← Chapters

အဂ္ဂိရတ် တိုက်ပွဲ

Vol. 79 Ch. 1099

အဂ္ဂိရတ် တိုက်ပွဲ

Vol. 79 Ch. 1099

“အဂ္ဂိရတ် တိုက်ပွဲကိုပဲ သွားကြည့်ကြတာပေါ့...”

ဝေ့ဝူယင်က ပြောလိုက်၏။ ကြည့်ရသည်က ခရီးသွား အကယ်ဒမီ၏ အဖွဲ့ဝင် တစ်ယောက် မဟုတ်သည့်တိုင်အောင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် အနေဖြင့် သူ၏ အဆင့်အတန်းနှင့် သြဇာအာဏာတို့မှာ အကယ်ဒမီ အတွင်း အလွန် မြင့်မားနေပုံ ရသည်။ ၎င်းက မျှော်လင့်မထားသည့် ရလဒ် တစ်ခုပင်။

မိန်းမပျိုလေးက ရိုကျိုးစွာ ပြုံးလိုက်ရင်း အမိန့်နာခံစွာပင် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက ဝေ့ဝူယင်တို့ နှစ်ယောက်ကို ဦးဆောင်လိုက်ရင်း အကယ်ဒမီ ကွင်းပြင်ကို ဖြတ်သန်းကာ ခေါ်ဆောင်သွားခဲ့တော့သည်။ လမ်းများမှာ လူသွားလူလာ အလွန် ရှင်းလင်းလှ၏။ အဆောက်အဦများမှာလည်း ဗလာဟင်းလင်း ဖြစ်နေကာ ပိတ်ထားခဲ့သည်။ လေထုကတော့ အဂ္ဂိရတ် ရနံ့၊ သတ္တုစပ် ရနံ့တို့နှင့် ပြည့်နှက် နေခဲ့၏။

“မကောင်းတဲ့လူတွေ ဒီမှာ ရှိတယ် သတိထား...”

ငါးမိနစ်ခန့် လမ်လျှောက်ပြီးနောက် လျူစုယင်က ဝေ့ဝူယင်ကို သတိပေးလိုက်၏။ သူမ၏ စိတ်နှလုံး တစ်ခုလုံးက ဝေ့ဝူယင် အတွက် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။ မည်သို့ပင် ဆိုစေ... အလွန်ကြားက လောကမှာ အလွန် ရှုပ်ထွေးသော နေရာ တစ်ခု ဖြစ်သည်။ ထိုအပြောကျယ်လှသော နယ်မြေကြီး၌ အဆုံးမဲ့ မြို့တော်နှင့် အာကာသ ဝေဟင်ဂိုဏ်းတို့မှာ ချွန်ထွက်နေသည့် အင်အားစုများ မဟုတ်ချေ။

ကာကွယ်သူ မြို့တော်တွင် ဆိုလျှင် လစာကြည့်တိုက်မှူးများ၊ ခရီးသွား အကယ်ဒမီ၊ အချိန် ကာကွယ်သူများနှင့် မြို့တော်သခင် ခြံဝန်းတို့ ရှိပေသည်။ ထိုအင်အားစု လေးခုမှာ အင်အားချင်း တူညီကာ ဘက်‌ပေါင်းစုံတွင် ပခုံးချင်း ယှဉ်နိုင်ပေသည်။ ဝေ့ဝူယင်မှာ အဂ္ဂိရတ်နှင့် အာကာသ လမ်းစဉ်တို့တွင် အလွန် ပါရမီပါသူ တစ်ယောက် ဖြစ်သည့်တိုင် သတိထားသင့်သည့် အရာများစွာ ရှိနေသေးဆဲ ဖြစ်သည်။

“...”

လျူစုယင်၏ စကားက မိန်းမပျိုလေး၏ မျက်နှာကို ဖျပ်ခနဲ ပျက်သွားစေခဲ့၏။ သူမ၏ စကားထဲမှ “မကောင်းသည့်လူ” ဆိုသည်မှာ သူမကို ရည်ရွယ် နေကြောင်း အရူးတစ်ယောက်ပင် ခန့်မှန်းနိုင်လိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်က လျူစုယင်ကို ပြုံးပြလိုက်၏။ လက်တွေ့ကျကျ စဉ်းစားရမည် ဆိုပါက... မကောင်းသည့် လူများထဲတွင် မိန်းမပျိုလေးကိုသာ မက လျူယင်လန်းကိုပါ ထည့်သွင်းရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... သူ ထိုအတွေးကို စိတ်ထဲ၌ သိမ်းဆည်းလိုက်ရင်း...

“ဒါနဲ့... ကျုပ်က သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်တာနဲ့ပဲ ခရီးသွား အကယ်ဒမီထဲကို လွယ်လွယ်ကူကူ ဝင်လို့ ရတာလားဗျ”

“အမ်...”

မိန်းမပျိုလေးမှာ ဝေ့ဝူယင်၏ မေးခွန်းကို အံ့အားသင့် သွားဟန် ရ၏။ သူမ၏ တုန့်ပြန်မှုက ဝေ့ဝူယင် ထိုအကြောင်းအရာအား မသိသည့် အပေါ် မယုံကြည်နိုင် ဖြစ်နေပုံ ပေါ်သည်။ သို့သော်လည်း... မိန်းကလေးက အလျှင်အမြန်ပင် လှပသည့် အပြုံးတစ်ခုကို ဆင်မြန်းလိုက်ရင်း...

“အလွှာကြားက လောကမှာ ဖန်တီးခြင်း ပညာရှင်တွေ အားလုံးက အနန္တ အသွင်ပြောင်းခြင်း ခရီးသွား အကယ်ဒမီရဲ့ အဖွဲ့ဝင်တွေချည်းပဲလေ... “

“ဒါပေမဲ့ ကိုယ့်ရဲ့ ရာထူးကတော့ ကျွမ်းကျင်မှု အဆင့်ပေါ် မူတည်တာပေါ့... သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ ဆိုရင် တာအို လမ်းညွှန်သူ အဆင့်မှာ ရှိကြတယ်... ဂိုဏ်းထဲမှာ ရှိတဲ့ လမ်းညွှန်သူ တစ်ယောက်ရဲ့ အမြင့်ဆုံး အဆင့်အတန်းပေါ့လေ...”

“အဂ္ဂိရတ် ပညာရှင်တွေလိုပဲ အခြား ဖန်တီးခြင်း ပညာရှင်တွေဟာလည်း သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ ကိုက်ညီတဲ့ အဆင့်အတန်းနဲ့ ခံစားခွင့်တွေကို ရကြတယ်... အလွှာကြားက လောကမှာ ဖန်တီးခြင်း ပညာရှင်တွေ အတွက် အနန္တ အသွင်ပြောင်းခြင်း အကယ်ဒမီထက် ပိုကောင်းတဲ့ နေရာ မရှိဘူး”

“တာအို လမ်းညွှန်သူ...” ဝေ့ဝူယင် စိတ်ဝင်စား သွားခဲ့သည်။

“သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေက တာအို လမ်းညွှန်သူတွေ ဆိုရင် အဂ္ဂိရတ် ရှန့်ထိုတွေက‌ရော ဘယ်အဆင့်မှာလဲဗျ”

သူ ထပ်မံ၍ မေးလိုက်၏။

“အဂ္ဂိရတ် ရှန့်ထို ဖြစ်လာတဲ့ လူတွေကို အလွှာကြားက လောက အပြင်ဘက် ပို့ပစ်လေ့ ရှိတယ်... အထူးအခြေအနေတွေက လွဲလို့ သူတို့ကို ဒီမှာ ဆက်နေခွင့် မပြုဘူး... အထူး အခြေအနေ ဆိုတာက အာဏာရှင် အင်ပါယာပေးတဲ့ ချွင်းချက်လို နေပိုင်ခွင့်မျိုးပေါ့”

ဦးဆောင် ဖြေဆိုသူ နေရာကို ဆုံးရှုံးသွားမှာ စိုးရိမ်သည့် အလား ယခုတစ်ကြိမ်တွင် လျူစုယင်က ဝင်ရောက်၍ အဖြေပေးလိုက်သည်။ မိန်းမပျိုလေးမှာ လျူစုယင်၏ ကြားဖြတ် ဝင်ရောက် ဖြေဆိုမှုကို စိတ်ရှိပုံ မရချေ။ သူမက ထိုရှင်းလင်းချက်ကိုပင် လက်ခံသည့် အလား ခေါင်းညိတ်လိုက်ရင်း...

“ရေစက်ကြိုးပိုင်ရှင် တစ်ယောက်က သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့် မထားခဲ့ဘူး... ပုံမှန်ဆိုရင် သူတို့က အာကာသ ဥပဒေသကိုပဲ အာရုံစိုက်ကြတာ မလား... အဲဒီတော့ ဦးနှောက်က တွေးနိုင်စွမ်း သိပ်မရှိတော့ဘူးလေ”

“...”

လျူစုယင်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ထိုစကားလုံးများက သူမကို ရည်ရွယ်၍ စော်ကားနေကာ အထင်းသားပင် ဖြစ်လေသည်။

သို့သော်လည်း... ဝေ့ဝူယင်ကတော့ ခြားနားသည့် အတွေးနှင့် မျက်မှောင်ကြုတ် လိုက်၏။

“ထွက်ခွာခွင့်က လောက အဆင့် အဂ္ဂိရတ် ရှန့်ထိုတွေကိုပဲ ပေးထားတာ မဟုတ်ဘူးလား... ဘယ်တုန်းက အဂ္ဂိရတ် ရှန့်ထို အားလုံး ဖြစ်သွားတာလဲ...”

ချိပ်ပိတ်နယ်မြေ အတွင်းတွင်ဆိုလျှင် မြေကြီး အဆင့် အဂ္ဂိရတ် ရှန့်ထို သုံးယောက် အထိ ရှိသည်။ သူတို့က အဘယ်ကြောင့် ဆက်လက် နေခွင့် ရှိနေရသနည်း။

“အဲဒီ စည်းမျဉ်းက အလွှာကြားက လောကနဲ့ ချိပ်ပိတ် နယ်မြေထဲမှာ ရှိတဲ့ ‌‌ရေစက်ကြိုး ပိုင်ရှင်တွေနဲ့ ရှာဖွေသူတွေ အတွက်ပဲ... ပုံမှန်လူတွေ အတွက်ကိုတော့ အဲဒီ ကန့်သတ်ချက်တွေ ချမှတ် မထားဘူး...”

မိန်းမငယ်လေးက သနားဟန်ဖြင့် ဝေ့ဝူယင်နှင့် လျူစုယင်တို့ကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။

“အဂ္ဂိရတ် ရှန့်ထို ဖြစ်လာတဲ့ ရေစက်ကြိုး ပိုင်ရှင်တွေနဲ့ ရှာဖွေသူတွေကတော့ ကြီးကျယ် မြင့်မြတ်တဲ့ ကမ္ဘာလောကရဲ့ အနာဂတ် ကာကွယ်သူတွေကို ပျိုးထောင်ပေးဖို့ တာဝန်ထပ်ယူကြရတယ်လေ”

"...”

ဝေ့ဝူယင်မှာ မိန်းကလေး၏ စကားထဲမှ လေးနက်မှုကို နားလည်လိုက်၏။ ရေစက်ကြိုး ပိုင်ရှင်များနှင့် ရှာဖွေသူများမှာ တာဝန် ဝတ္တရားနှင့် ကျိန်စာများထဲတွင် အမြဲတမ်း ပိတ်မိနေကြသူများ ဖြစ်သည်။ အဂ္ဂိရတ် ရှန့်ထိုများ ဖြစ်လာလျှင်ပင် သူတို့မှာ ထိုပါရမီကို အသုံးပြုကာ နောက်ထပ် မျိုးဆက်များကို ပျိုးထောင် ပေးကြရသည်။

“ဒါဆို အကယ်ဒမီရဲ့ ခေါင်းဆောင်က အဂ္ဂိရတ် ရှန့်ထို တစ်ယောက် မဟုတ်ဘူးလား...”

ဝေ့ဝူယင် ထပ်မံ၍ မေးလိုက်၏။

"ဟင်း... ဟင်း...”

မိန်းမပျိုလေးက ဝေ့ဝူယင်၏ မေးခွန်းကို သဘောကျဟန်ဖြင့် ရယ်မောလိုက်သည်။

“အနန္တ အသွင်ပြောင်းခြင်း ခရီးသွား အကယ်ဒမီက အဂ္ဂိရတ် ပညာရှင်တွေ အတွက် သီးသန့် တည်ထောင်ထားတဲ့ အကယ်ဒမီမှ မဟုတ်တာ... ဖန်တီးခြင်း ပညာရှင်တွေ အားလုံး အတွက်လေ အရှင် အဂ္ဂိရတ် အာဏာရှင်ရဲ့... ကျွန်မတို့ရဲ့ ခေါင်းဆောင်ကြီးက ဖန်တီးခြင်း တာအို အမျိုးမျိုးမှာ ပါရမီပါတဲ့ လူတစ်ယောက်လို့ ဆိုရမှာပဲ... အဂ္ဂိရတ် ထုတ်ကုန် ဖြစ်စေ...ကျင့်ကြံခြင်း နည်းလမ်းတွေ ဖြစ်စေ... ဝင်္ကပါ၊ အစီအရင်နဲ့ ချပ်ဝတ် လက်နက်တွေ ဖြစ်စေ... သူ မဖန်တီးနိုင်တဲ့ အရာ မရှိဘူး”

“...”

မိန်းမပျိုလေး၏ စကားကို ကြားမှ ဝေ့ဝူယင်မှာ သူ အကယ်ဒမီကို အဂ္ဂိရတ် အစည်းအရုံးနှင့် ချိန်ဆထိုးတာ များသွားကြောင်း သဘောပေါက် လိုက်၏။

“ကျုပ် နားလည်ပြီ...”

ဝေ့ဝူယင် ပြုံးရင်း ပြောလိုက်လေသည်။ အဂ္ဂိရတ် တိုက်ပွဲ ကျင်းပနေသည့် နေရာကို ဆက်လက် လမ်းလျှောက်လာကြရင်း မကြာမီမှာပင် မိန်းမပျိုလေး၏ နာမည်က ချောင်စွေ့ဖုန်း ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိလာရသည်။

ထို့အပြင်... တာအို လမ်းညွှန်သူများ အကြောင်းနှင့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ လုပ်ပိုင်ခွင့် အာဏာများ၊ အကယ်ဒမီမှ ပေးအပ်သည့် အခွင့်အ‌ေရး စသည်တို့ကိုလည်း သိရှိလာရသည်။ ထို့အပြင်... အလွှာကြားက လောကတွင် သူက တစ်ဦးတည်းသော သေမျိုး အဂ္ဂိရတ် အာဏာရှင် မဟုတ်ချေ။ တစ်ရာ မပြည့်သေးသည့် အသက်အရွယ်ကြောင့် ရှားပါး ရတနာ တစ်ခုဟု ဆိုနိုင်သော်လည်း အကယ်ဒမီ အတွင်း၌ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်နှင့် အလွန် ထူးချွန်သည့် ပါရမီရှင်များစွာ ရှိနေပေသေးသည်။

လက်ရှိ ကျင်းပနေသည့် အဂ္ဂိရတ် တိုက်ပွဲ ပင်လျှင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် ပညာရှင် နှစ်ယောက် အကြားတွင် ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးမှာ သေမျိုးများ ဖြစ်ကြကာ တာအို အာဏာရှင် ဇယား အဆင့် ဆယ့်သုံးနေရာ အတွက် ယှဉ်ပြိုင် တိုက်ခိုက် နေကြခြင်းဖြစ်သည်။

တာအို အာဏာရှင် ဇယား ဆိုသည်မှာ ထိပ်တန်း သေမျိုး အဂ္ဂိရတ် အာဏာရှင် အယောက် နှစ်ဆယ် အတွက် စီထားသော ဇယားဖြစ်ကာ အဂ္ဂိရတ် တိုက်ပွဲများမှ ရရှိသော အမှတ်၊ ဆေးဖော်စပ်ရာတွင် အောင်မြင်မှုနှုန်း၊ အကဲဖြတ် စာမေးပွဲ အမှတ် စသည်တို့ကို အခြေပြုကာ တွက်ချက် သတ်မှတ်သည်။

ဤသို့နှင့် နာရီ အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက်... ဝေ့ဝူယင်မှာ သူ ဆိုက်‌‌ရောက်လာခဲ့သည့် နေရာကို ကြည့်ကာ အံ့အားသင့်သွားတော့သည်။ ၎င်းက အကယ်ဒမီ၏ အလယ်တွင် တည်ရှိနေသည့် အဓိက မျှော်စင်ကြီး မဟုတ်ချေ။ ၎င်း၏ ဘေးရှိ အလွန် ကြီးမားကျယ်ပြန့်လှသော ကွင်းပြင်ကျယ် ခန်းမကြီးပင် ဖြစ်လေသည်။ အော်ဟစ် အားပေးသံများ၊ ဆွေးနွေးသံများမှာ ထိုအတွင်းမှ ကြောက်မက်ဖွယ် ကောင်းအောင်ပင် ထွက်ပေါ်နေ၏။ အဆောက်အအုံကြီး၏ အရွယ်အစားမှာ အလွန်ပင် ကြီးမားလွန်းရကား လူသန်းပေါင်းများစွာပင် ချောင်ချောင်ချိချိ ကာမိလိမ့်မည် ဖြစ်သည်။

ကွင်းပြင်ကြီး၏ ဂိတ်ပေါက်တွင်တော့ သေမျိုးတစ်ပိုင်း အရှင် အဆင့် အစောင့်များက စောင့်နေခဲ့၏။ သို့သော်လည်း... ဝေ့ဝူယင် အဂ္ဂိရတ် ကြယ်တာရာများကို ထုတ်ဖော် ပြသလိုက်သည်နှင့် လွယ်လွယ်ကူကူပင် အထဲသို့ ဝင်ခွင့် ရရှိခဲ့သည်။

နောက်ဆုံးတွင်တော့ ဝေ့ဝူယင်မှာ ကွင်းပြင်ကျယ် ခန်းမကြီး၏ အလယ်၌ အဂ္ဂိရတ် မြူနှင်းများ ဝန်းရံ၍ ဆေးဖော်စပ်နေသည့် နှစ်ယောက်ကို တွေ့မြင်လိုက်ရတော့သည်။ ထိုနှစ်ယောက်ကို တွေ့မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင်၏ အမူအရာမှာ အကြီးအကျယ်ပင် ပြောင်းလဲ သွားတော့သည်။

“အဲဒီ ကောင်မလေးလား...”

****

All Chapters