အနန္တ အသွင်ပြောင်းခြင်း ခရီးသွား အကယ်ဒမီ
Vol. 79 Ch. 1097
“လမ်းစဉ် ခုနစ်သွယ် အနန္တ မျှော်စင်...”
“အနန္တ အသွင်ပြောင်းခြင်း ခရီးသွား အကယ်ဒမီ”
ဝေ့ဝူယင် လေ့လာ ဆည်းပူး ဖူးသမျှ အသိပညာ၊ ဗဟုသုတ အချက်အလက်များကို မှီငြမ်းကာ ထိုနေရာ နှစ်ခုကို ချိတ်ဆက်ကြည့်ဖို့ ကြိုးပမ်းလိုက်၏။ အဂ္ဂိရတ် အစည်းအရုံး၏ သမိုင်းကြောင်းကို ပြန်လည် တွေးတောရင်း သုံးလွှာ ကြယ်တာရာ နယ်မြေ၏ ဒုတိယမြောက် အကျော်ကြားဆုံးသော ပုဂ္ဂိုလ် အကြောင်းက သူ့ ခေါင်းထဲ ရောက်ရှိလာခဲ့သည်။
အနန္တ ပြောင်းလဲခြင်း အဂ္ဂိရတ် ပညာရှင်...
ထိုပုဂ္ဂိုလ်ကြီးမှာ ထာဝရ ဧကရာဇ် ကြယ်တာရာ ကြယ်တာရာ နယ်မြေမှ ပျောက်ကွယ်သွားပြီး နောက်တွင် အလွန်တရာ ကျော်ကြားလာခဲ့သူ ဖြစ်သည်။
သို့သော်လည်း...ထာဝရ ဧကရာဇ်ထက် ပိုမို၍ ထူးခြားသည်က အနန္တ ပြောင်းလဲခြင်း အဂ္ဂိရတ် ပညာရှင်မှာ အဂ္ဂိရတ် လမ်းစဉ် တစ်ခုတည်းတွင်သာ ထူးချွန်သူ မဟုတ်ခြင်း ဖြစ်သည်။ သူက ထီထွင် ဆန်းသစ်မှု၊ ထက်မြက်မှု၊ အမြော်အမြင်ရှိမှု၊ ဉာဏ်ရည်ဉာဏ်သွေးတို့ကြောင့်ပါ အလွန် ကျော်ကြားသည်။
ထာဝရ ဧကရာဇ်၏ ခေတ်တစ်ခေတ် အဆုံးသတ်သွားပြီး နောက်တွင် အဂ္ဂိရတ် ပညာရှင်များမှာ သူတို့၏ တိုက်ခိုက်ရေး အားနည်းချက်များကြောင့်ပင် အခွင့်အရေး ယူခံလာရကာ ဖိနှိပ်ခံ လူတန်းစား တစ်ရပ် ဖြစ်လာခဲ့ဖူးသည်။ ထို့ကြောင့်ပင် အနန္တ ပြောင်းလဲခြင်းမှာ အဂ္ဂိရတ် ပညာရှင်တိုင်း လုံခြုံစွာ ခိုနားနိုင်မည့် နေရာ တစ်ခု ရှိလာနိုင်စေဖို့ ကြိုးပမ်းခဲ့သည်။ ရလဒ်ကတော့ အဂ္ဂိရတ် အစည်းအရုံးပင် ဖြစ်လေသည်။
ထိုလုပ်ရပ်နှင့် ပတ်သက်၍ ဝေ့ဝူယင်ထံတွင် အနန္တ အသွင်ပြောင်းခြင်း အပေါ် နက်ရှိုင်းသည့် လေးစားမှုများ ရှိပေသည်။ ယခုတွင်တော့ အနန္တ အသွင်ပြောင်းခြင်းနှင့် အလွှာကြားက လောက ခရီးသွား အကယ်ဒမီ အကြားတွင် ဆက်နွယ်မှုများ ရှိနေကြောင်း ရှင်းလင်း သွားခဲ့ပြီ ဖြစ်သည်။
“နေဦး... ဒါဆို ဂိတ်တံခါးက...”
ရုတ်တရက် ဝေ့ဝူယင်၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့၏။ အဂ္ဂိရတ် အစည်းအရုံးကို အလည်အပတ် သွားခဲ့စဉ်တုန်းက ချင်ကူးယွင်မှာ ချင်ကူးယဉ်ကို အနန္တ ဆန်းကြယ် မျှော်စင်ဟု ခေါ်သည့် ဂိတ်တံခါး တစ်ခုကို ဖြတ်သန်း၍ တည်နေရာ တစ်ခုကို ပို့ဆောင်လိုကြောင်း ပြောပြခဲ့ဖူးသည်။ ထိုဂိတ်တံခါးမှာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် ပိုင်ရှင်များကိုသာ ဖြတ်သန်း သွားလာခွင့် ပြုကြောင်းကိုလည်း သူ သိခဲ့ရသည်။ သို့သော်လည်း ချင်ကူးယဉ်မှာ မသန့်စင်သည့် ထာဝရ ခြေချခြင်း ဆေးလုံးကို သောက်သုံးခဲ့ကာ သူမ၏ အဂ္ဂိရတ် ပါရမီနှင့် ဂိတ်တံခါး အတွင်း ဝင်ရောက်ခွင့်ကို ဖျက်ဆီးပစ်ခဲ့မိသည်။
“ငါက အစတည်းက အလွှာကြားက လောကနဲ့ ချိတ်ဆက် နေခဲ့မိတာပေါ့”
ဝေ့ဝူယင် မှတ်ချက်ချ လိုက်မိ၏။ ဝေ့ဝူယင်ကို တွေးတောရန် အချိန်တစ်ချို့ ပေးထားပြီး နောက်တွင် လျူစုယင်မှာ အကယ်ဒမီ အကြောင်း စတင်ကာ ရှင်းပြ လိုက်လေ၏။
“ခရီးသွား အကယ်ဒမီက အလွှာကြားက လောကမှာ တစ်ခုတည်းသော အကယ်ဒမီတော့ မဟုတ်ဘူး... ဒါပေမဲ့ ဖန်တီးရှင်း ပညာရှင်တွေ အတွက်ဆိုရင်တော့ တစ်ခုတည်းလို့ ဆိုရလိမ့်မယ်...”
သူမက ဝေ့ဝူယင်ကို လက်ဟန် ပြလိုက်ရင်း အကယ်ဒမီ၏ ဂိတ်တံခါးဝထံ စတင်ကာ ရွေ့လျား လိုက်လေ၏။ လမ်းတစ်လျှောက်၌ လူသွားလူလာမှာ အလွန်ပင် ထူထပ်လှကာ လူးလာတုံ့ခေါက် သွားလာ နေကြသည်။ သူတို့ထဲမှ အများစုမှာ ဆင်တူ ဝတ်ရုံများကို ဝတ်ဆင်ထားကာ အမျိုးအမည် စုံလင်လှသည့် တာဝန်များအား ထမ်းဆောင်နေရသည့် အစေခံများ ဖြစ်ပုံ ပေါ်သည်။
ဝေ့ဝူယင်မှာ လျူစုယင် နောက်မှ လိုက်လာခဲ့ရင်း အာကာသ ဝေဟင်ဂိုဏ်းကြီး၏ လက်ထောက်ဂိုဏ်းချုပ် ရာထူးက အလွှာကြားက လောကတွင် မည်မျှ မထင်ရှားလှကြောင်း နောက်တစ်ကြိမ် သတိထားမိ လာခဲ့၏။ လမ်းတစ်လျှောက်၌ သူတို့မှာ အကြည့်တစ်ချို့ လက်ခံ ရရှိခဲ့သော်လည်း... အများစုက မိန်းမပျိုလေးများထံမှ ဖြစ်ကာ ဝေ့ဝူယင်ထံ ဦးတည် နေသည့် စူးစမ်းလေ့လာမှုများသာ ဖြစ်သည်။
လျူစုယင်က ထိုအရာကို စိတ်ထဲထည့်ပုံ မရချေ။ သူမက ဝေ့ဝူယင်ဘက်သို့ လှည့်ကြည့်ကာ မသိမသာ ပြုံးရင်း ပြောလိုက်၏။
“နင် မျက်နှာကာ တစ်ခု ဝတ်သင့်တယ်...”
“...”
ဝေ့ဝူယင် ဆွံ့အ သွားခဲ့၏။ မျက်နှာကာများမှာ မလိုလားအပ်သော အန္တရာယ်များကို ကာကွယ်ရန် မိန်းကလေး တပ်ဆင်လေ့ရှိသည့် အသုံးအဆောင်များ ဖြစ်သည်။ လျူစုယင်က သူ့ကို မျက်နှာကာ တစ်ခု ဝတ်စေချင် နေသည်လား။
လူငယ်၏ တုန့်ပြန်မှုကြောင့် လျူစုယင်မှာ စကား အမှားကို သတိပြုမိလိုက်၏။ သူမက ချက်ချင်းပင် ပြန်လည် ပြင်ဆင်ဖို့ ကြိုးပမ်းလိုက်သည်။
“မျက်နှာဖုံး ဆိုလည်း အလုပ်ဖြစ်တယ်... ဘယ်လိုပဲ ဖြစ်ဖြစ် အကြည့်ခံရတာက နေရခက်တယ် မလား”
မိန်းကလေး၏ အလွဲလွဲ အချော်ချော် ဖြစ်နေပုံကို ကြည့်ကာ ဝေ့ဝူယင် ရယ်မောလိုက်မိသည်။
“ရပါတယ်... ကျုပ် အဖေနဲ့ အမေ ကျုပ်ကို ဒီမျက်နှာ ပေးခဲ့တာပဲ... ကျုပ်က အဲဒါကို ပြဖို့ ဘာလို့ ကြောက်နေရမှာလဲ”
မျက်နှာကို ဖုံးကွယ်ထားရအောင် သူက ရာဇဝတ်ကောင် တစ်ယောက် မဟုတ်သလို လုပ်ကြံ သတ်ဖြတ်သူလည်း မဟုတ်ချေ။ အကယ်၍ ထိုကဲ့သို့ အခြေအနေများ ကြုံလာခဲ့လျှင်တော့ သူ မျက်နှာဖုံး တစ်ခု ဝတ်ကောင်း ဝတ်ဆင်လိမ့်မည် ဖြစ်သည်။
“...”
လျူစုယင် အနည်းငယ် ငြိမ်သက် သွားခဲ့၏။ မိဘများ အကြောင်း ပြောသော အခိုက်၌ ဝေ့ဝူယင်၏ အသံမှာ ကြေကွဲ ဝမ်းနည်မှုများ၊ လွမ်းဆွတ် တမ်းတမှုများ ရောနှော ပြည့်နှက်နေတာ သူမ သတိထားမိခဲ့သည်။ ချောမော ခန့်ညားလှသည့် မျက်နှာနှင့် ငွေရောင် မျက်ဝန်းများ၏ နောက်ကွယ်တွင် ဝမ်းနည်း ကြေကွဲဖွယ်ရာ ဇာတ်လမ်း တစ်ပုဒ် ရှိနေတာ ထင်ရှားလှသည်။
သူတို့ နှစ်ယောက်မှာ တိတ်ဆိတ် ငြိမ်သက်စွာပင် အကယ်ဒမီ ဝင်ပေါက်သို့ ရောက်သည် အထိ ဆက်လက် လျှောက်လှမ်း လာခဲ့ကြသည်။ အံအားသင့်စရာ ကောင်းစွာပင်... ဂိတ်တံခါး အနားသို့ အရောက်၌ များလှစွာသော လူများမှာ မိုင်ပေါင်းများစွာ ရှည်အောင် တန်းစီ နေကြကြောင်း ဝေ့ဝူယင် သတိထားမိလိုက်သည်။ ပွတ်တိုက် တွန်းထိုးခြင်း၊ အော်ဟစ် ဆူပူခြင်း စသည်ဖြင့် ကစဉ့်ကလျား အခြေအနေများမှာ နေရာတကာတွင် နေရာယူ နေခဲ့၏။ သို့သော်လည်း... သူတို့မှာ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက် ရန်ဖြစ်ကြခြင်းတော့ မရှိပါချေ။ စိတ်ရှည်စွာပင် စောင့်ဆိုင်း နေကြ၏။
“သူတို့က ဘာလုပ်နေတာလဲ...”
ဝေ့ဝူယင် ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြစွာ မေးလိုက်မိ၏။
"အကယ်ဒမီထဲ ဝင်ဖို့ တန်းစီနေတာလေ...”
လျူစုယင်က တုံးတိပင် အဖြေပေးလိုက်သည်။
“ဘာအတွက်လဲ...”
"အကယ်ဒမီမှာ အတန်းတိုင်းက ကျောင်းသားတွေ အတွက် တစ်နှစ်တာ လေ့ကျင့်ရေး လုပ်ငန်းစဉ် ရှိတယ်... လက်တွေ့ လေ့ကျင့်ရေး သင်ရိုးညွှန်းတမ်းရဲ့ အစိတ်အပိုင်း တစ်ရပ် ဆိုတော့ အဲဒီ ဝန်ဆောင်မှုက အခမဲပေါ့... အဲဒါကြောင့်ပဲ ခုလောက် စည်ကားနေတာလေ”
လျူစုယင် ရှင်းပြသည်ကို နားထောင်ရင်း ထူထပ် ရှည်လျား လှသည့် လူတန်းကြီးကို ဝေ့ဝူယင် လှမ်းကြည့်လိုက်သည်။ ထိုအထဲ၌ လျှို့ဝှက် အာဏာရှင် အဆင့်များမှ တစ်ပါး အသက်စုံ၊ တန်ခိုး အဆင့်စုံ ကျင့်ကြံသူ များစွာ ပါဝင်နေပေသည်။ ရှေ့ဆုံးတန်း၌ ဆိုလျှင် ကြယ်တာရာ သခင် တစ်ချို့ပင် ပါဝင်သည်။ သူတို့က အခြားလူများကို အနိုင်ကျင့်ကာ ရှေ့ဆုံးတန်း၌ အတင်းအကြပ် နေရာယူ ထားကြကြောင်း ရှင်းလင်းလှသည်။
“ဆိုတော့... ကျုပ်တို့ကို လာခေါ်မယ့် လူတစ်ယောက်ယောက်ကို စောင့်ရဦးမှာလား...”
ဝေ့ဝူယင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ အကယ်၍ လူတန်းကြီးနှင့် အတူတူသာ တန်းစီရပါက အထဲကို ဝင်ရောက်ရန် ဘယ်နှစ်ရက် ကြာမည်လဲ သူ မခန့်မှန်းနိုင်ပါချေ။
“ဟင့်အင်း... မလိုဘူး... ဒီအတိုင်း ဖြတ်သွားလိုက်ရုံတင်...”
လျူစုယင်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်ကာ ဂိတ်တံခါးကို လှမ်းကြည့်လိုက်၏။
“နင့်ရဲ့ အော်ရာနဲ့ ကြယ်တာရာ အင်အားတွေကို မသုံးနဲ့”
ဝေ့ဝူယင်ကို သတိပေးလိုက်ပြီးနောက် သူမက လူအုပ်ကို စတင်ကာ တိုးဝှေ့ လိုက်သည်။ များစွာသော လူများမှာ မိန်းကလေး၏ ခွန်အား အောက်တွင် ထိန်းချုပ်နိုင်စွမ်း မရှိပဲ ယိမ်းယိုင်ကာ လဲပြိုသွားကြ၏။ မိန်းကလေး၏ လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံခြင်း အခြေခံကို သတိထားမိသော အခိုက်တွင်တော့ သူတို့၏ မျက်နှာများမှာ ဖြူရော်သွားကာ စိတ်ထဲမှ ကျိန်ဆဲရုံသာ တတ်နိုင်ကြလေတော့သည်။
လျူစုယင်၏ လှုပ်ရှားမှုက ထင်မှတ် မထားလောက်အောင် မြန်ဆန်လွန်းလှသည်။ ၎င်းက သူမ အတွက် ပထမဆုံး အတွေ့အကြုံ မဟုတ်သည်မှာ ထင်ရှားလှသည်။ မကြာခင်မှာပင် လျူစုယင်မှာ ဝေ့ဝူယင်၏ မျက်လုံးအောက်မှ လူအုပ် အတွင်း ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ခပ်လှမ်းလှမ်းမှ လဲပြိုကျသံများနှင့် ဆူညံ ပွက်လောရိုက်သံများသာလျှင် သူမ မည်သည့် နေရာ၌ ရှိနေခဲ့ကြောင်း အထောက်အထား အဖြစ် ခန့်မှန်းနိုင်ပေလိမ့်မည်။
ဝေ့ဝူယင် သက်ပြင်းချလိုက်မိ၏။ အလွှာကြားက လောက အတွင်းရှိ အရာရာတိုင်းမှာ ဝတ္ထုဆန်လွန်းလှသည်။ ၎င်းက သူ ကျင်လည် ကျက်စားခဲ့ရာ ကျင့်ကြံခြင်း လောကနှင့် လုံးဝ ခြားနားလှပေသည်။
တည်ငြိမ်သည့် အသက်ရှူသံများနှင့် အတူ ဝေ့ဝူယင် ရှေ့ကို စတင်ကာ တွန်းတိုက် လိုက်သည်။ သူ၏ အလွန် သန့်စင်လှသော ခန္ဓာကိုယ်နှင့် အတူ လူအုပ်ကို တိုးဝှေ့ရသည်မှာ လွယ်ကူလှသည်။ မျှော်လင့် မထားစွာပင် လူအုပ် အတွင်း၌ တစ်ယောက်ကို တစ်ယောက် အခွင့်ကောင်းယူနေသူ များစွာကို သူ တွေ့ရှိရသည်။ သို့သော်လည်း... ပထမဆုံး မြင်ကွင်းမှာ ယောက်ျား တစ်ယောက်က မိန်းမ တစ်ယောက်ကို အခွင့်ကောင်းယူနေခြင်း မဟုတ်ချေ။ မိန်းမ မိန်းမချင်း ဖြစ်သည်။ ထိုမိန်းမမှာ သူမ ရှေ့တည့်တည့်ရှိ အမျိုးသမီး၏ ပေါင်ခြံ နေရာကို သိသိသာသာပင် ဆုပ်ကိုင်ထားသည်။
ထိုကဲ့သို့သော အတွေ့အကြုံက ဝေ့ဝူယင်ကို ဆွံ့အ သွားစေခဲ့သည်။
ဖျပ်...
ရုတ်တရက် သူ့ အဓိက နေရာဆီ တိုးဝင်လာသည့် ယောက်ျားကြီး တစ်ယောက်၏ လက်ကို ဝေ့ဝူယင် ရိုက်ထုတ် ပစ်လိုက်သည်။ စိတ်ထဲမှ ဒေါသကြောင့် ထပ်မံ ထိုးကြိတ်ရန် ပြင်လိုက်သော်လည်း ဝေ့ဝူယင် စိတ်ကို ထိန်းကာ ရပ်တန့်လိုက်သည်။ ဤသို့နှင့် အန္တရာယ် အသွယ်သွယ်ကို ကာကွယ်ရင်း မိုင်ပေါင်းများစွာ ခရီးနှင်ပြီး နောက်တွင် ဝေ့ဝူယင်မှာ အကယ်ဒမီ၏ ဂိတ်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
ဖျပ်...
ထိုအခိုက်တွင်ပင် လက်တစ်ဖက်မှာ ထွက်ပေါ်လာကာ သူ့ကို လူအုပ်ထဲမှ ဆွဲခေါ်လိုက်၏။ သူမကတော့ လျူစုယင်ပင် ဖြစ်လေသည်။ ဝေ့ဝူယင်၏ အမူအရာက မည်းမှောင် သွား၏။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့် သူမကို မည်သူမှ အခွင့်အရေး မယူရဲကြသော်လည်း သူကတော့ သေမျိုး တစ်ယောက် ဖြစ်သည်။
လမ်းတစ်လျှောက်၌ ဝေ့ဝူယင်မှာ အာရုံ ခြောက်ပါးလုံးကို ဖြန့်ကျက်ကာ ကြက်သီးထဖွယ် ချဉ်းကပ်မှုများကို လက်မတင်လေး ရှောင်လွှဲခဲ့ရသည်။ ဆာလောင် မွတ်သိပ်နေသည့် လူများ၏ လက်၌ သူ၏ ဖြူစင်မှုများ စွန်းထင်း မသွားခဲ့သည်မှာ ကံကောင်းလွန်းလှပေသည်။
နောက်ကို ပြန်ကြည့်လိုက်သော အခိုက်၌ ပါးလွှားသည့် အကြည်တစ်ခုမှာ လူအုပ်ကို ရှေ့ဆက်တိုး မလာနိုင်အောင် ကာဆီးထားကြောင်း တွေ့လိုက်ရသည်။ လျူစုယင်မှာ ၎င်းကို ဖြတ်သန်း၍ သူ့ကို ခေါ်ထုတ် လိုက်ခြင်းပင် ဖြစ်သည်။
ကြယ်တာရာ သခင်များမှာ ရှေ့ဆက်တိုးရန် ကြိုးပမ်း နေကြသော်လည်း ပါးလွှာသည့် ဖန်သားလိုလို အကြည်လွှာကို လုံးဝ ကျော်လွှားနိုင်စွမ်း မရှိကြချေ။ သူတို့၏ အမူအရာများမှာ အနည်းငယ် စိတ်ပျက်နေကြဟန် ရကာ လျူစုယင်ကို တောင်းပန်ဟန်ဖြင့် လှမ်းကြည့် နေကြ၏။
“အကယ်ဒမီက ဝင်ခွင့် အတွက် အရေအတွက် ကန့်သတ်ထားတယ်... ဒါပေမဲ့ လျှို့ဝှက် အာဏာရှင် အဆင့်တွေကတော့ ဝင်ရောက်ပြီး ဒီဧရိယာလေးမှာ နေရာယူလို့ ရတယ်... ဦးစားပေး သဘောပေါ့”
လျူစုယင်က ဝေ့ဝူယင် စိတ်ထဲမှ ရှုပ်ထွေးမှုကို မြင်ရသည့် အလား ရှင်းပြလိုက်၏။ လူအုပ်ထဲ၌ လျှို့ဝှက် အာဏာရှင် အဆင့်များအား မမြင်ရသည်မှာ အံ့သြစရာ မရှိတော့ချေ။ လူအုပ်နှင့် ဝင်ပေါက် အကြားရှိ သေးငယ်သော ဧရိယာလေးကို အကဲခတ် ကြည့်လိုက်တော့ လျှို့ဝှက် အာဏာရှင် အဆင့် အချို့နှင့် သူတို့နှင့် အပေါ င်းအပါ ဖြစ်ဟန် တူသည့် သေမျိုး အချို့ကို တွေ့လိုက်ရ၏။ သူတို့က တိုးဝှေ့နေကြသည့် လူအုပ်ကို အထင်သေးသည့် မျက်လုံးများဖြင့် လှမ်းကြည့် နေကြသည်။
ဝေ့ဝူယင် ခေါင်းကို ခါယမ်းလိုက်မိ၏။ တစ်ခါတစ်ရံ၌ လူများမှာ မိမိက ဘာမှ မဟုတ်ပဲ အခြားလူများကို အထင်အမြင် သေးချင်ကြသည်။ သေမျိုး လောကတွင် ဖြစ်စေ၊ ကျင့်ကြံခြင်း လောကတွင် ဖြစ်စေ... ၎င်းက မပြောင်းလဲသော နိယာမ တစ်ခု ဖြစ်ပေသည်။
“ဆိုတော့ ကျုပ်တို့ ဘာဆက်လုပ်မှာလဲ...”
ဝေ့ဝူယင် မေးလိုက်၏။ သူတို့ ရှေ့ဆုံးကို ရောက်ရှိနေသည့်တိုင် ဝင်ပေါက်မှာ ယခုထိ ပိတ်နေဆဲ ဖြစ်သည်။ ၎င်းကို ရွှေ၊ ငွေတို့နှင့် ရောနှော သွန်းလုပ်ထားဟန် ရကာ ပုံဖော်ထားသော ဒီဇိုင်းက အလွန်ပင် လှပ လွန်းလှသည်။
“ဂိတ်မဖွင့်မချင်း စောင့်နေရုံပဲလေ...”
လျူစုယင်က အဖြေပေးလိုက်၏။
“ကျုပ်တို့က အထဲကို ဧည့်သည် အနေနဲ့ ဝင်မှာ မဟုတ်ဘူးလား...”
ဝေ့ဝူယင် ကြောင်တောင်တောင် အမူအရာနှင့် မေးလိုက်မိသည်။ အစတုန်းက ခရီးသွား အကယ်ဒမီထဲကို အထူး ဧည့်သည်တော် တစ်ယောက် အနေဖြင့် ဝင်ခွင့်ရလိမ့်မည်ဟု သူ ထင်မှတ် ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ ထိုအိပ်မက်များမှာ ရေပေါ် အရုပ်ရေးသလို မှေးမှိန် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
“ငါတို့ ဒီနေရာကို လာတာက အကယ်ဒမီရဲ့ နည်းလမ်းတွေနဲ့ ရည်ရွယ်ချက်ကို သိဖို့ပဲလေ... လေ့လာရေး ခရီးစဉ် တစ်ခုလို့ပဲ ဆိုရမှာပေါ့... မဟုတ်ဘူးလား...”
“...”
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
ခရက်... ခရက်...
ထိုအခိုက်တွင်ပင် ထူးဆန်းသော မြည်သံများနှင့် အတူ ဂိတ်တံခါးမှာ စတင် ပွင့်ဟလာခဲ့လေသည်။ ဝေ့ဝူယင်၏ အနည်းငယ် တောက်ပသွားကာ တံခါးထံ လှမ်းကြည့်လိုက်၏။ စက္ကန့်ပိုင်းမျှလောက်သာ စောင့်လိုက်ရတာ သူတို့ ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။
သို့သော်လည်း... ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည့် ထွက်ပေါ်လာသည့် မိန်းကလေး တစ်ယောက်၏ ကြေညာသံက ဝေ့ဝူယင်၏ အမူအရာကို နောက်တစ်ဖန် ပြန်လည် ပြောင်းလဲ သွားစေခဲ့လေသည်။
“အားလုံးကို စောင့်ဆိုင်းစေခဲ့တဲ့ အတွက် တောင်းပန်ပါတယ်ရှင်... ဒါပေမဲ့ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အဂ္ဂိရတ် တိုက်ပွဲကြောင့် ကျွန်မတို့ အကယ်ဒမီက လက်ခံမှုကို ရွေ့ဆိုင်းထားတဲ့ အကြောင်း လာပြီး ရှင်းပြတာပါ”
“...”
ကြည့်ရသည်က သူတို့ ကံမကောင်းသေးသည့် ပုံပင်။
***