အချိန်လေပွေ (၂)
Vol. 79 Ch. 1094
အချိန်များ တရွေ့ရွေ့ ကျော်ဖြတ်သွားသည်နှင့် အမျှ ဝေ့ဝူယင်တို့ နှစ်ယောက်မှာ အလင်းရောင်များ မှိုင်းညို့အုံ့ဆိုင်းနေသည့် ချောက်ကမ်းပါး တစ်ခုနားသို့ ရောက်ရှိလာခဲ့ကြသည်။ ချောက်နက်ကြီးမှာ မိုင်ပေါင်း သောင်းချီ နက်ရှိုင်းပုံ ရကာ ဝေ့ဝူယင် နှလုံးသားကိုပင် အနည်းငယ် လှုပ်ရှား သွားစေ၏။ ၎င်း၏ အနားစွန်းများတွင်တော့ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ထိုင်ကာ တိတ်တဆိတ် ကျင့်ကြံနေကြ၏။ သူတို့က အရေအတွက်အားဖြင့် သောင်းချီသည် အထိ ရှိပေလိမ့်မည်။
ချောက်ကမ်းပါးစွန်းကြီး၏ အလွန်တွင်တော့ မီးခိုးရင့်ရောင် အလင်းများနှင့် လောကတစ်ခု ရှိနေခဲ့လေ၏။ ထိုအလင်းများကား အချိန်စွမ်းအင်များပင် ဖြစ်လေ၏။ စွမ်းအင်များထဲတွင် အလင်းစွမ်းအင်များမှာ မြင်တွေ့ရန် အခက်ခဲဆုံးသော စွမ်းအင် ဖြစ်သည်။ လောကီ မျက်လုံးကို ဖွဲ့စည်းပြီးသည့် ကျင့်ကြံသူများသာလျှင် ၎င်းကို တွေ့မြင်နိုင်ပေသည်။
ဝေ့ဝူယင်မှာ လောကသခင် အဆင့် တစ်ယောက်သာ ဖြစ်သည်။ အစစ်အမှန် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့်တိုင် အချိန်စွမ်းအင်၏ ထုထည်ကို သူ တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ ထူးပြား ဆန်းကြယ်စွာပင် ယခုတွင်တော့ ၎င်းက သူ့ မျက်စိရှေ့၌ ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။ သေမျိုး တစ်ယောက်၏ သာမန် မျက်လုံးများနှင့် ပင်လျှင် မြင်တွေ့နိုင်စွမ်း ရှိသည် အထိ ထိုအချိန်စွမ်းအင်များက မည်မျှအထိ ထူထဲကာ အနှိုင်းမဲ့ သန့်စင်လှကြောင်း ဝေ့ဝူယင် စိတ်ထဲမှ တွေးလိုက်မိ၏။
အသက်ဓာတ် အားလုံးကို ဝါးမြိုရန် ရည်ရွယ်ချက်ဖြင့် ဟာရီကိန်း မုန်တိုင်း တစ်ခုလို လှည့်ပတ်နေသည့် အချိန် စွမ်းအင်များကို ကြည့်ရင်း ဝေ့ဝူယင်၏ အသက်ရှူသံများမှာ အရှိန်အဟုန်နှင့် မြန်ဆန်လာခဲ့သည်။
တစ်ချိန်တည်း၌ သူ့ နှလုံးသား အတွင်းရှိ ခရာတိုမှာ အချိန် ဥပဒေသ မျိုးဆက်၏ ချိတ်ဆက်မှုနှင့် အတူ စတင်ကာ တုန်ရီလာခဲ့လေ၏။
ရား...
ဆာလောင် မွတ်သိပ်မှု၊ မထင်မှတ်လောက်အောင် နာကျင်ကိုက်ခဲမှု၊ ပြင်းထန်သော လှည့်ပတ်မှုတို့နှင့် အတူ ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ ခရာတိုထံမှ ထွက်ပေါ်လာခြင်းပင် ဖြစ်လေသည်။ ချက်ချင်းပင် လူငယ်မှာ ဟင်းလင်းပြင် ကြယ်တာရာ ဝိညာဉ်၏ အနက်ရှိုင်းဆုံးသော ဆန္ဒကို နားလည်သွား၏။
ဤကြောက်မက်ဖွယ် ကောင်းလှသော နေရာမှာ ခရာတို အတွက်တော့ အားဆေး သဖွယ် ဖြစ်သည်။ နှလုံးခုန်သံများ အရှိန်အဟုန်နှင့် ပေါက်ကွဲလာသည်နှင့် အမျှ အချိန်လေပွေ အတွင်း ဝင်ရောက်လိုသည့် ဝေ့ဝူယင်၏ ဆန္ဒများမှာ ပိုမို ပြင်းထန်လာခဲ့လေ၏။ ထိုဆန္ဒက ဧဒင် တည်ရှိနေသည့် အသိစိတ် ပင်လယ်ကိုပင် လွှမ်းမိုးကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ချောက်ကမ်းပါး အတွင်း ခုန်ချရန် နှိုးဆော်လာသည်။
သို့သော်လည်း... ဝေ့ဝူယင်မှာ ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူ၏ အတွေးနှင့် ဆုံးဖြတ်ချက်များမှာ ခရာတိုလောက် မရိုးရှင်းပါချေ။ အသက်ကို ခပ်ပြင်းပြင်း ရှူရင်း လူငယ်၏ ငွေရောင် မျက်လုံးများမှာ လျှင်မြန်စွာပင် ပြန်လည် တည်ငြိမ်လာခဲ့၏။
ဝေ့ဝူယင် မတုန့်မဆိုင်းပင် ဆက်စပ်မှု စစ်အလံနှင့် ချိတ်ဆက်ကာ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်ကို ဆက်သွယ်လိုက်သည်။
အလွှာကြားက လောက အတွင်းရှိ ဆိတ်ငြိမ်ကွင်းပြင် တစ်နေရာတွင်တော့ နဂါးခေါင်းဆောင်းနှင့် စစ်ဝိညာဉ်၏ မျက်လုံးများမှာ အချိန်စွမ်းအင်များနှင့် တောက်ပလာခဲ့၏။ ၎င်းက အလွန်လျှင်မြန်စွာပင် အသက်ဓာတ်နှင့် လှုပ်ရှားမှုတို့ကို ပြန်လည် ရရှိလာသည်။
ချောက်ကမ်းပါးစွန်းသို့ ပြန်သွားရပါက အဆုံးမဲ့ အချိန် စွမ်းအင်များကို ငေးကြည့်ရင်း ဝေ့ဝူယင်၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ တစ်ချိန်တည်း၌ အစီအစဉ် တစ်ခုက သူ့ အာရုံ အတွင်း ဖြည်းညင်းစွာ ဖွဲ့စည်းလာသည်။ လျူစုယင်က ဝေ့ဝူယင်၏ တုန့်ပြန်ပုံကို လှမ်းကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်မိ၏။
“ကောင်လေး... မင်းရဲ့ ကံကြမ္မာက ကမ်းပါးစွန်းက လူတွေနဲ့ မတူဘူး... အချိန် စွမ်းအင်တွေကို အဝေးကနေ အာရုံခံတာနဲ့တင် အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တွေကို တွေ့ကြုံခံစား နိုင်လိမ့်မယ်... သူတို့ရဲ့ စီးဆင်းမှုကို ခုခံဖို့ သင်ယူနိုင်လိမ့်မယ်... အဲဒီထက် ပိုရင် အချိန်စွမ်းအင်ကို နည်းနည်းတောင် ထိန်းချုပ် နိုင်လိမ့်မယ်... လျှို့ဝှက် အာဏာရှင် အဆင့်တွေ အချိန် ပြောင်းပြန်လှန်ခြင်းကို သုံးတဲ့ နည်းပေါ့လေ... နယ်မြေထဲကို မဝင်ခင်တည်းက အခွင့်အရေးကို ဆုပ်ကိုင်နိုင်ဖို့ မင်းရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသွားပြီ... ရေစက်ကြိုး ပိုင်ရှင်တွေ အတွက် ကောင်းကင်က သတ်မှတ်ထားတဲ့ အခွင့်အရေးပေါ့လေ”
လျူစုယင်က လှပသည့် အပြုံးတစ်ခုနှင့် ဆိုလိုက်၏။ သူမ၏ စကားလုံး တစ်လုံးချင်းစီမှာ တောက်ပြောင်ကာ အထင်ကြီးစရာ ကောင်းလှသော်လည်း တစ်ချိန်တည်း၌ ကြိုတင် ရေးသားထားသည့် ဇာတ်ညွှန်းတစ်ခုကို ဖတ်ပြနေသလို တောင့်တင်းမှုတို့ ပါဝင်နေသေည်။ သို့သော်လည်း... ဝေ့ဝူယင်က ထိုအရာကို မျက်ကွယ်ပြုကာ ခေါင်းညိတ်ပြလိုက်သည်။
“ကျုပ် ဘယ်တော့ ဝင်လို့ရမှာလဲ...”
လျူစုယင်က ချောက်ကမ်းပါး၏ တစ်ဖက်စွန်းကို လှမ်းကာ ငေးကြည့်လိုက်၏။
“နင့်အတွက် အကာအကွယ် အခွံကို ပြင်ဆင်ထားဖို့ ငါ အကြောင်းကြားထားတယ်... အဲဒါရရင် နင်ကြိုက်တဲ့ အချိန် ဝင်လို့ ရတယ်... ဒါပေမဲ့ အချိန် ခုနစ်လပဲ ကျန်တော့တယ် ဆိုတာကို မမေ့နဲ့...”
လျူယင်လန်းမှာ ဝေ့ဝူယင်ကို အချိန် ဆယ့်နှစ်လသာ စဉ်းစားရန် ခွင့်ပြုထားခြင်း ဖြစ်သည်။ ထိုသတ်မှတ်ချိန်က နောက်ခုနစ်လ အတွင်း ပြည့်တော့မည် ဖြစ်သည်။ ဝေ့ဝူယင်မှာ သေရေးရှင်ရေး ဆုံးဖြတ်ချက်ကို ယခုထိ မချမှတ် ရသေးကြောင်း ရှင်းလင်းလှသည်။
အစ ပထမတုန်းက ဝေ့ဝူယင် ခရီးသုံးသွယ် စမ်းသပ်ပွဲအား အောင်မြင်ခဲ့ခြင်းနှင့် ပတ်သက်၍ သူမ စိတ်ထဲတွင် မကျေလည်မှုများ ရှိခဲ့သည်။ သို့သော်လည်း... လူငယ်နှင့် အာကာသ ဒဿန အကြောင်း ဆွေနွေးမှုများစွာ ပြုလုပ်ခဲ့ပြီး နောက်တွင် သူမ၏ အတွေးများက စတင်ကာ ပြောင်းလဲ လာခဲ့သည်။ ဝေ့ဝူယင်သည်သာလျှင် အစစ်အမှန် ကံကြမ္မာ ခရီးသည် ဘွဲ့ထူးနှင့် ထိုက်တန်သည့် တစ်ဦးတည်းသောလူ အဖြစ် စတင်ကာ ခံစားလာရသည်။
အာကာသ လမ်းစဉ်နှင့် ပတ်သက်၍ လူငယ်၏ ပါရမီမှာ ကြောက်စရာ ကောင်းလွန်းလှသည်။ အကယ်၍ သူသာ ကမ်းလှမ်းမှုကို လက်ခံမည် ဆိုပါက အလွှာကြားက လောက အပါအဝင် ချိပ်ပိတ်နယ်မြေနှင့် ပြင်ပနယ်မြေများ၏ ကံကြမ္မာမှာ နှစ်သောင်းပေါင်း များစွာတိုင် လုံခြုံ သွားလိမ့်မည် ဖြစ်သည်။ ထိုအရာက သူမ အတွက်တော့ စွန့်လွှတ် စွန့်စားမှု၊ စတေးမှုတို့နှင့် အတူ အကြီးမြတ်ဆုံး တာဝန် ဖြစ်ပေသည်။ ထိုကဲ့သို့ တာဝန်မျိုးအား ဝေ့ဝူယင် လက်မခံသည့် သူမ အနည်းငယ် မချင့်မရဲ ဖြစ်နေမိ၏။
အခြားတစ်ဖက်၌... ဝေ့ဝူယင်ကတော့ လျူစုယင်၏ အတွေးများ၊ ခံစားချက်များကို လုံးဝ မသိကျေးကျွန် ပြုထားခဲ့၏။ အကာအကွယ် အခွံ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းရင်း သူက ဗိုလ်ချုပ်ကြီး ကျန့်ကျန့်နှင့် ဆက်သွယ်မှုကိုသာ အပြည့်အဝ အာရုံစိုက်ထားခဲ့လေသည်။ အမှန်အတိုင်း ဝန်ခံရပါက ဝေ့ဝူယင် ထိုအခြေအနေကို သူ့ ဘဝ တစ်လျှောက်လုံး အပြင်းထန်ဆုံးသော နည်းဖြင့် ချဉ်းကပ်နေခြင်း ဖြစ်သည်။ ဖြစ်နိုင်ချေ သေးသေးကိုမျှပင် သူ လျစ်လျူရဲခြင်း မရှိချေ။
မကြာခင် ရောက်ရှိလာမည့် အဖြစ်အပျက်များမှာ သူ့ဘဝအတွက် အနာဂတ် လမ်းကြောင်းများစွာကို ဆုံးဖြတ် ပေးလိမ့်မည် ဖြစ်သည်။ အကယ်၍ သူသာ မှန်ကန်အောင် လုပ်ဆောင်နိုင်ပါက ရိတ်သိမ်းမှုရလဒ်များမှာ အံ့မခန်းပင် ကြီးကျယ် ပေလိမ့်မည်။
“ကျုပ်... မင်းရဲ့... အဂ္ဂိရတ်... သူရဲကောင်းကို... ခေါ်ခဲ့... မယ်”
ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ အသံက ပြတ်တောင်း ပြတ်တောင်းနှင့် နှေးကွေးလှသော်လည်း ဝေ့ဝူယင်၏ ဝိညာဉ်ထဲကို တိုက်ရိုက်ပင် ဝင်ရောက်လာသည်။ ဆိတ်ငြိမ်ကွင်းပြင်နှင့် ကာကွယ်သူ မြို့တော်တို့မှာ စိတ်ကူးပင် မယဉ်နိုင်လောက်အောင် အလွန် အလှမ်းကွာလှသည့်တိုင် သူတို့၏ ဆက်သွယ်မှုကတော့ အနှောက်အယှက် ကင်းမဲ့နေဆဲ ဖြစ်သည်။
လိုအပ်သည့် အတည်ပြုမှုကို ရှိပြီးနောက်တွင် ဝေ့ဝူယင်မှာ ခရာတိုနှင့် ဆက်သွယ်လိုက်၏။ ၎င်း၏ ဆန္ဒက သူ တွေးနေသည့် အတိုင်း အတိအကျပင် ဖြစ်လေသည်။ တစ်ချိန်တည်း၌ ဝေ့ဝူယင်၏ ဒုတိယမြောက်စိတ်မှာ အချိန်လေပွေနှင့် ပတ်သက်သည့် အချက်အလက်များကို အဆက်မပြတ် ရှာဖွေနေကာ အချိန်နှင့် တစ်ပြေးညီ ပေးပို့နေ၏။
အချိန် ကြာမြင့်ပြီးနောက် လျူစုယင်မှာ ပျင်းရိလာဟန် ရလေ၏။ သူမက ဝေ့ဝူယင်ဘက်ကို လှည့်ကာ စတင် စကားပြောလိုက်လေသည်။
“မဟာစက်ဝန်း အဂ္ဂိရတ် တိုက်ပွဲတည်းက ငါ စဉ်းစားနေတာ... နင့်ရဲ့ အသက်နဲ့ ယှဉ်ရင် အဂ္ဂိရတ် ပါရမီက တကယ့်ကို ရှားတောင့်ရှားခဲပဲ... နင့်ဆီမှာ ထူးခြားတဲ့ အဂ္ဂိရတ် ဖော်စပ်နည်း တစ်ခုခု ရှိနေတာလား”
မိန်းကလေး၏ လေသံက စိတ်ဝင်စားသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။ အချိန်ကာလ အတန်ကြာ အတူတကွ ဖြတ်သန်းပြီးနောက်တွင် ဝေ့ဝူယင်မှာ အခြားလူများ ယူဆထားသလို ထာဝရ ဧကရာဇ်နှင့် ဆက်စပ်မှု သိပ်မရှိနိုင်ဟု သူမ ယူဆမိသည်။ အနည်းဆုံး သူက ထိုပုဂ္ဂိုလ်၏ တိုက်ရိုက် ကလေး၊ တပည့်တို့တော့ မဖြစ်နိုင်ချေ။
ထို့အပြင်... ဝေ့ဝူယင်၏ ဝိညာဉ်အော်ရာက ချိပ်ပိတ်နယ်မြေနှင့် လုံးဝ အံဝင်ခွင်ကျ ဖြစ်သည်။ ထိုအချက်က လူငယ်မှာ ချိတ်ပိတ် နယ်မြေအတွင်း မွေးဖွားလာသူ တစ်ယောက် ဖြစ်ကြောင်း ညွှန်ပြနေသည်။ ချိပ်ပိတ်နယ်မြေ ပြင်ပတွင် မွေးဖွားပြီးမှ ပို့လွှတ်လိုက်သူ တစ်ယောက် လုံးဝ မဖြစ်နိုင်ချေ။
သို့သော်လည်း... သူတို့ နှစ်ယောက်မှာ တူညီသည့် မျိုးနွယ် တစ်ခုတည်းမှ မွေးဖွားလာကြကြောင်း ဖြစ်နိုင်ချေများလည်း ရှိသည်။ အထူးသဖြင့် တူညီသည့် ငွေရောင် မျက်ဝန်းများမှာ မျိုးရိုးဗီဇ ဆက်စပ်မှုကို ရှင်းလင်းစွာပင် ညွှန်ပြနေသည်။ ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ်၏ အဆက်အနွယ် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သေချာတာ တစ်ခုကတော့ ပြင်ပ နယ်မြေကို ထွက်ခွာသွားပြီးမှ မွေးဖွားလာသည့် မျိုးဆက် တစ်ယောက်တော့ လုံးဝ မဖြစ်နိုင်ခြင်းပင်။
***