ဗီလိန်
Vol. 76 Ch. 1136
" ကျုပ်က ဒီတိုင်းလေးပဲ ယှဉ်ပြီး ပြောပြတာပါ... လိုရင်းကို ပြောရမယ်ဆိုရင် သူဌေးရဲ့ ဦးဆောင်မှုအောက်မှာ ပန်နီဆူလာ ဟိုတယ်ရဲ့ စီးပွားရေးက ထိပ်ဆုံးကို ချီတက်နေပါတယ်..."
" အေးပါ.. ငါ့ကို ဆက်မြှောက်ပင့်မနေနဲ့တော့.. "
လင်းရီ သူ၏ အင်္ကျီကော်လံကို ဆွဲတင်းရင်း ချပ်ရပ်အောင် ပြုပြင်လိုက်ကာ " မင်း လုပ်စရာရှိတာ သွားလုပ်တော့... ငါ တက်ပြီး အခြေအနေ တစ်ချက် သွားကြည့်လိုက်ဦးမယ်... "
" ကျုပ် လိုက်ပို့ပေးပါ့မယ်... "
" မလိုဘူး.. မင်း လုပ်စရာရှိတာသာ သွားလုပ်... "
၀မ်ထျန်းလုံနှင့် စကားခေတ္တ ပြောဆိုပြီးနောက် လင်းရီ ဓာတ်လှေကားစီး၍ ဒုတိယ အလွှာသို့ ဦးတည်လိုက်တော့သည်။ ဟိုရောက်တော့ ပထမ အလွှာထပ်ပင် လူပိုများနေကြောင်း လင်းရီ သတိပြုမိသွားခဲ့တော့၏။
သတင်းလာရောက်ယူသည့် စာနယ်ဇင်းနှင့် သတင်းထောက်များကလည်း ပွဲခန်းမထဲတွင် မနည်းမနော ရှိနေလေသည်။
လင်းရီ စင်ပေါ်ကို လှမ်းမျှော်ကြည့်လိုက်တော့ ဒူးလောက်ရှည်သည့် အနက်ရောင် ဂါ၀န်တစ်ထည်နှင့် ရန်စီကို လှမ်းမြင်လိုက်ရသည်။ သူမ၏ ခြေတံများကို ထင်ရှားပေါ်လွင်စေရန်အတွက်လည်း အသားရောင် စတော်ကင်ကို ၀တ်ဆင်ထားသေး၏။ ဆံပင်ပုံစံကိုတော့ ပညာရှင်များဖြင့် သေချာ ကျကျနန ပြုပြုင်ထားခဲ့သည်။ ယနေ့ ရင်းနှီးမြုပ်နှံသူများ အစည်းအဝေးအတွက် သူမ တော်တော်ကြီးကို အားစိုက်ထားခဲ့လေသည်။
ကော်လာကို တစ်ဖန် ကျနအောင် ပြုပြင်လိုက်ရင်း လင်းရီ တိတ်တဆိတ် လျှောက်လှမ်းလာခဲ့လိုက်သည်။
သို့သော်လည်းပဲ သူ စင်ရှေ့ကနေ ဖြတ်သွားတော့ လင်းရီ ခေတ္တရပ်တန့်လိုက်၏။ တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် ထိုအချိန် အလုပ်ရှုပ်နေသည့် ရန်စီကလည်း သူ့ကို မြင်တွေ့သွားခဲ့သည်။
နှစ်ယောက်လုံး စကားတစ်ခွန်းမပြောဘဲ အကြည့်တစ်ချက်၊ အပြုံးတစ်ပွင့်နှင့် အချင်းချင်း နားလည်လိုက်ကြ၏။
လင်းရီ ပွဲခန်းမ၏ ထောင့်တစ်နေရာသို့ သွား၍ ထိုင်ခုံတစ်လုံးတွင် ၀င်ထိုင်လိုက်သည်။
ယနေ့ ကိစ္စနှင့် စပ်လျဉ်း၍ ရန်စီက သူ၏ ကူညီပေးမှုကို မလိုအပ်ချေ။ သူက ဒီတိုင်း ထိုင်ပြီး စောင့်ကြည့်ရန်သာ လိုသည်။
၀င်ထွက်သွားလာနေသည့် လူများကိုကြည့်ရင်း လင်းရီ တိုးတက်မည့် လမ်းစ အလင်းရောင်ကို စိတ်ထဲ မြင်ယောင်မိသွားခဲ့သည်။
သူသည် ရန်စီ၏ ကုမ္ပဏီ သေးသေးလေးတွင် ပိုက်ဆံ ရင်းနှီးမြုပ်နှံ၍ သူမကို တိုးတက်လာစေရန် ဖြည်းဖြည်းချင်း ကူညီပေးသွားမည်။ အနာဂတ် တစ်ချိန်ချိန်၌ သူမက မီဒီယာ လောကတွင် ပိုပြီး လွှမ်းမိုးမှုများ ရှိလာနိုင်သည်။
ရင်းနှီးမြုပ်နှံသူများ အစည်းအဝေးက ကျင်းပခြင်း မရှိသေးသောကြောင့် လူတော်တော်များများက ၀င်ချည် ထွက်ချည်ပြုနေပြီး သက်၀င်လှုပ်ရှားနေသည့် လေထုကို ဖန်တီးလှုံ့ဆော် နေတော့၏။
ပွဲခန်းမ၏ ငါးတန်းမြောက်တွင် ထိုင်နေသည့် လူနှစ်ယောက်ရှိသည်။
တစ်ယောက်က လင်းရီနှင့် ယမန်နေ့တုန်းက ဆုံတွေ့ခဲ့ဖူးသည့် စုချန်ဖြစ်သည်။ အခြား တစ်ယောက်ကိုလည်း လင်းရီ သိနေသည်။
ထိုသူက ကျန်းရွှီဖြစ်၏။ စစ်ဒေသတွင် ရိုက်ကူးရေးပြုလုပ်ရန် ရန်စီနှင့်အတူ လိုက်လာရင်း လင်းရီ၏ ဆော်ပလော်တီးခြင်းကို ခံလိုက်ရသည့်သူပင်။
ကျန်းရွှီက လူကောင်းသူကောင်း မဟုတ်သော်ငြား အရည်အချင်းရှိသူများကို ရှာဖွေနိုင်သည့် ကောင်းကောင်းမွန်မွန် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။
၎င်းက ပါရမီ အရည်အချင်းရှိသည့် မည်သူနှင့်မဆို အလုပ်တွဲလုပ်ပေမည်။
အကယ်၍ အဆိုပါ ဖြစ်ရပ်ကြောင့်သာ မဟုတ်ပါက ရန်စီသည် လက်ထောက် ဒါရိုက်တာ တစ်ဦး ဖြစ်နေနှင့်ပြီးဖြစ်သည်။
ယခု မည်သည့်နေရာကမှန်းမသိ ရောက်ချလာသည့် စုချန်က သူမ၏ နေရာကို ယူသွားခဲ့သောကြောင့် သူသည်လည်း သဘာ၀ အလျောက် စုချန်နောက် လိုက်ရတော့၏။ ယခုကဲ့သို့ အမြင်သိစိတ်သည်ကလည်း အချို့သော လုပ်ငန်းခွင်များ၌သာ ရရှိနိုင်သည့် အကျိုးကျေးဇူးတစ်ရပ်ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် သူမတို့ နှစ်ယောက်လုံးက အနက်ရောင် မာ့စ်များ တပ်ထားပြီး မျက်နှာတစ်ခုလုံး နီးပါးကို ဖုံးအုပ်ထားခဲ့ကြ၏။
ယခုကဲ့သို့ လူခြေထူထပ်သည့် နေရာမျိုး၌ တစ်ယောက်နှင့်တစ်ယောက် ပခုံးချင်း ၀င်မတိုက်မိသေးသရွေ့ အချင်းချင်း မှတ်မိဖို့ရာ မဖြစ်နိုင်ချေ။
" ဒါရိုက်တာစု.. ပတ်၀န်းကျင်ကိုလည်း တစ်ချက်ကြည့်လိုက်ဦး... သူ့ကြည့်ရတာ လူတော်တော်များများ ရှာတွေ့ထားတဲ့ပုံပဲနော်... သူမ ပြင်ဆင်ထားတယ်ဆိုတာ တကယ်ကြီး ဖြစ်နိုင်တယ်..."ကျန်းရွှီ တီးတိုးပြောလိုက်၏။
" လူများလည်း အလကားပဲ..အုတ်ရောရော ကျောက်ရောရောနဲ့.. အဓိက အရေးကြီးတာ ဒီလောက် များပြားတဲ့ လူတွေက ရင်းနှီးမြုပ်နှံဖို့ ဆန္ဒရှိပါ့မလား ဆိုတာပဲ... " စုချန် မနာစိတ်ကို ဖုံးဖိ၍ ပြောလိုက်ပြီး " မနေ့က ငါနဲ့ ချိန်ကွမ်းလျန်နဲ့ တွေ့ပြီး စကားပြောခဲ့သလိုမျိုးမှပေါ့.. သူဆို ယွမ် သန်း ၁၁၀ ကမ်းလှမ်းခဲ့တာနော်... အဲ့လိုလူမျိုးကိုမှ ချမ်းသာတယ်လို့ခေါ်တာ... "
ကျန်းရွှီ ဘေးဘီကို လှည့်ပတ်ကြည့်လိုက်ရင်း " ဒါပေမယ့် ဒီမှာ လူက တော်တော်ကြီးကို များတာ... သူတို့ ဘယ်လောက်ထိ ရလိုက်မလဲ စောင့်ကြည့်ကြတာပေါ့... "
" ငါတော့ ယွမ် သန်း ဆယ်ဂဏန်းလောက်ပဲ ရမယ်လို့ မှန်းထားတယ်..."စုချန် ပြောလိုက်ပြီး " ဂျူလိုင်နဲ့ ဩဂုတ်က variety show တွေအတွက် ရွှေရောင် အချိန်ကာလပဲ.... ပြီးတော့ ပရိုဂရမ် နှစ်ဆယ်လောက်က စပွန်ဆာ ပေးဖို့ စောင့်မျှော်နေကြတာ... သူတို့ အကုန်လုံးက စပွန်ဆာ ကြီးကြီးမားမားရနိုင်ဖို့ တိုက်ခိုက်နေကြတာချည်းပဲ... ပြီးတော့ ပိုက်ဆံ များများ မကမ်းလှမ်းနိုင်တဲ့ ကုမ္ပဏီ အသေးစားလေးတွေပဲ ကျန်တော့တယ်... "
" ဒါရိုက်တာစု ပြောတာ အဓိပ္ပာယ် ရှိတယ်... "
Tv ဌာနတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့ပြီးသည့်နောက် ကျန်းရွှီကလည်း အတွင်းလှည့်ကွက် နည်းလမ်းများနှင့် သိပ်ကို လက်ပွန်းတသီးရှိ၏။
ပုံမှန်အားဖြင့် variety show များအတွက် အဓိက စပွန်ဆာ ပေးကြသူများက အစားအသောက်နှင့် အလှကုန်ပစ္စည်းများသာ ဖြစ်သည်။
သို့သော်လည်းပဲ ဟွာရှရှိ နာမည်ကြီး အစားအသောက်နှင့် အလှကုန် အများစုတို့က အခြားသော variety show များကို စပွန်ဆာ ပေးထားပြီး ဖြစ်သည်။
ထို့ကြောင့် အကြီးစား စပွန်ဆာပေးမည့်သူများက များများစားစား သိပ်မကျန်ချေ။ ရန်စီအဖို့ အကြီးစား ထောက်ပံ့မှုများ ရရန် မည်သို့မျှ မဖြစ်နိုင်ချေ။
" ခဏနေ လေလံစရင် နင်စောင့်ကြည့်ထား...အဲ့ကောင်မ ဘယ်လောက်ရသွားမလဲဆိုတာ ငါသိချင်တယ်... "
" ကျုပ်ကတော့ သန်း ၅၀က အကန့်အသတ်လို့ပဲ ထင်တယ်... " ကျန်းရွှီ ပြောလိုက်ပြီး " တစ်ဖက်မှာကျ သူ့ရဲ့ ရှိုးကို ဖြစ်မြောက်အောင် ရိုက်ဖို့ဆို အနည်းဆုံး ယွမ် သန်း ၁၀၀ ကနေ ၂၀၀ အထိ လိုအပ်လိမ့်မယ်... ဒီတော့ အဲ့လောက် ပမာဏအထိ ရောက်အောင် ဆွဲတင်နိုင်မလားဆိုတာတော့ နတ်သိကြားတွေရဲ့ ဆောင်မမှု အပေါ် မူတည်နေပြီ..."
ရန်စီနှင့် တစ်ဖန် မျက်နှာချင်းဆိုင် တွေ့ဆုံရာ၌ ကျန်းရွှီ သူစိမ်း တစ်ယောက်ကဲ့သို့ ခံစားနေရသည်။
သူ၏ မျက်နှာ အမူအရာမှာ တစ်ယောက်နှင့် တစ်ယောက် တစ်ကြိမ်ငလေးမျှပင် မဆုံတွေ့ခဲ့ဖူးသည့် ပုံစံ ပေါက်နေလေသည်။
" အဲ့ကောင်မရဲ့ ရှိူး အစုတ်အပြတ်က နှေးကွေးလေးလံတဲ့ ကျေးလက်ဒေသ လူနေမှု စရိုက်အကြောင်းတဲ့... ဒီကောင်မ တကယ့်ကို ဈေးကွက် နားမလည်ဘူးပဲ... "စုချန် ပြောလိုက်ပြီး " ဒီနေ့ခေတ်ရေစီးကြောင်းရဲ့ ဘယ်လို လူငယ်မျိုးက ဒီလို အရာကြီးကို ကြည့်ချင်မှာလဲ... သူတို့က ၀က်မွေးပြီး ခြံစိုက်တာကို ကြည့်ဖို့ လိုလားကြတယ်လို့တော့ ငါ့ကို လာမပြောနဲ့... "
" သူက အမြဲတမ်း စိတ်ကူးယဉ်ဆန်နေတဲ့လူလေ... ဒါကြောင့်မို့လည်း ဌာနက သူမရဲ့ အဆိုပြုလွှာကို ငြင်းပယ်ခဲ့တာပေါ့... "
" သူ့ကိုယ်သူ အထင်ကြီးလွန်းတာကြောင့်လည်း ပါမယ်... "စုချန် ပြောလိုက်ပြီး " သူထင်နေတာ... အဆက်အသွယ်လေး နည်းနည်း ရှိတာနဲ့ပဲ သူ့ကိုယ်သူ ဟုတ်လှပြီ မှတ်တာ တကယ့်လက်တွေ့ကျတော့ ဈေးကွက်အကြောင်း ဘာမှ နားမလည်ပဲနဲ့ အရာအားလုံးကို ပိုင်သေ တွက်နေတယ်... သူ လုပ်ခဲ့တဲ့ထဲ အသိအမှတ်ပြုလောက်သာဆိုလို့ နိုင်ငံ တော်တော်များများနှင့် ပူးပေါင်းပြီး ရိုက်ကူးထားတဲ့ အစီအစဉ်တစ်ခုတည်း ရှိတာရယ်... ဒီကောင်မက ကိုယ့်အဆင့်ကို မသိပါဘူး... "
" မိန်းကလေးစု ပြောတာ မှန်တယ်... "ကျန်းရွှီ ပြုံးပြီး သဘောတူလိုက်၏။
" တကယ်တမ်းကျ... အရင်တုန်းက သူက ပြောရဆိုရတာ အဆင်ပြေတယ်... ဒါပေမယ့် လူသားနဲ့ တောရိုင်း ရိုက်ကူးပြီးကတည်းက နည်းနည်းလေး ထိန်းချုပ်မရ ဖြစ်လာခဲ့တာ... သူ့စိတ်ထင်ရာတွေ လျှောက်လုပ်နေပြီး ဌာနခေါင်းဆောင်ကလွဲရင် ဘယ်ကောင့်မှ လူမထင်ဘူးကွဆိုတဲ့ ပုံစံ ဖြစ်လာခဲ့တာ... "
" ဟမ့်... အခုက ငါတို့ရဲ့ အခွင့်အရေးပဲ... " စုချန် နှာခေါင်းရှုံ့လိုက်ပြီး " ဒီအစီအစဉ်ရိုက်ကူးပြီးရင် သူမက ငါတို့နယ်ပယ်ကို အသရေပျက်စေတယ်ဆိုတာ လူတိုင်းသိသွားကြလိမ့်မယ်... "
..............
" နင်ဘာလို့ ဒီမှာ လာထိုင်နေတာလဲ.. ငါဖြင့် နင့်ကို ရှာလိုက်ရတာ ဖက်ဖက်ကို မောလို့... "
သူမ အလုပ်များ ပြီးစီးသွားသည့် ရန်စီမှာ လင်းရီရှေ့ ရောက်လို့လာသည်။
" အားလုံး အသင့်ဖြစ်နေပြီလား... "
" အချိန်ကျတော့မယ်လေ... ကျန်တာကို အောက်ကလူတွေနဲ့ပဲ လွှဲထားလိုက်တော့မယ်... "
ရန်စီ သူမ၏ ဆံပင်ကို သပ်လိုက်ပြီး ရှေ့ဆုံးတန်းကို ကြည့်နေရင်းဖြင့် " ဒီမှာ ထိုင်မနေနဲ့... ငါနင့်ကို ရှေ့တန်းမှာ နေရာ တစ်နေရာ လုပ်ပေးမယ်... "
" မလိုဘူး... ငါ ဘယ်နေရာမှာပဲ ထိုင်ထိုင် ကိစ္စ မရှိဘူး... လူတွေ အာရိုစိုက်လာမှာကိုလည်း မလိုချင်ဘူး... မင်းကို ဒီကနေပဲ ထိုင်ကြည့်နေတော့မယ်... "လင်းရီ ပြောလိုက်သည်။
" လူတွေ ရောက်လာကြတာမှ အများကြီးပဲနော်... အကျိုးသက်ရောက်မှုကလည်း ကောင်းမယ်လို့ ထင်တယ်... "
" လူများတယ်ဆိုပေမယ့် ဧည့်သည်တွေရဲ့ အရည်အသွေးက သိပ်မမြင့်ဘူး... ငါတော့ သူတို့ သိပ်အများကြီး ရင်းနှီးမြုပ်နှံမယ်လို့တော့ မထင်ဘူး... "
မူလက တက်တင်ကြွကြွ ဖြစ်နေသည့် ရန်စီမှာ ချက်ချင်းဆိုသလို ရေအေးကြီးတစ်ပုံးဖြင့် အလောင်းခံလိုက်ရတော့၏။
" သိပ်တော့ သဘောမတူဘူး... "
" နွေရာသီဆိုတာ variety show အားလုံးအတွက် ရွှေရောင် အချိန်ကာလပဲ... ပြီးတော့ ထိပ်တန်းရှိူးကြီးတွေနဲ့ ချာနယ်အမျိုးမျိုးကလည်း အတန်းရှင်း ရဖို့အတွက် ယှဉ်ပြိုင်နေကြတာ... ကိတ်မုန့်က ကြီးရုံတင်ပဲ ကြီးတာ.. လူတိုင်းအတွက်တော့ လောက်ငှမှာ မဟုတ်ဘူး... " ရန်စီ ရှင်းပြလိုက်ပြီး " ဒါ့အပြင်ကို တခြား ရှိုးပွဲတွေက အရင် အောင်မြင်မှုတွေ ရှိထားပြီးပြီ... ငါ့ရဲ့ ကိုယ်ပိုင် ရိုက်ကူးမယ့် အစီအစဉ်က ခုမှ စလုံးရေ စမှာဆိုတော့ နည်းနည်းလေး ပိုပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ မလွဲမသွေပဲလေ... "
" အရမ်းကြီးလည်း အဆိုးမြင်မနေစမ်းပါနဲ့ကွာ.. မင်းဟာက စစ်မတိုက်ရသေးဘူး မြားကုန်နေပြီလား.. "
" မကုန်ပါဘူးနော်.. နင်တစ်ယောက်လုံး စပွန်ဆာပေးမယ့်သူကြီး ရှိနေတာကို ဘာကြောက်စရာ လိုလို့လဲ.. "ရန်စီ ပြောလိုက်ပြီး " စပွန်ဆာပေးမယ့်သူ မရှိဘူးဆိုရင်တောင် ငါ မစိုးရိမ်ပါဘူး... ရှိုးအစစ်အမှန်က ကြည့်ရှုသူတွေရဲ့ ratingအပေါ် ကျိန်းသေပေါက် ထင်ဟပ်မှု တစ်ချို့ ရှိလာမှာ ကျိန်းသေတယ်... အချိန်ကျလာရင် ငါတို့ သိရမှာပါ... "
" မှန်တယ်.. သိပ်အများကြီးနဲ့ စဉ်းစားမနေနဲ့... လုပ်မယ်ဆို လုပ်သာချပစ်... "
" ဟင် နင်ဘာလို့ ဒီရောက်နေတာလဲ.. "
နှစ်ယောက် စကားပြောနေတုန်းမှာပဲ ရန်စီအနောက်မှ စူးရှသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
နှစ်ယောက်သား မသိစိတ်မှ လှည့်ကြည့်လိုက်မိတော့ ပြောလိုက်သူက သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ဦးဖြစ်နေကြောင်း နှစ်ယောက်လုံး မြင်တွေ့လိုက်ရသည်။
သူမက အနီရောင် ၀တ်စုံနှင့် Hermes အိတ်ကို လွယ်ထားပြီး နှစ်ဆယ်ကျော် အရွယ်လေးများနှင့် အပြိုင် ဖလန်းဖလန်းထလို့နေသည်။
သို့ဖြစ်သည့်တိုင်အောင် လင်းရီ၏ အမူအရာမှာ အံ့အားသင့်သည့် ဘက်ခြမ်းသို့ ကူးပြောင်းသွားခဲ့၏။
ဒီအမျိုးသမီးက သူ့ကို အဲ့နေ့တုန်းက မွေးစားချင်နေတဲ့ အန်တီကြီး မဟုတ်လား…