝှက်ထားသည့် အဓိပ္ပာယ်တစ်ခုက ရှိနေသောကြောင့် ထိုအရာကို သတိထားမိသည့် စုချန်၏ အမူအရာသည်လည်း မဆိုစလောက်လေး ပြောင်းလဲသွားခဲ့တော့သည်။ သို့ပေမယ့် တည်ငြိမ်သည့် အမူအရာကိုသာ ဆက်လက်ထိန်းသိမ်းထားရင်း “ နင် ပြောချင်တာကို ငါနားလည်တယ်.. ငါ မလာခင်တုန်းက ဒါရိုက်တာရန်ရဲ့ ချဉ်းကပ်နည်းလမ်းက သိပ်ကို တမူထူးခြားလွန်းပါတယ်… ဒါပေမယ့် တစ်ခါတစ်လေမှာလေ… ပလတ်ဖောင်းက နင့်ကို ပေးတဲ့ တန်ဖိုးက ဘာလဲဆိုတာ နင့်ဘာနင် ဆန်းစစ်ဖို့ လိုတယ်.. အရာနှစ်ခုကို ရောထွေးလိုက်လို့ ကောင်းမှာ မဟုတ်ဘူး…”
ရန်စီ ပြုံးလျက်သာ ခေါင်းညိမ့်လိုက်သည်။ “ ဒါ ငါတို့ နှစ်ယောက်လုံး စဉ်းစားဖို့ ထိုက်တန်တဲ့ မေးခွန်းပဲ…”
“ ငါ လုပ်စရာလေး ရှိသေးတော့ ဒီမှာပဲ စကားရပ်လိုက်ကြတာပေါ့…” စုချန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ အခု …. စပွန်ဆာပေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ငါနဲ့ တွေ့ချင်နေတဲ့ ထုတ်လုပ်သူ တစ်ချို့ ရှိနေတယ်လေ… ဒါပေမယ့် ဖြစ်ချင်တော့ ငါ့မှာ သူတို့ကို ပေးနိုင်မယ့် နေရာတွေက သိပ်မကျန်တော့ဘူး ဖြစ်နေတယ်… တကယ်လို့ နင် တစ်ခုခုလိုအပ်တယ်ဆိုရင် ငါ့ကိုပြောနော်… ငါ သူတို့ကို နင့်ဆီသွားဖို့ အကြံပြု ထောက်ခံပေးလိုက်မယ်…”
“ စပွန်ဆာတွေက ငါ့မှာ လုံလောက်အောင် ရှိနေပြီးသားပါ… နင့်ဘက်က တွေးပေးလို့တော့ ကျေးဇူးပဲ…”
“ နောက်မှ တွေ့ကြတာပေါ့…”
ထိုသို့ ပြောပြိးနောက် စုချန်နှင့် ချိန်ကွမ်းလျန်တို့ စားသောက်ဆိုင်ထဲမှ ထွက်ခွာသွားခဲ့ကြသည်။ သို့သော် ရန်စီ၏ အမူအရာသည်တော့ မိုးသက်မုန်တိုင်း ကျဆင်းတော့မည့်နှယ် တစထက် တစ အုံ့မှိုင်းလို့လာလေသည်။
“ ဘာဖြစ်တာလဲ… မင်း ကြည့်ရတာ သူ့ကို အရှင်လတ်လတ် ဝါးစားချင်နေတဲ့ ရုပ်နဲ့…” လင်းရီ မေးမြန်းလိုက်သည်။
“ သူ့အကြောင်း မပြောကြစို့ဟာ… အပြင်ထွက်တုန်းက ပြက္ခဒိန်မကြည့်ခဲ့မိဘူးပဲ… ဒီနေ့တော့ တကယ့်ကို ပြဿဒါးနေ့ပဲ ဖြစ်ရမယ်…”
လင်းရီ ရန်စီကို မသိမသာ တစ်ချက် အကဲခတ်လိုက်ရင်း “ မင်း အဲ့ကနေ နှုတ်ထွက်လာခဲ့တာ သူနဲ့ တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေတယ်မလား…”
“ ဟမ်… နင် ပြောနိုင်တယ်ပေါ့…”
“ ငါက အကန်းမှ မဟုတ်တာ… သူ ရောက်လာကတည်းကရင် တစ်ခုခု မှားနေပြီမှန်း ငါပြောနိုင်တယ်...” လင်းရီ ပြောလိုက်ပြီး “ ဘာဖြစ်ခဲ့လဲ ငါ့ကို ပြော… ဒီမိန်းမက ငါ့ရဲ့ ဒါရိုက်တာရန်ကို နှုတ်ထွက်လောက်စေတဲ့အထိ ဘာတွေများ အစွမ်းထက်နေလို့လဲ….”
ရန်စီ သူမအိတ်ကို လွယ်ရင်း ဂုဏ်ယူဝင့်ကြွားသည့် ဗျိုင်းတစ်ကောင်ကဲ့သို့ ခေါင်းကို မော်ကြွားလိုက်ကာ “ သူ ငါ့ကို နှုတ်ထွက်ဖို့ တွန်းအားပေးခဲ့တာ မဟုတ်ဘူး… ငါ့ဘာငါ ထွက်လာခဲ့တာ.. ငါ့စိတ်နဲ့ငါ နှုတ်ထွက်ခဲ့တာ…”
“ မင်းဘာမင်း ထွက်လာခဲ့တယ်ဆိုရင်တောင် အကြောင်း ပြချက် တစ်ခုမဟုတ် တစ်ခုတော့ ရှိရမယ်လေ.. မင်း ဒီတိုင်း ကိုယ်ပိုင် စီးပွားရေး စချင်နေလို့တော့ လာမပြောနဲ့.. သိုဝှက်နေလို့လည်း ဘာ အဓိပ္ပာယ်မှ မရှိပဲကို….”
“ ခုန ကောင်မက အရင်တုန်းက စီချွမ် စီရင်စုက… ဒါပေမယ့် အဆက်အသွယ်တွေကြောင့်မို့ ကျိုးဟိုင် TV ဌာနကို တိုက်ရိုက် ပြောင်းလာခဲ့ပြီး လက်ထောက် ဒါရိုက်တာ တန်းဖြစ်သွားတယ်လေ….”
“ ဟုတ်လား… ငါမှတ်မိသလောက်တော့ အရင် လက်ထောက် ဒါရိုက်တာက ဝူဝန်ရှုးဆို…”
“ အဲ့လူက တွန်းထုတ်ခံလိုက်ရပြီလေ…”
“ မင်းပြောသလိုဆိုရင် သူ့ရဲ့ အဆက်အသွယ်တွေက တော်တော်ကြီးကို သန်မာအားကောင်းလို့ ဖြစ်ရမယ်…” လင်းရီ ပြုံးလိုက်ပြီး “ မူလက မင်းရမယ့် နေရာကို သူက ဝင်လုသွားလို့ မင်း ဒေါသထွက်ထွက်နဲ့ နှုတ်ထွက်လိုက်တာမလား…”
“ အဲ့တာကလည်း အကြောင်းပြချက်ရဲ့ သေးငယ်တဲ့ တစ်စိတ်တစ်ပိုင်းလေး ရှိသေးတာ….”ရန်စီ ပြောလိုက်ပြီး “ နင် လူသားနဲ့ တောရိုင်း အစီအစဉ်ကို မှတ်မိသေးလား… "
“ မှတ်မိတာပေါ့… ငါကြားတာ ကြည့်ရှုသူတွေရဲ့ rating တွေက ရှယ်ကောင်းချက်ဆို….”
“ အစတုန်းက အဲ့ဒီ ပရောဂျက်က TV ဌာနရဲ့ ရေကို စမ်းသပ်ကြည့်တဲ့ ပရောဂျက် တစ်ခုပဲ… တကယ်လို့ အကျိုးသက်ရောက်မှုက ကောင်းတယ်ဆိုရင် တခြား variety show တွေလည်း ရှိလာမယ်… သာမန်အတိုင်းဆိုရင် ငါက နောက်လာမယ့် variety shows တွေရဲ့ အမှုဆောင် ဒါရိုက်တာနဲ့ ပရိုဂျူဆာ ဖြစ်ရမှာ… ဒါပေမယ့် အဲ့ကောင်မ ရောက်လာပြီးတော့ ချက်ချင်းကြီး ဌာနရဲ့ လက်ထောက် ဒါရိုက်တာ ဖြစ်လာရုံတင် မကသေးဘူး… ‘ လူသားနဲ့ တောရိုင်း ‘ အစီအစဉ်ထဲမှာ သူ့နာမည်ကိုပါ ခပ်တည်တည်နဲ့ ထည့်လိုက်တယ်လေ… ဒါ ငါ ကြိုးစားခဲ့တဲ့ ရလဒ်ကို အပေါ်က နှမ်းဖြူးလိုက်တာပဲ မဟုတ်ဘူးလား… အကျိုးအမြတ်ရဲ့ တစ်ဝက်ကို အဲ့ကောင်မကပဲ ခံစားခွင့်ထိုက်တန်တယ်ဆိုတဲ့ သောက်ချိုးမျိုးနဲ့လေ…”
“ မင်း ဌာနကို ဒီအကြောင်း မပြောပြလိုက်ဘူးလား…”
“ ဌာနကိုက ဒီလိုလုပ်ဖို့ ညွှန်ကြားလိုက်တာ သူတို့ ပြောလို့ ဘာထူးမှာမို့လို့…”
“ ငါ နားလည်ပြီ… ဒါကြောင့်မို့လို့ မင်းက ဒေါကန်ကန်နဲ့ နှုတ်ထွက်ပြီးတော့ မင်းကိုယ်မင်း သက်သေပြချင်နေတယ်ပေါ့..”
ရန်စီ ခေါင်းညိမ့်လိုက်သည်။ “ အစကတည်းက ဒီလိုမျိုး အကြံဉာဏ်ရှိနေတာကြောင့်လည်း ပါတယ်.. ဒုတိယ ရိုက်ကူးမယ့် variety show အတွက် အဆိုပြုထားခဲ့တာ ဟိုး ရှေးတုန်းကတည်းက… ဒါပေမယ့် ဌာနခေါင်းဆောင်က ချက်ချင်းကြီး ငြင်းပယ်ပစ်တယ်လေ… သူပြောတာ ဒီလို variety show မျိုးက မကောင်းဘူး… ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးတဲ့… ဒီလိုမျိုး အကြောင်းကြောင်းတွေ စုပြုံလာတော့ ငါလည်း နှုတ်ထွက်ဖို့ လမ်းစပေါက်သွားတာပဲ…”
“ TV ဌာနလေး တစ်ခုက အဲ့လောက်တောင် ဇာတ်ရှုပ်နေတယ်ပေါ့… စိတ်ဝင်စားစရာပါလား…”
“ အမှန်ပဲ… အဲ့လိုနေရာမျိုးမှာ ငါ အလုပ်မလုပ်ရလို့လည်း သေမသွားဘူး… ငါ့ဘက်က အလုပ်တစ်ခု မရှာနိုင် ဖြစ်နေတာမှ မဟုတ်တာ… ခံစားပြီး ကြေကွဲနေစရာ မလိုပါဘူး…”
“ ဒါရိုက်တာရန်က စွန်းလန်းတာပဲ…”
“ တော်ပြီ.. ဒီအကြောင်း ဆက်မပြောကြစို့… စဉ်းစားလိုက်တာနဲ့တင် စိတ်ရှုပ်ဖို့ ကောင်းလွန်းတယ်… တို့လည်း သွားကြစို့လေ… ခဏနေကျရင် လုပ်စရာတွေ ရှိသေးတယ်မလား…”
ထွက်လာခဲ့ပြီးနောက် နှစ်ယောက်သား ကိုယ်စီ လမ်းခွဲလိုက်ကြသည်။ လင်းရီ လင်းယွင်အုပ်စုသို့ မသွားခဲ့ချေ။ ထိုအစား ရှန်းထျန်းကျိုး ရှိသည့် နေရာသို့ ဦးတည်လိုက်လေသည်။
“ ပေါ်တော်မူကြီးပါလား… မင်း ဒီမရောက်ဖြစ်တာတောင် အတော်လေး ကြာနေပြီနော်…” လင်းရီကို မြင်တော့ ရှန်းထျန်းကျိုး အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ကျုပ်လည်း ခုတလော အလုပ်သိပ်ရှုပ်နေလို့ဗျာ… ခုမှ နည်းနည်း အားတာနဲ့ ဒီလာခဲ့လိုက်တာ…”
“ အခြေအနေဘယ်လိုလဲ.. အမေရိကားက ကိစ္စ ပြီးသွားပြီလား..”
“ အကုန်ပြီးသွားပြီ… အဲ့ကိစ္စ ဘာမှ စိတ်ပူစရာ မလိုတော့ဘူး…”
“ အေး ကြားရတာ ဝမ်းသာပါတယ်ကွာ…”
ရှန်းထျန်းကျိုး စီးကရက် တစ်လိပ် ကမ်းပေးလိုက်ပြီး လင်းရီကလည်း လက်အကျင့်အရ လှမ်းယူမိလိုက်၏။
ကျိုးဟိုင်တစ်ခုလုံးတွင် ရှန်းထျန်းကျိုး၏ ဆေးလိပ်ကိုသာ သူ အလိုအလျောက် လက်ခံလိမ့်မည်။ ကျန်သည်ကိုတော့ သူ၏ စိတ်အခြေအနေပေါ် မူတည်၍ လက်ခံကောင်း လက်ခံပေမည်။
ထို့ကြောင့် ကျိုးဟိုင်ရှိ ဒိတ်ဒိတ်ကျဲကြီးများကသာလျှင် လင်းရီ ဆေးလိပ်သောက်တတ်မှန်းကို သိရှိထားကြသည်။
သို့သော်လည်းပဲ သူတို့ကမ်းပေးသည့် စီးကရက်ကို လင်းရီသောက်ခဲလှ၏။
လင်းရီ ပေးသည့် စီးကရက်ကို သောက်နိုင်ဖို့ဆို ပိုလို့တောင် ခဲယဉ်းလှသည်။
၎င်းကြောင့်… ဒိတ်ဒိတ်ကျဲကြီးများ၏ အသိုင်းအဝိုင်း၌ လင်းရီ၏ စီးကရက်သည် ရွှေနှင့်စပ်၍ အဖိုးထိုက်လှပေသည်။