အတွေ့အကြုံသစ်
Vol. 79 Ch. 1100
ပုံရိပ် နှစ်ခုမှာ စင်မြင့်ထက်၌ ရှိနေကြ၏။ သူတို့၏ အမူအရာများက အလွန်ပင် သုန်မှုန်နေကာ ဆေးဖော်စပ်မှုကို အပြည့်အဝပင် အာရုံစိုက် နေကြသည်။ သူတို့၏ လှုပ်ရှားမှုများက အလွန်ပင် သွက်လက်လှကာ ပြင်ပ အကူအညီ မပါပဲ မှော်ဆေးအိုးကို ကိုင်တွယ်နေပုံများက ကြည့်၍ပင် ကောင်းလှသေးသည်။
ထို့အပြင် ပါဝင် ယှဉ်ပြိုင်သူ နှစ်ယောက်စလုံးမှာ အလွန် လှပလှသော မိန်းကလေးများ ဖြစ်ကြပေသည်။ တစ်ယောက်က လူသား မျိုးနွယ် ဖြစ်ကာ နောက်တစ်ယောက်ကတော့ အယ်ဗန်မျိုးနွယ် ဖြစ်သည်။ ပထမ တစ်ယောက်မှာ ဝေ့ဝူယင်၏ အမူအရာကို အပြောင်းလဲကြီး ပြောင်းလဲ စေခဲ့သူ ဖြစ်သည်။ သူမကို ဤနေရာတွင် တွေ့ရှိရလိမ့်မည်ဟု ဝေ့ဝူယင် လုံးဝ တွေးမထားခဲ့ပါချေ။
သူမမှာ ခါးထိေရာက်အောင် ရှည်သည့် ကျန်မာ သန်စွမ်းလှသော ဆံနွယ်များကို ပိုင်ဆိုင်ထား၏။ သူမ၏ မျက်ဝန်းများကတော့ အပြာရောင် အဆင်းဖြင့် အလွန်ပင် လှပ တင့်တယ်နေသည်။ သူမ၏ ခန္ဓာကိုယ်က သေးသွယ်လှသော်လည်း ပိန်လှီနေသည်တော့ မဟုတ်ချေ။ ပြီးပြည့်စုံသည့် အသားစိုင် အလှအပများနှင့် အတူ ကြော့ရှင်းသူ တစ်ယောက်ဟု ဆိုနိုင်ပေလိမ့်မည်။ သူမ ကောင်းကင်၏ ပြီးပြည့်စုံသော ဖန်တီးမှု လက်ရာ တစ်ခု ဖြစ်ပေသည်။
ထိုမိန်းကလေးမှာ ထန်းေရှာင်လော့မှ တစ်ပါး မည်သူ ဖြစ်နိုင်တော့မည်နည်း။ အင်ပါယာ ထျန်းမျိုးနွယ်၏ ကောင်းချီးခံ၊ ထျန်းမူယန်၏ ချစ်လှစွာသော တူမကို အလွှာကြားက လောကတွင် တွေ့မြင်ရလိမ့်မည်ဟု ဝေ့ဝူယင် လုံးဝ မျှော်လင့် မထားခဲ့ချေ။ ထို့အပြင်... သူမမှာ အဂ္ဂိရတ် တိုက်ပွဲ တစ်ခုတွင်ပင် ပါဝင် နေလိုက်သေးသည်။
ထျန်းေရှာင်လော့မှာ ဝေ့ဝူယင်ကို အံ့အားသင့်စေခဲ့သည့် တစ်ဦးတည်းသော လူတော့ မဟုတ်ချေ။ သူမ၏ ပြိုင်ဘက်သည်လည်း အလားတူပင် အံ့အားသင့်မှုများကို ယူဆောင်လာခဲ့ပေသည်။ မိန်းကလေးကို ကြည့်ရင်း ဝေ့ဝူယင်မှာ အတိတ် နေ့ရက်များထံမှ ငယ်ရွယ် လန်းဆန်းမှုများကိုပင် ပြန်လည် ရရှိလိုက်သလို ခံစားလိုက်ရသည်။
အယ်ဗန်မျိုးနွယ် မိန်းမလေးမှာ သူမ၏ မှော်ဆေးအိုးပေါ် အပြည့်အဝ အာရုံစိုက်နေကာ သန့်စင်သည့် အဂ္ဂိရတ် အင်အားများကို အကြီးကျယ်ဆုံး ပမာဏ တစ်ခုအထိ ပို့လွှတ်ပေးနေခဲ့သည်။ သူမက သုံးလွှာ ကြယ်တာရာ နယ်မြေတွင် ဝေ့ဝူယင်နှင့် ခေတ်ပြိုင် ထာဝရ နတ်မိမယ်လေး အဖြစ် ကျော်ကြားခဲ့သည့် တစ်ဦးတည်းသော ချင်ကူးယဉ်ပင် ဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက အာရုံဦး အာဏာရှင် ဧကရာဇ်ဘွဲ့အား ရရှိခဲ့သည့်နေရာတွင် ဝေ့ဝူယင်နှင့် ချင်ကူးယဉ်တို့မှာ အဂ္ဂိရတ် တိုက်ပွဲ နွှဲခဲ့ဖူးသည်။ နောက်ဆုံး ရလဒ်က ခေတ်သစ် တစ်ခုအား အစပျိုးစေခဲ့ကာ ဝေ့ဝူယင်၏ ကျင့်ကြံခြင်း နှလုံးသား အပေါ်တွင်လည်း သက်ေရာက်မှုများ ဖြစ်ပေါ်စေခဲ့လေသည်။
“နင် သူ့ကို သိတာလား...”
လျူစုယင်က ဝေ့ဝူယင်နှင့် ဘေးချင်းယှဉ် ရပ်ရင်း ထျန်းေရှာင်လော့၏ ပုံရိပ်ကလေးကို စိုက်ကြည့်ကာ မေးလိုက်လေသည်။ သူမ၏ လေသံက စူးစမ်းလိုမှုများနှင့် ပြည့်နှက်နေ၏။
"ကျုပ် သူတို့ နှစ်ယောက်စလုံးကို သိပါတယ်...”
ဝေ့ဝူယင်က ဝန်ခံလိုက်၏။ ထို့နောက် သူက တစ်စုံတစ်ရာကို စဉ်းစားမိဟန်ဖြင့် လျူစုယင်ဘက်ကို အံ့အားသင့်စွာ လှည့်ကြည့်ရင်း မေးလိုက်သည်။
“ဆံပင် အပြာေရာင်နဲ့ တစ်ယောက်ကို ခင်ဗျား မသိတာလား...”
လျူစုယင်က ထျန်းေရှာင်လော့၏ ပုံရိပ်ကို စိုက်ကြည့်လိုက်၏။ သို့သော်လည်း... သူမ၏ မှတ်ဉာဏ်ထဲတွင် မည်သည့် အချက်အလက်ကိုမှ ရှာဖွေ မတွေ့သည့် အလား ခေါင်းခါလိုက်သည်။
“မသိဘူး... သူက ဘယ်သူလဲ...”
“ကျုပ်ကို ထျန်းမူယန်က မိတ်ဆက်ပေးဖူးတယ်... သူ့နာမည်က ထျန်းေရှာင်လော့တဲ့... အင်ပါယာ မျိုးနွယ်ရဲ့ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ပေါ့”
ဝေ့ဝူယင် ပြုံးရင်း ရှင်းပြလိုက်၏။ ရုတ်တရက် ထာဝရ အစည်းအရုံး၏ မဟာစက်ဝန်း ရှန့်ထို ညီလာခံကို ဝေ့ဝူယင် ပြန်လည် သတိရလိုက်မိသည်။ ထာဝရ အစည်းအရုံးက ထျန်းေရှာင်လော့ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်သည်ကို မသိသည်လော။ သို့တည်းမဟုတ်... သူမ ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့် မထားသည်လော။
“ထျန်းေရှာင်လော့...”
လျူစုယင်က နာမည်ကို ခပ်ဖွဖွ လိုက်ကာ ရေရွတ်လိုက်၏။ ထို့နောက် သူမ၏ ရေခဲ မျက်နှာထက်တွင် အံ့အားသင့်သည့် အမူအရာများ ဖြစ်ပေါ်လာကာ ဝေ့ဝူယင်ကို ပြန်ကြည့်လိုက်သည်။
“အဲဒီ ထျန်းေရှာင်လော့လား...”
"...”
လျူစုယင်၏ အသုံးအနှုန်း အပေါ် ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် သွားခဲ့၏။ ထျန်းေရှာင်လော့က တစ်ခုခု ထူးခြား၍လော။
လျူစုယင်က ခပ်မြန်မြန်ပင် စိတ်ကို ပြန်လည် စုစည်းကာ ရှင်းပြလိုက်သည်။
“ငါ သူ့ကို တစ်ခါမှတော့ မမြင်ဖူးဘူး... ဒါပေမဲ့ အဲဒီ နာမည်ကိုတော့ ကြားဖူးတယ်... သူက ချိပ်ပိတ် နယ်မြေထဲက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်ရဲ့ တပည့်လေ... အဂ္ဂိရတ် ရှန့်ထို ဖြစ်လာပြီးတဲ့နောက် လက်ခံခဲ့တဲ့ တစ်ဦးတည်းသော တပည့်ပေါ့”
“ဘာကြီး... ဘယ် အဂ္ဂိရတ် ရှန့်ထိုလဲ... မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုလား...”
လျူစုယင်၏ စကားကြောင့် အံ့အားသင့် မသွားဟု ဆိုလျှင် ဝေ့ဝူယင် လိမ်ရာ ကျလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... သူ၏ အံ့အားသင့်မှုက တဒင်္ဂမျှသာ ဖြစ်၏။ မည်သို့ပင် ဆိုစေ... ထိုမိန်းကလေးမှာ ကောင်းချီးခံ တစ်ယောက် ဖြစ်ပေသည်။ ထိုကဲ့သို့ ကံကြမ္မာမျိုး ဖြစ်ပေါ်လာသည်မှာ မဆန်းကြယ်ပါချေ။
"ဟုတ်တယ်...”
လျူစုယင်က ခေါင်းညိတ်လိုက်၏။ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုမှာ ထာဝရ ဧကရာဇ်၏ တပည့် အဖြစ် ကောလဟလများ ရှိခဲ့သူ ဖြစ်သည်။ ထို့အပြင်... သူမမှာ ထာဝရ ဧကရာဇ်၏ လမ်းစဉ် အတိုင်း အဂ္ဂိရတ် ဝိညာဉ်ကို ကျင့်ကြံကာ လျှို့ဝှက် အာဏာရှင် အဆင့်ကို ဝင်ေရာက်ခဲ့သူ တစ်ယောက် အဖြစ် အလွန် ကျော်ကြားသည်။
ထိုလမ်းစဉ်မှာ အလွန်ပင် ခက်ခဲလွန်းလှသည်။ ဘယ်လောက်အထိ ခက်ခဲသနည်း ဆိုသော်... မဟာစက်ဝန်း ရှန့်ထို ညီလာခံ ပလ္လင်ထက်၌ ထိုင်နေသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များထဲတွင် အဂ္ဂိရတ် ဝိညာဥ်ကို ကျင့်ကြံသည့် ကျင့်ကြံသူ တစ်ယောက်ပင် မပါရှိချေ။ ထို့အပြင် သူတို့ အားလုံးမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်ကြပေသည်။ ပရိသတ်များထဲ၌ ညီလာခံကို တက်ရောက်လာခဲ့သည့် အဂ္ဂိရတ် ဝိညာဉ်ပိုင်ရှင် တစ်ချို့ ရှိခဲ့သော်လည်း သူတို့မှာ အလွန်ဆုံးမှ လျှို့ဝှက် ကြယ်တာရာ အဆင့်သို့ ရောက်ရှိကြသည်။
လျူစုယင်က ထျန်းေရှာင်လော့၏ ပြိုင်ဘက်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်၏။ လူသား တစ်ယောက် မဟုတ်သည်ကို သတိထားမိသောအခိုက်၌ သူမ မျက်ဝန်းများထဲတွင် အံ့အားသင့်သည့် အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။
ဤသည်က အလွှာကြားက လောကတွင် အယ်ဗန်မျိုးနွယ်ဝင် တစ်ယောက်ကို ပထမဆုံး အကြိမ် အဖြစ် လျူစုယင် တွေ့မြင်ဖူးခြင်း ဖြစ်သည်။
ကျင့်ကြံခြင်း လောက၌ အယ်ဗန်မျိုးနွယ်ဝင်များကို အဆင့်နိမ့် မျိုးနွယ်များ အဖြစ် သတ်မှတ်ထားကြသည်။ ရှို့ရန်နှင့် အခြား မျိုးနွယ် နှစ်ခုမှာလည်း အလားတူ ကံကြမ္မာမျိုးကို ပိုင်ဆိုင်ထား၏။ အလွှာကြားက လောကတွင် သူတို့ကို ရေစက်ကြိုးပိုင်ရှင်နှင့် ရှာဖွေသူများ ဖြစ်လာဖို့ မထိုက်တန်ဟု ယူဆ ထားကြသည်။ ချိပ်ပိတ် နယ်မြေ ပြင်ပတွင် ဆိုလျှင် အဆင့်မြင့် မျိုးနွယ်များမှာ သူတို့ကို ဖမ်းဆီးကာ ကျွန်ပြု ခိုင်းစေတာမျိုးပင် လုပ်လေ့ ရှိသည်။ ချိပ်ပိတ်နယ်မြေ အတွင်းတွင်ပင် ထိုကဲ့သို့ သက်ေရာက်မှုများ ရှိပေသည်။
ဝေ့ဝူယင် ထိုင်စရာ နေရာ တစ်ခု ရှာဖွေရန် လှည့်ပတ်ကာ ကြည့်လိုက်၏။ သို့သော်လည်း... ကွင်းပြင်ကျယ် အဆောက်အဦကြီး အတွင်းရှိ သန်းပေါင်းများစွာသော ထိုင်ခုံများမှာ လူများဖြင့် ပြည့်နှက် နေခဲ့ပေသည်။ သူတို့ အတွက် ဖင်ချစရာ နေရာတစ်ခုပင် မရှိတော့ချေ။
အခြားတစ်ဖက်၌ ချောင်စွေ့ဖုန်းမှာ ဝေ့ဝူယင်တို့၏ စကားဝိုင်းကြောင့် အနည်းငယ် အံ့အားသင့် နေခဲ့၏။ ထျန်းေရှာင်လော့မှာ ချိပ်ပိတ် နယ်မြေ အဂ္ဂိရတ် ရှန့်ထို တစ်ဦး၏ တပည့် ဖြစ်ကြောင်း သူမ လုံးဝ မသိခဲ့ပါချေ။ ထိုမိန်းကလေး သည်လောက် ထူးချွန်တာ အံ့အားသင့်စရာ မရှိတော့ချေ။
မကြာခင်မှာပင် ဝေ့ဝူယင် ထိုင်စရာ နေရာ ရှာဖွေနေကြောင်း ချောင်စွေ့ဖုန်း သတိထားမိလိုက်၏။
“အရှင် အဂ္ဂိရတ် အာဏာရှင်... အရှင့် အတွက် ထိုင်ခုံက ဟိုအပေါ်မှာပါ...”
သူမက နူးညံ့ညင်သာစွာ ပြုံးလိုက်ရင်း ပရိတ်သတ် ထိုင်ခုံတန်း အပေါ်ဆုံးရှိ လေးထောင့် သဏ္ဌာန် သီးသန့် အလုံပိတ် အခန်းများကို ညွှန်ပြကာ ပြောလိုက်သည်။
ဝေ့ဝူယင် အပေါ်သို့ မော့ကြည့်လိုက်၏။ ၎င်းက ကွင်းပြင်ကြီး၏ အမြင့်ဆုံး နေရာတွင် ရှိနေကာ အကောင်းဆုံးသော ရှုထောင့်နှင့် မြင်ကွင်းများများကို ပိုင်ဆိုင်ထားကြောင်း သံသယ ရှိစရာ မလိုပါချေ။ ထို့အပြင်... ၎င်းတို့၏ အေရှ့ ဝေဟင်ထက်၌ အလွန် ကြီးမားလှသော ဝိညာဉ် မျက်နှာပြင်ကြီးများ ရှိနေကြပေသည်။ ၎င်းတို့မှာ ထျန်းေရှာင်လော့နှင့် ချင်ကူးယဉ်တို့၏ အဂ္ဂိရတ် တိုက်ပွဲကို ရှုထောင့် ပေါင်းစုံမှ နေ၍ တိုက်ရိုက် ပြသနေပေသည်။
“ဒါဆိုလည်း သွားကြမယ်လေ...”
ဝေ့ဝူယင်က ပြောလိုက်၏။ ထို့နောက်တွင်တော့ သူတို့ သုံးယောက်မှာ ထိုင်ခုံ အဆင့်ဆင့်ကို ဖြတ်သန်းကာ လှေကားများ တစ်လျှောက် အပေါ်သို့ တက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်၌ လူအများစုမှာ ကောင်းကင်ထက်ရှိ ဝိညာဉ် မျက်နှာပြင်ကိုသာ မော့ကြည့် နေကြကြောင်း ဝေ့ဝူယင် သတိထားမိလိုက်သည်။ သူတို့၏ မျက်လုံးများက ဝိညာဉ်အလင်းများနှင့် တဖျပ်ဖျပ် တောက်ပနေကြ၏။
ကြည့်ရသည်က... ဝိညာဉ် မျက်နှာပြင်များမှာ ပြင်ပ မြင်ကွင်းထက် ပရိသတ်များ အတွက် ပိုမို ကောင်းမွန်သည့် မြင်ကွင်းနှင့် အတွေ့အကြုံများကို ပေးစွမ်းနိုင်စွမ်း ရှိကြပုံ ရလေသည်။
ဝေ့ဝူယင် လျှောက်လာရင်း အထက်ရှိ အထူးခန်းများကို မော့ကြည့်လိုက်၏။ ထိုနေရာများသို့ ရောက်ရှိရန် အတွက် လှေကားထစ် ထောင်နှင့်ချီကာ တက်ရလိမ့်မည် ဖြစ်သည်။ အလွှာကြားက လောက၌ ပျံသန်းခြင်းကို အဘယ်ကြောင့် တားမြစ်ထားကြောင်း ဝေ့ဝူယင် စိတ်ဝင်တစား တွေးလိုက်မိ၏။ ထိုအရာက အထူး အခြေအနေ တစ်ရပ်ကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ရုတ်တရက်... ဝေ့ဝူယင် တစ်စုံတစ်ခုကို သတိရသွားကာ ချောင်စွေ့ဖုန်းဘက် လှည့်ကြည့်ရင်း မေးလိုက်၏။
“ဒါနဲ့... ခင်ဗျား ဘာလို့ ကျုပ်ကို အရှင် အဂ္ဂိရတ် အာဏာရှင်လို့ ခေါ်ရတာလဲ... တာအို လမ်းညွှန်သူလို့ ဘာလို့ မခေါ်တာလဲ”
သူမက ပြောခဲ့သလောက် ဆိုလျှင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ တာအို လမ်းညွှန်သူများ ဖြစ်ကြသည်။ သူမ ကိုယ်တိုင်ကတော့ လက်ထောက် တာအို လမ်းညွှန်သူ တစ်ယောက် ဖြစ်သည်။ ရာထူး အတိုင်း ဆိုလျှင် သူမ အနေဖြင့် သူ့ကို တာအို လမ်းညွှန်သူ ဟုသာ သုံးနှုန်း သင့်ပေသည်။
ချောင်စွေ့ဖုန်းက ရှက်ရွံ့စွာဖြင့် ပြုံးလိုက်ရင်း...
“အရှင်ရဲ့ နာမည်ကို ခုထိ ကျွန်မ မသိရသေးဘူးလေ...”
“...”
ထိုအခါတွင်မှ ဝေ့ဝူယင်မှာ အကြောင်းရင်းကို နားလည် သဘောပေါက် သွားခဲ့၏။
“ဟုတ်သားပဲ... ကျုပ် နာမည်က ဝေ့ဝူယင်ပါ...”
***