ကောင်းကင်တာအို၏ ရည်ရွယ်ချက်
Vol. 79 Ch. 1103
တာအို ဗဟိုချက်...
တာအို ဗဟိုချက်မှာ ဝိညာဉ်ကွန်ယက် အတွင်းရှိ အနက်ရှိုင်းဆုံးသော နေရာ ဖြစ်သည်။ ထိုအဝန်းအဝိုင်း အတွင်း ရှိနေသည့် လူဦးေရမှာ ဝိညာဉ်ကွန်ယက် အတွင်းရှိ အခြားနေရာများနှင့် ယှဉ်ပါက အလွန်ပင် နည်းပါး လွန်းလှသည်။ စည်းမျဉ်းများ အရ ဆိုလျှင် အကယ်ဒမီ၏ ထိပ်တန်း အဖွဲ့ဝင်များ၊ ထူးကဲသည့် သြဇာအာဏာနှင့် အရည်အသွေး ရှိသူများသာ ထိုနေရာကို ဝင်ေရာက်ခွင့် ရှိပေသည်။
အမျိုးမျိုး ကွဲပြားနေသည့် ဝိညာဉ် အော်ရာများ အရဆိုလျှင် သူတို့မှာ ဖန်တီးခြင်း လမ်းစဉ် နယ်ပယ် ပေါင်းစုံ၌ တာအို လမ်းညွှန်သူ အဆင့်ကို ေရာက်ရှိနေကြသူများ ဖြစ်ပေလိမ့်မည်။ ထို့အပြင်... သူတို့ထဲ၌ သေမျိုး အဆင့်ပင် တစ်ယောက်မှ မပါရှိချေ။
တာအို ဗဟိုချက်၏ အလယ်ဗဟိုတွင်တော့ တည်ငြိမ်သည့် အလင်းေရာင်များနှင့် သလင်းကျောက် တစ်ခု ရှိနေခဲ့သည်။ များလှစွာသော ဝိညာဉ်ကိုယ်ပွားများမှာ သူတို့၏ ဝိညာဉ်ခွန်အားများကို ထိုအတွင်း ပို့လွှတ်ကာ ပြိုင်ပွဲကို တိုက်ရိုက် ကြည့်ရှု နေကြပေသည်။
ဝေ့ဝူယင်တို့ သုံးယောက် တာအို ဗဟိုချက်သို့ စတင် ေရာက်ေရာက်ချင်းမှာပင် ကြည့်ရှုနေသူများထံမှ အာမေဍိတ်သံများ ထွက်ပေါ်လာခဲ့သည်။
“ဘာလဲ... သူတို့က တစ်ပြိုင်နက်တည်း ပြီးသွားတာလား...”
အသံပိုင်ရှင်က ငယ်ရွယ် ချောမောသည့် မျက်နှာနှင့် လူငယ် တစ်ယောက် ဖြစ်ကာ အမူအရာ တစ်ခုလုံးက မယုံကြည်နိုင်မှု အံ့အားသင့်မှုတို့နှင့် ပြည့်နှက်နေသည်။
“တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ... တစ်လတည်းနဲ့ သူတို့က အဂ္ဂိရတ် ပြိုင်ပွဲ တစ်ခုလုံးကို အောင်မြင်သွားကြပြီ”
လူအို အဂ္ဂိရတ် အာဏာရှင်ကြီး တစ်ဦးက လူငယ်များ၏ ပါရမီကို လက်မှိုင်ချလိုက်ဟန်ဖြင့် သက်ပြင်းတစ်ချက်ရင်း ဆိုလိုက်သည်။
ဝေ့ဝူယင်မှာ မည်သည့် အကြောင်းအရာများ ဖြစ်ပျက်နေသည်ကို သိရှိလိုလေရာ ဝိညာဉ်အင်အားကို တာအို ဗဟိုချက် အလယ်ရှိ သလင်းကျောက် အတွင်း ပို့လွှတ်၍ ကြည့်ရှုလိုက်လေသည်။ ထိုအခါ... သူ့အမြင်အာရုံက ထက်ခြမ်းကွဲသွားကာ အလွန်တရာ လှပသည့် မိန်းမပျိုလေး နှစ်ယောက်၏ ပုံရိပ်များ ပေါ်လာခဲ့လေသည်။
သူတို့ နှစ်ယောက်မှာ ကိုယ်ပိုင် မှော်ဆေးအိုးများ၏ ေရှ့တွင် အသီးသီး မတ်တပ်ရပ် နေကြပေသည်။ ချင်ကူးယဉ်၏ ခပ်းပါးပါး ဇင်ယော်တောင် မျက်ခုံးလေးများမှာ ချွေးစချွေးန ကလေး အချို့ဖြင့် စိုဆွတ်နေသည်။ သူမ၏ အမူအရာက အလွန်တရာ ကြမ်းတမ်း ခက်ထန်သည့် စစ်ပွဲတစ်ခုကို ကျော်ဖြတ်ခဲ့ရသည့် အတိုင်းပင်။
ဝေ့ဝူယင်မှာ သလင်းကျောက် အတွင်းရှိ ပုံရိပ်များကို ကြည့်ရှုကာ အံ့အားသင့် သွားခဲ့၏။ ၎င်းတို့ ဖော်ပြနေသည့် ရှုထောင့်၊ မြင်ကွင်းနှင့် ခံစားသက်ဝင်မှုတို့မှာ အလွန်ပင် ပြည့်စုံလွန်းလှသည်။ အဂ္ဂိရတ် အော်ရာ၊ သန့်စင်မှု အငွေ့အသက် အကြွင်းအကျန်များနှင့် နေရာ နှစ်ခုစလုံးအား ဖုံးလွှမ်းထားသည့် အဂ္ဂိရတ် မြူနှင်းများကိုပင် သူ အာရုံခံနိုင်စွမ်း ရှိသည်။ မသိပါက သူက ထိုနေရာသို့ ကိုယ်တိုင် ေရာက်ရှိကာ အရာရာကို အနီးကပ် ကြည့်ရှု နေရသည့် အတိုင်းပင်။
မည်သို့ပင် ဆိုစေကာမူ... အလွန် ကြီးကျယ် ခမ်းနားလှသည့် အဂ္ဂိရတ် တိုက်ပွဲကို သူ လွဲချော်ခဲ့ပြီး ဖြစ်သည်။ ယှဉ်ပြိုင်သူ နှစ်ယောက်မှာ ပြိုင်ပွဲဝင် ထုတ်ကုန် အသီးသီး၏ နောက်ဆုံး ခြေလှမ်းကို ပြီးမြောက်ကာ တရား ဆုံးဖြတ်ခံဖို့ပင် အဆင်သင့် ဖြစ်နေကြသည်။
မှော်ဆေးအိုး ကိုယ်စီ၏ အထက်တွင်တော့ မီးခိုးေရာင် ဆေးလုံး နှစ်လုံးမှာ လှပသည့် ေရာင်ဝါများကို ထုတ်လွှတ်ကာ မြောလွင့် နေကြပေသည်။
လျူစုယင်သည်လည်း အလားတူပင် ဝေ့ဝူယင်နှင့် ပူးပေါင်းလာ၏။ မီးခိုးေရာင် ဆေးလုံးများကို တွေ့သော အခိုက်၌ သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားခဲ့သည်။
“အဆင့်ရှစ် ဆေးလုံး...”
“အမှန်ပဲ...”
ချောင်စွေ့ဖုန်း၏ အသံက ကပ်ရက်ပင် ထွက်ပေါ်လာ၏။ သလင်းကျောက်မှ တစ်ဆင့် တိုက်ပွဲကို ကြည့်ရှု နေကြသော်လည်း သူတို့ သုံးယောက်၏ ဝိညာဉ်ကိုယ်ပွားများမှာ လွတ်လပ်စွာ ဆက်သွယ်နိုင်ကြဆဲ ဖြစ်သည်။
”ဒီအဂ္ဂိရတ် တိုက်ပွဲကို အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို ချမှတ်ခဲ့တဲ့ စည်းမျဉ်းတွေပေါ် အခြေခံပြီးတော့ ကျင်းပတာ... နာမည်ခံ တပည့် အတွက် စစ်ဆေးမှုတွေထဲက တစ်စိတ်တစ်ပိုင်းပေါ့... စည်းမျဉ်းတွေက သေမျိုး အဂ္ဂိရတ် အာဏာရှင်တိုင်းကို ဘောင်တစ်ခုနဲ့ ပြိုင်ပွဲအတွင်း ပါဝင်ခွင့် ပြုထားတယ်...”
“အသက် ငါးရာ မပြည့်သေးတဲ့ အဂ္ဂိရတ် ပညာရှင် တစ်ယောက်ကို သက်တမ်းထောင်ချီ အတွေ့အကြုံရင့် စီနီယာတွေနဲ့ ယှဉ်ပြိုင်ခိုင်းတာက နည်းနည်းတော့ မမျှတရာ ေရာက်တာပေါ့လေ... ချင်ကူးယဉ်လို အသက် နှစ်ရာ မပြည့်သေးတဲ့ ကြယ်တာရာ အမြုတေ အဆင့် အယ်ဗန်... အဂ္ဂိရတ် ကျင့်ကြံသူဆို မပြောနဲ့တော့”
ချောင်စွေ့ဖုန်းမှာ ချင်ကူးယဉ်၏ မျိုးနွယ် အားနည်းချက်ကို ထောက်ပြဖို့ ဟန်ပြင်လိုက်ပြီးခါမှ အချိန်မှီ ပြန်လည် ပြင်ဆင်လိုက်၏။
“နောက်ပြီး တာအို လမ်းညွှန်သူဝေ့... ချင်ကူးယဉ်က အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်ကို ပိုင်ဆိုင်ထားပေမဲ့ ခုထိ အဂ္ဂိရတ် ကြယ်တာရာတွေ မထုတ်ဖော်နိုင်သေးဘူး... သူက တရားဝင် သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်မလာသေးဘူး”
ချောင်စွေ့ဖုန်း၏ စကားလုံးများအရ အနန္တ အသွင်ပြောင်းခြင်း ရှန့်ထို ချန်ထားခဲ့သည့် စမ်းသပ်ပွဲများမှာ ချင်ကူးယဉ် အတွက် ခက်ခဲလှကြောင်း ရှင်းလင်း လှပေသည်။ သို့သော်လည်း လုံးဝ မဖြစ်နိုင်သည့် ပြိုင်ဆိုင်မှုတော့ မဟုတ်ပါချေ။
ချင်ကူးယဉ်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကိုပင် မေရာက်သေးသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ အကယ်၍ ဘောင်များသာ မရှိပါက အလွှာကြားက လောကရှိ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ မွန်းစတားများမှာ သူမကို အလွယ်တကူ အနိုင်ယူသွားကြလိမ့်မည် ဖြစ်သည်။
အနန္တ အသွင်ပြောင်းခြင်း ရှန့်ထိုမှာ သူမ အမွေအနှစ် တစ်စိတ်တစ်ပိုင်းကို ချင်ကူးယဉ်အား ပေးခဲ့ပြီး ဖြစ်ရမည်။ ၎င်းကို အတိုင်းအတာ တစ်ခု အထိ ဆုပ်ကိုင်နိုင်ပါက ပေးထားသည့် စည်းမျဉ်း ဘောင်များ အတွင်းတွင် စိန်ခေါ်သူ အားလုံးကို ဖိနှိပ်နိုင်ပေလိမ့်မည်။
“ဆိုတော့ ဒီအဂ္ဂိရတ် တိုက်ပွဲက အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်ကို ပြိုင်ပြီး ဖော်စပ်ကြတာပေါ့... ဒါဆိုရင် သုံးရက်ပဲ အချိန်ပေးတဲ့ ရွှင်းစု တာအို တိုက်ပွဲတွေ ကျတော့ေရာ... အဆင့်လေး ဆေးလုံးလား အဆင့်ငါးလား...”
ဆေးလုံး အသီးသီးကို ယူဆောင်ကာ အကဲဖြတ်ရန် ပြင်ဆင်နေကြသည့် တရားသူကြီးများကို လှမ်းကြည့်ရင်း လျူစုယင်က မေးလိုက်သည်။
“အဆင့်လေးပေါ့... သူက အဂ္ဂိရတ် အင်ပါယာ အဆင့်မှာပဲ ရှိသေးတာလေ”
ချောင်စွေ့ဖုန်းက အဖြေပေးလိုက်၏။ ရွှင်းစု တာအို တိုက်ပွဲ၏ စည်းမျဉ်းများ အရ အဂ္ဂိရတ် အင်ပါယာ အဆင့် တစ်ဦးအတွက် သတ်မှတ်ထားသည့် အဂ္ဂိရတ် ထုတ်ကုန်မှာ အဆင့်လေး အဆင့်နိမ့် ဖြစ်ပေသည်။
မကြာခင်မှာပင် တစ်နာရီခန့် အထိ အချိန် ကုန်လွန်သွားသည်။ ထိပ်တန်း အဂ္ဂိရတ် ပညာရှင်များ အကြား ဖြစ်ပေါ်နေသည့် ဆွေးနွေးဝိုင်းများ ကြောင့်သာ မဟုတ်ပါက ၎င်းက အလွန် ပျင်းစရာကောင်းသည့် တစ်နာရီ ဖြစ်ပေလိမ့်မည်။
ဝေ့ဝူယင်နှင့် လျူစုယင်တို့မှာ ချောင်စွေ့ဖုန်း၏ ရှင်းပြမှုများကို နားထောင်ရင်း လွန်ခဲ့သည့် တစ်လ အတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် သိရှိလာခဲ့ရလေသည်။ အဂ္ဂိရတ် တိုက်ပွဲ အတွင်း၌ ချင်ကူးယဉ်နှင့် ထျန်းေရှာင်လော့တို့မှာ ကျဉ်းမြောင်းသော ရလဒ်များနှင့် တစ်ဦးကို တစ်ဦး ပွတ်ကာသီကာ အသာရရှိနေခြင်း ဖြစ်သည်။ လက်ရှိ အချိန်အထိ သူတို့၏ ရလဒ်က ၂-၂ ဖြစ်သည်။
ချင်ကူးယဉ်မှာ ဆေးလုံးနှင့် ဆေးပြား ကဏ္ဍတို့တွင် အနိုင်ရရှိခဲ့ကာ ထျန်းေရှာင်လော့က ဆေးရည်နှင့် ဆေးတောင့်တို့တွင် အသာစီး ရခဲ့သည်။ ကဏ္ဍတိုင်း၌ သူတို့ ဖော်စပ်ခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုချင်းစီမှာ အနည်းဆုံး အဆင့်မြင့် အရည်အသွေး၌ ရှိပေသည်။ ထိုအချက်က လူအုပ်ကြီး တစ်ခုလုံးကို ထုတ်လှုပ်စေခဲ့သည်။ ထို့အပြင် မိန်းမပျိုလေး နှစ်ယောက်၏ အဂ္ဂိရတ် ထုတ်ကုန် ဖော်စပ်နှုန်းမှာလည်း ကြောက်စရာ ကောင်းအောင် မြင့်မားလွန်းလှသည်။
လမ်းစဉ်လေးခုတွင် ၂-၂ သေရကျနေမှုကြောင့်ပင် ဒိုင်လူကြီးများက ကျပန်း ထုတ်ကုန် တစ်မျိုးကို ဖော်စပ်ရန် စေခိုင်းခဲ့သည်။ ၎င်းက သူတို့ နှစ်ယောက်စလုံး ဘဝတွင် တစ်ခါမှ မမြင်ဖူး မကြားဖူး မတွေ့ကြုံဖူးသည့် ထုတ်ကုန်မျိုး ဖြစ်သည်။ သို့သော်လည်း... သူတို့ နှစ်ယောက်စလုံးမှာ ထိုထုတ်ကုန်ကို အဆင့်နိမ့် အရည်အသွေး အထိ အောင်မြင်အောင် ဖော်စပ်ကာ လူအားလုံးကို နောက်တစ်ကြိမ် တုန်လှုပ်စေခဲ့ပြန်သည်။
ထို့နောက် ဒိုင်လူကြီးများမှာ နောက်ထပ် ထုတ်ကုန် တစ်ခုကို သုံးခဲ့ပြန်သည်။ ထိုတစ်ကြိမ် ရလဒ်ကလည်း အရည်အသွေးတူ ထုတ်ကုန်များသာ ဖြစ်သည်။ တတိယမြောက်နှင့် နောက်ဆုံး အကြိမ်အဖြစ် ပြိုင်ပွဲတွင်တော့ ဒိုင်လူကြီးများသာ နောက်ထပ် စည်းမျဉ်း တစ်ခုကိုပါ ချမှတ်ခဲ့ရသည်။ ၎င်းက အရည်အသွေးချင်း တူညီလျှင် ပိုမို လျှင်မြန်စွာ ဖော်စပ်နိုင်သူကို အနိုင်ပေးမည် ဟူ၍ပင်။
သို့သော်လည်း... မိန်းကလေး နှစ်ယောက်စလုံးကို ထုတ်ကုန်ကို တိကျသည့် အချိန်တစ်ခု အတွင်း ပြိုင်တူပင် ဖော်စပ် ပြီးစီးကာ လူအားလုံးကို အံ့သြစေခဲ့ပြန်သည်။ ယခု စောင့်ဆိုင်းစရာ ဆိုလို့ ထုတ်ကုန်၏ အရည်အသွေးသာ ကျန်ရှိပေတော့သည်။
“ငါ အသက်နဲ့ တစ်ကိုယ် ဒီလို အဖြစ်အပျက်မျိုး တစ်ခါမှ မမြင်ဖူးဘူး... အဂ္ဂိရတ် တာအိုမှာ သေရကျတယ် ဆိုတာ ဒဏ္ဍာရီထဲမှာတောင် မကြားဖူးတဲ့ ကိစ္စပဲ...”
အဂ္ဂိရတ် ပညာရှင် လူအိုကြီး တစ်ယောက်က ရှည်လျားသော မုတ်ဆိတ်ဖြူများကို ပွတ်သပ်ရင်း ဆိုလိုက်လေသည်။ ခေါင်းအား တွင်တွင်ခါယမ်း နေသည့်တိုင် သူ့ နှုတ်ခမ်းထက်တွင်တော့ စိတ်လှုပ်ရှားသည့် အပြုံးတစ်ချို့ ရှိနေခဲ့၏။
"ခုက သေရကျတယ် ဆိုတာ မသေချာသေးပါဘူးဗျာ... ထုတ်ကုန် နှစ်ခုမှာ ဘာခြားနားချက်တွေ ရှိလဲ ဆိုတာ သိရဖို့ ဒိုင်လူကြီးတွေက ဖြစ်နိုင်သမျှ နည်းလမ်းတွေ အကုန်သုံး နေကြတာပဲ... ခြားနားချက် သေးသေးလေး တစ်ခု တွေ့ရင်တောင် အနိုင်ရတဲ့လူ အဖြေပေါ်လာမှာ”
မြင့်မားသည့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားပုံ ပေါ်သည့် လှပသော မိန်းကလေး တစ်ယောက်က ဝင်ေရာက် ပြောဆိုလိုက်လေသည်။ သူမ၏ စကားလုံးများက လေးနက်လှလေရာ များစွာသော လူများမှာ စောင့်ဆိုင်းနေရန်သာ ဆုံးဖြတ်လိုက်ကြ၏။
“သေရ... သေရ...”
ချောင်စွေ့ဖုန်းက ခပ်တိုးတိုး ေရရွတ်ရင်း ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများက အံ့သြမှု၊ ထူးဆန်းမှု၊ လျှို့ဝှက်မှု စသည့် အလင်းတန်းများနှင့် ေရာပြွမ်း ပြည့်နှက်နေသည်။
ဝေ့ဝူယင်က တိတ်တဆိတ် ပြုံးလိုက်၏။ အပြစ်သား သွေးမျိုးဆက်ကပဲ အလွန် အကဲဆတ်သလော၊ မွေးရာပါ ကောင်းချီးခံ အဆင့်အတန်းကပဲ ကောင်းကင်တာအို၏ ရည်ရွယ်ချက်များကို ထိုးဖောက် မြင်စေနိုင်သလော သူ မသိချေ။
သို့သော်လည်း... ချင်ကူးယဉ်မှာ အစစ်အမှန် အမွေအနှစ်၏ သော့ကို ကိုင်ဆောင်ထားသည် ဆိုလျှင် သူမနှင့် မိတ်ဆွေဖြစ်ခြင်းက ကောင်းချီးခံ အတွက် ပိုမို ကောင်းမွန်ပေလိမ့်မည်။ ထိုနည်းဖြင့် သူမမှာ အမွေအနှစ်ကို မျှဝေ ရယူနိုင်မည့် အပြင် နောင်တစ်ချိန်တွင် ထိုဆက်ဆံေရးမှ တစ်ဆင့် အကျိုးအမြတ်များပါ ထပ်မံ ရရှိလိမ့်မည် ဖြစ်သည်။
ကောင်းကင်တာအို အနေဖြင့် ကောင်းချီးခံ၏ မိတ်ဆွေ ဖြစ်လာနိုင်သူကို လွယ်လွယ်ကူကူ ေရွးချယ်လိမ့်မည်တော့ မဟုတ်ချေ။ ထိုတစ်ယောက်မှာ ကောင်းချီးခံနှင့် အလှအပချင်း၊ အရည်အသွေးချင်း မတိမ်းမယိမ်း တူသူ ဖြစ်ရမည် ဖြစ်သည်။ သို့မှသာ ထျန်းေရှာင်လော့ အတွက် ချမှတ်ပေးထားသည့် နောက်ပိုင်း အစီအစဉ်များတွင် အေရးပါသည့် ကဏ္ဍ တစ်ရပ်မှ ပါဝင်နိုင်လိမ့်မည် ဖြစ်သည်။
ထိုဖြစ်တည်မှု အတွက် ချင်ကူးယဉ်ထက် ပြီးပြည့်စုံသူ အဘယ်မှာ ရှိပါတော့မည်နည်း။
***