ချင်ကူးယဉ်နှင့် ထျန်းေရှာင်လော့ (၂)
Vol. 79 Ch. 1102
အဂ္ဂိရတ် တိုက်ပွဲ အကြောင်း ပြန်လည် ေရာက်ရှိသွားသည်နှင့် ချောင်စွေ့ဖုန်း၏ မျက်ဝန်းများက စိတ်လှုပ်ရှားသည့် အငွေ့အသက်များဖြင့် တောက်ပသွား၏။
“အကယ်ဒမီ ပြင်ပက လူတွေ ခုထိ မသိသေးဘူး ဆိုတော့ အစကပဲ ရှင်းပြရတော့မယ် ထင်တယ်... ရှင်တို့ ခုမြင်နေရတဲ့ အယ်ဗန်မျိုးနွယ်က ချင်ကူးယဉ်တဲ့... အဂ္ဂိရတ် ဝိညာဉ် ပိုင်ရှင် တစ်ယောက်ပေါ့... နောက်ပြီး သူက အနန္တ အသွင်ပြောင်းခြင်း အဂ္ဂိရတ် ရှန့်ထိုရဲ့ နာမည်ခံ တပည့် တစ်ယောက်ပေါ့”
“သူက ဒီနေရာကို လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်က ေရာက်လာတာ... အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို ကိုယ်တိုင် တည်ဆောက်ထားခဲ့တဲ့ ဂိတ်တံခါး တစ်ခုကနေပေါ့... လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင် သမိုင်းမှာ အဲဒီ ေရှ့ဟောင်း ဂိတ်တံခါးကို ဖြတ်သန်းလာနိုင်ခဲ့တဲ့လူ မရှိဖူးဘူး... အနန္တ အသွင်ပြောင်းခြင်း ဥပဒေ အရဆိုရင် အဲဒီ ဂိတ်တံခါးကို ဖြတ်သန်းလာနိုင်တဲ့ ဘယ်သူမဆို ယောက်ျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် လူသား ဖြစ်ဖြစ် သားရဲ ဖြစ်ဖြစ် နတ်ဆိုး ဖြစ်ဖြစ် ဝိညာဉ် ဖြစ်ဖြစ် အနန္တ အသွင်ပြောင်းခြင်း ရှန့်ထိုရဲ့ နာမည်ခံ တပည့် ဖြစ်လာရမယ်လို့ ပြဌာန်းထားတယ်...”
“ကံဆိုးစွာနဲ့ပဲ ဂိတ်တံခါးရဲ့ အခြားတစ်ဖက်ကို ဘယ်သူမှ ရှာမတွေ့ခဲ့ကြသလို ဘယ်လို ဖြတ်သန်းရမယ် ဆိုတာကိုလည်း ဘယ်သူမှ မသိခဲ့ကြဘူး... ဆိုတော့ကာ အခွင့်အေရးက ကံကြမ္မာ အပေါ်မှာပဲ မူတည် တော့တာပေါ့လေ...”
ချောင်စွေ့ဖုန်းက နှမြောဟန်ဖြင့် ခေါင်းခါရင်း ပြောလိုက်လေသည်။ အဂ္ဂိရတ် သမား တစ်ယောက် အနေဖြင့် အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို၏ အမွေအနှစ်များကို မမက်မောသူ အဘယ်မှာ ရှိပါမည်နည်း။
ချောင်စွေ့ဖုန်း ရှင်းပြနေသည့် တစ်ချိန်တည်းတွင်ပင်... ဝေ့ဝူယင် ဒုတိယမြောက်စိတ်နှင့် ဆက်သွယ်ကာ အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို အကြောင်း အချက်အလက်များကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ဘာဆိုဘာမှ မတွေ့ရပါချေ။ သို့သော်လည်း... အနန္တ အသွင်ပြောင်းခြင်း ရှန့်ထိုမှာ ထာဝရ ကြယ်တာရာ နယ်မြေတွင် ကျော်ကြားခဲ့သည့် အနန္တ အသွင်ပြောင်းခြင်း အဂ္ဂိရတ် ပညာရှင်ပင် ဖြစ်နိုင်ကြောင်း သူ ကောက်ချက်ချလိုက်နိုင်၏။
“အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို ဆိုတာက ဘယ်သူလဲ...”
အံ့အားသင့်ဖို့ ကောင်းစွာပင် ထိုမေးခွန်းကို မေးလိုက်သူက လျူစုယင်ပင် ဖြစ်သည်။ အာကာသ ဝေဟင်ဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် အနန္တ အသွင်ပြောင်းခြင်း ရှန့်ထိုကို သူမ မသိရှိပဲ နေလိမ့်မည်ဟု ဝေ့ဝူယင် မျှော်လင့် မထားခဲ့ချေ။
“ဟုတ်သားပဲ... ရှင်က ကာကွယ်သူမြို့ခံမှ မဟုတ်တာ...”
ချောင်စွေ့ဖုန်းက မေးခွန်းကို မအံ့သြဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။
“အနန္တ အသွင်ပြောင်းခြင်း အဂ္ဂိရတ် ရှန့်ထိုက အလွှာကြားက လောက အပြင်ဘက်ကနေ လာတဲ့ အရမ်း ထူးချွန်တဲ့ အမျိုးသမီး တစ်ယောက်ပေါ့... တစ်ချို့ မှတ်တမ်းတွေ ဆိုရင် သူ့ကို လောက အဆင့် အဂ္ဂိရတ် ရှန့်ထို တစ်ယောက်လို့တောင် ဖော်ပြကြတယ်... အကယ်ဒမီမှာ ခဏလေးပဲ နေသွားပေမဲ့ အနန္တ အသွင်ပြောင်းခြင်း ရှန့်ထိုက နှစ်ပေါင်းများစွာ တည်တံ့စေမယ့် အမွေအနှစ်တွေကို ချန်ထားပေးခဲ့တယ်... ကောလဟလတွေ အရ ဆိုရင် ချင်ကူးယဉ်က အနန္တ အသွင်ပြောင်းခြင်း ရှန့်ထိုရဲ့ မျိုးဆက်တောင် ဖြစ်နိုင်တယ် တဲ့”
“အမျိုးသမီး...”
ဝေ့ဝူယင် အံ့သြသွားခဲ့၏။ ထာဝရ ကြယ်တာရာ နယ်မြမှ မှတ်တမ်းများ အရဆိုလျှင် အနန္တ အသွင်ပြောင်းခြင်း အဂ္ဂိရတ် ပညာရှင်မှာ အမျိုးသား တစ်ယောက်သာ ဖြစ်သည်။ သူ့ အကြောင်း မှတ်တမ်းများနှင့် ပန်းချီကားများစွာလည်း ရှိသည်။ ထို့အပြင်... သူက သေဆုံးသွားပြီဟု ကျော်ကြားသည်။
“ဆိုတော့ သူတို့ နှစ်ယောက်က အတူတူတော့ မဟုတ်ဘူးပေါ့...”
ဝေ့ဝူယင် သူ့မူလ ယူဆချက်ကို ပြန်လည်၍ ပြင်ဆင် လိုက်၏။ မည်သို့ပင် ဆိုစေကာမူ သူတို့ အကြားတွင် ဆက်စပ် ပတ်သက်မှုများ ရှိလိမ့်မည် ဖြစ်ကြောင်း သံသယ ဖြစ်စရာ မလိုပါချေ။ ထို့အပြင်... ချောင်စွေ့ဖုန်း ပြောသည့် ေရှ့ဟောင်း ဂိတ်တံခါး၏ အခြားတစ်ဖက်မှာ အနန္တ ဆန်းကြယ် မျှော်စင်ပင် ဖြစ်ပေလိမ့်မည်။ ထန်ဂူ သတ္တဝါကြောင့် ထာဝရ ကြယ်တာရာ နယ်မြေ မပျက်စီးခင် ချင်ကူးယဉ်မှာ ထိုဂိတ်တံခါးမှ ထွက်ခွာကာ အလွှာကြားက လောကို ေရာက်ရှိလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“ဒါဆို အဲဒီ အယ်ဗန်မျိုးနွယ်နဲ့ ထျန်းေရှာင်လော့တို့က ဘာလို့ တိုက်ခိုက် နေတာလဲ...”
လျူစုယင်က ထပ်မံ၍ မေးလိုက်၏။
အဖြေမဖြေခင် ချောင်စွေ့ဖုန်း၏ မျက်ဝန်းများက လောဘ အငွေ့အသက် တစ်ချို့ဖြင့် လင်းလက် သွား၏။
“တာအို လမ်းညွှန်သူ ထျန်းေရှာင်လော့က ရတနာ အမွေအနှစ် အတွက် ချင်ကူးယဉ်ကို စိန်ခေါ်ခဲ့တာ... ပိုပြီး တိတိကျကျ ပြောရရင် ချူးစို့သာ မှော်သန့်စင် ဆေးအိုး အတွက်ပေါ့လေ... အဲဒီ မှော်ဆေးအိုးထဲမှာ အနန္တ အသွင်ပြောင်းခြင်း ရှန့်ထိုရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းထားတယ်လို့ ပြောကြတယ်...”
“ထျန်းေရှာင်လော့က ချင်ကူးယဉ်ကို လွယ်လွယ်ကူကူ စိန်ခေါ်ခွင့် ရခဲ့တာ မဟုတ်ဘူး... ရွှင်းစု တာအို တိုက်ပွဲတွေ အများကြီး ဆင်နွှဲပြီး အခြား ကျော်ကြားတဲ့ တာအို လမ်းညွှန်သူတွေကို အနိုင်ယူခဲ့ရသေးတယ်... သူက လုံးဝကို တားဆီးလို့ မရတဲ့ စစ်သည်တော်လိုပဲ”
“ရွှင်းစု တာအို တိုက်ပွဲ...”
ဝေ့ဝူယင် စိတ်ဝင်စား သွားခဲ့၏။ ထိုနာမည်ကို သူ တစ်ခါမှ မကြားဖူးချေ။
“ရွှင်းစု တာအို တိုက်ပွဲကို အတိုချုံး တိုက်ပွဲလို့ ပြောလို့ ရတယ်... ဖန်တီးခြင်း ပညာရှင်တွေကြားမှာ တူညီတဲ့ ထုတ်ကုန် တစ်ခုကို သုံးရက်တည်းနဲ့ အပြီး ဖော်စပ်ပြရတဲ့ တိုက်ပွဲမျိုးပေါ့... ဗိသုကာနဲ့ ပန်းပဲ ပညာရှင်တွေ ဆိုရင်တော့ ကျင့်ကြံခြင်း နည်းလမ်းတွေကို မွမ်းမံတာတွေ၊ အဆောင် အစီအရင်တွေ ဖန်တီးတာမျိုးတွေနဲ့ ယှဉ်ပြိုင်ကြရတယ်... နယ်နိမိတ် ကျဉ်းကျဉ်းလေးထဲ ယှဉ်ပြိုင်ရတာ ဆိုတော့ အရမ်းကို ဘောင်ကျဉ်းတယ်...”
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ချင်ကူးယဉ်သာ နာမည်ခံ တပည့် ဖြစ်မလာဘူး ဆိုရင် ချူးစို့သာ မှော်ဆေးအိုး အတွက် အခြားလူတွေမှာ တိုက်ခိုက်ခွင့် မရှိဘူးလား...”
“အဲဒါက...”
ဝေ့ဝူယင်၏ မေးခွန်းက အနည်းငယ် ထူးဆန်းသလို ချောင်စွေ့ဖုန်း ခံစားလိုက်ရ၏။
“စည်းမျဉ်းတွေ အရဆိုရင် ချူးစို့သာ မှော်သန့်စင် ဆေးအိုးကို ပိုင်ဆိုင်မှ အနန္တ အသွင်ပြောင်းခြင်း ရှန့်ထိုရဲ့ အစစ်အမှန် တပည့် ဖြစ်လာမှာ... နာမည်ခံ တပည့်ကနေ အစစ်အမှန် တပည့် ဖြစ်လာဖို့ အတွက် မျိုးဆက် တစ်ခုလုံးမှာ အသန်မာဆုံး အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင်ထားကြောင်း သက်သေပြရတယ်... ချူးစို့သာ မှော်ဆေးအိုးကို စိန်ခေါ်လာတဲ့ ဘယ်သူ့ကို မဆို အနိုင်ယူ ပြရတယ်... ခုနက တာအို လမ်းညွှန်သူဝေ့ရဲ့ မေးခွန်းကို ဖြေရရင် ဟုတ်တယ်... တကယ်လို့ ချင်ကူးယဉ်သာ နာမည်ခံ တပည့် ဖြစ်မလာဘူး ဆိုရင် မှော်သန့်စင် ဆေးအိုးက ဖုန်တက်တဲ့ အတိုင်း ဆက်ရှိနေဦးမှာပဲ”
သူမ၏ အဖြေနှင့် အမူအရာက မည်သည့် ထူးဆန်းမှု၊ တရား မမျှတမှုကိုမှ ရှာမတွေ့ဟန် ရလေသည်။ ၎င်းက ချင်ကူးယဉ် အတွက် ကိုယ့်ကိုယ်ကို သက်သေပြရန် စမ်းသပ်ပွဲ တစ်ခု ဖြစ်သည်။ ဒဏ္ဍာရီများထဲမှ အနန္တ အသွင်ပြောင်းခြင်း အဂ္ဂိရတ် ရှန့်ထို၏ အမွေအနှစ်များကို ဆက်ခံလိုလျှင် ထိုအခက်အခဲလောက်ကိုတော့ ကျော်လွှားရပေလိမ့်မည်။
“...”
ဝေ့ဝူယင် မိန်းကလေး နှစ်ယောက်၏ ပုံရိပ်များကို လှမ်းကြည့် လိုက်မိ၏။ အဂ္ဂိရတ် တိုက်ပွဲတွင် ချင်ကူးယဉ် ရှုံးနိမ့်မှာ သေချာပေသည်။ ထျန်းေရှာင်လော့မှာ အလွန် မြင့်မားသည့် ကံမ္မတန်ဖိုးများနှင့် ကောင်းချီးခံ တစ်ယောက် ဖြစ်သည်။ ချူးစို့သာ မှော်သန့်စင် ဆေးအိုးမှာ သူမ အတွက် ကောင်းကင်မှ သတ်မှတ် ပေးထားသည့် အခွင့်အေရး တစ်ခု ဖြစ်နိုင်သည်။
နေဦး...
ရုတ်တရက် ခြားနားသည့် အတွေးတစ်ခုကို ဝေ့ဝူယင် တွေးလိုက်မိ၏။
“တကယ်လို့ သေရကျရင်ေရာ...”
သူ ကောက်ခါငင်ခါ မေးလိုက်သည်။ ချောင်စွေ့ဖုန်းက ထူးဆန်းဟန်ဖြင့် ဝေ့ဝူယင်ကို လည်ပြန်ကြည့်လိုက်၏။ ထိုကဲ့သို့ အမြင်နှင့် မေးခွန်းမျိုးကို သူမ တစ်ခါမှ မစဉ်းစားဖူးချေ။ အဂ္ဂိရတ် တိုက်ပွဲ တစ်ခုတွင် သေရကျရန်မှာ အလွန် မဖြစ်နိုင်သည့် ကိစ္စ တစ်ခု ဖြစ်သည်။ သို့သော်လည်း သူမက အသေးစိတ် အချက်အလက်များကို ပြန်လည် စဉ်းစားကာ မတုန့်မဆိုင်းပင် ဖြေလိုက်၏။
“သေရကျမယ် ဆိုရင် သူတို့ နှစ်ယောက်စလုံးကို မှော်သန့်စင် ဆေးအိုးနဲ့ အမွေအနှစ်တွေကို ပိုင်ဆိုင်ခွင့် ရမှာပေါ့... တစ်ယောက်က အခြား တစ်ယောက်ထက် ပိုတော်တဲ့ အကြောင်း သက်သေ မပြနိုင်တဲ့ အချိန်အထိပေါ့လေ... ဒါပေမဲ့ သေရကျဖို့က မဖြစ်နိုင်ပါဘူး”
“...”
ဝေ့ဝူယင် တိတ်တဆိတ် ပြုံးလိုက်မိ၏။ အကယ်၍ သူသာ အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို၏ နေရာတွင် ဆိုလျှင် အစစ်အမှန် အမွေအနှစ်၏ သော့ချက်ကို နာမည်ခံ တပည့်ထံတွင် ချန်ရစ်ခဲ့မည် ဖြစ်သည်။ ချင်ကူးယဉ်ကြောင့် စိန်ခေါ်ပွဲများ အသက်ဝင်လာခဲ့ခြင်းကို ကြည့်လျှင် ထိုအချက်က ရာနှုန်းပြည့် ဖြစ်ဖို့များသည်။ ကောင်းကင်တာအို၏ ရည်ရွယ်ချက်ကို ခန့်မှန်းကြည့်ရမည် ဆိုပါက...။
နောက်ဆုံး၌ ဝေ့ဝူယင်တို့ သုံးယောက်မှာ အဂ္ဂိရတ်၊ သတ္တုနှင့် မီး အော်ရာများ အလွန် ကြွယ်ဝစွာ ထွက်ပေါ်နေသည့် ဒါဇင်နှင့်ချီသော လူများ ရှိရာ နေရာသို့ ေရာက်ရှိလာခဲ့သည်။ ချောင်စွေ့ဖုန်း၏ မျက်ဝန်းများက လင်းလက်သွား၏။ သူတို့မှာ အဆင့်မြင့် ဖန်တီးခြင်း ပညာရှင်များ တည်ရှိရာ တာအို ဗဟိုချက်သို့ ေရာက်ရှိလာခဲ့ခြင်း ဖြစ်သည်။
“ဘာလဲ...”
သူတို့ ေရာက်ရှိသည့် အခိုက်တွင်ပင် အံ့သြထိတ်လန့်သည့် အာမေဍိတ်သံများ ထွက်ပေါ်လာခဲ့လေသည်။
***