ငါနင့်ကို ကိုယ်ရေးကိုယ်တာ မေးခွန်း တစ်ခု မေးချင်တယ်
Vol. 76 Ch. 1140
ညနေလေးနာရီတွင် လင်းရီနှင့် ရန်စီတို့ ဟိုတယ်ထဲမှ အတူထွက်လာခဲ့ကြ၏။
နှစ်ယောက်လုံးက တက်ကြွလန်းဆန်းနေပြီး မည်သူက မည်သူ့ပေါ်တွင် ရှိခဲ့လဲဆိုတာတော့ သာမန်ကြည့်ရုံမျှဖြင့် မသိနိုင်ချေ။
ကလင် ကလင် ကလင်…
ကျီချင်းရန်ကို အလုပ်မှ သွားကြိုမည့် လမ်းတွင် လင်းရီ ချိုးယွီလော့ထံမှ ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံရရှိလိုက်၏။
“ မစ်ရှင် ရှိလို့လား…”
“ မစ်ရှင် မဟုတ်ဘူး.. အတွင်းရေး ကိစ္စ…”ချိုးယွီလော့ ပြောလိုက်ပြီး “ နင်လည်း ဝမ်မြန် ကျုံးဝေ့တပ်ဖွဲ့ကနေ ထွက်သွားခဲ့တဲ့ ကိစ္စကို သိထားပြီးပြီ ဟုတ်တယ်ဟုတ်…”
“ သိတယ်လေ… နင်ချဲ့ ငါ့ကို အစောတုန်းကတည်းက ဖုန်းဆက်ပြောထားပြီးပြီ…”
“ အဲ့ကိစ္စ အခု သေချာသွားပြီ… ဝမ်မြန် နှုတ်ထွက်သွားတော့ ဘော့စ်လျိုက နင့်ကို အသင်းခေါင်းဆောင်အဖြစ် အဆိုပြုတယ်.. တခြား ခေါင်းဆောင်တွေကလည်း လက်ခံလိုက်တယ်… ဒါကြောင့်မို့ ရာထူး လွှဲပြောင်းတဲ့ ကိစ္စအတွက် နင် ရန်ကျင်းကို လာဖို့လိုလိမ့်မယ်… နင် ဘယ်အချိန်လောက် အားလဲ…”
“ ငါတို့ ဒီကိစ္စ ဒီတိုင်းလေးပဲ လုပ်လိုက်လို့ မရဘူးလား… ကိုယ်တိုင် ကိုယ်ကျ လာခဲ့ဖို့ လိုသေးတာလားဟ…”
“ ဒါက စုံညီတွေ့ဆုံမယ့် ကိစ္စလေ.. စည်းမျဉ်းစည်းကမ်းတွေအရ ဆိုရင် နင်ပါ ရှိနေမှ ဖြစ်မှာ… ပြီးတော့ ဘော့စ်လျိုကြည့်ရတာ နင့်ကို တစ်ခုခု ပြောစရာ ရှိနေတဲ့ပုံပဲ… ဒီတော့ နင် လာမှကို ရမှာ…”
“ ကောင်းပြီလေ… ငါလည်း အဲ့လောက်ကြီး အလုပ်များမနေပါဘူး… အားတာမှ ကမ္ဘာပေါ်က အချိန်တွေ အကုန်လုံးကိုတောင် ပိုင်ဆိုင်ထားသေး…”
“ ငါတို့ သန်ဘက်ခါ လုပ်လိုက်ရင်ကော.. နင် မနက်ဖြန် ရန်ကျင်း အရောက် လာနိုင်လား…”
“ ရတယ်… မနက်ဖြန်မနက် လေယာဉ်တက်ရင် မင်းတို့ဆီ ဖုန်းပြန်ဆက်လိုက်မယ်…”
“ အိုကေ…”
ထိုညနေခင်းပိုင်းတွင် လင်းရီ ကျီချင်းရန်ကို အလုပ်မှ သွားကြိုလိုက်၏။ နှစ်ယောက်သား စူပါမားကတ်သို့ သွားပြီး နေ့စဉ်သုံး ပစ္စည်းများ ၊ လိုအပ်သည်များကို ဝယ်ခြမ်းလိုက်ကြသည်။ ထို့နောက် အိမ်ပြန်ပြီး နှစ်ယောက်အတူ ထမင်းအိုးတစ်လုံးတည်း ချက်စားကြလေသည်။ သူတို့၏ ဘဝကြီးမှာ ကန်ရေပြင်ကဲ့သို့ တည်ငြိမ် အေးချမ်းနေလျက်ရှိ၏။
နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီ လင်းယွင်အုပ်စုသို့ သွားပြီး ကုမ္ပဏီ၏ လတ်တလော အခြေအနေများကို မေးမြန်းစုံစမ်းလိုက်သည်။ တစ်ချိန်တည်းတွင် အကျိုးခံစားခွင့် ခရီးစဉ်အကြောင်းကိုလည်း တီးခေါက်ကြည့်လိုက်လေသည်။
နောက်ငါးရက် ဆိုလျှင် ဂျပန်သို့ သွားမည့် ခရီးစဉ်က ကျရောက်လို့ လာပေတော့မည်။
အခြား အသေးစိတ် ကိစ္စရပ်များကိုတော့ လင်းရီ ဂရုစိုက်နေရန် မလိုပေ။
မနေ့ကတည်းက သူ ရန်ကျင်းသို့ ခရီးထွက်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးထားပြီး ဖြစ်သဖြင့် လင်းရီ မထွက်ခွာမီ ကျီချင်းရန်ကို ဝီချက်မှတစ်ဆင့် ရိုးရှင်းစွာဖြင့်သာ စာတို ပေးပို့လိုက်တော့သည်။ သူ ယခု လေယာဉ်ပေါ် တက်နေပြီ ဟူ၍ပင်။
ညနေ ခြောက်နာရီတွင် လေယာဉ်မှာ ရန်ကျင်း လေဆိပ်သို့ ဆင်းသက်လာခဲ့၏။
ထိုအကြောင်းကို သိရှိပြီးဖြစ်သည့် ချိုးယွီလော့နှင့် နင်ချဲ့တို့ကလည်း လင်းရီကို လာရောက်ကြိုဆိုကြသည်။
ချိုးယွီလော့က ဂါဝန်ရှည်နှင့် သိုင်းကြိုး ညှပ်ဖိနပ်ကို စီးနင်းထားပြီး အသက် ၃၀ အရွယ် နီးပါးရှိသော်လည်း တက္ကသိုလ်ကျောင်းသူလေး တစ်ယောက်နှယ် ရိုးရှင်းပြီး အပြစ်ကင်းစင်ပုံရ၏။
အခြားတစ်ဖက်တွင်တော့ နင်ချဲ့ကပိုပြီး ဆက်ဆီကျနစွာ ဝတ်စားဆင်ယင်ထားခဲ့သည်။
သူမက လက်ပြတ်ခါးတိုအင်္ကျီနှင့် ဂျင်းစကတ်တိုကို ၀တ်ဆင်ထားပြီး AJ အပြာရောင် တစ်စုံကို စီးနင်းထားသည်။ လမ်းမပေါ် လမ်းလျှောက်ထွက်လာစဉ်တွင်တော့ ချိုးယွီလော့ထက်ပင် ပို၍ အမြင်ဖမ်းစားနေနိုင်တော့၏။
" မင်းတို့ နှစ်ယောက်က ငါ့ကို လာကြိုတယ်ဆိုတော့ မာန်လေးတောင် တက်ချင်သွားတယ်... "
" ငါတို့ ကျိုးဟိုင်မှာတုန်းက နင့်ဘက်က ဧည့်၀တ်ကျေခဲ့တယ်မလား... ခု ငါတို့ ကျေပွန်ရမယ့် အလှည့်ပဲလေ... "နင်ချဲ့ ပြောလိုက်ပြီး " ဒါပေမယ့် ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ ငါ့ကိုပဲ ကွက်ပြီး ကျေးဇူးတင်လို့ရတယ်... ဘာလို့ဆို ငါတစ်ယောက်တည်းကပဲ နင့်ကို အမှန်လာကြိုတာကြောင့်ပဲ... "
" ဟမ်... သူကျတော့ ဘာဖြစ်နေလို့လဲ... သူက တခြားတစ်ယောက်ကို လာကြိုတာလား... " လင်းရီ ချိုးယွီလော့ကြိ တစ်ချက်ကြည့်လိုက်ပြီး " သူ့ရဲ့ ဒီနေ့ ၀တ်စားလာတာ သိပ်ကို အပြစ်ကင်းစင်ပြီး ဖြူစင်ရိုးသားတဲ့ မိန်းမငယ်လေး တစ်ယောက် အတိုင်းပဲဆိုတော့ ရည်စားဟောင်းကို လာကြိုတာများ ဖြစ်နေမလား.... "
" ဘာကို ဖြူစင်ပြီး ရိုးသားတယ်လဲ... ငါက အမြဲတမ်း ဒီအတိုင်း ၀တ်နေကျပါ... ဟုတ်ပြီလား.... " ချိုးယွီလော့ ထူးမခြားနားသည့် အမူအရာဖြင့် ပြောဆိုလိုက်ပြီး " ငါက အမြဲတမ်း ကလက်တက်တက်နဲ့ ယောက်ျားတကာကို လိုက်မြှူဆွယ်နေတဲ့ မိန်းမမှ မဟုတ်တာ....."
" ငါက ပေါ်တင် မြှူဆွယ်တာ... နင်ကကျ တိတ်တိတ်လေး မြှူဆွယ်နေတာ... အရှင်းဆုံး ပြောရရင် သဘောသဘာ၀ချင်းက အတူတူပဲ... "
နက်ချဲ့ တည်ငြိမ်စွာ ပြောလိုက်ပြီး
" ပြီးတော့ နင်နဲ့ နင့်ကောင်လေးက သုံးရက်တိုင်းမှာ အသေးအမွှား ရန်ဖြစ်ကြတယ်... ငါးရက်တိုင်းမှာ အကြီးအကျယ် စကားများတယ်... ငါ့မျက်စိ နှစ်ဖက် ပိတ်ထားရင်တောင်မှ နင်တို့နှစ်ယောက် မမြဲဘူးဆိုတာ ပြောနိုင်သေးတယ်... ဘာကိစ္စဆွဲထားနေမှာလဲ... နင့်ရဲ့ အစ်မကြီးလိုမျိုး လွတ်လွတ်လပ်လပ် နေပစ်လိုက်တာ ပိုမကောင်းဘူးလား... နင် ဒီအစ်မကြီးကို အားကျစိတ်လေးများ မဖြစ်မိဘူးလား.... "
" ရပြီ ရပြီ... နှစ်ယောက်လုံး တော်လိုက်ကြတော့... "လင်းရီ ပြောလိုက်ပြီး " မြန်မြန် စားလို့ ကောင်းမယ့် နေရာကို ခေါ်သွားပေးတော့.. ငါ ဗိုက်ဆာလှပြီ... "
"သွားစို့... ဒီနေ့ နင့်ကို ရန်ကျင်းရဲ့ နာမည်ကြီး ဘဲကင် လိုက်ကျွေးမယ်... နေရာ ဘွတ်ကင် ပေးပြီးသား.... "
" ရတယ်... ဘဲကင်ပဲ ဖြစ်ဖြစ် ဖားကင်ပဲဖြစ်ဖြစ် ဂျေးမများတတ်ဘူး... စားလို့ကောင်းသရွေ့ အဆင်ပြေတယ်... "
နင်ချဲ့၏ကားက Maybach ဖြစ်၏။ လင်းရီကို ကြိုရန်အတွက် သူမ အဖေထံမှ လုယက်လာခဲ့ခြင်းဖြစ်သည်။
လမ်းတွင် ချိုးယွီလော့ အဘယ်ကြောင့် သူ့ကို လာကြိုရသလဲ ဆိုသည့် အကြောင်းပြချက်ကို လင်းရီ သိရှိသွားခဲ့လေသည်။
သူမက သူ့ကောင်လေးနှင့် ရန်ဖြစ် စကားများထားသောကြောင့် ချိုးယွီလော့နှင့်အတူ စိတ်ပြေလက်ပျောက် လိုက်လာခဲ့ဖြင်းဖြစ်သည်။
နင်ချဲ့ကားကို 'ချွမ်းကျွီ့တယ်' (နာမည်ကြီး စားသောက်ဆိုင် တစ်ခု) သို့ မောင်းလာခဲ့လိုက်သည်။ သူတို့ ရောက်တော့ ထောက်ချိန်မှာ ကြိုတင်ရောက်နှင့်နေပြီး စားသောက်စရာများကို ကြိုတင် မှာယူပေးထားပြီး ဖြစ်သည်။
စောင့်ဆိုင်းနေရန် မလိုတော့ချေ။ ဆာဆာနှင့် အ၀လွေးရန်သာ ကျန်တော့၏။
" အသင်းခေါင်းဆောင် ရာထူးကို ကျုပ် ငြင်းလို့ရလား... "
လင်းရီ ဘဲသားကင်ကို ပန်ကိတ်တွင် ထည့်လိပ်လိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်၏။ သူ၏ အမူအရာမှာ ထိုရာထူးကို လုံး၀ စိတ်မ၀င်စားသည့် အသွက်နှင့်ပင်။
" လူတိုင်းက အသင်းခေါင်းဆောင် ဖြစ်ချင်လွန်းလို့ တိုက်ခိုက်နေကြတာကို မင်းက ဘာလို့ ဒီလောက် ခါးခါးသီးသီး ငြင်းချင်နေရတာလဲ...."
" ကျုပ် ပျင်းတယ်လေ... ရာထူးတစ်နေရာကို ယူလိုက်ရင် အဲ့ရာထူးနဲ့ သက်ဆိုင်တဲ့ ၀န်ကို ထမ်းရမှာ... ကျုပ် စိတ်မ၀င်စားဘူး... "လင်းရီ ပြောလိုက်ပြီး " တခြားတစ်ယောက်ကို ပြန်လွှဲပေးလို့ရော မရဘူးလား.... "
ချိုးယွီလော့ မျက်လုံးလှန်ကြည့်လိုက်သည်။ " နင် ငြင်းဖို့ စဉ်းတောင် မစဉ်းစားလိုက်နဲ့... ဘော့စ်လျိုက နင့်ကို အကြံပြု ထောက်ခံထားပေးတာ... တကယ်လို့ နင်သာ ငြင်းမယ်ဆိုရင် ဟိုက နင့်ကို အမှုန့်ကြိတ်မိလိမ့်မယ်.... "
" မင်း သဘောမပေါက်သေးဘူးလား... မင်းက အခု ကျုံးဝေ့တပ်ဖွဲ့ထဲမှာ အလျင်အမြန်ဆုံးနဲ့ အသင်းခေါင်းဆောင် ရာထူး တိုးလာတဲ့သူလေ.... မင်းသာ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မယ်ဆိုရင် မင်းရဲ့ ခန့်ညားလှတဲ့ ရုပ်ပုံက ကျုံးဝေ့တပ်ဖွဲ့ရဲ့ နံရံပေါ်မှာ ချိတ်နိုင်တော့မှာ... " ထောက်ချိန်ပြောလိုက်သည်။
" အမယ်လေး... မလုပ်ပါနဲ့... ကျုပ် အသက်က ခုမှ နှစ်ဆယ်ကျော်လေးရှိသေးတာ... သူရဲကောင်းတော့ မဖြစ်ချင်သေးပါဘူး....."
ကလင် ကလင် ကလင်....
ထိုအခိုက်အတန့်တွင်ပဲ ချိုးယွီလော့၏ ဖုန်းသံ မြည်လာသည်။ သူမ ကောင်လေးထံမှ ဆက်သွယ်လာခဲ့ခြင်းဖြစ်သည်။
ဖုန်းခေါ်လာသည့် သူကို မြင်တော့ ချိုးယွီလော့ မျက်နှာထား တင်းသွားပြီး မကိုင်ဘဲနှင့် ချက်ချင်း ဖုန်းချပစ်လိုက်၏။
သို့သော် မကြာမီတွင်ပဲ ဒုတိယအကြိမ် ဖုန်းထပ်၀င်လာပြန်သည်။
ဤတစ်ကြိမ်တွင်တော့ ချိုးယွီလော့မှာ ပိုပြီး မဆင်မခြင် ရှိလာခဲ့သည်။ သူမ ဖုန်းကို ပါဝါပိတ်ပစ်လိုက်ပြီး သူ့ကို အခွင့်အရေး တစ်ချက်မျှပင် မပေးချေ။
" စကားများ ရန်ဖြစ်တယ်ဆိုတာ တစ်ကဏ္ဍ... ဒါပေမယ့် နင် ခေါ်လာတဲ့ ဖုန်းကိုတော့ ကိုင်သင့်တယ်.... " နင်ချဲ့ ပြောလိုက်သည်။
" ငါ သူနဲ့ စကားမပြောချင်သေးဘူး... အရင်စားကြတာပေါ့... " ချိုးယွီလော့ စားရင်းဖြင့် ပြောလိုက်သည်။
" ပင်ပန်းလိုက်တာ... ငါ ရည်းစားတွေ မထားချင်တာ ဒါတွေကြောင့်လည်း ပါတယ်... "
ပြောပြီးနောက် နင်ချဲ့ လင်းရီကို ကြည့်လိုက်ပြီး
" နင်ဆို လေးယောက်ကြီးများတောင် .. သူတို့ကို ကိုင်တွယ်ရတာ မပင်ပန်းဘူးလား.... "
" မပင်ပန်းပါဘူး.... ငါ့ရဲ့ ယောက်ျားမာန်က သိပ်ကို ပြင်းထန်တော့ ဘာပြဿနာမှ မရှိဘူး... "
" အာ.... ယောက်ျားမာန်... ဟုတ်လား.... "
နင်ချဲ့နှင့် ကျန်သူများက လင်းရီ ဘာပြောချင်နေလဲဆိုတာကို သဘောမပေါက်နိုင် ဖြစ်နေကြသည်။
" ငါပြောချင်တာ အလွယ်လေးလို့... ဘာပြဿနာမှ မရှိဘူး .. ဟုတ်ပြီလား.... "
ထောက်ချိန်ကတော့ ခေါင်းငုံ့ရင်း တိတ်တဆိတ် စားသောက်နေလျက်ရှိပြီး မနာလိုသည့် မျက်ရည်များက မျက်လုံးထောင့်စွန်းတို့မှ စီးကျလာနေသည်။
" လင်းရီ... ငါနင့်ကို ကိုယ်ရေးကိုယ်တာ မေးခွန်းတစ်ခု မေးချင်တာလေး ရှိတယ်.... " နင်ချဲ့ ဆန်းကြယ်စွာဖြင့် ပြောဆိုလာခဲ့သည်။
လင်းရီ နင်ချဲ့ကို တစ်ချက်ကြည့်လိုက်ပြီး " မင်းရဲ့ သားဖွားမီးယပ်နဲ့ ဆိုင်တဲ့ ပြဿနာ ထလာပြန်လို့လား.... ဒါမှမဟုတ် ယားယံလာလို့လား.... "
" ငါက သန့်ရှင်းတယ်... ပြီးတော့ ကောင်လေးလည်း မရှိပဲနဲ့ကို ဘယ်လိုလုပ်ပြီး သားဖွားမီးယပ် ပြဿနာတွေ ရှိနိုင်မှာလဲ.... "
လင်းရီနှင့် ထောက်ချိန်တို့၏ မျက်လုံးအစုံက ချိုးယွီလော့ထံ ကျရောက်သွားခဲ့သည်။
လင်းရီ သူ၏ ဘဲကင်ကိုင်ထားသည့် လက်ကို ပြန်ချလိုက်ပြီး သေချာသုတ်၍ " ဒါဆိုသူပေါ့... မပူနဲ့... ဒီအခန်းထဲ အပြင်လူရှိတာ မဟုတ်ဘူး.... ချွတ်လိုက် ငါတစ်ချက်ကြည့်ပေးမယ်... ဒီလို ပြဿနာတွေဆိုတာ အချိန်မနှောင်းခင် ကုသပေးမှ ဖြစ်မှာ.... မဟုတ်ရင် ပိုပိုပြီး ဆိုးရွားလာတတ်တယ်... "
ချိုးယွီလော့ ရှက်ရွံ့တထက် ရှက်ရွံ့လာပြီး " လစ်စမ်း... ငါ မဖျားဘူး.... "
" ဘာရှက်စရာစရာရှိလို့... ဒါ ကျန်းမာရေး ကိစ္စလေ... ငါ့လို ပရော်ဖက်ရှင်နယ် ဆရာ၀န် တစ်ယောက်ရဲ့ရှေ့မှာ ဒါတွေက ကိုယ် အင်္ဂါ အစိတ်အပိုင်း သပ်သပ်လေးပါပဲ... "လင်းရီ ပြောလိုက်ပြီး " ပြီးတော့ မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်ကိုလည်း ငါစိတ်မ၀င်စားပါဘူး... မပူပါနဲ့... ချွတ်သာချွတ်လိုက်..... "
" လဲသေလိုက် လဲသေလိုက် လဲသေလိုက်.... ငါနင့်ကို ဒီခက်ရင်းခွနဲ့ သတ်ပစ်လိုက်မယ်ဆိုတာ ယုံလား.... "
မိုးမွှန်အောင် ကျိန်ဆဲပြီးနောက် ချိုးယွီလော့ နင်ချဲ့၏ ခါးကို ဆွဲဆိတ်လိုက်သည်။
" ငါက နေ့တိုင်း ရေချိုးတယ်... နှစ်တိုင်းလည်း ကျန်းမာရေး စစ်ဆေးချက်တွေ ပြုလုပ်ပြီးသား... ဘယ်လိုလုပ်ပြီး ရောဂါရှိနိုင်မှာလဲ.... "
" အာ့ အာ့... ငါ နင့်ကို ရောဂါရှိတယ်လို့ ပြောလို့လား.... နင့်ဘာနင်ပဲ ပြောတာလေ... နင်မမှတ်မိတော့ဘူးလား.... "
ချိုးယွီလော့ကို စနောက်ပြီးနောက် နင်ချဲ့ သူမ၏ အမူအရာကို တည်တံ့လိုက်ပြီး လင်းရီကို ကြည့်လျက် " အမှန်အတိုင်းပြောပြ... ၀မ်မြန် နှုတ်ထွက်သွားတဲ့ ကိစ္စက နင်နဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေတယ်မလား.... "
စာစဉ် (၇၆)ပြီး၏။
နှစ်ရက်နားဖြစ်ပါမယ်ဗျ။ တစ်ရက်ကတော့ ကိုယ့်အတွက်ကိုယ် အချိန်ပေးမလို့ပါ။ ကျန်တစ်ရက်ကတော့ ကိစ္စတစ်ခု ရှိလို့ပါ။