ကျိရှမ်းကမ်းပါးသို့ ဦးတည်သောဓား
Vol. 010 Ch. 940
ရှန့်ထိုကျဲ၏ စကားက မြေရိုင်းပြည်နယ်အား အလွန် အန္တရာယ်ရှိသော အခြေအနေသို့ တွန်းပို့ခဲ့၏။ ထို့ကြောင့်ပင် တော်ဝင်ကျဲ နန်းတော်မှာ တော်ဝင်မြေ သုံးခုအား ရင်ဆိုင်ရန် ဖြစ်လာခဲ့သည်။ တော်ဝင်မြေသုံးခုက မြေရိုင်း ပြည်နယ်အား အဆုံးသတ်ရန် စိတ်ပိုင်းဖြတ် ထားဟန် ရသည်။ သည်လက်ထပ်ပွဲ ပြီးသည်နှင့် တကယ့် မုန်တိုင်းကြီး စထန်ပေရော့မည်။
“ကျိရှမ်းကမ်းပါးက ကျုပ်တို့ အောက်ရောက်နေတဲ့အချိန် ချက်ကောင်းကို လာကန်တာပဲ” ရီဖူရှင်းက ငေါ့တော့တော့ ပြောသည်... “ရှီဟွာတောင်က ဒီအတွက် ကျုပ်ကို ဖိတ်ခေါ်မှတော့ ကျုပ်လည်း သေရည်မမူးဘဲ ပြန်ရတော့မှာပေါ့…” ထို့သို့ ပြောရင်းဖြင့်ပင် ရီဖူရှင်း လေထဲသို့ ခုန်တက်ကာ ထွက်သွားရန် ပြင်သည်။ သူက ရှီဟွာတောင် အောက်သို့ သည်အတိုင်း လမ်းလျှောက် ဆင်းလိုစိတ် မရှိတော့ပေ။ မြေရိုင်းပြည်နယ်မှ တခြားလူများလည်း လေထဲသို့ စတင်ပျံတက်ကာ တောင်အောက်သို့ ဆင်းကြသည်။
“ခဏနေပါဦး… သခင်ရီ…” အသံတစ်သံကို ကြားရသည်။ ရီဖူရှင်းက ရပ်လိုက်ပြီးမှ နောက်လှည့် ကြည့်လျှင် အခမ်းအနား စင်မြင့်ထက်မှ လူတစ်ယောက် ဆင်းလာသည်ကို မြင်၏။ သူကား သည်အခမ်းအနား၏ အဓိက ဇာတ်ဆောင် လျူကျောင်း ဖြစ်သည်။
“ဘာများလဲ…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။
“ကျုပ်က မရဏတောင်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို ရှင်းပြပြီးပြီ။ စစ်တုရင် ရှန့်ထိုဆိုတာ ကျုပ်တို့ အရှေ့ဘက် ပြည်နယ်ရဲ့ ရှန့်ထိုတစ်ပါးပဲ။ သူ့ကို ကယ်တင်ဖို့အတွက် စတေးမှုတချို့ကို သေချာပေါက် လုပ်ရမှာပဲ။ တကယ်လို့ အဲဒီလို အခြေအနေ ထပ်ကြုံရရင်လည်း ကျုပ်က အဲဒီနည်းလမ်းကိုပဲ ထပ်ရွေးမှာပဲ” လျူကျောင်းက တရားမျှတခြင်း တရားကို လက်ကိုင် ထားသည့်ဟန်ဖြင့် ရှေ့သို့ တက်လာသည်။ လျူကျောင်း၏ အကြောင်းကို မသိသောသူများမှာ သူ၏လိမ်လည် လှည့်စားခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။ သူက ထိုသို့ပြောလျှင် သူ၏မျက်နှာ၌ အပြစ်ရှိဟန် စိုးစဉ်းမျှ မတွေ့ရပေ။
“ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို အဆက်မပြတ် အရှက်ခွဲဖို့ ကြိုးစားခဲ့တယ်။ ဒီနေ့ ခင်ဗျားက ဧည့်သည် ဖြစ်တယ် ဆိုပေမဲ့လည်း၊ ခင်ဗျားက ပြည်နယ်ကိုးခုမှာ ပါရမီအမြင့်ဆုံး ဖြစ်တယ် ဆိုပေမဲ့လည်း ကျုပ်က ခင်ဗျားကို တစ်ကွက် နှစ်ကွက်လောက်တော့ သင်ခန်းစာ ပေးချင်သေးတယ်” လျူကျောင်းက ပြောပြောဆိုဆိုဖြင့် ရှေ့သို့တက်လာလျှင် သူ၏စွမ်းအားများ လေထဲတွင် ပေါ်ထွက်လာခဲ့၏။ ကောင်းကင်နှင့် မြေပြင်၏ လောကဓာတ်များက စတင် လှုပ်ခတ်ကြလျှင် ရာသီဥတုများပင် ပြောင်းလဲဟန်ရပြီး မဟာလမ်းစဉ် စွမ်းအားနှင့် ပေါင်းစပ်သည်။ ထိုအရာများ အားလုံးမှာ လျူကျောင်းကို ဗဟိုပြု ဖြစ်ပေါ်လာပြီး ရီဖူရှင်းထံသို့ ကြီးမားသော စွမ်းအားများ တိုးဝင်လာခဲ့၏။
“ကျုပ် စိတ်မဝင်စားဘူး” ရီဖူရှင်းက တိတ်ဆိတ်စွာပင် ရှေ့သို့ လှမ်းသွားသည်။
“ဒါဆိုလည်း ခင်ဗျား ကြိုက်သလိုလုပ်” လျူကျောင်းက ဆက်လက်၍ ရှေ့သို့ တက်လာလျှင် များစွာသော ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။ ပုံရိပ်ယောင်များ အားလုံးမှ အသံများ ထွက်ပေါ်လာကာ သူ့ပုံရိပ်များမှာ နေရာစုံ၌ ရှိနေသည်ဟု ထင်မှတ်ရသည်။ အားလုံး၏ မျက်နှာ၌ ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။ ရှန့်ထိုများပင် ပြင်းထန်သော စွမ်းအားကို ခံစားမိပြီး အံ့အားသင့်ကြသည်။ ရှီဟွာတောင်မှ ဆက်ခံသူအဖြစ် သတ်မှတ်ခံရသော လျူကျောင်းကား အမှန် ထူးချွန်သူ ဖြစ်ပေသည်။
“လာစမ်း… ရီဖူရှင်း…”
အဆုံးမဲ့သော ပဲ့တင်သံများ ဖြစ်ပေါ် လာသည်။ မဟာလမ်းစဉ် စွမ်းအားက တွန်းအားပေးလျှင် ကောင်းကင်နှင့်မြေပြင် လှုပ်ယမ်း၏။ လျူကျောင်း၏ အဆုံးမဲ့သော ပုံရိပ်များမှာ တစ်ခုတည်း အဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု အဖြစ် စုဖွဲ့လာခဲ့သည်။ သူက ရီဖူရှင်း၏ရှေ့သို့ ဧရာမနတ်ငှက်ကြီး တစ်ကောင်အလား ဆင်းသက် လာခဲ့သည်။ ရွှေအလင်းများ မွေးဖွားလာခဲ့ပြီး ကောင်းကင်မှ ဖိအားပေးလာသည်။ နတ်ဘုရားအလား သဏ္ဌာန်က သူ၏လက်သီးဖြင့် ရီဖူရှင်းထံသို့ ထိုးနှက် တိုက်ခိုက်၏။ သူ၏ခွန်းအားမှာ ကြီးမားလွန်းရကား လေဟာနယ်ပင် အက်ကွဲရ၏။
ရီဖူရှင်းက နောက်လှည့်ကာ နတ်ဘုရားအလား သဏ္ဌာန်ကို ရင်ဆိုင်သည်။ သူ၏ ဖြစ်တည်မှုမှာ ရန်သူ၏ ရှေ့မှောက်၌ အလွန် သေးငယ်ဟန်ရပြီး လက်သီးတစ်ချက်က သူ့အား အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲစေနိုင်ဟန် ရ၏။
မမြင်ရသော လေလှိုင်းများ ရိုက်ခတ်လာကာ ရီဖူရှင်းကလည်း သူ၏လက်ကို မြှောက်လိုက်သည်။ ကြယ်တာရာ လောကဓာတ်များ ဖြစ်ပေါ်လာပြီး လျူကျောင်း၏ လက်သီးနှင့် ထိပ်တိုက် ရင်ဆိုင်သည်။ ပြင်းထန်သော လေလှိုင်းများက မာန်ဖီသံများဖြင့် ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားရာ ရှန့်ထိုများက လက်ဝှေ့ယမ်းလျက် တိုက်ပွဲစွမ်းအင် အပိုင်းအစများအား ပတ်ဝန်းကျင်သို့ မထိခိုက်စေရန် ပယ်ဖျက် ပေးကြသည်။ ကောင်းကင်မှ ကျဆင်းလာသော လေလှိုင်းများက လေပွေတစ်ခု အသွင်သို့ ပြောင်းလဲ သွားခြင်း ဖြစ်သည်။
ရင်ဆိုင် တိုက်ခိုက်မှုတွင် ရီဖူရှင်းကား နောက်သို့ အတော်ဝေးဝေး ဆုတ်သွားရသည်။ လျူကျောင်းမူကား သူ၏မူလနေရာ၌ ရပ်နေမြဲဖြစ်သည်။ သူ၏ ခန့်ညားလှပသော အဝတ်အစားများ တဖျတ်ဖျတ် လွင့်နေသော်လည်း သူကား လှုပ်ရှားခြင်း အလျှင်းမရှိပေ။ သူကား တကယ့် သူရဲကောင်း တစ်ယောက်နှင့် တူနေလေ၏။
“ရီဖူရှင်း နောက်ဆုတ် သွားရတာလား” အားလုံးမှာ ထိတ်လန့် တုန်လှုပ် သွားကြသည်။ ရီဖူရှင်းကား ထူးချွန်လွန်းရကား ပြည်နယ်ကိုးခု၌ ပြိုင်ဘက်ကင်းသူ ဖြစ်သည်။ တစ်စုံ တစ်ယောက်က သူ့အား ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ခြင်း၌ ပထမဆုံးအကြိမ် ရီဖူရှင်း နောက်ဆုတ်ရခြင်း ဖြစ်ပေမည်။
မှန်သည်၊ လျူကျောင်းကား ရီဖူရှင်းထက် တန်ခိုး အဆင့်မြင့်သည်။ သူ့ထက် အဆင့်နိမ့်သူအား နောက်ဆုတ်စေခြင်းမှာ ပုံမှန်သာဖြစ်၏။ သို့သော်လည်း ယခုကား ရီဖူရှင်း ဖြစ်သည်။ လူအများအပြား၏ စိတ်ထဲတွင် ရီဖူရှင်း၏ ဖြစ်တည်ခြင်းကား ပြိုင်ဘက် ကင်း၏။
ကျောက်စီရီက လျူကျောင်းအား ကြည့်သည်။ သူမ၏ မျက်လုံးများထဲ၌ မာနတရားများဖြင့် ပြည့်နှက်နေသည်။ သူမ၏ယောက်ျားက ရီဖူရှင်းကိုပင် အနိုင်ယူနိုင်၏။
“ပြည်နယ်ကိုးခုမှာ ဘယ်သူကမှ မျိုးဆက် တစ်ခုလုံးကို မလွှမ်းမိုးနိုင်ဘူး။ ကျုပ်က ဒီမျိုးဆက်ကို စောင့်ကြည့်မယ်” တော်ဝင်အလင်း နန်းတော်မှ ကျိမိုက ငေါ့တော့တော့ လေသံဖြင့် ရေရွတ်သည်။
စောင့်ကြည့်မည်တဲ့လား။ သူကိုယ်တိုင် လွှမ်းမိုး ခံနေရလေပြီ။
“ဒါ ရှီဟွာတောင်ရဲ့ ဧည့်ဝတ် ကျေပွန်မှုပေါ့” ရီဖူရှင်း အနည်းငယ် ဒေါသထွက်နေဟန် ရသည်… “ကျုပ်တို့ ထပ်တွေ့မယ်” ထိုသို့ပြောကာ သူ ထွက်သွားသည်။ မြေရိုင်းပြည်နယ်မှ လူတိုင်းကလည်း လျူကျောင်းအား အေးစက်စွာ တစ်ချက် ကြည့်ကာ သူ့နောက်မှ လိုက်ပါ သွားကြသည်။ မကြာမီ သူတို့အားလုံး အဝေးသို့ ပျောက်ကွယ် သွားကြတော့သည်။
အခမ်းအနားမှ လူတိုင်း ရီဖူရှင်း ထွက်သွားသည်ကို ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများက သူတို့၏ အတွေးများအား ဖော်ပြနေ၏။
“မင်းသမီးလေးနဲ့ အထက်ဘုံသို့ သွားလေ့ကျင့်ခဲ့တဲ့သူတိုင်း တော်တော် တိုးတက် လာခဲ့ကြတာပဲ” တစ်ယောက်က ပြောသည်။
“ရီဖူရှင်းက ကိုယ့်ကိုယ်ကိုယ် ထူးခြားလွန်းတယ်လို့ တွေးပြီး မင်းသမီးရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်တယ်။ ဒါတောင် သူက ပြည်နယ်ကိုးခုမှာ ပြိုင်ဘက်ကင်း နိုင်သေးတယ်လို့ ထင်တာလား”
ရှန့်ထိုကျဲနှင့် ခွန်ယိုတို့ အချင်းချင်း ပြုံးလျက် ကြည့်ကြသည်။ သည်ထိပ်တိုက် ရင်ဆိုင်မှုက သာမန် တစ်ကွက် နှစ်ကွက်မျှသာ ဖြစ်သော်လည်း လျူကျောင်းက ရီဖူရှင်းအား နောက်ဆုတ် စေခဲ့ပေသည်။ ထိုအချက်ကပင် အလွန် အရေးပါပေ၏။ ထို့ကြောင့်ပင် ရီဖူရှင်းနှင့် နီးကပ်သော၊ အဆက်အဆံရှိသော အင်အားစုများမှာ တွန့်ဆုတ် သွားကြပေလိမ့်မည်။ ဥပမာ နွေဦးပြည်နယ်မှ ယွီကလန် ဖြစ်သည်။
ထိုအခိုက်တွင် ရှန်ထိုရှား သေရည်ခွက်ကို မြှောက်ကာ တွေးသည်။ ရီဖူရှင်း၏ ကိုယ်ရောင်ကိုယ်ဝါကို သူခံစားမိခဲ့သည်။ သူကား အဆင့်မြင့်မိုရှီ ဖြစ်သည်။ ရှားကလန်၏ သတင်းပေးများအရ ရီဖူရှင်း ကိုးလွှာသို့ တက်ရောက် တိုက်ခိုက်စဉ် သူကား အလယ်အလတ် မိုရှီမျှသာ ဖြစ်သည်။ သို့သော်လည်း သူကား ကျူးထန်နန်းတော်မှ အဆင့်မြင့် မိုရှီများအား အပြတ်အသတ် အနိုင်ယူခဲ့သည်။
ကျူးထန် နန်းတော်မှ လူများ အမှန်တကယ် အားနည်း ကြသည်လား။ အောက်ခြေမှ လူများ အားနည်းသည် ဆိုလျှင်ပင် ကိုးလွှာမှ လူများကကော။ သူတို့မှာ အင်ပါယာရှားဘုံ အတွင်း၌ အကောင်းဆုံးသူများ ဖြစ်ကြသည်။
ပေ့ချိန်ရန်ကား ရှန့်ထိုတစ်ပါး၏ သားဖြစ်ကာ လီဟန်ဓားနန်းတော်မှ တပည့်ဖြစ်သည်။ သူကလည်း လျူကျောင်းကဲ့သို့ မင်းသမီးနှင့်အတူ သွားရောက်ကာ လေ့ကျင့်ခဲ့၏။ သို့သော်လည်း ပြောကြသည်မှာ ရီဖူရှင်းက သူ့အား အပြတ်အသတ် အနိုင်ယူခဲ့၏။ ဤသို့ဆိုလျှင် ရီဖူရှင်းကား လျူကျောင်းထံတွင် ရှုံးနိမ့်စရာ မရှိပေ။
ဖြစ်နိုင်ဖွယ် တစ်ခုတည်းသာ ရှိသည်။ ရီဖူရှင်းကား အားနည်း ဟန်ဆောင်ခဲ့၏။
သို့သော် သူက အဘယ်ကြောင့် ထိုသို့ လုပ်ခဲ့သနည်း။
သူက တော်ဝင် မြေသုံးခုထံမှ ဖိအားများကို ခံစားမိသောကြောင့် ထိုသို့ လုပ်ခဲ့သည်များလား။
ရှန့်ထိုရှားအပြင် မှန်နန်းတော် သခင်မလည်း ထိုအချက်များအား ခံစားမိသည်။ ကျူးထန်ကိုးလွှာ၌ မွှေနှောက်ခဲ့သူက ဤသို့ဖြစ်လာစရာ မရှိပေ။
ရီဖူရှင်းအား နောက်ဆုတ် စေသည့်တိုင် လျူကျောင်းကား တည်ငြိမ်နေ၏။ သူက အခမ်းအနား စင်မြင့်ထက်သို့ ပြန်ရောက်လာကာ အားလုံးကို ဦးညွှတ်သည်... “အားလုံးကို အနှောင့်အယှက် ဖြစ်စေတာ တောင်းပန်ပါတယ်။ ကျုပ်နဲ့ကျုပ်ဇနီးက ခင်ဗျားတို့ကို တောင်းပန်တဲ့အနေနဲ့ တစ်ခွက် သောက်ပါ့မယ်”
အခမ်းအနားမှာ ပုံမှန်အတိုင်း ဆက်လက် ကျင်းပခဲ့သည်။
“အခမ်းအနားပြီးရင် ကျောက်ပြည်ထောင် ဘုရင်နဲ့ ရှန့်ထိုကျဲတို့က အိမ်ပြန်ပြီး မြေရိုင်းပြည်နယ်ရဲ့ အလစ် တိုက်ခိုက်တာကို ကာကွယ်ဖို့ ပြင်ဆင်သင့်တယ်။ လက်ရှိ အခြေအနေမှာ သူက ဘာမဆို လုပ်မဲ့ပုံပဲ” ရှီဟွာတောင်ရှန့်ထိုက ပြောသည်။
“သူ မြေရိုင်းပြည်နယ်သို့ ပြန်ရောက်တဲ့အခါ ကျုပ်လည်း ကျောက်ပြည်ထောင်သို့ ပြန်ရောက်နေပြီ။ ကျုပ်မရှိရင်တောင် အဲဒီမှာ မြေရိုင်း ပြည်နယ်ကလူတွေ မဖောက်နိုင်တဲ့ ဝင်္ကပါ အစီအရင်တွေ ရှိတယ်” ကျောက်ပြည်ထောင် ဘုရင်က ပြောသည်။
ရှန့်ထိုကျဲလည်း သေရည်ခွက်ကို ကိုင်ကာ တည်ငြိမ်စွာ ထိုင်နေသည်။ သူသည်လည်း စိတ်မပူပေ။ ကျိရှမ်းကမ်းပါးကို မည်သူ တိုက်ခိုက်ရဲမည်နည်း။ ယနေ့ပြီးနောက် တော်ဝင်မြေ သုံးခုမှာ တစ်ဖက်တည်း ဖြစ်သွားလေပြီ။ သူတို့ကား တော်ဝင်ကျဲနန်းတော်ကို မည်သို့ ဝါးမျိုမည်ကိုပင် ဆွေးနွေးကြပြီး ဖြစ်သည်။ မြေရိုင်းပြည်နယ်အား သိမ်းပြီးနောက် ကျိရှမ်းကမ်းပါးက တော်ဝင်ကျဲ နန်းတော်၏ ရှီနန်းတော်ကို ယူမည်ဖြစ်သည်။ သူတို့က တော်ဝင် ရတနာများ၏ တစ်ဝက်ကိုလည်း ဝေစုရပေမည်။ သည်မျှက သူ့အား လုံလောက်သော စိတ်ဝင်စားမှုများ ပေးသည်။ ထို့အပြင် အနာဂတ်တွင် ရီဖူရှင်းက ကျိရှမ်းကမ်းပါးအား လက်တုံ့ပြန်မည်မှာ သေချာရာ အဆိပ်ပင် မရင့်သန်ခင် သူက ရှင်းပစ်မှ ဖြစ်ပေမည်။
***
ရီဖူရှင်း ရှီဟွာတောင်မှ ထွက်ခွာ လာပြီးနောက် သူတို့အားလုံး ကျေးရွာ ခေါင်းဆောင်၏ ဓားဖြင့် ခရီးနှင်ကြသည်။ ဓားမှာ ကောင်းကင်၌ မြန်ဆန်စွာ ရွေ့လျားနေပြီး တခြား လူများလည်း ရီဖူရှင်းဘေးတွင် ရပ်နေကြ၏။
ဟောင်ကျူဂီက မေးသည်... “မင်းက ဘာလို့ သူ့ကို ဒီလို လုပ်စေတာလဲ” ရီဖူရှင်း မည်မျှ အားကောင်းသည်ကို သူသိပေသည်။ လျူကျောင်းက တစ်ကွက်မျှဖြင့် ရီဖူရှင်းအား မည်သို့ နောက်ဆုတ် စေမည်နည်း။
“ဒါက ရှီဟွာတောင်ပဲ။ သူတို့ ငါ့ကို ရှုံးစေချင်မှတော့ ရှုံးပေးလိုက်တာပေါ့” ရီဖူရှင်းက အေးအေးလူလူ ပြောသည်။ သူကား လျူကျောင်းနှင့် တိုက်ခိုက်ရန် စိတ်မဝင်စား။ အနိုင်ရခဲ့လျှင်ကော လျူကျောင်းကို သတ်နိုင်ပါ့မလား။
ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့က သူ့အား ဖိတ်ခေါ်ခြင်းဖြစ်ရာ သည်အတိုင်းတော့ သူ့အား ရန်မရှာပေ။ သို့သော် သူက လျူကျောင်းအား သတ်ဖြတ်ခဲ့လျှင် တစ်ဖက်မှလူများက အကြောင်းပြချက် ရသွားပေလိမ့်မည်။
“ဒီဘက်သို့ သွားမယ်... အဘ” ရီဖူရှင်းက အနောက်မြောက် ဘက်သို့ ညွှန်ပြသည်။
ကျေးရွာ ခေါင်းဆောင်၏ မျက်နှာ၌ ထူးဆန်းသော အမူအရာများ ဖြစ်လာခဲ့သည်... “ဒါ မြေရိုင်း ပြည်နယ်သို့ သွားတဲ့လမ်း မဟုတ်ဘူး”
မြေရိုင်းပြည်နယ်ကား အရှေ့ဘက် ပြည်နယ်၏မြောက်ဘက်၌ တည်ရှိသည်။
“ယွီပြည်နယ်သို့ သွားမယ်” ရီဖူရှင်းက ပြောသည်။
“ယွီပြည်နယ်သို့...” အားလုံး၏ မျက်လုံးများ စူးရှတောက်ပြောင် လာကြ၏။
“ကျိရှမ်းကမ်းပါး” ရီဖူရှင်းက ဆက်ပြောသည်။ အားလုံး စိတ်လှုပ်ရှား သွားကြ၏။
ဓားသည် ယွီပြည်နယ်၊ ကျိရှမ်းကမ်းပါးသို့ ဦးတည် နေခဲ့သည်။
“ကောင်းပြီ” ကျေးရွာ ခေါင်းဆောင်က အထူးအထွေ မမေးပေ။ သူက ယွီပြည်နယ်သို့ ဦးတည်လိုက်၏။ အတန်ကြာလျှင် သူက မျက်မှောင်ကြုတ်ကာ ပြောသည်... “အနားမှာ သားရဲအုပ်တွေ အများကြီးပဲ”
“စိတ်ပူစရာ မရှိဘူး။ သူတို့တွေက ကျွန်တော့် အမိန့်အရ လှုပ်ရှား နေကြတာ။ သားရဲတွေ အကုန်လုံး ကျုပ်တို့နဲ့အတူ လိုက်ပါ ကြလိမ့်မယ်” ရီဖူရှင်းက ပြောသည်။ သားရဲဘုရင် တစ်ပါး ကောင်းကင်မှ ဆင်းသက်လာကာ ဓားအပေါ်သို့ ရောက်လာသည်။
သူတို့ရှေ့သို့ သွားလေလေ ပတ်ပတ်လည်၌ သားရဲများ ပိုမိုစုစည်း လာလေ ဖြစ်သည်။ အားလုံး၏ စိတ်နှလုံးများ တုန်ယင် သွားကြသည်။ ရီဖူရှင်းက ဤသို့ ကြိုတင် ပြင်ဆင် ထားလိမ့်မည်ဟု သူတို့လုံးဝ မထင်ထား၊ မသိထားကြပေ။
“အဘက ရှန့်ထိုကျဲထက် အများကြီး မြန်လိမ့်မယ်။ မြေရိုင်းပြည်နယ်က ယွီပြည်နယ်နဲ့ ပိုနီးတယ်။ နန်းတော်ကလူတွေ အဲဒီကို သွားနေကြပြီ” ရီဖူရှင်းက ပြောသည်။
“ပြဿနာ မရှိဘူး” ကျေးရွာ ခေါင်းဆောင်က ခေါင်းညိတ်သည်။ သူကလည်း ဓားအမြန်နှုန်းကို မြှင့်တင်လိုက်ကာ မြန်ဆန်စွာ ခရီးနှင်သည်။
ရီဖူရှင်းက လျူကျောင်းအား အသာရစေခြင်းမှာ တစ်ဖက်လူများအား သူနောက်ဆုတ် သွားပြီဖြစ်ကြောင်း ယူဆစေလိုသောကြောင့်ဖြစ်ပေမည်။ ဤနည်းဖြင့် တော်ဝင်မြေသုံးခုမှာ ကျေနပ် နှစ်သိမ့်ခြင်းများဖြင့် အချိန်ကုန် နေကြပေလိမ့်မည်။
ရီဖူရှင်း၏ နောက်၌ ဓားမိစ္ဆာ၊ ကျူးကော့ချန်းဖန်နှင့် တခြားလူများ အားလုံး၏ မျက်လုံးများ စူးရှနေကြသည်။ သူတို့ မကြာခင် အတိတ်မှ အဖြစ်အပျက်များ အတွက် လက်စားချေ ရပေတော့မည်။
“အင်ပါယာရှားကိုရော...” ကျူးကော့ချန်းဖန် အနည်းငယ် စိတ်ပူပန်နေဆဲ ဖြစ်သည်။
“ကျိရှမ်းကမ်းပါး ကျုပ်တို့ ပြည်နယ်သို့ လာရောက် ထင်ရာစိုင်းတုန်းက သူတို့လည်း အင်ပါယာရှားသို့ အသိမပေးခဲ့ဘူး။ သူက ကျိရှမ်းကမ်းပါးနဲ့ ကျုပ်တို့အကြား ရန်ငြိုးရန်စကို သိပြီးသားပဲ။ အခု တော်ဝင်မြေသုံးခုက မဟာမိတ်ဖွဲ့တယ်။ ကျုပ်က စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာ ရဦးမလား”
ရီဖူရှင်း၏အသံက အေးစက်နေသည်... “ကျုပ်တို့က သူတို့ လုပ်ခဲ့တာတွေ အတွက် ပြန်တုံ့ပြန်တာပဲ ရှိတယ်။ ကျုပ်တို့က အင်ပါယာရှားဆီက ညွှန်ကြားချက်ကို တောင်းပြီး သူကိုယ်တိုင် တော်ဝင်စစ်ပွဲ အတွက် စည်းမျဉ်း စည်းကမ်းကို ချမှတ်စေတာပဲ ရှိမယ်”
ရီဖူရှင်း အဝေးသို့ မျှော်ကြည့်သည်။
***