← Chapters

ငါတို့ သွားယှဉ်လို့ မရဘူး

Vol. 76 Ch. 1139

ငါတို့ သွားယှဉ်လို့ မရဘူး

Vol. 76 Ch. 1139

လူတိုင်းက လေလံဆွဲနေကြသည်ကို မြင်တော့ စုချန် ချက်ချင်း ဆိုသလို ထိုသူများ ရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။

လေလံဆွဲနေကြသူများ အားလုံးက နိုင်ငံခြား စားသောက်ကုန် ပစ္စည်းများကို ကိုယ်စားပြုနေကြောင်း သူမ မြင်တွေ့လိုက်ရလေသည်။

သူတို့ထဲက မည်သူမဆို ကြီးမားသည့် အင်အားစုကြီးများ ဖြစ်ကြ၏။

" ဘာလို့လဲ.. ဘာလို့ နိုင်ငံခြား ဘရန်းတွေကပါ အပျော်၀င်ပါနေရတာလဲ.. ဒါကြီးက လုံး၀ မဖြစ်နိုင်ဘူး... အဲ့ကောင်မက ဒီလောက်ထိ မစွမ်းဆောင်နိုင်ပါဘူး... "

ဤသည်က စုချန်နှင့် ကျန်းရွှီတို့ နားမလည်နိုင်ကြသည့် တစ်စုံတစ်ရာပင်ဖြစ်သည်။

အကယ်၍ ဤကဲ့သို့ ဒိတ်ဒိတ်ကျဲ ကုမ္ပဏီကြီးများ ပြည်တွင်းဈေးကွက်ထဲသို့ တိုးဝင်လိုသည် ဆိုပါက အောင်မြင်မှု ရှိထားပြီးသည့် variety show တစ်ချို့ကို သွားရောက် ရှာဖွေသင့်သည် မဟုတ်ပါလော။ ဘာမှန်းမသိသည့် ပရိုဂရမ် တစ်ခုတွင် ရင်းနှီးမြုပ်နှံပြီး စွန့်စားရန် မလိုအပ်ချေ။

နာရီဝက် ကြာသွားပြီးနောက် ကြိုတင်စီမံထားသည့် ထုတ်ကုန်ကြော်ငြာ နေရာ သုံးခု အတွက် နိုင်ငံခြား အစားအသောက် ကုမ္ပဏီနှစ်ခု နှင့် ပြည်တွင်း စားအုန်းဆီနှင့် စားသောက်စရာများ ကုမ္ပဏီမှ တစ်ခုတို့က ပျှမ်းမျှဈေး ၄၆ သန်းဖြင့် အသီးသီး ရရှိသွားခဲ့ကြသည်။

ရန်စီ အကြမ်းဖျင်း တစ်ချက် တွက်ချက်ကြည့်လိုက်၏။ ကြိုတင်စီမံထားသည့် ထုတ်ကုန် စပွန်ဆာ သပ်သပ်နှင့်တင် ယွမ် သန်း ၂၀၀ နီးပါးလောက် ရရှိသွားခဲ့လေသည်။

ပျော်ရွှင်ဖွယ် ကိစ္စရပ်ကြီးက ဆိုင်းမဆင့် ဗုံမဆင့်ကြီး ရောက်ချလာခဲ့ကာ သူမကို အနည်းငယ် မူးနောက်နောက် ဖြစ်သွားစေခဲ့တော့၏။ အစစ်အမှန်မဟုတ်ဘဲ အိပ်မက်တစ်ခုကဲ့သို့နှယ် ခံစားနေရပေတော့သည်။

ယခင် လေလံနှစ်ခု၌ သူမ လိမ်လည်လှည့်ဖျားပြီး ငွေညစ်မိနေသည်ဟုတောင် မလုံမလဲ စတင်ခံစားရလာလေသည်။

အကြံပြုထောက်ခံပေးသည့် အက်ပ် စပွန်ဆာ အတွက်ကတော့ ပင်ဂွင်းမှ ၅၂ သန်းဖြင့် လေလံအောင်မြင်သွားခဲ့၏။

အထူးသီးသန့် title စပွန်ဆာ နှင့် ကြိုတင်စီမံထားသည့် ကား စပွန်ဆာအတွက်ကိုတော့ ရန်ကျင်း မာစီးဒီးဘန့်မှ ၂၁၉ သန်းဖြင့် ရရှိသွားရင်း variety show စပွန်ဆာရှစ် လောက၌ စံချိန်သစ်ပါ တစ်ခါတည်း မှတ်တမ်းတင်သွားခဲ့သည်။

Chief ပါတနာနှင့် official ပါတနာ အတွက် နေရာသုံးခုအတွက်ကတော့ စုစုပေါင်း သန်း ၁၉၀ ဖြင့် ရောင်းချနိုင်လိုက်ပြီး ရန်စီကို အမြတ်ကြီး မြတ်သွားစေခဲ့တော့၏။

ဤသည်က ယခုနှစ် variety show တို့အတွက် စံချိန်သစ် မှတ်တမ်းကို ချက်ချင်း တင်လိုက်နိုင်သည်။

ရန်စီ အပါအဝင် စင်ကျူရီ မီဒီယာရှိ မည်သူတစ်ဦးတစ်ယောက်ကမျှ ယခုလို ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ကြချေ။

အင်္ဂါဂြိုဟ်ကြီး ကမ္ဘာကို ဝင်ရောက် ရိုက်ခတ်တော့မည် ဆိုသည့် သတင်းထက်ပင် ပို၍ ရှော့ခ်ရဖွယ် ကောင်းနေတော့၏။

ရန်စီသည်လည်း ရင်ထဲ ဘုရားပွဲလှည့်လည်နေသော်ငြား အပေါ်ယံတွင်တော့ ပရော်ဖက်ရှင်နယ်ဆန်စွာဖြင့် တည်ငြိမ် ရွှင်ပြနေသည့် မျက်နှာထားကို ထိန်းသိမ်းထား၏။

မည်သို့ပင် ဆိုစေကာမူ သူမက ယခုရှိုး၏ ပရိုဂျူဆာနှင့် အမှုဆောင် ဒါရိုက်တာ တစ်ယောက် ဖြစ်လေသည်။ သူမ၏ အမူအရာပင် မထိန်းသိမ်းနိုင် ပျော်ရွှင်နေပုံကို ပြသပြီး အခြားသူများကို အတွေ့အကြုံ မရှိသူ တစ်ယောက်ဟု တွေးထင်သွားစေ၍ မဖြစ်ချည်။

“ အခုဆိုရင် စပွန်ဆာရှစ် နေရာတွေအတွက် လေလံတင်မှု ပြီးဆုံးသွားပါပြီ… ပါဝင်ပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျမကနေပြီး လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါတယ်… အရသာ ရှိတဲ့ နေ့လည်စာ ဘူဖေးလည်း ပြင်ဆင်ပေးထားတာမို့ မပြန်ခင် သုံးဆောင်ပေးသွားကြပါဦးနော်…”

ရင်းနှီးမြုပ်နှံသူများ အစည်းအဝေး ပြီးဆုံးသွားပြီးနောက် တက်ရောက်လာသူများမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။

စုချန်နှင့် ကျန်းရွှီတို့ကတော့ အချိန်အတော်ကြာမှ သတိပြန်ဝင်လာခဲ့ကြလေသည်။

ကြည့်ရှုသူများ၏ rating ပင် မရရှိသေးသည့် variety show တစ်ခုက အမှန်ပင် စပွန်ဆာကြေး သန်း ၆၅၀ ကျော် ရရှိနေခဲ့သည်လော။

ဤသည်က သူမတို့အတွက် တစ်ကြိမ်တစ်ခါမျှပင် မကြားစဖူး ရှိသည့် အသစ်အဆန်း ဖြစ်နေတော့၏။

“ နင်ပြောတာမှန်တယ်.. တကယ်ကြီး အကျိုးသက်ရောက်မှု ရှိတယ်…” ရန်စီ ပျော်ရွှင်လွန်း၍ လင်းရီအနား ခုန်ပေါက်နေပြီး “ ငါ ထင်ထားတာထက် ပိုကောင်းနေမယ်လို့တောင် ထင်မထားဘူး…”

“ မင်း ကောင်းကောင်း ပြင်ဆင်ထားလို့လည်း ဖြစ်ရင် ဖြစ်မှာပေါ့… ရှိုးရဲ့ စတိုင်က အသစ်အဆန်းနဲ့ဆိုတော့ စပွန်ဆာပေးမယ့်သူတွေက နွံနစ်နေတဲ့ ပတ္တမြားကို ရှာတွေ့သွားတာ နေမယ်…”

အမှန်တော့ ယခုကဲ့သို့ ရလဒ်က လင်းရီထင်မှတ်ထားသည်ထက်လည်း ကျော်လွန်နေသည်။

သူ၏ အမြင်တွင်တော့ ယွမ် သန်း ၂၀၀ မျှ ရရှိလိုက်နိုင်သည်ကပင် ကံကောင်းနေပြီးဖြစ်၏။ ယခု စလာကတည်းကရင် ယွမ် သန်း ၆၀၀ ကျော် ရရှိလို့နေသည်။

“ ငါတော့ သာမန်ရိုးကျ မဖြစ်နိုင်ဘူးလို့ ထင်တယ်…” ရန်စီ လင်းရီကို စေ့စေ့စပ်စပ် အကဲခတ်လိုက်ရင်း “ နင် ငါ့ကို နောက်ကွယ်ကနေပြီး ကူညီပေးနေတာမလား…”

“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ… ငါ့လိုမျိုး တိုက်ရိုက်ဆန်တဲ့ လူတစ်ယောက်က ကူညီချင်တယ်ဆိုရင် ပိုက်ဆံ ရော့အင့် ထုတ်ပေးလိုက်မှာပေါ့… ဒီလိုမျိုး လုပ်နေစရာလား…”

ရန်စီ အောက်နှုတ်ခမ်းကို ဖွဖွကိုက်မိလိုက်၏။ လင်းရီ ပြောသည်က အဓိပ္ပာယ် ရှိသည်ဟု ခံစားနေရလေသည်။ ဤအကောင်က ဝေ့လည်ကြောင်ပတ် လုပ်နေတတ်သည့် လူစားမျိုး မဟုတ်ချေ။

“ မင်္ဂလာပါ ဥက္ကဌလင်း…”

နှစ်ယောက်သား စကားပြောနေသည့် အချိန်မှာပဲ တစ်စုံတစ်ယောက်မှ ရောက်လာပြီး နှုတ်ဆက်၏။

လင်းရီ ပြောလာသည့်သူအပေါ် အမြင်တစ်ချို့ရှိသည်။ သူက မေ့ထွမ် ကိုယ်စားပြု ဖြစ်လေသည်။

“ ကျုပ်က မေ့ထွမ်ရဲ့ အထွေထွေ မန်နေဂျာ လီဟောင်ရန်ပါ…”

“ မင်္ဂလာပါ…” လင်းရီသည်လည်း သူ၏ လက်ကို ဆန့်တန်းလိုက်သည်။

“ ကျုပ်တို့ကို ဒီတစ်ကြိမ် လေလံဆွဲခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဥက္ကဌလင်း.. ကျုပ်တို့ အနာဂတ်ကျရင်လည်း အလုပ် အတူ တွဲလုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်… ရှိုးလည်း အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…”

“ ကောင်းပါပြီ… ကျေးဇူးပါပဲ… သေချာပေါက် ရှိလာမှာပါ…” လင်းရီ ပြုံးလျက် ပြန်ပြောလိုက်သည်။

လင်းရီကို နှုတ်ဆက်စကားဆိုပြီးသည့်နောက် လီဟော်ရန် ယဉ်ယဉ်ကျေးကျေး ထွက်ခွာသွားခဲ့သည်။

၎င်းထွက်သွားပြီးသည်နှင့်တစ်ပြိုင်နက် များပြားလှသည့် လူများ တစ်ယောက်ပြီး တစ်ယောက် လင်းရီကို ရောက်လာနှုတ်ဆက်ကြတော့သည်။ အကုန်လုံး နီးပါးက ယခုလေးတင် လေလံပေးခဲ့ကြသူများ ဖြစ်ကြ၏။

ထို့ပြင် သူတို့ အကုန်လုံးက ပင်ဂွင်း၊ အာလီဘာဘာ၊ ဘွိုင်ဒန့်၊ ရန်ကျင်း မာစီးတီးဘန့် အစရှိသည့် အကောင်ထွားထွားကြီးများ ဖြစ်ကြပြီး သူတို့အားလုံး လင်းရီကို လာရောက် တွေ့ဆုံ နှုတ်ဆက်ကြသည်။

သူတို့အကုန်လုံး၏ စကာလုံးများက လီဟောင်ရန်နှင့် တစ်ထပ်တည်းနီးပါးပင်။ အကုန်လုံးက လင်းရီ လေလံဆွဲခွင့်ပေးသည့်အတွက် ကျေးဇူးတင်နေခဲ့ကြ၏။

ထိုလူများ လင်းရီကို ရိုသေတမှုနှင့် လာရောက် စကားပြောနေသည်ကို မြင်တော့ ရန်စီ ချက်ချင်းပဲ ဘာဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့လေသည်။

ရင်းနှီးမြုပ်နှံသူများ အစည်းအဝေး၏ ရေပန်းစားမှုက သူမနှင့် ဆက်စပ်သက်ဆိုင်ခြင်း မရှိချေ။

အရာအားလုံးက လင်းရီ၏ ဩဇာလွှမ်းမိုးမှုကြောင့်သာ ဖြစ်လေသည်။

သူက ကူညီပေးဖို့ ပြောဆိုမလာခဲ့သော်လည်း အနှီ ဒိတ်ဒိတ်ကျဲကြီးများက သတင်းပလင်း ကြားပြီးနောက် လာရောက် ထောက်ပံ့ပေးရန် အပြေးရောက်လာခဲ့ကြသည်။

ဤသည်က ဘာကြောင့်လဲဆိုတော့ ရှိုးကို ထောက်ပံ့ပေးသည်က သူတို့၏ လင်းရီအပေါ် လေးစားရိုသေမှုကို ပြသရာ ရောက်နေသောကြောင့် ဖြစ်သည်။

သူတို့အကုန်လုံးက လောကဓမ္မတာကို နှောကြေနေကြပြီးသူများ ဖြစ်ကြပေသည်။

သို့သော် လင်းရီကတော့ ထိုသို့ ရှုမမြင်။ ဤသည်က ဝမ်မိသားစု၏ အဆင့်အတန်း လျှောကျသွားပြီး လျန်မိသားစု၏ အဆင့်အတန်း မြင့်တက်လာမှုကို ကိုယ်စားပြုနေကြောင်း သူသိသည်။

လင်းယွင်အုပ်စုက အရှိန်အဟုန် ရရှိနေသော်လည်းပဲ ပင်ဂွင်းနှင့် အာလီဘာဘာကဲ့သို့သော အကောင်ထွားထွားကြီးများနှင့် နှိုင်းယှဉ်မည်ဆိုပါက အတော်လေး ဝေးကွာနေသေး၏။

သို့သော်ငြားလည်း ယခု အသေးအမွှား ကိစ္စလေး တစ်ခုမျှနှင့်တင် သူတို့ အကုန်လုံးက အပြေးအလွှားရောက်လာကြပြီး စပွန်ဆာပေးဖို့ကို လုယက်နေကြလေသည်။ သူတို့အားလုံး အထက်ပိုင်းမှ ပြောင်းလဲမှုများကို အာရုံခံမိပြီး သူနှင့် လျန်မိသားစုကြားရှိ ပတ်သက်ဆက်နွယ်မှုကို စတင် သတိပြုမိလာသောကြောင့် ဖြစ်၏။

၎င်းကြောင့်ပဲ လင်းရီ ပါးစပ်ဟရန်ပင် မလိုပဲ ဤဒိတ်ဒိတ်ကျဲကြီးများ၏ ပိုက်ဆံအိတ်ကို လိုလိုလားလားနှင့် ဖွင့်ဟစေနိုင်လိုက်သည်။

“ မြင်လား… ငါဘာပြောခဲ့လဲ…” ရန်စီ ပြောလိုက်ပြီး “ ငါသိနေတယ်လေ… ငါ့ကြောင့်တော့ မဖြစ်နိုင်ပါဘူးလို့…. ဒီလိုမျိုးတွေ ဖြစ်လာတယ်ဆိုတာ အကုန်နင့်ကြောင့်ပဲ…”

“ ငါလည်း ဒီလိုမျိုး ဖြစ်လာမယ်လို့ ထင်မထားဘူး… ဒီလူတွေရဲ့ အနံ့ခံအာရုံက သိပ်ကို စူးရှလွန်းတယ်…”

“ ဘာပဲဖြစ်ဖြစ်ပါ… ဒီနေ့ ဒီလိုမျိုးတွေ ဖြစ်လာတာ နင့်ကြောင့်ဆိုတာတော့ နင်ငြင်းလို့ မရဘူး…” ရန်စီ ပြောလိုက်ပြီး “ နင်စားချင်တာ မှာလိုက်.. ဒီနေ့ ငါကျွေးမယ်… အားမနာရဘူးနော်…”

“ ကောင်းပြီလေ… ဒါဆိုလည်း အပြင်ထွက်စားကြတာပေါ့…”

“ ဘာလို့ အပြင်ထွက်နေဦးမှာလဲ… ဟိုတယ်မှာပဲ စားကြမယ်လေ…”

“ ဟိုတယ်မှာဆို ဆူညံပြီး ကောင်းမွန်တဲ့ လေထုလည်း ရှိမှ မရှိတာ…”

ရန်စီ မျက်တောင် ပုတ်ခတ်ပုတ်ခတ်ပြု၍ လင်းရီကို အစုန်အဆန် ကြည့်လိုက်ပြီး “ နင် ဘာလို့ ဘုရင်ခန်း တစ်ခန်းလောက် မငှားလိုက်လဲ… ပြီးရင် အေးအေးဆေးဆေးနဲ့ စားချင်တာ မှာပြီး စားလို့ရပြီလေ…”

“ အကြံကောင်းပဲ.. သီးသန့်ဆန်ရုံတင် မကဘူး.. ညစာ ကိစ္စကိုလည်း ဖြေရှင်းပြီးသား ဖြစ်တယ်…

ဝိုး… ကြည့်ရတာ မင်းဘက်က သိပ်ကို ရိုးသား စစ်မှန်နေပုံပဲ.. မဆိုးဘူး.. မဆိုးဘူး….”

“ ကျစ်… သိက္ခာမဲ့လိုက်တာ..” ရန်စီ လှပသည့် မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

“ ခဏစောင့်နေဦး.. အစည်းအဝေးက ခုလေးတင်ပြီးတာ လက်စသတ်ရမယ့် ကိစ္စလေး တစ်ချို့ ရှိသေးတယ်… ဒီတော့ ငါပြီးမှပဲ နင့်ကို လာရှာတော့မယ်…”

“ ကောင်းပြီလေ… မင်းလုပ်စရာရှိတာ သွားလုပ်..”

ပြောဆိုပြီးနောက် နှစ်ယောက်မှာ လူခွဲလိုက်ကြသည်။

လင်းရီ သူ့အတွက် တစ်နှစ်ပတ်လုံး သီးသန့်ထားထားပေးသည့် ဘုရင်ခန်းထဲသို့ သွားလိုက်ပြီး ရန်စီကတော့ အခြားကိစ္စများ ပြုလုပ်ရန် ထွက်ခွာသွားခဲ့သည်။

စင်အရှေ့တွင် မတ်တပ်ရပ်နေလျက် ရှိသည့် ရှောင်လီတုံးနှင့် ယွီဖုန်းတို့သည်လည်း ဘာဖြစ်နေလဲဆိုတာကို သဘောပေါက်သွားခဲ့ကြလေသည်။ သူတို့ ရင်ဘက်ထဲ၌ မရေမတွက်နိုင်အောင် သက်ပြင်း အထပ်ထပ် ချနေမိကြတော့သည်။

“ မင်းမြင်လား… ဒါက အရင်းရှင်တွေရဲ့ စွမ်းအားပဲ… သူ့ဘက်က လက်လေးတစ်ဖက်တောင် မြှောက်စရာ မလိုဘူး… လှုပ်ရှားမှုလေး နည်းနည်း ရှိလိုက်တာနဲ့ အကုန်လုံးက ဒီကို ပြေးလာကြတယ်..”

“ ဒါတော့ ဟုတ်တယ်… သူက ပိရမစ်ရဲ့ ထိပ်ဆုံးမှာ ရပ်နေတယ်… ငယ်လည်း ငယ်သေးတော့ အနာဂတ်ကျရင် ဒီထက်ပိုပြီး တိုးတက်မယ့် အလားအလာတွေလည်း ရှိတယ်…. ငါ မနာလို ဖြစ်လို့ မရဘူး..”

“ ဒါကြောင့်မို့ ပြောကြတာ မင်းတစ်ယောက် ဆင်းရဲကျပ်တည်းနေရင် ဘယ်သူမှ လာပြီး မမေးကြဘူး… ဒါပေမယ့် ချမ်းသာပြီးတော့ ဟိုးအဝေးကြီးမှာ ကိုယ့်ဘာကို နေရင်တောင် အဝေးကဆွေမျိုးတွေက လာလို့ကို ဆုံးနိုင်မှာ မဟုတ်ဘူး… ဒါတွေ အကုန်လုံးက အာဏာ၊ အင်အားနဲ့ပဲ ဆိုင်တယ်… ငါတို့ သွားယှဉ်လို့မရဘူး…”

All Chapters