အခန်း (၁၃၄၉)
Vol. 97 Ch. 1349
“ကောင်းပြီလေ။ လေ့ကျင့်ရေးခန်းဆောင်ကို သွားကြတာပေါ့”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။
ကျင်းဝူက ရည်ရွယ်ချက်ကောင်းဖြင့် ပြောခဲ့သောကြောင့် မငြင်းနိုင်ပေ။
ထို့အပြင် သူက ပင်မအကြီးအကဲတစ်ယောက် ဖြစ်သည်။
ဟန်မူယဲ့က သဘောတူလိုက်သောအခါ ပိုင်မိသားစုက ပြုပြင်ထားသော ရုပ်သေးရုပ်များကို လျင်မြန်စွာ စုစည်းပြီး လေ့ကျင့်ရေးခန်းဆောင်သို့ သွားလိုက်ကြသည်။
တခြားလူများကလည်း တိတ်ဆိတ်စွာ လိုက်လာကြသည်။
လေ့ကျင့်ရေးခန်းဆောင်က ပိုမိုပြည့်စုံပြီး ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်၏ စွမ်းအားကို ဖော်ပြနိုင်သည်။
“မင်းက ဝူကျောက်လား”
ဝူကျောက်က လူအုပ်၏နောက်မှတစ်ဆင့် လေ့ကျင့်ရေးခန်းဆောင်သို့ လိုက်လာသောအချိန်တွင် အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ရုတ်တရက်ပေါ်လာပြီး မေးလိုက်သည်။
ဝူကျောက်က မျက်မှောင်ကြုတ်လိုက်သည်။
သူက အလျင်လိုနေသည်။
“ငါက ဝူကျောက်ပဲ။ မင်းက ....”
သူ့စကားမဆုံးခင် လူငယ်က ချပ်ဝတ်ကို အသက်သွင်းသည်။ ထို့နောက် ဝူကျောက်၏လည်ပင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
“ဂျွတ်”
ဝူကျောက်၏ခန္ဓာကိုယ်က ပျော့ခွေနေပြီး လဲကျသွားသည်။
“မင်းက ယုယောင်နဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား”
လူငယ်၏မျက်နှာက ဆိုးဝါးနေပြီး အံကြိတ်လျက် ပြောသည်။
သူက တစ်ဖက်သို့လှည့်ပြီး လူအုပ်ကိုကြည့်သည်။ ထို့နောက် အေးစက်စွာ နှာမှုတ်လိုက်ပြီး ပျောက်ကွယ်သွားသည်။
“ဝှစ်”
ထိုအချိန်တွင် ပုံရိပ်တစ်ခုက ဝူကျောက်၏ရှေ့သို့ ချက်ချင်းရောက်လာသည်။ ဝူကျောက်၏ အသက်စွမ်းအားက လျော့နည်းနေကြောင်း မြင်လိုက်ရသောအခါ ထိုပုံရိပ်၏ မျက်နှာထားက ဆိုးဝါးသွားသည်။
သူက လက်ကို ဆန့်ထုတ်ပြီး ဝူကျောက်ကိုခေါ်၍ ပျောက်ကွယ်သွားသည်။
သူထွက်သွားသောအခါ ပုံရိပ်အများအပြား ဆင်းသက်လာသည်။
“ဝမ်ကျင်းမြို့မှာ လူသတ်ရဲတယ်ပေါ့လေ။ ဒါက ပန်းပဲပညာရှင်အစည်းအရုံးကို စော်ကားလိုက်တာပဲ”
“ဟမ့်၊ ဒီလိုလုပ်ကြံမှုမျိုးကို မမြင်ရတာကြာနေပြီ။ တကယ်ရဲတင်းတာပဲ”
“ပင်မအကြီးအကဲတစ်ယောက်ရဲ့ နောက်လိုက်ကိုတောင် သတ်ဖြတ်ဖို့ ကြံစည်ရဲတယ်ပေါ့။ မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်ရမယ်”
ထိုပုံရိပ်များက လှုပ်ရှားလိုက်ပြီး တိတ်ဆိတ်စွာ ပျောက်ကွယ်သွားကြသည်။
လေ့ကျင့်ရေးခန်းဆောင်တွင် ဖြစ်သည်။
ပေတစ်သိန်းကျယ်ဝန်းပြီး ပေတစ်သောင်းမြင့်မားသော ကျောက်စိမ်းဖြူနံရံများနှင့် ရင်ပြင်တစ်ခု ဖြစ်သည်။
ရွှေအလင်းတန်းများသည် ရင်ပြင်တွင် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
ထိုအလင်းတန်းများသည် အလွန်အားကောင်းသည်။
ကျွမ်းကျင်သူများသည် အလင်းတန်းတစ်ခုချင်းစီ၏ ရှေ့တွင် ရှိနေကြသည်။
ပန်းပဲပညာရှင်အများအပြားက စောင့်ဆိုင်းနေကြသည်။
သူတို့အားလုံးက ဆရာဟန်သန့်စင်ထားသော ရုပ်သေးရုပ်၏စွမ်းရည်ကို အကဲဖြတ်ကြည့်ချင်သည်။
“ဘုန်း”
ကောင်းကင်နှင့်မြေကြီးက လည်ပတ်နေပြီး ကျောက်စိမ်းရင်ပြင်၏ ပတ်ပတ်လည်သည် လေဟာနယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ခန်းဆောင်သည် တည်နေရာရွှေ့ပြောင်းခံလိုက်ရခြင်း မဟုတ်ပေ။ ဝမ်ကျင်းမြို့သည် လေဟာနယ်တွင် တည်ရှိနေသည်။ သူတို့က ခန်းဆောင်၏ ပတ်ဝန်းကျင်တွင်ရှိသော ဖုံးကွယ်စွမ်းအားကို ဖယ်ရှားလိုက်ရုံသာဖြစ်သည်။
အလင်းတန်းများက သွယ်ယှက်နေပြီး ပုံရိပ်များသည် ခန်းဆောင်ထဲမှ ပျံသန်းလာကြသည်။
ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များ ဖြစ်ကြသည်။
“ဘုန်း”
ရုပ်သေးရုပ်နှစ်ရုပ်က ထိတွေ့သွားပြီး ပေါ်ထွက်လာသော စွမ်းအားလှိုင်းသည် ကောင်းကင်နှင့်မြေကြီးကို အက်ကွဲသွားစေသည်။
မရေမတွက်နိုင်သော စွမ်းအင်အလင်းများသည် လေဟာနယ်တွင် သွယ်ယှက်နေပြီး ရုပ်သေးရုပ်များ၏ စွမ်းအားကြောင့် ပတ်ဝန်းကျင်သည် ဆက်တိုက် ပျက်စီးနေသည်။
“တစ်ချက်တည်းနဲ့ လောကကို ထိုးခွဲနိုင်တယ်။ အဲဒါက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ရဲ့ စွမ်းအားပဲ”
“ဟုတ်တယ်။ ကမ္ဘာဦးအဆင့်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ပြန်ရနေပြီ”
အောက်တွင်ရှိသော ကျောက်စိမ်းရင်ပြင်တွင် လူတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လူတချို့၏ မျက်လုံးများက တောက်ပနေကြသည်။
ထိုရုပ်သေးရုပ်များ၏ တိုက်ခိုက်မှုသည် ဆရာဟန်၏ ပန်းပဲပညာအဆင့်အတန်းကို ဆုံးဖြတ်ပေးနိုင်သည်။
ဆရာဟန်က ပန်းပဲပညာရှင်အစည်းအရုံး၏ ပင်မအကြီးအကဲတစ်ယောက် ဖြစ်လာရန် အရည်အချင်းရှိသည်။
“ကြည့်လိုက်၊ အဲဒါက ပိုင်မိသားစုရဲ့ ကျောက်စိမ်းဖြူရုပ်သေးပဲ”
လူတစ်ယောက်က ပေါ်ထွက်လာသော ရုပ်သေးရုပ်ကို ညွှန်ပြလိုက်ပြီး အော်ပြောသည်။
ပိုင်မိသားစု၏ ကျောက်စိမ်းဖြူရုပ်သေးသည် ရှေးခေတ်ကတည်းက တည်ရှိခဲ့သည်။ သို့သော် တိုက်ပွဲကြီးတစ်ခုတွင် တစ်ဝက်ကျော်ပျက်စီးသွားပြီး သိုလှောင်ရုံထဲတွင် သိမ်းထားလိုက်ရသည်။
ထိုရုပ်သေးရုပ်သည် ပိုင်မိသားစု၏ အသန်မာဆုံးရုပ်သေးရုပ်တစ်ရုပ် ဖြစ်သည်။ ပိုင်မိသားစု၏ အခြေခံအုတ်မြစ်ဟု ပြောနိုင်သည်။
ထိုရုပ်သေးရုပ်ကို ပြုပြင်ရန်အတွက် ပင်မအကြီးအကဲများကို အကူအညီတောင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ယခုအချိန်တွင် ကျောက်စိမ်းဖြူရောင်သန်းနေပြီး ဓားမော့တစ်လက်ကိုင်ထားသော ရုပ်သေးရုပ်က ပျံထွက်လာပြီး လေဟာနယ်ကို ခုတ်ပိုင်းလိုက်သည်။
ဓားမော့အလင်းသည် လေဟာနယ်ကို ထိုးခွဲသွားပြီး တစ်ဖက်တွင်ရှိနေသော သားရဲတစ်ကောင်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးသည်။
ထို့နောက် လူတိုင်း၏ရှေ့တွင် ကျောက်စိမ်းဖြူရုပ်သေး၏ ချပ်ဝတ်က သွေးနီရောင်သန်းသွားပြီး သွေးလှိုင်းများကို ထုတ်လွှတ်သည်။
သွေးလှိုင်းများက သွေးရောင်ချပ်ဝတ်အဖြစ် စုစည်းသွားသည်။
သွေးရောင်ချပ်ဝတ်နှင့် ကျောက်စိမ်းဖြူရုပ်သေးက ဓားမော့ကိုင်ပြီး လေဟာနယ်ထဲသို့ ပြေးဝင်သွားသည်။
လေဟာနယ်တွင် ပုန်းအောင်းနေသော သားရဲများက ဓားမော့ခုတ်ချက်၏အောက်တွင် ပျက်စီးသွားကြသည်။
“သန်မာလိုက်တာ”
“ဒါက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ရဲ့ အစစ်အမှန်ခွန်အားလား”
“ပိုင်မိသားစုက ဒီရုပ်သေးရုပ်ကို အဲဒီအခြေအနေမျိုးအထိ ထိန်းချုပ်နိုင်ပါ့မလား”
လူတိုင်းက မျက်လုံးပြူးသွားပြီး လွှမ်းမိုးနိုင်သောပုံစံဖြင့် သတ်ဖြတ်နေသော ရုပ်သေးရုပ်ကို ကြည့်လိုက်ကြသည်။
အကြီးအကဲကျင်းဝူကပင် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လက်သီးဆုပ်ထားမိသည်။
“ငါက ဆရာဟန်ကို အထင်သေးမိတာပဲ ....”
သူက တီးတိုးပြောသည်။
သူ့ဘေးတွင်ရှိသော ပန်းပဲပညာရှင်များ၏ မျက်လုံးက တောက်ပနေပြီး ကောင်းကင်ထက်တွင်ရှိသော ရုပ်သေးရုပ်များကို ကြည့်သည်။
ရုပ်သေးရုပ်များက လေဟာနယ်ကို လွှမ်းမိုးထားပြီး အောက်သို့ ပြန်ဆင်းလာကြသည်။
ဆက်လက်စစ်ဆေးနေရန် မလိုတော့ပေ။
တစ်ဝက်ကျော်ပျက်စီးနေသော ရုပ်သေးရုပ်ကိုပင် ပြန်ပြင်နိုင်ခဲ့သည်။ ထို့ကြောင့် တခြားရုပ်သေးရုပ်များကိုလည်း ပြုပြင်နိုင်လိမ့်မည်။
ပိုင်ရှစ်ကျူးက ရှေ့တွင်ရှိသော ဟန်မူယဲ့ကို လေးစားစွာကြည့်သည်။
“ဆရာဟန်က ကျောက်စိမ်းဖြူရုပ်သေးရုပ်ကိုတောင် အပြည့်အဝပြန်ကောင်းလာအောင် ပြုပြင်ပေးခဲ့တယ်။ ပိုင်မိသားစုတစ်ခုလုံးက ဆရာဟန်ကို ကျေးဇူးတင်ပါတယ်”
ပိုင်ရှစ်ကျူးက စကားပြောလိုက်ပြီး ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ပေးသည်။
“ဒါက ဆရာဟန်သုံးနိုင်မယ့် ဝိညာဉ်သတ္တုနဲ့ ရတနာတချို့ပါ”
ပိုင်ရှစ်ကျူးက ကျောက်စိမ်းသေတ္တာကို လက်နှစ်ဖက်ဖြင့်ကိုင်ထားသည်။
“အနာဂတ်မှာ ဆရာဟန်က တစ်ခုခုလိုအပ်လာရင် ကျွန်တော်တို့ ပိုင်မိသားစုက အစွမ်းကုန်ကြိုးစားပေးပါ့မယ်”
သစ္စာရှိကြောင်း ပြသလိုက်သည်။
အကယ်၍ ဟန်မူယဲ့က ပိုင်မိသားစုကို စောင့်ရှောက်ပေးနေလျှင် သူတို့က ဝမ်ကျင်းမြို့၏ ထိပ်တန်းမိသားစု ဖြစ်လာလိမ့်မည်။
ပိုင်မိသားစုကဲ့သို့ မိသားစုကြီးများက လွတ်လပ်ခွင့်ဆုံးရှုံးခြင်းကို ဂရုစိုက်နေမည်မဟုတ်ပေ။
သူတို့က လက်တွေ့ကျသည်။ အစစ်အမှန်အကျိုးအမြတ်ကိုသာ ဂရုစိုက်ကြသည်။
ဟန်မူယဲ့က ရှေ့တွင်ရှိသော ပိုင်ရှစ်ကျူးကို ကြည့်လိုက်ပြီး ကျောက်စိမ်းသေတ္တာကို လှမ်းယူသည်။
“အကြီးအကဲပိုင်၊ ကျွန်တော့်ကို ကျူကျင်းကုန်သွယ်ရေးအဖွဲ့မှာ လာတွေ့လို့ရပါတယ်”
ကျူကျင်းကုန်သွယ်ရေးအဖွဲ့ ....
ပိုင်ရှစ်ကျူး၏ မျက်နှာက ပျော်ရွှင်မှုကြောင့် နီရဲသွားသည်။ သူက လျင်မြန်စွာဦးညွတ်လိုက်ပြီး ခေါင်းညိတ်သည်။
ကျူကျင်းကုန်သွယ်ရေးအဖွဲ့သည် ဆရာဟန်၏ နောက်ကွယ်တွင်ရှိသော ကြွယ်ဝမှု၏ အရင်းအမြစ် ဖြစ်သည်။ သူတို့၏ ကြွယ်ဝမှုသည် အစည်းအရုံး၏ ထိပ်တန်းကုန်သွယ်ရေးအဖွဲ့များနှင့် ယှဉ်နိုင်ကြသည်။
ဆရာဟန်က ကျူကျင်းကုန်သွယ်ရေးအဖွဲ့ကို သွားနိုင်သည်ဟု ပြောလိုက်သောကြောင့် ပိုင်မိသားစု၏ ထောက်ပံ့မှုကို လက်ခံသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဆရာဟန်နှင့် ကျူကျင်းကုန်သွယ်ရေးအဖွဲ့ကို မှီခိုလိုက်လျှင် ပိုင်မိသားစုက အမှန်တကယ် တိုးတက်လာလိမ့်မည်။
အနီးအနားတွင်ရှိသော တခြားမိသားစုများ၏ ခေါင်းဆောင်တချို့က အားကျနေကြသည်။
ဝမ်မိသားစုခေါင်းဆောင်၏ မျက်နှာထားက ရှုပ်ထွေးနေသည်။
“အဲဒီအခွင့်အရေးက ဝမ်မိသားစုနဲ့ သက်ဆိုင်သင့်တယ်”
ထောင့်တစ်နေရာတွင်ရှိသော လူတစ်ယောက်က တီးတိုးပြောလိုက်သည်။
ထိုစကားကြောင့် လူများက ရယ်လိုက်ကြသည်။
ဟန်မူယဲ့၏ပုံရိပ်က ပျောက်ကွယ်သွားသည်။ သူက ထွက်သွားခဲ့သည်။
ဟန်မူယဲ့က ပိုင်မိသားစုသို့ ပြန်မသွားဘဲ ကျူကျင်းကုန်သွယ်ရေးအဖွဲ့သို့ တိုက်ရိုက်ရောက်လာသည်။
သူက ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ ဈေးဆိုင်သို့ ရောက်လာသောအခါ ယုစီက ရှေ့တက်လာပြီး တီးတိုးပြောသည်။
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းညိတ်သည်။
“ငါ့ကို အဲဒီခေါ်သွားပါ”
ယုစီက တစ်ဖက်သို့လှည့်ပြီး ခြံဝိုင်း၏ အခန်းတစ်ခန်းဆီသို့ ဦးတည်သွားသည်။
အခန်းထဲတွင် မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲနှစ်ယောက် ရှိနေသည်။
ဖြူဖျော့နေသော လူတစ်ယောက်သည် သူတို့၏ရှေ့တွင်ရှိသော အိပ်ရာတွင် လဲလျောင်းနေသည်။
ဝူကျောက် ဖြစ်သည်။
သူက လမ်းပေါ်တွင် လုပ်ကြံခံခဲ့ရသည်။
ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ လူများက အကူအညီပေးရန် ရောက်လာကြသော်လည်း ခြေတစ်လှမ်းနောက်ကျသွားသည်။
“ဆရာဟန်ကို နှုတ်ဆက်ပါတယ်”
“ဆရာဟန်၊ ဒီလူရဲ့ အသွေးအသားနဲ့ အရိုးတွေက ပျက်စီးသွားပါပြီ။ အကြွင်းအကျန်ဝိညာဉ်ပဲ ရှိပါတော့တယ်”
လူအိုကြီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းခါသည်။
သူတို့က စွမ်းဆောင်ရည်ရှိသော်လည်း ရုပ်ခန္ဓာပျက်စီးနေသော ဝူကျောက်ကို မကယ်တင်နိုင်ပေ။
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး ရှေ့တက်လာသည်။ သူက ဝူကျောက်ကို ကြည့်လိုက်သည်။
သူက ဝူကျောက်ကို စမ်းသပ်ကြည့်နေရန် မလိုအပ်ပေ။ ဝူကျောက်၏ရုပ်ခန္ဓာက သေဆုံးသွားကြောင်း အကြည့်တစ်ချက်နှင့် သိနိုင်သည်။
အကယ်၍ ဝူကျောက်က သူတော်စင်အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင် အားကောင်းသောဝိညာဉ်ကို အသုံးပြုပြီး ပြန်လည်မွေးဖွားနိုင်သည်။
နတ်ဘုရားအဆင့်ဆိုလျှင်တော့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး ပြန်လည်မွေးဖွားနိုင်သည်။
သို့သော် ဝူကျောက်က အဆင့်ငါးကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။
သူ့ဝိညာဉ်သည် ခန္ဓာကိုယ်ပြင်ပတွင် ရှင်သန်ရန် လုံလောက်စွာ မသန်မာပေ။
ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး လက်မြှောက်သည်။
မှိန်ဖျော့သော ဝိညာဉ်တစ်ခုသည် မြူခိုးအဖြစ် အသွင်ပြောင်းပြီး ပေါ်ထွက်လာသည်။
ဝူကျောက်၏ဝိညာဉ်က အလွန်အားနည်းသောကြောင့် လူပုံစံပင် ဖြစ်မလာနိုင်ပေ။
ရွှေအလင်းသည် ဟန်မူယဲ့၏လက်ထဲမှ ပေါ်ထွက်လာပြီး ဝူကျောက်၏ဝိညာဉ်ကို လွှမ်းခြုံလိုက်သည်။
ဝိညာဉ်မြူခိုးသည် လှုပ်ရှားနေပြီး ဝူကျောက်၏ပုံစံအဖြစ် ပြောင်းလဲသွားသည်။
စိတ်ရှုပ်ထွေးနေသောဝူကျောက်က ဟန်မူယဲ့ကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။
“ဆရာဟန် ....”
သူ့အသံက ခြင်တစ်ကောင်သဖွယ် တိုးတိတ်ပြီး တစ်ကိုယ်လုံး တုန်ခါနေသည်။
လူအိုကြီးနှစ်ယောက်နှင့် ယုစီက အံ့အားသင့်သွားကြသည်။
‘ဆရာဟန်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံနဲ့ ဝိညာဉ်ကို ပုံဖော်ပေးနိုင်တာလား။ ဆရာဟန်ရဲ့ ဝိညာဉ်စွမ်းအားက ဘယ်လောက်တောင် သန်မာနေတာလဲ’
‘သူက ပန်းပဲပညာရှင် မဟုတ်ဘူးလား’