← Chapters

ပေါက်ကွဲတက်လာတဲ့ လေလံဈေး

Vol. 76 Ch. 1138

ပေါက်ကွဲတက်လာတဲ့ လေလံဈေး

Vol. 76 Ch. 1138

“ ဟင်း… သူကတော့ တကယ့်ကို ကံဆိုးတာပဲ… ဘာကြောင့်များ ယောက်ျားတစ်ယောက်အတွက်နဲ့ သူ့ရဲ့ အနာဂတ်ကို ဖျက်ဆီးချင်ရတာလဲနော်…”

“ ဖြစ်မှာပေါ့… ဦးနှောက်မှ မရှိပဲကို…” စုချန် သူမ၏ ကိုယ်ဟန်ကို ပြောင်းလဲလိုက်ပြီး “ ငါ အစကတော့ ဒီလာပြီး အချိန်မဖြုန်းချင်ဘူးဆိုပေမယ့် ပိုပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာနေပြီပဲ…”

ကျန်းရွှီသည်လည်း ပြုံးလိုက်သည်။ သို့ပေမယ့် တစ်ခွန်းမျှတော့ ပြန်မပြောချေ။

အတိတ်တုန်းကတော့ သူ ရန်စီ့အပေါ် အထင်မြင်ကောင်းများ ရှိခဲ့ပြီး နှစ်အနည်းငယ် မျှနှင့် ဌာန ခေါင်းဆောင်တစ်ယောက် ဖြစ်လာလိမ့်မည်လို့ ထင်မှတ်ထားသည်။ အကယ်၍ သူသာ ဆင်ဖြူတော်မှီ၍ ကြံစုပ်မည်ဆိုပါက အနာဂတ်က ကျိန်းသေပေါက် သက်တောင့်သက်သာ ရှိမည်မှာ သေချာလေသည်။

ယခု ပြန်စဉ်းစားကြည့်တော့မှ သူ့အမြင်တွေ တော်တော်လေး ကျဉ်းမြောင်းခဲ့မှန်း နားလည်သဘောပေါက်မိတော့သည်။

မည်သည့်ရှုထောင့်မှ နှိုင်းယှဉ်စေကာမူ ဒါရိုက်တာစုကသာလျှင် သူမထက် အပုံကြီးသာနေသည်။ အတိတ်တုန်းက သူ တော်တော်ကြီးကို အမြင်ကျဉ်းမိခဲ့၏။

နှစ်ယောက်သား စကားပြောနေစဉ်မှာပဲ ရန်စီ၏ စကားသံက စင်ပေါ်မှတစ်ဆင့် ပျံ့လွင့်လာသည်။

“ အေးချမ်းတဲ့ ဘဝ variety show ကနေပြီး ကြိုဆိုလိုက်ပါတယ်… ကျမက ယခုရှိုးရဲ့ ပရိုဂျူဆာနဲ့ အမှုဆောင် ဒါရိုက်တာ ရန်စီပါ… ကြွရောက်လာခဲ့ ပေးကြတဲ့အတွက် ကျမကနေပြီး အထူးပင် ကျေးဇူးတင်ရှိကြောင်း ဒီနေရာကနေတဆင့် ပြောကြားလိုပါတယ်….”

ရိုးရှင်းသည့် မိတ်ဆက်စကား ဆိုပြီး ပရိသတ်များထံမှ ကျယ်လောင်သည့် လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။

“ ကျမတို့ရဲ့ ရှိုးက အေးဆေးတဲ့ လူနေမှု ဘဝပုံစံကို အာရုံစိုက်ထားတာပါ… ဒီနေ့ခေတ်လိုမျိုး အရာရာမြန်ဆန်တိုးတက်နေတဲ့ မြို့ပြကြီးထဲမှာ ဒါက အစစ်အမှန်ဆုံးနဲ့ ကျေးလက် လေထုကို ထင်ဟပ်စေမယ့် အသစ်အဆန်း အစီအစဉ်တစ်ခုဖြစ်ပါလိမ့်မယ်… နွေးထွေးပြီး သာယာ အေးချမ်းတဲ့ ဘဝပုံစံနဲ့ ကျမတို့က လူတိုင်းရဲ့ ရင်ထဲမှာ နားခိုစရာ တစ်နေရာကို ရှာတွေ့နိုင်ပြီး ပုန်းကွယ်နေတဲ့………”

ပုံမှန်ဆို လင်းရီ ယခုလိုမျိုး သောက်ချေမပါသည့် အရာများကို နားထောင်ရန် ပျင်းရိနေပေလိမ့်မည်။ သို့သော်လည်း ရန်စီ၏ မိန့်ခွန်းကတော့ အမှန်ပင် ဆွဲဆောင်မှု ရှိနေလေသည်။

နောက်တစ်ကြိမ် သူတို့ အချစ်သံစဉ်များ ဖန်တီးသည့် အချိန်၌ ယခုလို သတင်းကြေညာသည့် အသံမျိုး ပြုလုပ်ပေးရန် တောင်းဆိုရလိမ့်မည်။

တွေးရင်းနှင့် သူ့ကိုယ်သူ ဟာသဉာဏ်ရွှင်သူ ဖြစ်ပါလားဆိုပြီး ကိုယ့်ကိုယ်ကို ပြန်သဘောကျမိကာ စပ်ဖြီးဖြီးလုပ်မိနေပြန်သည်။

ရန်စီသူ့ကို ကြည့်မနေ၍သာ ကံကောင်းသွားတော့၏။ မဟုတ်ပါက ထိုကဲ့သို့သော မျက်နှာထားမျိုးဖြင့် သူမ မိန့်ခွန်းပြောနေသည်ပင် ပြတ်တောက်သွားနိုင်သည်။

ထို့နောက် ရန်စီမှ ရှိုး၏ ထူးခြားသည့် ဝိသေသများကို တစ်ခုချင်း မိတ်ဆက်ပေးတော့၏။

မတူကွဲပြားသည့် အလုပ်အကိုင်က တောင်ကို ဖက်တွယ်ပြီး တက်ရသည်နှင့် ဆင်တူသည်ဆိုသည့် စကားအတိုင်း အကယ်၍ သူသာ ယနေ့ ဤနေရာသို့ ရောက်မလာခဲ့ပါက ယခုနယ်ပယ်တွင် လှည့်ကွက် မြောက်မြားစွာ ရှိနေလိမ့်မည် ဖြစ်ကြောင်းကို လင်းရီ သတိမမူမိခဲ့ချေ။ အရာအားလုံးက ဟုတ်တုတ်တုတ် ရှိနေပြီး ရှိုး၏ အောင်မြင်မှုအတွက် အသေးစိတ်ကျနေသည်။

သို့သော်လည်းပဲ ချပြီး ရေးမှတ်ထားလောက်စရာများကတော့ တစ်လုံးမျှ ရှိမနေခဲ့ချေ။

မည်သို့ပင်ဆိုစေ ဤသည်က ယခင် ရှိုးများကို မှီညမ်းစရာ မရှိသည့် ရှိုးအသစ်အဆန်း တစ်ခု ဖြစ်လေသည်။

သူမ ပြသနိုင်သည့် တစ်ခုတည်းသော အရာကတော့ စင်ကျူရီမီဒီယာနှင့် ပါတနာ ဖြစ်ထားသည်ဆိုသည့် အချက်လေးပင်။

“ အခု ကျမတို့မှာ ရရှိနိုင်တဲ့ စပွန်ဆာရှစ် ပရောဂျက် ခုနစ်ခု ရှိထားပါတယ်… အဲ့တာတွေကတော့ အထူးသီးသန့် title စပွန်ဆာတစ်ခု၊ chief ပါတနာ စပွန်ဆာတစ်ခု၊ official ပါတနာ စပွန်ဆာ နှစ်ခု၊ ကြိုတင်စီမံထားတဲ့ ကားစပွန်ဆာပါတနာတစ်ခု၊ ကြိုတင်စီမံထားတဲ့ ထုတ်ကုန် စပွန်ဆာ သုံးခု၊ အကြံပြုပေးမယ့် အက်ပ် စပွန်ဆာ တစ်ခုနဲ့ ရိုးရိုး စပွန်ဆာကြော်ငြာ ခြောက်ခုတို့ပဲ ဖြစ်ပါတယ်…”

“ ဟီးဟီး..” စုချန်း အထင်တသေးနှင့် ရယ်မောလိုက်ပြီး “ သူ တကယ်ကြီး အဲ့လောက်ထိ တောင်းဆိုနေတယ်ပေါ့… ငါ့လို S အဆင့် rating ပေးခံထားရတဲ့ အစီအစဉ်တောင်မှ အဲ့လို စပွန်ဆာမျိုးတွေ မတောင်းရဲဘူး… သူ့ရဲ့ ပရိုဂရမ် အသစ်လေးက ဒီလိုမျိုးတွေတောင်းဖို့ ဘယ်ကနေ သတ္တိတွေ ရလာတာလဲတဲ့…”

တက်ရောက်လာကြသူများအား ယခု အစည်းအဝေးပွဲ၏ စီးပွားရေး အကြောင်း ပိုမို ရှင်းလင်းစွာ သဘောပေါက် နားလည်စေရန်အတွက် ရန်စီ စပွန်ဆာရှစ် ပရောဂျက်များအာလုံးကို Power Point အသွင် ပြုလုပ်ထားသည်။

“ ကျမတို့ရဲ့ ရှိုးမှာ ပုံမှန် အဖွဲ့ဝင် လေးယောက် ရှိပါမယ်… ပြီးတော့ ရံဖန်ရံခါ မြင်ရမယ့် ဧည့်သည်တော် လေးယောက်ရှိပါလိမ့်မယ်…”

ရန်စီ Power Point ကို နောက်တစ်မျိုး ပြောင်းလိုက်ပြီး “ အမြဲတမ်း ဧည့်သည်တော် သရုပ်ဆောင်တွေက ဒေသတွင်း နာမည်ကြီးတဲ့ သရုပ်ဆောင် ဆရာ လီယွီလိ၊ ပထမတန်းစား ကုချင်း တီးခတ်ဖျော်ဖြေသူ ဆရာမ ကျန်းမင်ကျန်း၊ နာမည်ကြီး စတားသရုပ်ဆောင် လုယွမ်ဇီနဲ့ ကျောက်ရှစ်ချီ။ တခြား ဧည့်သည်သရုပ်ဆောင် တွေအတွက်ကတော့ ဆုံးဖြတ်နေတုန်းပဲ ရှိပါသေးတယ်.. ဒါပေမယ့် စိတ်ချပါ… အကုန်လုံးက နာမည်မကြီးဘူးဆိုရင်တောင် စံနှုန်းကတော့ မနိမ့်ကျစေရပါဘူး… ဒီကိစ္စအတွက်တော့ ကျေးဇူးပြုပြီး စိတ်မပူကြပါနဲ့…”

ဟစ်….

ရှိုးအတွက် ဧည့်သည်တော်များ၏ လျာထားမှု စာရင်းကို သိရှိလိုက်ရတော့ ရောက်နေကြသည့် လူတိုင်း တစ်ယောက်တစ်ပေါက် တီးတိုး တိုင်ပင်ကြတော့သည်။

အထူးသဖြင့် စုချန်နှင့် ကျန်းရွှီတို့ပင်။ သူတို့ဆို အချိန်အနည်းငယ် ကြာသည်အထိ ကြက်သေသေနေမိကြတော့၏။ ဤ လျာထားမှုကြီးက သိပ်ကို ရယ်စရာကောင်းနေသည်။

ကျန်သူများက လက်ခံ၍ ရသော်လည်းပဲ လုယွမ်ဇီနှင့် ကျောက်ရှစ်ချီ နှစ်ယောက်လုံးက အနုပညာ နယ်ပယ်ထဲ နာမည်ကြီး ထိပ်တန်း A အဆင့် စာရင်းဝင် အနုပညာရှင်များ ဖြစ်ကြသည်။

ရှိုးတွင် အပိုင်း ၁၂ ပိုင်း ရိုက်ကူးမည် ဖြစ်ပြီး ၎င်းတို့၏ နာမည် ဂုဏ်သတင်းနှင့် ဆိုပါက သူတို့၏ အနုပညာကြေးမှာ ယွမ် သန်း ၁၀၀ နီးနီးလောက် သွားကျသင့်ပေမည်။ သူမ ဤမျှ ပိုက်ဆံအမြောက်အအများကို မည်သည့်နေရာက သွားရှာမည်နည်း။

သူတို့ကိုယ်သူတို့ ဤသည်ကို ဝှက်ဖဲတစ်ချပ် အနေနှင့် ထားပြီး ရှေ့ရှိ စပွန်ဆာပေးမည့်သူများကိုလည်း အရူးများကဲ့သို့ ထင်မှတ်နေကြသည်လော။

တစ်မိနစ်ခန့် အချိန်ကြာသွားပြီးနောက် တီးတိုး ဆွေးနွေးသံများက ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားခဲ့ကြပြီး ရန်စီလည်း မိုက်ကိုင်၍ အပြုံးလေးဖြင့် “ ခုကစပြီးတော့ ရိုးရိုးကြော်ငြာ စပွန်ဆာအတွက် လေလံစတင်ပါတော့မယ်… နေရာကတော့ စုစုပေါင်း ခြောက်နေရာရှိပြီးတော့ ကြမ်းခင်းဈေး ယွမ် သုံးသန်းပါ…”

ရိုးရိုးကြော်ငြာ စပွန်ဆာဆိုသည်က ထုတ်လွှင့်သည့် အခါ၌ စ၊လယ်၊ဆုံး နေရာများတွင် ပြသလေ့ရှိသည့် ကြော်ငြာများ ဖြစ်၏။

ကြည့်ရှုသူများ အမုန်းဆုံးနှင့် မေတ္တာအပို့ခံရဆုံး နေရာလည်း ဖြစ်သောကြောင့် ဈေးက အနိမ့်ဆုံး ဖြစ်နေခြင်းပင်။

စုချန် သူမ၏ မာ့စ်ကို ပြုပြင်လိုက်ပြီး “ စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ… ကျရှုံးဖို့ ကံပါလာတဲ့ ရှိုးက ကြမ်းခင်းဈေးကို ယွမ် သုံးသန်း တောင်းဝံ့နေတယ်… နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာနဲ့ ဘာထူးတော့မှာလဲ…”

“ ငါတို့လို S အဆင့် ပရိုဂရမ်ရဲ့ ရိုးရိုးကြော်ငြာ ဈေးနှုန်းကတောင် ယွမ် ၃.၅ သန်းတည်းရှိတာ… ဒီ ယွမ် ၃ သန်းက လူတွေကို လွယ်လွယ်နဲ့ ကြောက်ရွံ့သွားစေဖို့ လုံလောက်တယ်…”ကျန်းရွှီပြောလိုက်သည်။

“ ၅ သန်း…”

စုချန်နှင့် ကျန်းရွှီတို့ မသိစိတ်မှ ၅ သန်းဟု အော်လာသည့်ဘက်သို့ လှည့်ကြည့်မိလိုက်ကြသည်။

ဆိုင်းဘုတ်ကို ကိုင်ထားသည့် တစ်ယောက်က မျက်မှန်နှင့် လူငယ်လေး တစ်ယောက်ဖြစ်သည်ကို သူမတို့ မြင်တွေ့လိုက်ရသည်။ သူ၏ သွင်ပြင်နှင့် စပ်လျဉ်း၍မူကား အထူးအဆန်းလုပ်၍ အံ့ချီးဖွယ်ရာ တစ်ချက်လေးမျှ မရှိချေ။ သို့သော် သူ့လက်ထဲ ကိုင်ထားသည့် ဆိုင်းဘုတ်ကတော့ သူတို့နှစ်ယောက်ကို ရှော့ခ်ရသွားစေခဲ့သည်။

ဆိုင်းဘုတ်တွင် စာလုံးလေးလုံး ရေးသားထား၏။

“ မေ့ထွမ်တျန်ဖျင် “

“ ဟင်… ဘာလို့ အဲ့ဒီ အင်တာနက် နယ်ပယ်က ကိုယ်စားလှယ်တွေက ဒီရောက်နေရတာလဲ..”

ဆိုင်းဘုတ်ထောင်လိုက်သည့်လူကို မြင်တော့ စုချန်နှင့် ကျန်းရွှီတို့ ရှုပ်ထွေးသွားခဲ့ကြသည်။

ယေဘုဘျအားဖြင့် variety show များကို စပွန်ဆာပေးကြသည့်သူများက စားသောက်ကုန်နယ်ပယ်မှချည်း ဖြစ်၏။

အင်တာနက် ကုမ္ပဏီများ ဤနေရာသို့ ရောက်လာသည်ကို မြင်ရခဲလှပေသည်။ ယခုလို ဖြစ်စဉ်မျိုးက အင်မတန်ကို ကြုံတောင့်ကြုံခဲဖြစ်၏။

စင်ပေါ်တွင် ရှိနေသည့် ရန်စီ အတွက်လည်း ထို့အတူပင်။ ဤသည်က ထင်မှတ်မထားသည့် အရာဖြစ်ပြီး သူမ မျှော်မှန်းထားသည့် အတိုင်း မဟုတ်ချေ။

“ ၅.၅ သန်း…”

“ ၅.၈ သန်း…”

“ ၆ သန်း…”

“ ၈ သန်း…”

“ ၈.၈ သန်း…”

မကြာခင်မှာပဲ ရိုးရိုးကြော်ငြာအတွက် ပထမဆုံး နေရာတစ်ခုမှာ ၈.၈ သန်းနှင့် အရောင်းထွက်သွားခဲ့၏။ အနိုင်ရရှိသွားခဲ့သူကတော့ ပထမဆုံးအကြိမ် ဆိုင်းဘုတ်ထောင်ပြခဲ့သည့် မေ့ထွမ်ကိုယ်စားပြုမှလွဲပြီး အခြားသူမဟုတ်ချေ။

စင်ပေါ်ရှိ ရန်စီ၏ အမူအရာမှာ တည်ငြိမ်ရွှင်ပြနေသည်ဟု ထင်ရသော်လည်းပဲ ရင်ဘက်ထဲတွင် ကသောင်းကနင်း ဖြစ်လို့နေသည်။

မူလက သူမ ကြမ်းခင်းဈေးကို ယွမ် ၄ သန်း ထားရန် ကြံရွယ်ထားခဲ့သော်လည်းပဲ ပွဲမစခင် ဖြစ်ပွားသွားခဲ့သည့် အဓိကရုဏ်း အသေးစားလေးကြောင့် စိတ်မလုံမလဲဖြစ်ကာ ၃ သန်းသို့ တစ်ထစ် လျှော့လိုက်ရသည်။

စစချင်းတုန်းက တစ်ယောက်မျှ ဆိုင်းဘုတ် မထောင်မည်ကို သူမ စိုးရွံ့နေခဲ့လေသည်။ သို့သော်လည်းပဲ အဆုံးသတ်၌ မိုးတမျှ မြင့်သည့် ၈.၈သန်းဖြင့် ရောင်းထွက်သွားလိမ်မည်လို့ ထင်မှတ်မထားခဲ့ချေ။

ယင်းက သူမ မျှော်မှန်းထားသည်နှင့် တခြားစီ ဖြစ်နေသည်။

မသိလိုက်ပါဘဲနှင့် ရန်စီ လင်းရီထံသို့ အကြည့်ပို့လိုက်မိသည်။

သို့သော် လင်းရီကတော့ လက်နှစ်ဖက်ကို ပြန့်ကားပြလာခဲ့၏။ ဤသည်က သူနှင့် ဘာမှမဆိုင် ဟူ၍ပင်။

ဤတစ်ကြိမ်တွင်တော့ ရန်စီ နားမလည်နိုင်အောင် ဖြစ်သွားခဲ့တော့၏။ လင်းရီက ဒီလူတွေကိုတော့ မဆွဲဆောင်နိုင်လောက်ပါဘူးနော။

တချို့က ဝမ်းသာနေစဉ် တချို့တလေမှာတော့ ဝမ်းပန်းတနည်း ဖြစ်လို့နေသည်။

နောက်ဆုံး လေလံအောင်သွားသည့် ဈေးနှုန်းကို ကြားလိုက်ရတော့ စုချန် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူမ၏ အမူအရာသည်လည်း အကျည်းတန်သွားခဲ့တော့သည်။

သူမ၏ ရောင်းအား အမြင့်ဆုံး ရိုးရိုးကြော်ငြာသည်ပင် ၄.၁ သန်းမျှ ရှိခဲ့၏။ သို့ပေမယ့် ရန်စီကတော့ သူမထက် နှစ်ဆမျှ ရရှိခဲ့လေသည်။

တစ်နာရီခန့်ကြာပြီးနောက် ကျန်ရှိသည့် ရိုးရိုးကြော်ငြာအတွက် နေရာ ငါးခုလည်း အကုန်ရောင်းထွက်သွားခဲ့တော့၏။

ပျှမ်းမျှဈေးက ၉ သန်း ဖြစ်ပြီး လေလံဆွဲကြသူများကလည်း စက်ရုံအကြီးစားကြီးများမှ ဖြစ်၏။ စားသောက်ကုန် နယ်ပယ်ထဲမှ တစ်ယောက်မှ မပါဝင်ဘဲ အကုန်လုံးက အင်တာနက် နယ်ပယ်ကချည်းသာ ဖြစ်လို့နေသည်။

ရန်စီ အကြမ်းဖျင်း တစ်ချက် တွက်ချက်ကြည့်လိုက်သည်။ ရိုးရိုးကြော်ငြာ စပွန်ဆာ သပ်သပ်နှင့်တင် ယွမ် သန်း ၅၀ ခန့် ရရှိလိုက်၏။ သူမ ရန်ပုံငွေ ပြဿနာကို လင်းရီ၏ အကူအညီ မပါဘဲ ဖြေရှင်းလိုက်နိုင်သည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုသို့ဆိုလျှင်လည်း သိပ်ကိုကောင်း၏။

ရိုးရိုကြော်ငြာများ ပြီးဆုံးတော့ ရန်စီ စင်ပေါ်တွင် မတ်တပ်ရပ်ပြီး “ အခု ကြိုတင်စီစဉ်ထားတဲ့ ထုတ်ကုန်အတွက် စပွန်ဆာ လေလံတင်ပါ့မယ်… စုစုပေါင်း သုံးနေရာ ရရှိနိုင်ပါတယ်နော်…. ကြမ်းခင်းဈေးကတော့ သန်း ၂၀ ပါ..”

ကြိုတင် စီစဉ်ထားသည့် ထုတ်ကုန် ဆိုသည်မှာ အစီအစဉ်ထဲတွင် မသိမသာ ကြော်ငြာပေးလေ့ရှိသည့် ထုတ်ကုန်များဖြစ်သည်။ ယေဘုယျအားဖြင့် ထိုကဲ့သို့ ကြော်ငြာမျိုးကို စပွန်ဆာပေးမည့်သူက ပရိုဂရမ်၏ အကြောင်းအရာ၊ ဒီဇိုင်းနှင့် အံဝင်ခွင်ကျ ရှိဖို့တော့လိုသည်။

ယခင် လူသားနှင့် တောရိုင်း အစီအစဉ်တုန်းကကဲ့သို့ စပွန်ဆာ အများအပြားက လွယ်အိတ်နှင့် တောင်တက်သည့် ကိရိယာ ထုတ်လုပ်ရောင်းချသူများ ဖြစ်ကြသည်။ ဤနည်းအားဖြင့် ၎င်းတို့၏ ထုတ်ကုန် ပစ္စည်းများကို ထိထိရောက်ရောက်နှင့် ကြော်ငြာနိုင်မည်။

အကယ်၍ အလှကုန် စပွန်ဆာများသာ လူသားနှင့် တောရိုင်း အစီအစဉ်သို့ ရောက်လာမည်ဆိုပါက အနည်းငယ် ထူးဆန်းနေမည် ဖြစ်၏။

“ ၂၁ သန်း…”

“ ၂၁ သန်းခွဲ..”

“ ၂၂ သန်း….”

All Chapters