← Chapters

အခန်း (၁၃၅၁)

Vol. 97 Ch. 1351

အခန်း (၁၃၅၁)

Vol. 97 Ch. 1351

ဝူယွင်လမ်းကြား ....

လွန်ခဲ့သောရက်များတွင် ဝမ်မိသားစု၏ ပတ်ဝန်းကျင်တွင်ရှိသော လေထုသည် အလွန်တင်းမာနေသည်။

ဝမ်မိသားစုက ပင်မအကြီးအကဲအသစ်ဖြစ်သော ဆရာဟန်ကို မောင်းထုတ်ခဲ့ကြောင်း လူတိုင်းသိကြသည်။

သို့သော် ဆရာဟန်၏နောက်လိုက်ကို လုပ်ကြံသတ်ဖြတ်ရာတွင် ပတ်သတ်နေကြောင်း လူအနည်းငယ်ကသာ သိကြသည်။

ဝူယွင်လမ်းကြား၏ ရှန်းမိသားစုသည် ဆရာဟန်၏ နောက်လိုက်ကို လုပ်ကြံသတ်ဖြတ်ရာတွင် တိုက်ရိုက်ပါဝင်ခဲ့သောကြောင့် အမြစ်မှ ဆွဲနုတ်ခံလိုက်ရသည်။

ရှန်းမိသားစုတွင် နတ်ဘုရားအဆင့်ကျွမ်းကျင်သူ နှစ်ယောက်၊ သူတော်စင်အဆင့် ကျွမ်းကျင်သူ ခြောက်ယောက်နှင့် သူတော်စင်အဆင့်၏အောက်တွင် ကျင့်ကြံသူတစ်ထောင်ကျော် ရှိသည်။

နတ်ဘုရားအဆင့် ကျွမ်းကျင်သူများသည် အကျဉ်းချခံလိုက်ရသည်။ သူတော်စင်အဆင့်များက အသတ်ခံလိုက်ရသည်။ သူတော်စင်အဆင့်၏အောက်တွင် ခုခံသောလူများကို သတ်ပစ်လိုက်ပြီး အညံ့ခံသောလူများကို တစ်သက်လုံး မိုင်းတူးရန် စွန့်ပစ်မြေသို့ ပို့လိုက်ကြသည်။

နှစ်တစ်သိန်းအကြာတွင် ဝမ်ကျင်းမြို့က ရက်စက်သောနည်းလမ်းကို ထပ်မံထုတ်သုံးခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် လူတိုင်းက အံ့အားသင့်သွားကြသည်။

ပန်းပဲပညာရှင်အစည်းအရုံးသည် နှစ်ပေါင်းများစွာကြာအောင် ငြိမ်းချမ်းနေပြီး ယခုအချိန်တွင် အစွယ်များကို ထုတ်ပြခဲ့သည်။

ရှန်းမိသားစုကို ရှင်းထုတ်လိုက်သော တိုက်ပွဲသည် နာရီဝက်ခန့်သာ ကြာမြင့်ခဲ့သည်။ ထို့ကြောင့် လူတိုင်းက တိတ်ဆိတ်သွားကြသည်။

ရှန်းမိသားစု၏ ဖြစ်ရပ်အပြီးတွင် ကျူးမိသားစုက စကြဝဠာနယ်မြေတွင်ရှိသော ကျွမ်းကျင်သူများကို ချက်ချင်းဆက်သွယ်ခဲ့သည်။ ထို့နောက် သူတို့က အဆက်အသွယ်ရှိခဲ့သော ပင်မအကြီးအကဲတစ်ယောက်ကို ရှာဖွေပြီး အစွမ်းကုန် ကြိုးစားနေသည်။

လက်ရှိအချိန်တွင် ကျူးမိသားစုက စောင့်ကြည့်ခံနေရသော်လည်း တည်ငြိမ်နေသည်။

ဝမ်မိသားစုကိုတော့ ပန်းပဲပညာရှင်အစည်းအရုံးက လွှတ်ထားခဲ့သည်။

သို့သော် ကျူကျင်းကုန်သွယ်ရေးအဖွဲ့က သတ်မိန့်ထုတ်ခဲ့သည်။

ဝမ်ကျင်းမြို့တွင် ကုန်သွယ်ရေးအဖွဲ့က သတ်မိန့်ထုတ်ခြင်းသည် အဓိပ္ပာယ်မရှိပေ။

သို့သော် ကျူကျင်းကုန်သွယ်ရေးအဖွဲ့သည် ဆရာဟန်၏လက်အောက်တွင်ရှိနေကြောင်း လူတိုင်းသိကြသည်။

ဝမ်မိသားစုသည် ဖြစ်ရပ်တစ်ခုတွင် ပါဝင်ပတ်သတ်နေသည်။

ပန်းပဲပညာရှင်အစည်းအရုံးက ရှန်းမိသားစုကို ရှင်းထုတ်ပြီး ပင်မအကြီးအကဲအသစ်ကို ဖြေရှင်းချက်ပေးခဲ့သည်။

အကယ်၍ ကျူကျင်းကုန်သွယ်ရေးအဖွဲ့က ဝမ်မိသားစုကို ရှင်းထုတ်ချင်လျှင် ကိုယ်ပိုင်စွမ်းအားကို အသုံးပြုရမည်။

“ဘုန်း”

ဝမ်မိသားစုတွင် ကျယ်လောင်သောအသံကို ကြားရသည်။

“သူတို့က တိုက်ခိုက်နေပြီထင်တယ်”

အဝေးတစ်နေရာတွင် စောင့်ကြည့်နေသော မရေမတွက်နိုင်သည့် လူများက မတ်တပ်ရပ်လိုက်ကြသည်။

“ဒီတစ်ကြိမ်မှာ ဝမ်မိသားစုက လွတ်မြောက်သွားမလား ဒါမှမဟုတ် ဆရာဟန်က အဆင့်အတန်းကို တည်ငြိမ်အောင်လုပ်နိုင်မလား ကြည့်ရအောင်”

လူတစ်ယောက်က တောက်ပနေသောမျက်လုံးများနှင့် အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး တီးတိုးပြောသည်။

ဝမ်မိသားစုသည် ဝမ်ကျင်းမြို့တွင် အခြေစိုက်နေသော မိသားစုကြီးတစ်ခု ဖြစ်သည်။

ပင်မအကြီးအကဲ ဖြစ်လာသော ဆရာဟန်နှင့် ကျူကျင်းကုန်သွယ်ရေးအဖွဲ့သည် အင်အားစုအသစ်ကို ကိုယ်စားပြုသည်။

အင်အားစုအဟောင်းနှင့် အင်အားစုအသစ်၏ ယှဉ်ပြိုင်ပွဲတွင် မည်သူက အနိုင်ရမည်နည်း။

“ပိုင်ရှစ်ကျူး၊ မင်းတို့ ပိုင်မိသားစုက ငါတို့ ဝမ်မိသားစုနဲ့ အဆုံးအထိ တိုက်ခိုက်ချင်တာလား”

ဝမ်မိသားစု၏ ခြံဝိုင်းတွင် ဒေါသထွက်နေသော အော်ဟစ်သံကို ကြားရသည်။

ပိုင်မိသားစု ....

ပိုင်မိသားစုက ဆရာဟန်နှင့်အတူ ရပ်တည်လိမ့်မည်။

“ဝမ်ဇီလွင်၊ မင်းတို့ ဝမ်မိသားစုက အမှားလုပ်ခဲ့တယ်။ အဲဒီတော့ တန်ဖိုးပြန်ပေးရမှာပေါ့”

ပိုင်မိသားစု၏အကြီးအကဲ ပိုင်ရှစ်ကျူးက ဂရုမစိုက်စွာ ပြောသည်။

“ဘုန်း”

သူ့စကားသံအဆုံးတွင် ပေါက်ကွဲသံကို ထပ်ကြားရသည်။

“ဟန်မူယဲ့က အဲဒီလောက် အားကောင်းတယ်လို့ မင်းထင်နေတာလား”

ဝမ်မိသားစုတွင် ဒေါသထွက်နေသောအသံကို ကြားနိုင်သည်။

“ငါတို့ ဝမ်မိသားစုက စကြဝဠာနယ်မြေရဲ့ ကျွမ်းကျင်သူတွေကို ဆက်သွယ်ပြီးပြီ။ သူတို့ရောက်လာရင် ငါတို့က ပင်မအကြီးအကဲရာထူးကို ဆုံးဖြတ်နိုင်လိမ့်မယ်”

“ဟန်မူယဲ့က ပင်မအကြီးအကဲ မဟုတ်တော့ရင် ဘာလုပ်နိုင်မှာလဲ”

ဒေါသထွက်နေသောအသံက ‌မောက်မာစွာပြောသည်။ ထိုအသံနှင့်အတူ လေပြင်းနှင့် မိုးကြိုးများကိုပင် မြင်ရသည်။

ဝမ်မိသားစုအိမ်တော်တွင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူငါးယောက်က ပိုင်မိသားစုနှင့် ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ အတားအဆီးကို ချိုးဖောက်ရန် ကြိုးစားနေကြသည်။

ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှစ်ရုပ်က ဝမ်ကျင်းမြို့၏ ဝင်္ကပါကို အသက်မဝင်စေချင်သောကြောင့် သတိထားပြီး တိုက်ခိုက်နေကြသည်။ သူတို့က ပတ်ဝန်းကျင်တွင်ရှိသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကိုသာ အသုံးပြုနေကြသည်။

ပိုင်မိသားစု၏ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြသည်။

ပိုင်မိသားစုတွင် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ရှိကြသည်။ သူတို့က ဝမ်မိသားစုကို ဖိနှိပ်နိုင်သည်။

သို့သော် ယနေ့တွင် သူတို့က အဓိကဇာတ်ကောင် မဟုတ်ပေ။

သူတို့က ဆရာဟန်ကို သစ္စာရှိကြောင်း ပြသနိုင်သည်။ သို့သော် အဓိကနေရာကို ခိုးယူရန် မဖြစ်နိုင်ပေ။

ထို့အပြင် သူတို့က ဝမ်မိသားစုနှင့် အဆုံးစွန်အထိ တိုက်ခိုက်လျှင် ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။

သူတို့က သစ္စာတရားကို ပြသချင်သောကြောင့်သာ ဤနေရာတွင် ရှိနေသည်။ အဆုံးအထိ တိုက်ခိုက်ရန် မလိုအပ်ပေ။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့သည် ကြွယ်ဝသော်လည်း ကျွမ်းကျင်သူများကို လိုအပ်နေသည်။

ယခုအချိန်တွင် ပိုင်မိသားစုက ခေါင်းကိုက်နေရသည်။

သို့သော် ယုစီက အလျင်မလိုပေ။

ဆရာဟန်က တစ်ယောက်ယောက်ကို လွှတ်လိုက်မည်ဟု ပြောထားသည်။

“ငါတို့က ရအောင်ဖောက်ထွက်ရမယ်”

ဝမ်မိသားစု၏ နတ်ဘုရားအဆင့်ကျွမ်းကျင်သူက တိုက်ခိုက်လိုစိတ်ကို ထုတ်လွှတ်နေပြီး သွေးအလင်းကို ဖန်တီးသည်။

သူက ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ထိန်းချုပ်ထားပြီး ပတ်ဝန်းကျင်တွင်ရှိသော ရုပ်သေးရုပ်နှင့် ချပ်ဝတ်သခင်များကို တွန်းအားပေးနေသည်။

“နှစ်တစ်သန်းသက်တမ်းရှိတဲ့ မိသားစုကြီးတစ်ခုက ဝမ်ကျင်းမြို့ကနေ ထွက်သွားတော့မှာလား”

အဝေးတစ်နေရာတွင်ရှိသော လူတစ်ယောက်က သက်ပြင်းချလိုက်သည်။

“ဝမ်ကျင်းမြို့မှာ ပင်မအကြီးအကဲတစ်ယောက် ပေါ်ထွက်လာရင် ဒီလိုမျိုး ဖြစ်နေကျပဲမဟုတ်လား”

“လူအများစုကတော့ ဒီလိုအချိန်မျိုးမှာ ကျရှုံးသွားကြတယ်”

စကားပြောလိုက်သောလူက တိုက်ခိုက်နေသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များကို ကြည့်လိုက်သည်။

“ဝမ်မိသားစုက ကြွယ်ဝမှုအားလုံးကို အသုံးပြုပြီး တခြားလူတွေကို မလှုပ်ရှား‌အောင် ဆွဲဆောင်ထားတယ်”

“တကယ်လို့ ဒီနေ့မှာ ဝမ်မိသားစုက လွတ်မြောက်သွားရင် ဆရာဟန်နဲ့ ကျူကျင်းကုန်သွယ်ရေးအဖွဲ့က တခြားလူတွေရဲ့အမြင်မှာ အသားတုံးတစ်တုံး ဖြစ်လာလိမ့်မယ်”

ထိုစကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများ၏မျက်လုံးက တောက်ပလာသည်။

ယခုအချိန်တွင် ကျူကျင်းကုန်သွယ်ရေးအဖွဲ့က ပန်းပဲပညာရှင်အစည်းအရုံး၏ လွှမ်းမိုးနိုင်စွမ်းအရှိဆုံး အင်အားစုတစ်ခုဟု ပြောနိုင်သည်။

ပန်းပဲပညာရှင်အစည်းအရုံးက ပန်းပဲနည်းစနစ်အသစ်များ ပေါ်ထွက်လာစေရန် ကျူကျင်းကုန်သွယ်ရေးအဖွဲ့ကို ထောက်ပံ့ပေးနေသည်။

သို့သော် ယခုအချိန်တွင် မတူတော့ပေ။

ဆရာဟန်က ပင်မအကြီးအကဲတစ်ယောက် ဖြစ်လာသည်။

သူက အစည်းအရုံး၏ အရင်းအမြစ်များကို မမှီခိုနိုင်တော့ပေ။

ထိုအချိန်တွင် သူတို့က ကျူကျင်းကုန်သွယ်ရေးအဖွဲ့ကို အခွင့်‌ကောင်းယူနိုင်လျှင် ချက်ချင်းကြွယ်ဝလာလိမ့်မည်။

ဆရာဟန်၏ ပန်းပဲစွမ်းရည်က အထင်ကြီးစရာကောင်းပြီး ပင်မအကြီးအကဲတစ်ယောက် ဖြစ်လာရန် အရည်အချင်းရှိသည်။

သို့သော် ပင်မအကြီးအကဲတိုင်းသည် နောက်ခံကောင်းကြသည်။

သူတို့က မိသားစုကြီးများ၊ မြို့ကြီးများနှင့် စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူများကို မှီခိုထားကြသည်။

အစည်းအရုံးကြီးလေးခုတွင် ပန်းပဲပညာရှင်အစည်းအရုံးနှင့် ကျောင်းတော်အစည်းအရုံးတို့သည် ပြင်ပအင်အားစုများကို မှီခိုနေရဆဲ ဖြစ်သည်။

ရုပ်သေးသခင်အစည်းအရုံးနှင့် ချပ်ဝတ်သခင်အစည်းအရုံးတို့က အစစ်အမှန်ခွန်အားကို ပိုင်ဆိုင်ကြသည်။

ရုပ်သေးသခင်အစည်းအရုံးနှင့် ချပ်ဝတ်သခင်အစည်းအရုံး၏ ထိပ်တန်းအဆင့် အကြီးအကဲများသည် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို တစ်ယောက်တည်း ထိန်းချုပ်နိုင်ကြသည်။ သူတို့ထဲတွင် အစစ်အမှန်ကျွမ်းကျင်သူက စကြဝဠာအဆင့် စွမ်းအားကိုပင် အသက်သွင်းနိုင်သည်။

ထိုခွန်အားမျိုးသည် စကြဝဠာတစ်ခုလုံးကို ဖိနှိပ်ထားနိုင်သည်။

“ဘုန်း”

ဝမ်မိသားစု၏ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှစ်ရုပ်သည် ပိုင်ရှစ်ကျူးနှင့် ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ နတ်ဘုရားအဆင့်ကျွမ်းကျင်သူကို နောက်ဆုတ်သွားအောင် တွန်းအားပေးလိုက်သည်။ သူတို့၏ ကိုယ်ပေါ်တွင်ရှိသော စွမ်းအင်အလင်းက တုန်ခါနေကြသည်။

ဝမ်မိသားစု၏ ရုပ်သေးရုပ်များသည် ပိုင်ရှစ်ကျူးနှင့် ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ ကျွမ်းကျင်သူများကို ဖိနှိပ်ထားနိုင်သည်။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ ကျွမ်းကျင်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့၏ ကုန်သွယ်ရေးအဖွဲ့ကလည်း ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို ပိုင်ဆိုင်သည်။

သို့သော် ထိုရုပ်သေးရုပ်ကို ထုတ်သုံးလျှင်ပင် ဝမ်မိသားစုကို အနိုင်ရမည်မဟုတ်ပေ။

ဝမ်ကျင်းမြို့၏ ဝင်္ကပါကို အသက်ဝင်လာစေလိမ့်မည်။

ဝင်္ကပါ အသက်ဝင်လာလျှင် သူတို့အားလုံးကို ဝမ်ကျင်းမြို့ထဲမှ ကန်ထုတ်လိမ့်မည်။

ထိုသို့ဆိုလျှင် တိုက်ပွဲ၏ အနိုင်အရှုံးကို လေဟာနယ်တွင် ဆုံးဖြတ်ရမည်။

ထိုအချိန်တွင် အရာအားလုံးက ဖရိုဖရဲဖြစ်သွားလိမ့်မည်။

ထို့ကြောင့် နှစ်ဖက်လုံးက ထိန်းချုပ်ထားပြီး ဝင်္ကပါ၏ အကန့်အသတ်အတွင်းသာ တိုက်ခိုက်နေကြသည်။

“တက်”

ဝမ်မိသားစု၏ အိမ်တော်တွင် ခပ်အုပ်အုပ်အော်သံကို ကြားရသည်။

ပိုင်ရှစ်ကျူးက တွန့်ဆုတ်နေသည်။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများကလည်း တုံ့ဆိုင်းနေကြသည်။

‘ငါတို့က အဆုံးအထိ တိုက်ခိုက်ရမှာလား’

“ဘန်း”

တုန်ခါသံကို ကြားရသည်။

ပုံရိပ်တစ်ခုသည် အဆောက်အအုံ၏ ခေါင်မိုးပေါ်သို့ ဆင်းသက်လာသည်။

အနက်ရောင်ချပ်ဝတ်နှင့် ထိုပုံရိပ်က အရပ်ရှည်ပြီး ဖြောင့်မတ်သည်။ ထို့အပြင် နက်ရှိုင်း‌သော အငွေ့အသက်ကိုလည်း ပိုင်ဆိုင်ထားသည်။

ထိုပုံရိပ်က သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေသည်။

ထိုလူက အလွန်သန်မာသည်။

ပတ်ဝန်းကျင်က ဖိနှိပ်ခံလိုက်ရသောကြောင့် အသစ်ရောက်လာသောလူက အနည်းဆုံး နတ်ဘုရားအဆင့်၏ အထွတ်အထိပ်တွင်ရှိနေကြောင်း လူတိုင်းက သိလိုက်ရသည်။

‘အဲဒါက ဘယ်သူလဲ’

ဝမ်မိသားစု၏ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက ရပ်တန့်လိုက်ကြသည်။ သူတို့၏ရှေ့တွင် ရပ်နေသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်များက အသစ်ရောက်လာသောလူကို စိုးရိမ်စွာ ကြည့်သည်။

“သူက ဝမ်ယုယောင်ကို သယ်ထားတယ်”

လူတစ်ယောက်က ထိတ်လန့်စွာပြောသည်။

ဝမ်ယုယောင်က ဝမ်မိသားစု၏ ကိုးယောက်မြောက်သခင်မလေး ဖြစ်သည်။

သူမက ဤဖြစ်ရပ်၏ အဓိကအရင်းအမြစ် ဖြစ်သည်။

ဝမ်မိသားစုက ဆရာဟန်၏ဒေါကို ဖြေဖျောက်ရန်အတွက် ဝမ်ယုယောင်ကို ကျူကျင်းကုန်သွယ်ရေးအဖွဲ့သို့ ပို့ဆောင်ပြီး ဆရာဟန်၏ နောက်လိုက်ဖြစ်သော ဝူကျောက်၏ကိုယ်လုပ်တော် ဖြစ်စေခဲ့သည်။

ထိုအပြုအမူသည် အလွန်နှိမ့်ချထားပြီး တခြားလူများက မိသားစုကြီးတစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ပြောကြသည်။

သို့သော် ထိုလူများက တူညီသောအခြေအနေတွင် ဝမ်မိသားစုကဲ့သို့ ဆုံးဖြတ်ကြလိမ့်မည်။

အစပိုင်းတွင် ဝမ်ယုယောင်ကို စေလွှတ်လိုက်သောကြောင့် ထိုပြဿနာသည် အနည်းနှင့်အများဆိုသလို ပြီးဆုံးသွားသည်။ ထိုဖြစ်ရပ်တွင် ပိုင်မိသားစုက အကျိုးအမြတ်ရသွားသည်။

သို့သော် ဝမ်ယုယောင်က အလွန်တုံးအပြီး ပြဿနာထပ်ရှာခဲ့သည်။

သူမက ကျူးမိသားစု၊ ရှန်းမိသားစုနှင့် ပူးပေါင်းပြီး ဆရာဟန်၏ နောက်လိုက်ကို သတ်ဖြတ်ခဲ့သည်။

ပင်မအကြီးအကဲ၏ နောက်လိုက်ကို လမ်းပေါ်တွင် သတ်ဖြတ်ခြင်းသည် ပင်မအကြီးအကဲကို စိန်ခေါ်ခြင်း ဖြစ်သည်။

ပန်းပဲပညာရှင်အစည်းအရုံး၏ ဂုဏ်သိက္ခာကို ဆန့်ကျင်လိုက်ခြင်းလည်း ဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့် ရှန်းမိသားစုက ရှင်းထုတ်ခံလိုက်ရသည်။

All Chapters