အချိန်လေပွေ
Vol. 79 Ch. 1093
“...”
ပြင်ပလောက၌ ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့၏။ ချိယုံယွမ်ကတော့ စကားပြောနေဆဲ တစ်ဝက်တစ်ပျက် အနေအထားတွင် ရှိနေဆဲ ဖြစ်သည်။
“ငါ တမန်တော်နဲ့ ချိတ်ဆက်ပြီးပြီ... သူ ဒီကို မကြာခင် ရောက်လာ... ဟမ်...”
ချိယုံယွမ်မှာ ဝေ့ဝူယင်၏ မျက်လုံးများထဲမှ အလင်းကို သတိထားမိရာ စကားကို လမ်းခုလတ်တွင် ရပ်လိုက်၏။ ၎င်းက အဆုံးစွန်သော အသိပညာနှင့် ဉာဏ်ရည်ဉာဏ်သွေးများကို ကိုယ်စားပြုနေပေသည်။ ထိုတဒင်္ဂ အတွင်း၌ ဝေ့ဝူယင်မှာ ဘယ်အရာကိုမဆို သိနှင့်ပြီးသား ဖြစ်သည့် ပညာရှိ သူတော်စင် တစ်ယောက်လို သူ ခံစားလိုက်ရ၏။
“ကောင်လေး... မင်း အဆင်ပြေရဲ့လား...”
“...”
ဝေ့ဝူယင်မှာ ပတ်ဝန်းကျင်ကို သတိထားမိလိုက်လေရာ မျက်လုံးများကိုသာ ဖြည်းညင်းစွာ မှိတ်လိုက်သည်။ နောက်တစ်ကြိမ် ပြန်လည် ဖွင့်လိုက်သော အခိုက်၌ သူ့ မျက်ဝန်းများထဲရှိ အလင်းတန်းမှာ အပြီးတိုင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့ နေရာတွင် ကောင်းကင်ဘုံ နတ်မျက်လုံး၏ ပုံမှန် ဝိညာဉ် အော်ရာများက ပြန်လည် နေရာယူ သွားခဲ့၏။
ကောင်းကင်တာအိုထံမှ အသိအမှတ် ပြုမှုများမှာ နည်းလမ်းများစွာဖြင့် ဖြစ်ပေါ်လာနိုင်ဟန် ရသည်။ အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖော်စပ်ပြီးတိုင်း အသန့်စင်ဆုံး မြူနှင်းများ ဖြစ်ပေါ်လာတတ်သလို ငရဲ၏ ကပ်ဘေးများအား အောင်မြင်စွာ ဖြတ်ကျော်နိုင်သူတို့ အတွက်လည်း ကောင်းချီးခံ ဆိုသည့် လမ်းစဉ် တစ်ခု ဖြစ်ပေါ်လာလေ့ ရှိပေသည်။ ယခုတစ်ဖန်လည်း လွတ်လပ်သော လေ့လာခန်းနှင့် ချိပ်ပိတ် မျှော်စင်တို့ဆီမှ အသိပညာ ဗဟုသုတများကို လက်ခံ ရရှိပြီးသည်နှင့်တစ်ပြိုင်နက် အသိစိတ် ပင်လယ်မှာ တုန်ခါလာကာ ဧဒင်နန်းတော်နှင့် အတူ အသွင် သဏ္ဌာန်မဲ့ မြူနှင်းများကို စတင်ကာ ထုတ်လွှတ်လာခဲ့သည်။
“ကျုပ် အဆင်ပြေပါတယ်...”
နောက်ဆုံး၌ ဝေ့ဝူယင်က ချိယုံယွမ်၏ မေးခွန်းကို ပြန်ဖြေလိုက်၏။ မည်သို့ပင် ဆိုစေကာမူ... ဧဒင်နန်းတော်ကို ဖွဲ့သည်း၍ အသိ ပညာ ဗဟုသုတများအား စုစည်းရန် သူ၏ အစီအစဉ်မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းကပင် မမျှော်လင့်ထားသည့် ရလဒ်များကို ဖြစ်ပေါ်စေခဲ့ကာ အသိစိတ် ပင်လယ်ကို အတိုင်းအတာ တစ်ခုအထိ တိုးတက် လာစေခဲ့သည်။ ယခုဆိုလျှင် သူ၏ သိမှု စွမ်းရည်နှင့် စိတ်စွမ်းအင်တို့မှာ ယခင်ကထက် ပိုမို၍ တိုးတက် လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင်... အသိပညာ ဗဟုသုတနောက် လိုက်သူများမှာ ဉာဏ်ရည် မြင့်မားကာ သန့်စင်ကြခြင်း ဖြစ်ပေလိမ့်မည်။
ဝေ့ဝူယင်နှင့် ချိယုံယွမ်တို့ နှစ်ယောက် အကြား၌ ထူးဆန်းသော တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်လာပြီး မိနစ် အနည်းငယ် အတွင်းမှာပင် လျူစုယင်မှာ ခရီးသွား မျှော်စင်မှ ပြန်လာခဲ့လေသည်။ မိန်းကလေး၏ လျစ်လျူတတ်သော အမူအရာမှာ ခါတိုင်းနှင့် ခြားနားစွာပင် ဝေ့ဝူယင်ကို သက်တောင့်သက်သာ ရှိသည့် ခံစားချက် တစ်ရပ် ဖြစ်ပေါ်စေ၏။ မျက်လုံးချင်း ဆုံသွားသော အခိုက်၌ သူမထံမှ ကွယ်ဝှက်ထားသည့် မျှော်လင့်ချက် အရိပ်အယောင် အယောင် တစ်ချို့ကိုပင် ဝေ့ဝူယင် ခံစားမိလိုက်သည်။ ကောင်းကင် သင်္ဘောထက်ရှိ ဆွေးနွေးဝိုင်းမှာ မိန်းကလေး၏ စိတ်အတွင်း ငုပ်လျှိုးနေသည့် မီးတောက် တစ်ခုကို အသက်ဝင်စေ၍ တဖြည်းဖြည်း အရည်ပျော်ကျ လာစေဟန် ရလေသည်။
“အကိုချိ... ဝန်ထုပ်ဝန်ပိုးတွေ မရှိတဲ့ အခြေအနေ တစ်ခုမှာ ကျုပ်တို့ ပြန်တွေ့ကြဖို့ မျှော်လင့်ပါတယ်”
ဝေ့ဝူယင်က အရိုးသားဆုံးသော ခံစားချက်ဖြင့် နှုတ်ဆက်လိုက်၏။ ယခုတစ်ကြိမ် လူအိုကြီးနှင့် တွေ့ဆုံမှုက အနည်းငယ် တက်သုတ်ရိုက် နေသလို ဝေ့ဝူယင် ခံစားရသည်။ သုံးလ ဟူသော လျူယင်လန်း၏ အချိန် ကန့်သတ်ချက်ကြောင့် သူတို့ အကြားတွင် အေးအေးဆေးဆေး စကားပြောချိန်ပင် မရှိခဲ့ချေ။
"မိစ္ဆာစစ်ပွဲ လောကနယ်မြေကနေ အလွှာကြားက လောက အထိ ငါတို့ကြားမှာ ကံကြမ္မာ တစ်ချို့ ရှိပုံရတယ်... ဟား ဟား... မပူပါနဲ့... တို့တွေ ပြန်တွေ့ကြမှာပါ...”
အစာကျူးသူက ပြုံးရယ်ရင်း ဆိုလိုက်၏။ အသက် အဆ တစ်ထောင်ခန့် ကွာခြားသည့်တိုင် သူ့ အတွက် ဝေ့ဝူယင်နှင့် ပေါင်းရသည်မှာ အဖုအထစ် မရှိလှချေ။ ထိုမျှမက... သက်တောင့်သက်သာ ရှိမှုနှင့် အတွေးအမြင် တူညီမှုတို့ကိုပင် သူ ခံစားရသည်။ အသက်ကွာခြားသည့် ကျင့်ကြံသူများ အတွက်တော့ ၎င်းက ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ်တစ်ခု ဖြစ်သည်။
“သွားကြရအောင်... ငါတို့တွေ နောက်ကျနေပြီ”
လျူစုယင်က ဝေ့ဝူယင်နှင့် လူအိုကြီးတို့၏ နှုတ်ဆက်မှု အပေါ် အာရုံရဟန် မရပဲ ဆော်သြလိုက်၏။ ဝေ့ဝူယင်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ထို့နောက်... သူက ချိယုံယွမ်ကို နှုတ်ဆက်သည့် အနေဖြင့် ကြည့်ကာ လက်ကို ဆန့်ထုတ်လိုက်သည်။ လူအိုကြီးကလည်း အနည်းငယ် ပြုံးလိုက်ကာ လက်ကို ပြန်လည် ဆန့်ထုတ်လိုက်၏။ ထို့နောက် သူတို့ နှစ်ယောက် လက်ဆွဲ နှုတ်ဆက် လိုက်ကြ၏။ သူတို့ အကြား၌ နောက်ထပ် စကားလုံးများ ပြောစရာ မလိုတော့ပါချေ။
...
ရက်အနည်းငယ် ကြာပြီးသည့်နောက်...
ဝေ့ဝူယင်နှင့် လျူစုယင်တို့မှာ နောက်ထပ် ကောင်းကင် သင်္ဘောတစ်စင်းပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်လေသည်။ ယခုတစ်ကြိမ် ခရီးစဉ်သည်လည်း ပထမ တစ်ကြိမ်က ကဲ့သို့ပင် အကာသ လမ်းစဉ်၏ ရှုထောင့်များ အကြောင်း အဆုံးမဲ့ ငြင်းခုန်မှုများနှင့် ပြည့်နှက် နေခဲ့သည်။ မိန်းကလေးမှာ ခရီးသွား မျှော်စင်မှ ရရှိလာသည့် ခဲယမ်း မီးကျောက် လက်နက်များနှင့် ဝေ့ဝူယင်ကို အဆက်မပြတ် ပစ်ပေါက်ဖို့ ကြိုးစားခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ ဝေ့ဝူယင်မှာ မေးခွန်းနှင့် တုန့်ပြန်မှုတိုင်းကို ချွင်းချက် မရှိ ဖြေရှင်းနိုင်ခဲ့သည်ချည်းသာ ဖြစ်သည်။
လူငယ် စကားတစ်ခွန်း ဆိုလိုက်တိုင်း၌ လျူစုယင်၏ မျက်ဝန်းများမှာ အလင်းတန်းများနှင့် အဆက်မပြတ် တောက်ပ နေခဲ့လေ၏။ ခရီးသွား မျှော်စင်မှာ အာကာသနှင့် ဆက်နွယ်နေသည့် အဆင့်မြင့် သတင်းအချက်အလက်များကို သိမ်းဆည်းထားသည် ဆိုသော်လည်း... အာကာသ ဥပဒေသများ၏ အသိအမှတ် ပြုမှုကို ရရှိထားသည့် အစစ်အမှန် နဂါး သွေးမျိုးဆက် ပိုင်ရှင် ကျင့်ကြံသူ တစ်ယောက်နှင့် ယှဉ်လျှင်တော့ နိမ့်ပါးနေသေးဆဲ ဖြစ်သည်။ ထိုကဲ့သို့ လူတစ်ယောက်နှင့် ဆွေးနွေးရခြင်း အပေါ် လျူစုယင် မည်ကဲ့သို့ စိတ်မလှုပ်ရှားပဲ ခံနိုင်မည်နည်း။
တစ်ခါ၌ ဆိုလျှင် မိန်းကလေးမှာ ထိန်းချုပ်မှုမှ လွတ်ထွက်သွားခဲ့ကာ ဝေ့ဝူယင် လက်မောင်းကိုပင် ဝမ်းသာအားရ ဆုပ်ကိုင်ခဲ့၏။ ထို့နောက်တွင်တော့... ကာလရှည်ကြာ ခေါင်းခဲ နေခဲ့ရသည့် ပြဿနာ တစ်ခု၏ အဖြေကို ရှာဖွေ တွေ့ရှိသွားသည့် အလား ဝမ်းသာအားရ အပြုံးကလေး တစ်ခု...။
သို့သော်လည်း ထိုတုန့်ပြန်မှုကို သတိထားမိသည်နှင့် ချက်ချင်းပင် မိန်းကလေးမှာ အပြုံးကို ပြန်လည် ရုတ်သိမ်းလိုက်ကာ အေးစက်စက် မျက်နှာပေးနှင့် မူလ အရေခွံကို ပြန်လည် ဝတ်ဆင်လိုက်လေ၏။
အချိန်နှင့် အမျှ ဝေ့ဝူယင်မှာ လျူစုယင်ကို ပိုမို၍ စိတ်ဝင်စား လာခဲ့မိ၏။ ပထမ၌ မိန်းကလေး၏ အမူအရာမှာ အသိစိတ် ပင်လယ်ကို သက်ရောက်စေသည့် ကျင့်စဉ် တစ်ခု သို့မဟုတ် နည်းလမ်း တစ်ခုကြောင့် ဖြစ်လိမ့်မည်ဟု သူ တွေးခဲ့သေးသည်။ ယခုတွင်တော့ ထိုအရာက သူမ၏ ကိုယ်ပိုင် ဆန္ဒသာ ဖြစ်ကြောင်း ဝေ့ဝူယင် သိသွားခဲ့ပြီ ဖြစ်သည်။
သူမက အဘယ်ကြောင့် ထိုကဲ့သို့ ပြုမူ နေရသနည်း။ စိတ်ဒဏ်ရာများကြောင့်လော။ ဝေ့ဝူယင် သေချာ မပြောနိုင်ပါချေ။
လေးရက် ကြာမြင့်ပြီးနောက်တွင် ကောင်းကင် သင်္ဘောမှ ရပ်တန့် သွားခဲ့လေ၏။ လျူစုယင်က ပြင်ပလောကသို့ လှမ်းကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်လေသည်။
“ငါတို့ ရောက်ပြီ...”
ထို့နောက်... သူမက ထိုင်ရာမှ ထရပ်ကာ တံခါးဝဆီသို့ ဦးတည်လိုက်လေ၏။
“သွားရအောင်...”
ဝေ့ဝူယင် မိန်းကလေး၏ နောက်မှ လိုက်လာကာ ကောင်းကင်သင်္ဘော အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။
“ခုတစ်ခါက ဘယ်ကိုလဲ... နောက်ထပ် စာကြည့်တိုက် ရှိသေးတာလားဗျ”
လျူစုယင်က နောက်ကို ပြန်မကြည့်ပဲ အဖြေပေးလိုက်၏။
“မဟုတ်ဘူး.. ခရီးသုံးသွယ် စမ်းသပ်မှုကို အောင်မြင်ပြီးတဲ့ ရေစက်ကြိုး ပိုင်ရှင်တိုင်း မဖြစ်မနေ သွားကြတဲ့ နေရာကို သွားမှာ... အဲဒီနေရာကို အချိန်လေပွေလို့ ခေါ်တယ် ... နင် အချိန်သခင် ဖြစ်လာနိုင်မယ့် နေရာပေါ့...”
“အချိန်လေပွေ...”
ဝေ့ဝူယင် ခပ်တိုးတိုး လိုက်လံ ရေရွတ်လိုက်၏။ ထိုဝေါဟာရက ကြိုတင် အနာဂတ်ကို ပြောပြနေသည့် အလား သူ၏ အခြား အတွေး အားလုံးကို ရပ်တန့် သွားစေခဲ့သည်။ ဝေ့ဝူယင် ချက်ချင်းပင် ဒုတိယမြောက်စိတ်နှင့် ဆက်သွယ်ကာ အချိန်လေပွေနှင့် ပတ်သက်သည့် မှတ်တမ်းများကို ဆန်းစစ်ဖို့ ကြိုးပမ်းလိုက်၏။
တဒင်္ဂ အတွင်းမှာပင် သတင်း အချက်အလက် လှိုင်းများမှာ သူ့အသိစိတ် ပင်လယ် အတွင်း အလုံးအရင်းနှင့် ဝင်ရောက်လာ၏။ တစ်က္ကန့်မျှ မပြည့်ခင် အချိန်အတွင်းမှာပင် အချိန်လေပွေနှင့် ပတ်သက်သည့် အရာ အားလုံးကို သူ သိရှိနားလည်သွားခဲ့ပြီ ဖြစ်သည်။
အချိန်လေပွေမှာ ကာကွယ်သူ မြို့တော် အတွင်းရှိ အစိတ်အပိုင်း တစ်ခု ဖြစ်ကာ အချိန်ကာလ စီးဆင်းမှုနှင့် ရွေ့လျားမှုတို့ စဉ်ဆက်မပြတ် နှောက်ယှက် ပြောင်းလဲနေသည့် နေရာ တစ်ခု၌ တည်ရှိသည်။ ယင်းမှာ အလွှာကြားက လောကကို အာဏာရှင် အင်ပါယာကြီး သုံးပါး ဖန်တီးခဲ့ကတည်းက တည်မြဲခဲ့သည်ဟု ပြောစမှတ် ပြုကြသည်။
ရှေးဟောင်း အချိန်ကာလများတုန်းက ဆိုလျှင် အချိန်လေပွေမှာ သေမင်း နယ်မြေ တစ်ခု ဖြစ်ကာ လျှို့ဝှက် အာဏာရှင် အဆင့်များပင် ထိုနေရာကို ရှောင်တိမ်းဖို့ ကြိုးပမ်းခဲ့ကြသည်။ လောကီ အမျိုးအစား လျှို့ဝှက် သင်္ကေတကို ပိုင်ဆိုင်ထားသည့် မြေကြီး ရှန့်ထိုများပင်လျှင် ၎င်း၏ အစွန်းဘက်များ၌သာ နေထိုင်ကာ ဘယ်တော့မှ အတွင်းပိုင်းကို ဝင်ရောက်ဖို့ မကြိုးပမ်းခဲ့ကြချေ။
ပြင်ပလောကနှင့် ခြားနားသည့် အချိန် စီးဆင်းပုံများကြောင့် ထိုနယ်မြေအတွင်း ရောက်ရှိသွားသည့် လူအချို့မှာ အလွန် မြင့်မားသော နှုန်းထားများဖြင့် အိုမင်း သွားကြကာ တဒင်္ဂ အတွင်းမှာပင် သေဆုံး သွားကြသည်။ တစ်ချိန်တည်း၌ အချို့မှာလည်း ကြာမြင့်သည့် အချိန်ကာလ အတွင်း ပိတ်မိကာ ထာဝရ အေးခဲ ရပ်တန့် သွားကြ၏။
အချိန် စီးဆင်းမှု မည်မျှပင် ပြောင်းလဲ စေကာမူ အချိန်လေပွေအတွင်း မပြောင်းလဲသည့် တစ်ခုတည်းသော အရာကတော့ ဝိညာဉ်သက်တမ်းပင် ဖြစ်သည်။ ထူးဆန်းသည့် အရာများ မင်းမူ နေသော်လည်း လူတစ်ဦး တစ်ယောက်ချင်းစီ၏ ဝိညာဉ်သက်တမ်းကတော့ ကောင်းကင်၏ ဥပဒေသ အတိုင်း ပုံမှန် ဆက်လက် စီးဆင်းနေပေသည်။
ဤသို့နှင့်... လွန်ခဲ့သည့် ငါးသောင်းခန့်သို့ အရောက်တွင် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ယခင် ခေါင်းဆောင်များမှာ အတူတကွ စုပေါင်းကာ ထိုအပျက်အစီး နယ်မြေကို တည်ငြိမ်စေဖို့ ကြိုးပမ်းခဲ့သည်။ အချိန်လေပွေကို သေမင်းနယ်မြေ တစ်ခု အဖြစ်မှ လောကသခင်များ လောကီ မျက်လုံး အဆင့်ကို တက်ရောက်နိုင်မည့် နေရာတစ်ခု၊ အချိန် လျှို့ဝှက် လမ်းစဉ်ကို နားလည်ရန် ကြိုးပမ်းနေသည့် လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် အထောက်အကူ ဖြစ်စေနိုင်မည့် နေရာတစ်ခု ဖြစ်လာစေဖို့ ပြုပြင်ခဲ့ကြသည်။
ယခုခေတ်၌ အချိန်လေပွေမှာ များလှစွာသော ရေစက်ကြိုး ပိုင်ရှင်များ၊ ရှာဖွေသူများမှာ ကျင့်ကြံခြင်း လိုအပ်ချက်များကို ဖြည့်စွမ်းရန် အချိန်လေပွေဆီသို့ သွားရောက် နေကြပြီ ဖြစ်လေသည်။
အထူးသဖြင့်... အချိန်သခင် အဆင့်ကို တက်လှမ်းရန် ကြိုးပမ်းနေကြသည့် လောကသခင် အဆင့်များ အတွက် အချိန်လေပွေမှာ အချိန် စွမ်းအင်များကို အားနည်းသွားစေကာ ဉာဏ်အလင်း ရရှိစေဖို့ များလှစွာသော အထောက်အပံ့များ ဆောင်ကျဉ်းပေးနိုင်သည်။ ထိုမျှ မကသေး...။ အချိန်လေပွေမှာ သူတို့ အတွက် လောကီ မျက်လုံး အဆင့် ကပ်ဘေး အကာအကွယ် တစ်ခု ဖြစ်လာနိုင်သေးသည်။ အကယ်၍ သူတို့ အနေဖြင့် ကပ်ဘေး၌ ကျရှုံးခဲ့လျှင်ပင် ထိုအပျက်အစီး နယ်မြေမှာ သူတို့ အသက်များ ဆုံးရှုံး မသွားအောင် ကာကွယ် ပေးနိုင်ပေသည်။
အလွှာကြားက လောကရှိ လူများ၏ ကျင့်ကြံခြင်း ဆိုင်ရာ အထောက်အပံ့များနှင့် မှော်ဆန်လှသော စွမ်းအင်များကို ဝေ့ဝူယင် စိတ်ထဲမှ အံ့အားသင့် နေခဲ့မိသည်။ ထို့အပြင် မြို့တော် သုံးခုလုံး၏ အရှင်များမှာလည်း လောကရှန့်ထိုများ ဖြစ်နေနိုင်လေရာ ထိုအင်အားက အလွန် ကြောက်စရာ ကောင်းလွန်း လှသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ဆိုလျှင် မြေကြီး ရှန့်ထို ပင်လျှင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းကျော်လောက်ကမှ ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အချိန်လေပွေနှင့် ပတ်သက်၍ အကုန်အစင် သိရှိပြီးသား ဖြစ်လေရာ ဝေ့ဝူယင်မှာ ထိုအကြောင်း လျူစုယင်ကို မမေးတော့ချေ။ သို့သော်လည်း... မိန်းကလေးမှာ သူ့ကို မသိမသာ လှည့်လှည့်ကြည့်နေကာ ထိုမေးခွန်းကို စောင့်မျှော်နေဟန် ရလေ၏။ ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်ရင်း...
“အချိန်လေပွေက ဘာတွေ ထူးခြားနေလို့လဲဗျ...”
ထိုစကားလုံးများ သူ့ နှုတ်ခမ်းမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် လျူစုယင်မှာ ချက်ချင်းပင် သူမ သိထားသမျှ အရာအားလုံးကို ထုတ်ဖော် ပြောပြလေတော့သည်။
***