မျှဝေထားသော ပိုင်ဆိုင်မှု (၂)
Vol. 79 Ch. 1105
ဝိညာဉ်ကွန်ယက်၏ ဗဟိုချက် စက်ဝိုင်း တစ်ခုလုံးမှာ လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့၏။ သေရကျသွားခြင်းက မည်သူမှ မျှော်လင့် မထားသည့် အခြေအနေ တစ်ခု ဖြစ်သည်။ သို့သော်လည်း... မျှဝေ ပိုင်ဆိုင်မှု စည်းမျဉ်း အရ အသက် အငယ်ဆုံး စိန်ခေါ်သူမှာ မိန်းကလေး နှစ်ယောက်နှင့် ရွှင်းစု တာအို တိုက်ပွဲ တစ်ခု မျှမျှတတ ယှဉ်ပြိုင်ခွင့် ရရှိတော့မည် ဖြစ်သည်။ သူတို့ နှစ်ယောက်ထှဲ တစ်ယောက်ကို အနိုင်ရရှိခဲ့ပါက အဆိုပါ စိန်ခေါ်သူမှာ ချူးစို့သာ မှော်သန့်စင် ဆေးအိုးကို သုံးနှစ်တာ မျှဝေခွင့် ရရှိလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင် စင်မြင့်ထက်ရှိ မိန်းကလေး နှစ်ယောက်ကို ငြိမ်သက်စွာပင် ကြည့်နေခဲ့မိ၏။ အခွင့်အေရးက လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက် ကျေရာက်လာလိမ့်မည် ဟု သူ လုံးဝ မျှော်လင့် မထားခဲ့ချေ။ ထိုအရာက ကောင်းကင်တာအို၏ အခွင့်အေရး တစ်ခုလော။ အင်္ကျီလက်အိုးကို မတင်ကာ ညာဘက်လက်မောင်းကို စစ်ဆေးမလို့ ဟန်ပြင်ပြီးမှ ဝိညာဉ် ကိုယ်ပွားတွင် အပြစ်သား တက်တူး မတည်ရှိတတ်ကြောင်း ဝေ့ဝူယင် သတိရလိုက်မိ၏။
သူ အနည်းငယ် ပြုံးလိုက်ရင်း ညာဘက်လက်မောင်းကို ကြည့်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ့ ငွေေရာင် မျက်ဝန်းများက မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် သွား၏။ ယုတ္တိမတန်စွာပင် အပြစ်သား တက်တူးမှာ သူ့ လက်မောင်း၌ ရှိနေချေသည်။
ကမ္မတန်ဖိုး... ၄၁၅၅၅.၃
ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယကပ်ဘေး တားဆီးခြင်း... ၁၁ နှစ်
ဤသည်မှာ သူ့ဘဝတွင် ဖန်တီးခဲ့ဖူးသည့် ပထမဆုံး ဝိညာဉ်ကိုယ်ပွား မဟုတ်သော်လည်း ပထမဆုံးသော ဝိညာဉ်ကိုယ်ပွား အစစ် ဖြစ်ပေလိမ့်မည်။
“လက်ထောက်ချောင်...”
ထိုအခိုက်တွင်ပင် ကျောင်းတော်သားမှာ ဝေ့ဝူယင်တို့နှင့် အတူ ရပ်နေသည့် ချောင်စွေ့ဖုန်းကို လှမ်းတွေ့သွား၏။ လျူစုယင်ကို လှမ်းတွေ့သော အခိုက်၌ သူ၏ မျက်ဝန်းများက မသိမသာ တောက်ပသွားသည်။
"ဒီကိုလာပါဦး... လက်ထောက်ချောင်”
ချောင်စွေ့ဖုန်းက ကျောင်းတော်သားကို လှမ်းကြည့်လိုက်၏။ ထို့နောက်... သူမက ဝေ့ဝူယင်ကို တောင်းပန်သည့် အနေဖြင့် တစ်ချက် ကြည့်လိုက်သည်။ လူငယ် ကန့်ကွက်မည့် အရိပ်အယောင်ကို မတွေ့ရသော အခါတွင်မှ သူမက ဖြည်းညင်းစွာ လမ်းလျှောက် ထွက်သွား၏။
“မျှဝေထားတဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ရင် လက်ထောက်ချောင်ရဲ့ အတွေ့အကြုံက အံ့မခန်းပဲ... တာအို လမ်းညွှန်သူ ကျန်းလီဟိုင်ရဲ့ ကျွေ့ကုန်းေရကန် ပိုင်ဆိုင်ခွင့် ကိစ္စတုန်းကတောင် သူပဲ ကိုင်တွယ်ခဲ့တာ... ဆိုတော့ လက်ထောက်ချောင်ပဲ အတည်ပြုပေးပါ... တာအိုလမ်းညွှန်သူေရွှ ပြောတဲ့ ကယ်ပေါက်က တကယ်ပဲ တည်ရှိနေတာလား”
မျက်မှန်ဝိုင်းနှင့် မိန်းကလေးက ချောင်စွေ့ဖုန်းကို ဆီးကြိုကာ မေးလိုက်၏။ တာအို လမ်းညွှန်သူ ေရွှလွင် တစ်ဖြစ်လည်း ကျောင်းတော်သား၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ သူမကို လှမ်းကြည့် လိုက်သည်။
“တာအို လမ်းညွှန်သူမို... ကျွန်မ သိထားသလောက်ဆိုရင် တာအို လမ်းညွှန်သူေရွှပြောတဲ့ ကိစ္စက အတော်လေး ဖြစ်နိုင်ချေ ရှိပါတယ်”
ချောင်စွေ့ဖုန်းက လေးလေးစားစားပင် အဖြေပေးလိုက်၏။ တာအို လမ်းညွှန်သူ မိုရှီရှီက မကျေမနပ် အမူအရာဖြင့် နှုတ်ခမ်းကလေးကို စူလိုက်သည်။ အကယ်၍ ေရွှလွင်၏ စကားသာ မှားပါးက သူမ စီးနင်း၍ အရှက်ခွဲနိုင်လိမ့်မည် ဖြစ်သည်။
"ဟဟ...”
ေရွှလွင်က အေးစက်စက် ရယ်မောလိုက်၏။ သို့သော်လည်း... သူက မိုရှီရှီကို နှုတ်လှန် မထိုးတော့ပါချေ။ သူ့ စိတ်ဝင်စားမှုများက အခြားတစ်နေရာသို့ ေရာက်ရှိနေချေပြီ ဖြစ်သည်။ ေရွှလွင်က လျူစုယင်ကို လှမ်းကြည့်ကာ ချောင်စွေ့ဖုန်းကို မေးလိုက်၏။
“သူ့ကို ကြည့်ရတာ မြင်ဖူးနေသလိုပဲ...”
”နတ်မိမယ်ချောင်...”
ေရွှလွင်၏ မေးခွန်းအား ချောင်စွေ့ဖုန်း မတုန့်ပြန်ရသေးခင်မှာပင် နောက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။ အသံပိုင်ရှင်က အခြားသူ မဟုတ်... အသက် အငယ်ဆုံး သေမျိုး အဂ္ဂိရတ် အာဏာရှင် အဖြစ် ကျော်ကြားသည့် ကျောင်းလမ့်ပင် ဖြစ်လေသည်။
သူက အသက် သုံးထောင့်ခုနစ်ရာသာ ရှိသေးကာ အဂ္ဂိရတ် ကြယ်တာရာများကို လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ဆယ်လောက်က စတင် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူက လျှို့ဝှက် ဝိညာဉ် အဆင့်ကို ေရာက်ရှိနေသည့် လျှို့ဝှက် အာဏာရှင် တစ်ယောက်လည်း ဖြစ်သည်။
ပြောစကားများ အရဆိုလျှင် ကျောင်းလမ့်မှာ အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင်ထားသူ တစ်ယောက် မဟုတ်ချေ။ အဂ္ဂိရတ် ဝိညာဉ်မဲ့ သေမျိုး အဂ္ဂိရတ် အာဏာရှင်များထဲ၌ သူက အလွန် ငယ်ရွယ်သည်ဟု ဆိုနိုင်ပေသည်။
နှိုင်းယှဉ်ကြည့်ရပါက ထျန်းေရှာင်လော့မှာ အဂ္ဂိရတ်လမ်းစဉ်တွင် အလွန် ပါရမီ မြင့်မားကာ အဂ္ဂိရတ် ဝိညာဉ်ကိုလည်း ပိုင်ဆိုင်ထားသည်။ သူမက သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို အလွန် လျှင်မြန်စွာ တက်လှမ်းနိုင်ခဲ့သည့်တိုင်အောင် တစ်ချိန်တည်း၌ ထိုအရာက ကြီးမားသော စတေးမှုလည်း ဖြစ်သည်။ အဂ္ဂိရတ် ဝိညာဉ် ကျင့်ကြံခြင်းနှင့် အတူ သူမ၏ ကျင့်ကြံခြင်း လမ်းစဉ်က ကျိန်းသေပင် ခက်ခဲသွားတော့မည် ဖြစ်သည်။
“နတ်မိမယ်ချောင်...”
ကျောင်းလမ့်က ချောင်စွေ့ဖုန်း အနားကို ခပ်မြန်မြန်ပင် ေရာက်ရှိလာ၏။ ထို့နောက် ခင်မင် ရင်းနှီးမှု၏ လက္ခဏာ အဖြစ် သူမ၏ နောက်ကျောကို လက်ဖြင့် ထိဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း... ချောင်စွေ့ဖုန်း၏ လှုပ်ရှားမှုများက အလွန်ပင် မြန်ဆန်ကာ ေရထဲမှ ငါးတစ်ကောင်လိုပင် ေရှာင်ထွက် လိုက်သည်။
“ဟဟ...”
ကျောင်းလမ့်က ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်၏။ ချောင်စွေ့ဖုန်း ဘယ်ပုံဘယ်နည်း ေရှာင်ထွက် သွားသည်ကို သူ ယခုတိုင် စဉ်းစားမရပါချေ။
ေရွှလွင်က အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။
“လက်ထောက်ချောင်... တာအို လမ်းညွှန်သူကျောင်းက စိန်ခေါ်ပွဲ အတွက် ဦးစားပေး အခွင့်အေရး ရထားတာနော်... အနာဂတ်မှာ သူက ချူးစို့သာ မှော်ဆေးအိုးကို အပိုင်တောင် ရချင်ရမှာ...”
သူက သူမကို သတိပေးလိုက်သလို တစ်ချိန်တည်း၌ စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ လက်ထောက်ချောင်က အဘယ်ကြောင့် သည်လောက် မိုက်မဲရသနည်း။ ကျောင်းလမ့်နှင့်သာ ပေါင်းထားနိုင်ပါက နောင်တစ်ချိန်တွင် သူမ အတွက် အကျိုးယုတ်လိမ့်မည် မဟုတ်ပါချေ။
ကျောင်းလမ့်၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားသည်။ သူ့အနေဖြင့် ထိုအခွင့်အေရးကို သုံးကာ ချောင်စွေ့ဖုန်းကို အိပ်ရာပေါ် ဆွဲခေါ်နိုင်တော့မည် ဖြစ်သည်။ နောင်တစ်ချိန်တွင် သူတို့ နှစ်ယောက် လင်နှင့် မယားပင် ဖြစ်ကောင်း ဖြစ်လာနိုင်သည်။ ထို့အပြင်... ချူးစို့သာ မှော်သန့်စင် ဆေးအိုး၏ သုံးယောက်မြောက် မျှဝေ ပိုင်ဆိုင်သူသာ ဖြစ်လာပါက သေမျိုး မိန်းကလေး နှစ်ယောက်နှင့်လည်း နီးကပ်သည့် ဆက်ဆံေရး တစ်ခု ထူထောင်နိုင်လိမ့်မည် ဖြစ်သည်။ ထျန်းေရှာင်လော့မှာ ပြစ်ချက်ရှာလို့ မရသည့် ဘုံကြိုးပြတ် နတ်မိမယ် တစ်ပါး ဖြစ်ကာ အယ်ဗန်မျိုးနွယ် ဖြစ်သည့် ချင်ကူးယဉ်မှာလည်း ရုပ်ရည် အရာ၌ ပြိုင်စံရှားသူ တစ်ယောက် ဖြစ်သည်။
နောက်ပြီး... အကယ်ဒမီ အတွင်းရှိ များလှစွာသော မိန်းမလှလေးများ...
အနန္တ အသွင်ပြောင်းခြင်း အမွေအနှစ်အား ပိုင်ဆိုင်ထားသည့် လျှို့ဝှက် အာဏာရှင် အဆင့်၊ အသက် အငယ်ဆုံး သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ကို ငြင်းဆိုလိုသူ ရှိလိမ့်မည်ဟု သူ မထင်ချေ။ ပြင်းထန်သည့် စိတ်လှုပ်ရှားမှုနှင့် အတူ သူ့ခန္ဓာကိုယ် အောက်ပိုင်းမှာ တရှိန်းရှိန်း ပူလောင်လာခဲ့၏။
အခြားတစ်ဖက်၌... ချောင်စွေ့ဖုန်းကတော့ အပြုံး မပျက်ပါချေ။
“အိုး... ဟုတ်လား...”
သူမ၏ လေသံက လျှို့ဝှက် ဆန်းကြယ်သည့် အငွေ့အသက် တစ်ချို့နှင့် ထုံလွှမ်းနေ၏။ အဂ္ဂိရတ် အာဏာရှင် လူအိုကြီးက မုတ်ဆိတ်ရှည်များကို ပွတ်သပ်ရင်း ချောင်စွေ့ဖုန်းကို ကြည့်လိုက်သည်.
“ကျုပ်တို့ပ မသိတာ တစ်ခုခုများ ရှိနေလို့လား... လက်ထောက်ချောင်...”
“ဒါပေါ့... အဂ္ဂိရတ် တာအို ကျင့်ကြံတဲ့ တာအို လမ်းညွှန်သူတွေ ကြားမှာ ပိုပြီး ငယ်တဲ့ တစ်ယောက်က ရှိနေပါသေးတယ်... အဲဒီ ပုဂ္ဂိုလ်က တာအို လမ်းညွှန်သူကျောင်းထက်အရင် ဦးစားပေး စိန်ခေါ်ခွင့်ကို ရရှိပါလိမ့်မယ်”
သူမက ဝေဝူယင်ထံသို့ လှမ်းကြည့်ရင်း ယဉ်ကျေးစွာပင် ပြောလိုက်သည်။ ချက်ချင်း ဆိုသလိုပင် အားလုံး၏ စူးစမ်းသည့် အကြည့်များက ဝေ့ဝူယင် အပေါ်သို့ စုပြုံ ကျေရာက်သွား၏။ သန်မာလှသော အဂ္ဂိရတ် အော်ရာ၊ သေမျိုး အဆင့် ဝိညာဉ် အင်အားနှင့် အဂ္ဂိရတ် ကြယ်တာရာများကို တွေ့မြင်လိုက်ရသော အခိုက်၌ အားလုံးမှာ ထိတ်လန့် တုန်လှုပ် သွားကြတော့သည်။ နောက်ထပ် ထျန်းေရှာင်လော့ တစ်ယောက်လော။
“...”
ဝေ့ဝူယင်ကတော့ အခြားလူများ၏ အကြည့်များကို ဂရုမစိုက်အားပါသေးချေ။ သူ့ အတွေးနှင့် အာရုံ စူးစိုက်မှု အလုံးစုံက အခြားတစ်နေရာတွင် ေရာက်ရှိနေခဲ့၏။ အပြစ်သား တက်တူးက အဘယ်ကြောင့် ဝိညာဉ်ကိုယ်ပွားထက်တွင် ပေါ်နေရသနည်း။
ပိုမို၍ အေရးကြီးသည့် အရာက ဤအခွင့်အေရးမှာ ကောင်းကင် တာအို၏ လွှမ်းမိုးမှု တစ်ခု ဖြစ်နေနိုင်ခြင်း ဖြစ်သည်။ ဖြစ်စဉ် အားလုံးက တိုက်ဆိုင်မှု တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည့်တိုင် ထူးဆန်းသော လက်တစ်ဖက်က ဤနေရာ အထိ ခေါ်ဆောင်လာသလို ခံစားရသည်။ ၎င်းက ကမ္မတန်ဖိုး ၃၀၀၀ ကျော်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ဝေ့ဝူယင် အတွေးနက် နေစဉ်မှာပင် ချောင်စွေ့ဖုန်းမှာ သူ့ နံဘေးကို ချောမွေ့စွာဖြင့် ပြန်လည် ေရာက်လာခဲ့၏။
“တာအို လမ်းညွှန်သူဝေ့... မျှဝေထားတဲ့ ပိုင်ဆိုင်မှု အတွက် စိန်ခေါ်ဖို့ ကိစ္စကို ကျွန်မ တာဝန်ယူ ကိုင်တွယ်ပေးရမလား”
တစ်ချိန်တည်းတွင် ဒိုင်လူကြီးများမှာ ချူးစို့သာ မှော်သန့်စင် ဆေးအိုးကို ထျန်းေရှာင်လော့နှင့် ချင်ကူးယဉ်တို့ နှစ်ယောက် သုံးနှစ်တာ ကာလတိုင်အောင် မျှဝေ ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်ကြောင်း ကြေညာနေခဲ့၏။ ၎င်းက များလှစွာသော အဂ္ဂိရတ် သမားများကို စိတ်လှုပ်ရှား သွားစေခဲ့ကာ ချူးစို့သာ မှော်ဆေးအိုးကို ချင်ကူးယဉ်ထံမှ လုယူနိုင်ဖို့ အတွက် မျှော်လင့်ချက်များမှာလည်း ပိုမို၍ ကြီးထွားလာခဲ့လေသည်။
“ကျေးဇူးပြုပြီး ကူညီပါဦး...”
ဝေ့ဝူယင်က ယဉ်ကျေးသည့် အမူအရာဖြင့် ပြောလိုက်၏။ ခရီးသွား အကယ်ဒမီ၏ စည်းမျဉ်းများ၊ ဥပဒေသများကို သူ အကျွမ်းဝင်ခြင်း မရှိချေ။ တာအို လမ်းညွှန်သူများ၏ လက်ထောက် ဖြစ်သည့် ချောင်စွေ့ဖုန်း အနေဖြင့် သူ့ကို ကူညီပေးနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ ချူးစို့သာ မှော်သန့်စင် ဆေးအိုးမှာ ကောင်းကင်တာအိုမှ ဖန်တီးအခွင့်အေရး တစ်ခု ဖြစ်နိုင်လေရာ သူ့အနေဖြင့် ကောင်းစွာ ဆုပ်ကိုင်ရလိမ့်မည် ဖြစ်သည်။
ချောင်စွေ့ဖုန်းက ချိုမြန် တောက်ပစွာ ပြုံးလိုက်၏။ ထို့နောက် သူမက ခေါင်းတစ်ချက် ညိတ်ကာ ဝေ့ဝူယင်ေရှ့မှ ပျောက်ကွယ် သွားခဲ့လေသည်။ ဝိညာဉ်ကွန်ယက်ထဲမှ ထွက်ခွာပြီးနောက် မိန်းမလှလေးမှာ အပြင်လောကသို့ ပြန်လည် ေရာက်ရှိလာ၏။ မျက်လုံး မှိတ်နေဆဲ ဖြစ်သည့် ဝေ့ဝူယင်နှင့် လျူစုယင်တို့ကို လှမ်းကြည့်ရင်း သူမ၏ မျက်ဝန်းများထဲ၌ ရှုပ်ထွေးသည့် အငွေ့အသက် တစ်ချို့ ဖြစ်ပေါ်လာသည်။ သူမက သက်ပြင်း တစ်ချက် ချလိုက်ရင်း အထူးခန်းထဲမှ လျှင်မြန်စွာပင် ထွက်ခွာသွားခဲ့၏။
ချောင်စွေ့ဖုန်း ပျောက်ကွယ်သွားပြီး မကြာခင်မှာပင် ဝေ့ဝူယင်၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာခဲ့ကာ သူမ ထွက်ခွာသွားသည့်ဘက်ကို လှမ်းကြည့်လိုက်သည်။ အခြားလူများနှင့် ခြားနားစွာပင် သူက စိတ်နှစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့ကြောင့်ပင် ဧရိယာ တစ်ခုတည်းကို အာရုံစိုက်နေဖို့ မလိုပါချေ။
မည်သို့ပင် ဆိုစေကာမူ... ချောင်စွေ့ဖုန်း၏ ရည်ရွယ်ချက်ကိုတော့ ယခုထက်ထိ သူ နားမလည်နိုင်သေးတာ အမှန်ပင် ဖြစ်သည်။ သူမက ဘာကို လိုချင်နေသနည်း။ သူနှင့် ပတ်သက်ပြီး မည်သည့် လျှို့ဝှက်ချက်များကို သိရှိထားသနည်း။
***