← Chapters

အနာဂတ် အစီအစဉ်များ

Vol. 79 Ch. 1095

အနာဂတ် အစီအစဉ်များ

Vol. 79 Ch. 1095

“...”

ဝေ့ဝူယင် ဖြည်းညင်းစွာပင် အတွေးထဲမှ တွားသွားကာ ရုန်းထွက်လိုက်၏။ သူ့ အာရုံတစ်ခုလုံးမှာ အမျိုးမျိုးသော မေးခွန်းများနှင့် ပြည့်နှက် နေခဲ့ပေသည်။ လွန်ခဲ့သည့် သုံးလ အတွင်း သူ လွတ်လပ်သော လေ့လာခန်းနှင့် ချိပ်ပိတ် မျှော်စင်တို့ကို သိမ်းကြုံး ရှာဖွေကာ အရာ အားလုံးကို မိတ္တူ ကူးယူခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ထိုအထဲ၌ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အကြောင်း အချက်အလက်များကတော့ အလွန့်အလွန်ပင် ရှားပါးလွန်းလှသည်။

မည်သို့ပင် ဆိုစေကာမူ... ကိုယ်ရေး အတွေ့အကြုံ စာအုပ်တစ်ခုထဲ၌ အလွန် စိတ်ဝင်စားစရာ ကောင်းသည့် အကြောင်းအရာ တစ်ခုကို သူ ရှာဖွေ တွေ့ရှိခဲ့သည်။ ၎င်းကား လွန်ခဲ့သည့် နှစ်ပေါင်း ခုနစ်ထောင်ခန့်က ဖြစ်ရပ် တစ်ခု ဖြစ်ကာ ပါရမီ မြင့်မားသည့် ရေစက်ကြိုး ပိုင်ရှင် တစ်ယောက်ကို ဒုက္ခိတ အဖြစ် အပြီးတိုင် ပြောင်းလဲ စေခဲ့ဖူးသည်။

ထိုစဉ်အခါက မှတ်တမ်းတင်သူတို့မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ခရီးစဉ် တစ်ခု ထွက်ခဲ့ကြကာ ငယ်ရွယ် နုနယ်သည့် အဂ္ဂိရတ် ပညာရှင် တစ်ယောက်နှင့် ဆုံတွေ့ခဲ့ကြသည်။ ထို့နောက်... မောက်မာမှုကပင် ပဋိပက္ခထံ ဦးတည်သွားစေခဲ့ကာ ပါရမီရှင် ရေစက်ကြိုး ပိုင်ရှင် တစ်ယောက်မှာ အသက်တစ်ရှိုက်စာ အတွင်း အရာအားလုံးကို ဆုံးရှုံးသွားခဲ့ရသည်။

နောက်ပိုင်းတွင် မှတ်တမ်းတင်သူက ထိုအသက် တစ်ရှိုက်စာကို သူ့ဘဝ သက်တမ်း တစ်ခုလုံးတွင် ကြောက်စရာ အကောင်းဆုံး အသက် တစ်ရှိုက်စာ အဖြစ် တင်စား ခဲ့သည်။

မှတ်တမ်းထဲ၌ အဂ္ဂိရတ် ပညာရှင် လူငယ် အကြောင်း ဖော်ပြချက် တစ်ချို့ကိုလည်း သူ တွေ့ရှိရသည်။ ထိုလူငယ်၏ မျက်ဝန်းများက လပြည့်ဝန်းလို ငွေရောင် အဆင်းနှင့် တဖျပ်ဖျပ် တောက်ပနေသည်ဟု ဆိုသည်။ ထိုလူငယ်မှာ ထာဝရ ဧကရာဇ်ပင် ဖြစ်ကြောင်း သိသာလွန်းလှသည်။

မှတ်တမ်းကို ဖတ်ရှုပြီးနောက် ဝေ့ဝူယင်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ မည်မျှ ကြောက်စရာ ကောင်းကြောင်း ဝမ်ယုထျန်း၏ စကားကိုပင် ပြန်လည် အမှတ်ရလိုက်မိသည်။ သို့သော်လည်း... အစစ်အမှန် ဒြပ်စင်ဂိုဏ်း တစ်ခုလုံးတွင်တော့ ထိုကဲ့သို့ မှတ်တမ်းမှတ်ရာမျိုးကို သူ တစ်ခါမှ မဖတ်ရှုခဲ့ရပါချေ။

၎င်းက အဂ္ဂိရတ် တာအို၏ အဆင့်မြင့် စွမ်းရည် တစ်ခုလော ထာဝရ ဧကရာဇ်၏ သီးခြား စွမ်းရည် တစ်ခုလား ဆိုတာကိုတော့ ‌သူ ကိုယ်တိုင် ယနေ့အထိ ဝေခွဲမရသေးပါချေ။

“ဒါနဲ့... သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေနဲ့ သေမျိုး အဂ္ဂိရတ် ကြယ်တာရာတွေ အကြောင်း အချက်အလက်တွေကို ဘယ်မှာသိမ်းထားတာလဲ... ခရီသွား မျှော်စင်ထဲမှာလား”

ဝေ့ဝူယင်က မေးလိုက်၏။

"သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ...”

လျူစုယင်မှာ ထိုမေးခွန်းကြောင့် အံ့အားသင့်သွားသည့်ပုံ မပေါ်ပဲ ခေါင်းကိုသာ ခါယမ်းလိုက်၏။

“အဲဒီ အချက်အလက်တွေကို အထွတ်အမြတ် စာကြည့်တိုက်ထဲမှာ သိမ်းမထားဘူး”

"ဘာလို့လဲ...”

ဝေ့ဝူယင်က စုံစမ်းလိုက်၏။

"အန္တရာယ်များလွန်းလို့ပေါ့...”

လျူစုယင်က တုံးတုံးတိတိပင် ဖြေလိုက်သည်။ သူမ၏ လေသံက ထူးခြားစွာပင် လေးပင်မှု၊ သုန်မှုန်များနှင့် ပြည့်နှက်နေ၏။

“အန္တရာယ် များလွန်းလို့...”

ဝေ့ဝူယင်၏ နှလုံးသားက အနည်းငယ် တုန်ရီသွား၏။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အကြောင်း အချက်အလက်များက အန္တရာယ် များလွန်းသည်လား။ မည်ကဲ့သို့ အန္တရာယ် များသနည်း။ အဘယ်ကြောင့်နည်း။ သူ ပိုမို၍ စိတ်ဝင်စား လာခဲ့၏။

လျူစုယင်က သက်ပြင်းတစ်ချက် ချလိုက်၏။

“အဲဒီ အချက်အလက်တွေကို အနန္တ အသွင်ပြောင်းခြင်း ခရီးသွား အကယ်ဒမီထဲမှာ လုံလုံခြုံခြုံ သိမ်းဆည်းထားတယ်... ငါတို့ရဲ့ အစီအစဉ်က မင်း လောကီမျက်လုံး အဆင့်ကို ရောက်ပြီးလို့ ဆယ့်နှစ်လ အတွင်း အချိန်မှီရင် အဲဒီကို ပို့ဖို့ပဲ... တကယ်လို့ မရောက်ခဲ့ဘူး ဆိုရင်လည်း အစစ်အမှန် ကံကြမ္မာ ခရီးသည် ဖြစ်လာတာနဲ့ လွယ်လွယ်ကူကူ ဝင်လို့ ရမှာပါ”

“...”

ဝေ့ဝူယင် တစ်ခဏမျှ ငြိမ်သက်သွား၏။ အချိန်လေပွေကို တစ်ချက် လှမ်းကြည့်ပြီးနောက် လျူစုယင်ဘက်ကို သူ ပြန်လှည့်လိုက်သည်။ အသိစိတ် ပင်လယ် အတွင်းတွင်တော့ သူ၏ ဒုတိယမြောက် စိတ်မှာ အနန္တ အသွင်ပြောင်းခြင်း ခရီးသွား အကယ်ဒမီ အကြောင်း အချက်အလက်များကို အရှိန်အဟုန်နှင့် ရှာဖွေ စုပ်ယူ နေခဲ့၏။ ၎င်းက ဧဒင်နန်းတော်ကြီး၏ ဆယ့်ရှစ်ထပ်ကို အလင်းတန်း တစ်ခုလို အရှိန်အဟုန်နှင့် ပြေးလွှား နေခဲ့လေသည်။

များမကြာခင်မှာပင် ၎င်းမှာ စိတ်ချင်း ဆက်နွယ်မှု အလင်းတန်း တစ်ချို့ကို ထုတ်လွှတ်လာကာ အချက်အလက်များကို ဝေ့ဝူယင်ထံ ပေးပို့လိုက်၏။ လူငယ်၏ ငွေရောင် မျက်ဝန်းများက ချက်ချင်းပင် တောက်ပ သွားခဲ့သည်။ လေးပင်သည့် အသက်ရှူသံများနှင့် အတူ လူငယ်မှာ အချိန်လေပွေကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်၏။

ဝှစ်...

ထိုအခိုက်တွင်ပင် ပုံရိပ် တစ်ခုမှာ သူတို့ အနားတွင် ဆင်းသက်လာခဲ့၏။ သူက လူသား တစ်ယောက် ဖြစ်ကာ လေပွေတစ်ခု သဏ္ဌာန် မီးခိုးရင့်ရောင် အစင်းများ ပါသည့် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ မျက်ဝန်းများကတော့ သန့်စင်ခံထားရသည့် ရုပ်သေးရုပ် တစ်ရုပ်လိုမျိုး ခံစားချက် ကင်းမဲ့မှုများနှင့် ပြည့်နှက်နေသည်။

သို့သော်လည်း ထိုကျင့်ကြံသူ၏ အော်ရာကတော့ အလွန်တရာပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ သူက မြေကြီးရှန့်ထို တစ်ယောက် ဖြစ်ပေသည်။

အလွှာကြားက လောကကို ရောက်ရှိပြီး နောက်၌ နေ့တိုင်းရက်တိုင်း ဆိုသလိုပင် ဝေ့ဝူယင်မှာ မျက်စိပွင့် နားပွင့်လာသလို ခံစားနေရသည်။ ဤနေရာ၌ အလုပ်သမား၊ အစောင့် စသည်ဖြင့် အလုပ်လုပ်ကိုင်နေသည့် မြေကြီး ရှန့်ထိုများမှာ အလွန်ပင် များပြားလွန်းလှသည်။ မြို့သုံးမြို့ ပေါင်းပါက ထိုကဲ့သို့ မြေကြီး ရှန့်ထိုပေါင်း မည်မျှ အထိ ရှိနေမည်နည်း။

ထိုလူကြီး၏ ခေါင်းထက်တွင်တော့ အရွယ်ရောက်ပြီးသား ယောက်ျားနှစ်ယောက်စာခန့် ကာသည့် ရောင်စဉ် စက်ဝန်း ခေါင်းပေါက် တစ်ခု ရှိနေခဲ့၏။ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက... အချိန်၏ သဘာဝ တိုက်စားမှုကို ဆန့်ကျင်နေသည့် ထူးဆန်းသော စွမ်းအင် တစ်မျိုး ထိုခေါင်းပေါက်၏ အတွင်းပိုင်း နံရံအတွင်း ပါဝင်နေကြောင်း တွေ့ရှိရလိမ့်မည် ဖြစ်သည်။ ၎င်းကတော့ အကာအကွယ် အခွံပင် ဖြစ်လေသည်။

လျူစုယင်က အကာအကွယ် အခွံကို ကြည့်ကာ ကျေနပ်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူမက အကာအကွယ် အခွံထံ လက်လှမ်းရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက်... ဝေ့ဝူယင်က သုန်မှုန်စွာဖြင့် ပြောလိုက်၏။

“ကျုပ် အချိန်လေပွေထဲကို ဝင်ဖို့ အဆင်သင့် မဖြစ်သေးဘူး...”

“...”

လျူစုယင်မှာ အနည်းငယ် အံ့သြသွား၏။ သို့သော်လည်း... သူမက ဝေ့ဝူယင် တွေးနေသည့် အရာကို သိသည့် အလား ပြောလိုက်လေသည်။

“ဘာမဖြစ်ဘူး... အဆင်ပြေသွားလိမ့်မယ်... အကာအကွယ် အခွံက ပါးတယ် ဆိုပေမဲ့ အချိန် တိုက်စားမှုကို ခုခံနိုင်တဲ့ ပြိုင်စံရှား စွမ်းရည်တွေ ပါတယ်”

သို့သော်လည်း... ဝေ့ဝူယင်က လုံးဝ ဆန္ဒမရှိသည့် အလား အကြောက်အကန်ပင် ခေါင်းကို ခါယမ်းလိုက်၏။

“ဟင့်အင်း... ကျုပ်မဝင်နိုင်ဘူး...”

“...”

သူတို့ သုံးယောက် အကြားတွင် ထူးဆန်းသည့် တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်လာခဲ့၏။ အတန်ကြာပြီးနောက်၌ မျက်နှာသေနှင့် မြေကြီး ရှန့်ထိုက မျက်မှောင်ကြုတ်လိုက်သည်။

“တခြားလူတွေလည်း ဒီအခွံကို လိုတာပဲ... နောက်ခြောက်လနေမှ ပြန်လာခဲ့”

ထိုကဲ့သို့ ပြောပြီးနောက် သူက အရိပ်တစ်စပင် မကျန်ခဲ့စေပဲ ပျောက်ကွယ် သွားခဲ့လေ၏။ သူ့ဘဝတွင် အချိန်လေပွေ အတွင်း ဝင်ရောက်ရန် ကြောက်လန့်သည့် လူငယ်‌ပေါင်း များစွာကို တွေ့မြင်ခဲ့ဖူးပြီး ဖြစ်သည်။ အကာအကွယ် အခွံမှာ အလွန် အဖိုးထိုက်တန်သည့် ရတနာ တစ်ခု ဖြစ်လေရာ... သူ သည်အတိုင်း မဖြုန်းတီးနိုင်ပါချေ။

ဝေ့ဝူယင်က ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ထိုအရာက ကောင်းကင်တာအို၏ လွှမ်းမိုးမှု တစ်ခုလော။ တိုက်ဆိုင်မှု သက်သက်လော။

လျူစုယင်၏ ဘယ်ဘက် မျက်ခုံးက အနည်းငယ် လှုပ်ရှား သွား၏။ အချိန်လေပွေ၏ ကာကွယ်သူကို နောက်ထပ် အခွင့်အရေး တစ်ခု ပေးရန် တောင်းဆိုဖို့ ရည်ရွယ်ထားသော်လည်း ထိုလူကြီးက ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ သူက ဝေ့ဝူယင်ကို ခြောက်လကြာမှ ပြန်လာခဲ့ဖို့ မှာကြားခဲ့လေရာ ထိုအတောအတွင်း နောက်တစ်ကြိမ် အခွင့်အရေး မရှိတော့ဟု ဆိုလိုပေသည်။

ဝေ့ဝူယင်က လျူစုယင်ဘက်သို့ လှည့်ကာ ပြုံးပြလိုက်၏။ ထိုအခိုက်တွင်တော့ သူ့ မျက်နှာထက်တွင် မည်သည့် ကြောက်ရွံ့မှု အငွေ့အသက်မျှ မရှိတော့ချေ။

“ဒါနဲ့ ကျုပ်တို့ သိပ်ပြီး အန္တရာယ် မရှိတဲ့ နေရာကို သွားကြရင်ရော... ခင်ဗျား ခုနက ပြောတဲ့ ခရီးသွား အကယ်ဒမီလို နေရာမျိုးလေ”

“...”

လျူစုယင်မှာ ဆွံ့အသွားတော့၏။

...

အလွန် ဝေးကွာသော နေရာတစ်ခုတွင်တော့ လျူယင်လန်း၏ လှပသော မျက်ဝန်းများမှ အလင်းတန်းများဖြင့် ပေါက်ကွဲ သွားခဲ့လေသည်။ ကြည့်ရသည်က ဝေ့ဝူယင်မှာ အဂ္ဂိရတ် နည်းလမ်း တစ်ခုကို အသည်းအသန် ရှာဖွေနေပုံ ရသည်။ လွတ်လပ်သော လေ့လာခန်းနှင့် ချိပ်ပိတ် မျှော်စင် နှစ်ခုစလုံးကို မွှေနှောက်ပြီးသည့်တိုင် ခရီးသွား အကယ်ဒမီကိုပါ ရောက်ရှိရန် ကြိုးစားနေခြင်းကို ကြည့်ပါက သူ လိုချင်သည့် အရာ မရသေးကြောင်း သိသာလှသည်။ ဝေ့ဝူယင်ကို ကြည့်ရင်း လျူယင်လန်း၏ မျက်ဝန်းများထဲ၌ ရွှင်မြူးသည့် အငွေ့အသက်များ ဖြစ်ပေါ်လာခဲ့၏။

“သွားချင်တယ် ဆိုလည်း သွားခိုင်းရမှာပေါ့... မင်း ဘာရှာနေတာလဲ ဆိုတာ ငါ သိချင်နေပြီ အစစ်အမှန် ကံကြမ္မာ ခရီးသည်လေးရေ...”

***

All Chapters