အခန်း (၁၃၅၅)
Vol. 97 Ch. 1355
မရေမတွက်နိုင်သော ကျင့်ကြံသူများက စကြဝဠာနယ်မြေနှင့် တိုက်ရိုက်ဆက်သွယ်နေသော ဂိတ်တံခါးကို အလိုဆန္ဒများဖြင့် ကြည့်နေကြသည်။
သူတို့က ထိုဂိတ်ကို ဖြတ်သန်းနိုင်လျှင် စကြဝဠာနယ်မြေသို့ တိုက်ရိုက်ရောက်သွားလိမ့်မည်။
သို့သော် ထိုဂိတ်တံခါးသည် သူတို့အတွက် မဟုတ်ပေ။ စကြဝဠာနယ်မြေမှ ကျွမ်းကျင်သူများအတွက် ဖြစ်သည်။
“ဝီ”
ဂိတ်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာပြီး ပေါက်ကွဲသွားသော နေတစ်စင်းနှင့်တူညီသည့် စွမ်းအားကို ထုတ်ပေးသည်။
ပုံရိပ်နှစ်ခုသည် ဂိတ်တံခါးထဲမှ ထွက်လာခဲ့သည်။ သူတို့၏ အားကောင်းသော အငွေ့အသက်ကြောင့် ဂိတ်တံခါးကို ဖွင့်လိုက်သော ကျောက်ယန်ရှန်းက ခေါင်းငုံ့ထားလိုက်သည်။
“ကျွန်တော်က ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး အပြစ်ပေးပါ”
ကျောက်ယန်ရှန်းက ဦးညွတ်လိုက်ပြီး ပြောသည်။
ဝမ်မိသားစုဝင်များက ကြောင်အနေကြသည်။
ဝမ်ကျီလွင်က အသစ်ရောက်လာသော လူတစ်ယောက်ကို ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။
“အဲဒါက ကျောက်မိသားစုရဲ့ အဘေးပဲ”
“ယွမ်ချန်းခန်းဆောင်ရဲ့ အကြီးအကဲ ကျောက်ကျင်းယွမ်၊ သခင်ကြီးကျောက်ပဲ”
ထိုလူမျိုးကို စကြဝဠာနယ်မြေ၏ ပြင်ပတွင်ရှိသော လူများက မဆက်သွယ်နိုင်ကြပေ။
ယခင်က ဝမ်မိသားစု၏ဘိုးဘေးနှင့် ကျောက်ကျင်းယွမ်တို့သည် အသိမိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ဝမ်ကျီလွင်က ကျောက်ကျင်းယွမ်ကို မှတ်မိနေသည်။ နောက်ပိုင်းတွင် ဝမ်မိသားစု၏ဘိုးဘေး ဆုံးပါးသွားသောအခါ ကျောက်ကျင်းယွမ်က အရိုအသေပေးရန်အတွက် ရောက်လာခဲ့သည်။
ဝမ်မိသားစုနှင့် ကျောက်မိသားစု၏ လက်ထပ်ပွဲကိုလည်း သူက ဆုံးဖြတ်ပေးခဲ့သည်။
“ကျောက်ယန်ရှန်း၊ မင်းက အခုထိ ရင့်ကျက်မလာသေးဘူးပဲ။ ဒီလိုကိစ္စလေးကိုတောင် မဖြေရှင်းနိုင်ဘူးလား”
ကျောက်မိသားစု၏ မဟာအကြီးအကဲ ကျောက်ကျင်းယွမ်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အေးစက်စွာ ပြောသည်။
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အေးစက်စွာ နှာမှုတ်သည်။
“ပန်းပဲပညာရှင်အစည်းအရုံးရဲ့ လူတွေက ဘယ်ရောက်နေတာလဲ”
“ငါ့ကိုတောင် လာမကြိုကြဘူးလား။ ငါတို့ ယွမ်ချန်းခန်းဆောင်ကို အထင်သေးနေတာလား”
သူ့အသံသည် လောကကို လှုပ်ခါသွားစေသည်။
သူက တစ်ယောက်တည်းစွမ်းအားဖြင့် ပန်းပဲပညာရှင်အစည်းအရုံး တစ်ခုလုံးကို ဖိနှိပ်ထားနိုင်သည်။
အစည်းအရုံး၏ခန်းဆောင်တွင် ကျင်းဝူနှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဝမ်ကျင်းမြို့မှ ပျံထွက်လာသည်။
သူတို့ကို ခေါ်ထုတ်လိုက်သောကြောင့် တုံ့ပြန်ရမည်။
“ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ဇောင်ကျွင်းက အကြီးအကဲကျောက်ကို နှုတ်ဆက်ပါတယ်”
“ရှမင်ဟွာက အကြီးအကဲကို နှုတ်ဆက်ပါတယ်”
တာဝန်ကျနေသော မဟာအကြီးအကဲသုံးယောက်က လေထုထဲတွင် ပေါ်လာပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူကို နှုတ်ဆက်လိုက်ကြသည်။
ထိုမြင်ကွင်းကို လူတိုင်းက မြင်နေရသည်။
ပန်းပဲပညာရှင်အစည်းအရုံးသည် စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူကို မဆန့်ကျင်နိုင်ပေ။
“ဒီတစ်ကြိမ်မှာ ဆရာဟန်က အခက်တွေ့တော့မယ်”
အောက်တွင်ရှိသော လူတစ်ယောက်က တီးတိုးပြောသည်။
“ဆရာဟန်မှာ ရင်ဆိုင်ဖို့နည်းလမ်း ရှိမယ်ထင်လား”
လူတစ်ယောက်က ညင်သာစွာ မေးသည်။
‘ဆရာဟန်ရဲ့ နည်းလမ်းတွေအရဆိုရင် စကြဝဠာနယ်မြေက ကျွမ်းကျင်သူတွေကို ကိုင်တွယ်နိုင်လောက်တယ်’
‘မဟုတ်ရင် သူက ဘာဖြစ်လို့ သူတို့ကို ဆန့်ကျင်မှာလဲ’
“ပန်းပဲပညာရှင်အစည်းအရုံးက ငါတို့ ယွမ်ချန်းခန်းဆောင်နဲ့ ရန်သူလုပ်တော့မလို့လား”
ကျောက်ကျင်းယွမ်က ရှေ့တွင်ရှိသော ပင်မအကြီးအကဲသုံးယောက်ကို ကြည့်လိုက်ပြီး ညင်သာစွာမေးသည်။
သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တည်ငြိမ်စွာ ရှိနေသည်။
အကြီးအကဲသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းခါကြသည်။
ကျင်းဝူက လက်မြှောက်ပြီး ပြောသည်။
“အကြီးအကဲကျောက်က နားလည်မှုလွဲနေပြီထင်တယ် ....”
သူ့စကားမဆုံးခင် ကျောက်ကျင်းယွမ်က ဝူကျောက်ကို ညွှန်ပြလိုက်သည်။
“သူ့ကိုဖမ်းထားလိုက်။ ဆရာဟန်ဆိုတဲ့ လူကိုလည်း လက်လွှဲပေးလိုက်။ တောင်းပန်တဲ့အနေနဲ့ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ဆယ်ရုပ်ကို ပေးရမယ်”
“ငါက ယွမ်ချန်းခန်းဆောင်ကိုယ်စား မင်းတို့ကို ခွင့်လွှတ်ပေးနိုင်တယ်”
တောင်းပန်ရမည်။
ဝူကျောက်ကို ဖမ်းချုပ်ရမည်။ ဆရာဟန်ကို လက်လွှဲပေးရမည်။ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ဆယ်ရုပ်ကိုလည်း ပေးရမည်။
ထိုအရာသည် အလွန်ပြင်းထန်သော တောင်းဆိုချက် ဖြစ်သည်။
ပင်မအကြီးအကဲသုံးယောက်၏ မျက်နှာထားက ချက်ချင်း မည်းမှောင်သွားသည်။
သူတို့က လူအများ၏ရှေ့တွင် ထိုကိစ္စမျိုးကို မည်သို့ လုပ်နိုင်မည်နည်း။
သူတို့က တောင်းဆိုချက်ကို သဘောတူလိုက်လျှင် လူတိုင်း၏ အထင်သေးခြင်းကို ခံရမည်။
ပန်းပဲပညာရှင်အစည်းအရုံး တစ်ခုလုံးသည် မျက်နှာပျက်ရလိမ့်မည်။
ယနေ့တွင် သူတို့က နောက်ဆုတ်ချင်လျှင်ပင် မဆုတ်နိုင်တော့ပေ။
‘ဒါပေမဲ့ ငါတို့က စကြဝဠာနယ်မြေရဲ့ ယွမ်ချန်းခန်းဆောင်ကို တကယ်ပဲ ဆန့်ကျင်ရတော့မှာလား’
“အကြီးအကဲကျောက်က ကျန်တာတွေက အဆင်ပြေပေမဲ့ ဆရာဟန်က ပန်းပဲပညာရှင်အစည်းအရုံးရဲ့ အမည်ခံပင်မအကြီးအကဲတစ်ယောက်ပါ။ သူ့အကြောင်းကို တင်ပြထားပြီးပါပြီ”
ဇောင်ကျွင်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး တီးတိုးပြောသည်။
သူက တီးတိုးပြောလိုက်သော်လည်း လူတိုင်းက သူ့အသံကို ကြားနေရသည်။
ဆရာဟန်က အမှန်တကယ်ပင် ပင်မအကြီးအကဲတစ်ယောက် ဖြစ်သည်။ တရားဝင်ကြေညာရန်သာ ကျန်တော့သည်။
“သူ့အကြောင်းကို တင်ပြထားတာလား”
ကျောက်ကျင်းယွမ်၏ ဘေးတွင်ရှိသော အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူက ရုတ်တရက် ရယ်သည်။
“အဲဒါဆိုရင် သူက တရားဝင်မဖြစ်သေးဘူးပေါ့”
သူက ရယ်လိုက်ပြီး မျက်နှာထားအေးစက်လာသည်။
“ဒီလိုမျိုး မောက်မာတဲ့လူက ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ပင်မအကြီးအကဲတစ်ယောက် ဖြစ်သင့်လား”
သူ့မျက်လုံးများသည် တောက်ပနေပြီး ခန္ဓာကိုယ်မှ မီးတောက်ကို ထုတ်လွှတ်သည်။
“ကျူးမိသားစုက သူ့ကြောင့် အဝိုင်းခံထားရတာမဟုတ်လား”
“ကျူးမိသားစုက ငါတို့ ချန်ယန်ခန်းဆောင်ရဲ့ ပြင်ပအင်အားစုတစ်ခုဆိုတာကို မင်းမသိဘူးလား”
ချန်ယန်ခန်းဆောင် ....
ယွမ်ချန်းခန်းဆောင်နှင့် ဆင်တူသော စကြဝဠာနယ်မြေ၏ အင်အားစုတစ်ခု ဖြစ်သည်။ ပန်းပဲပညာရှင် အများအပြားသည် ထိုခန်းဆောင်တွင် ရှိနေကြသည်။
ပန်းပဲပညာရှင်အစည်းအရုံး၏ လူများက ချန်ယန်ခန်းဆောင်တွင် ကျင့်ကြံနေကြသည်။
သို့သော် လူအများစုသည် ချန်ယန်ခန်းဆောင်တွင် အချိန်ကြာမြင့်စွာ နေထိုင်ရန် အရည်အချင်းမရှိကြပေ။
“ချန်ယန်ခန်းဆောင် ....”
ရှမင်ဟွာက ရှေ့တွင်ရှိသော သက်လတ်ပိုင်းအရွယ် အကြီးအကဲကို ကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။ သူက ထိတ်လန့်စွာ မေးလိုက်သည်။
“ဒါက ဆရာသခင် ကျူးမင်ကျူးလား”
လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ကျူးမိသားစု၏ ဘိုးဘေး ကျူးမင်ကျူးက စကြဝဠာနယ်မြေသို့ ထွက်သွားခဲ့သည်။ သူက ကျူးမိသားစုနှင့် မသက်ဆိုင်တော့ပေ။
အစည်းအရုံးတွင်ရှိသော လူတိုင်းက ထိုအကြောင်းကို သိကြသည်။
ကျူးမိသားစုက မကြာခဏဆိုသလို ကျူးမင်ကျူး၏နာမည်ကို ထုတ်ပြောသော်လည်း အစည်းအရုံးက မကြောက်ပေ။
သို့သော် ယခုအချိန်တွင် ကျူးမိသားစု၏ ဘိုးဘေးက အမှန်တကယ် ပြန်ရောက်လာသည်။
“အစည်းအရုံးရဲ့ ပင်မအကြီးအကဲတင်ပြချက်က ချန်ယန်ခန်းဆောင်ကို ပို့ရတာ မင်းသိလား”
“ငါက မဲပေးရမယ့် လူတစ်ယောက်ပဲ။ ပြီးတော့ အကဲဖြတ်ပေးမယ့် အကြီးအကဲတွေနဲ့ ရင်းနှီးတယ်”
“ဆရာဟန်က ပင်မအကြီးအကဲတစ်ယောက် ဖြစ်လာမယ့်အကြောင်းကို မေ့ထားလိုက်လို့ရပြီ။ ငါက သဘောမတူဘူး”
ကျူးမင်ကျူးက အရေးမပါသော ကိစ္စရပ်တစ်ခုကို ဆုံးဖြတ်လိုက်သည့်အလား လက်ကိုဝှေ့ယမ်းပြီး ပေါ့ပါးစွာပြောသည်။
ပင်မအကြီးအကဲ ရွေးချယ်မှုသည် ပန်းပဲပညာရှင်အစည်းအရုံးအတွက် အရေးအကြီးဆုံး ကိစ္စရပ်တစ်ခု ဖြစ်သည်။ သို့သော် သူက လက်ဖျောက်တီးလိုက်ရုံဖြင့် ဆုံးဖြတ်နိုင်သည်။
ထိုအရာသည် စကြဝဠာနယ်မြေ၏ စွမ်းအား ဖြစ်သည်။
“ဆရာသခင်ကျူး၊ ဆရာဟန်ရဲ့ ပန်းပဲစွမ်းရည်က ....”
ဇောင်ကျွင်းက စိုးရိမ်နေပြီး တီးတိုးပြောသည်။
“ဒီလောကမှာ အဆင့်မြင့်ပန်းပဲပညာရှင်တွေ အများကြီးရှိတယ်။ သူ့မှာ စွမ်းရည်တချို့ ရှိနေရင်ရော ဘာဖြစ်လဲ”
ကျူးမင်ကျူးက အေးစက်စွာ နှာမှုတ်လိုက်ပြီး ခြင်္သေ့ရိုင်းနှလုံးသားအား ကိုင်ထားသော ဝူကျောက်ကို လှမ်းကြည့်သည်။
“စကြဝဠာနယ်မြေရဲ့ အပြင်ဘက်မှာရှိတဲ့ လူတိုင်းက အရေးမပါဘူး”
စကြဝဠာနယ်မြေ၏ အပြင်ဘက်တွင် လူတိုင်းသည် ပုရွက်ဆိတ်သာ ဖြစ်သည်။
ဆရာဟန်၏ ပန်းပဲစွမ်းရည်က မည်မျှပင် မြင့်မားနေပါစေ စကြဝဠာနယ်မြေမှ ကျွမ်းကျင်သူများ၏အမြင်တွင် အရေးမပါသော လူတစ်ယောက်သာ ဖြစ်သည်။
အကယ်၍ စကြဝဠာနယ်မြေ၏ ကျွမ်းကျင်သူတစ်ယောက်က ဆရာဟန်ကို ဖမ်းဆီးချင်လျှင် မည်သူမှ မတားနိုင်ပေ။
“ငါပြောတာကို မကြားဘူးလား”
ကျောက်ယန်ရှန်းက အံကြိတ်ထားပြီး ဝူကျောက်ကို ကြည့်သည်။ ထို့နောက် သူက ရှေ့တွင်ရှိသော ပင်မအကြီးအကဲ သုံးယောက်ကို ဆက်ကြည့်သည်။
“မင်းတို့ အစည်းအရုံးက ငါတို့ စကြဝဠာနယ်မြေနဲ့ ရန်သူဖြစ်ချင်တာလား”
သူ့စကားသည် ကျင်းဝူတို့၏ မျက်နှာထားကို ပြောင်းလဲသွားစေသည်။
‘တိုက်ခိုက်ရတော့မှာလား’
‘ငါတို့က ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ’
“ဟားဟား၊ ဒီကိစ္စကို ကိုယ့်ဘာသာ ဖြေရှင်းလိုက်တာပဲ ပိုကောင်းလိမ့်မယ်”
ထိုအချိန်တွင် အသံတစ်သံကို ကြားရသည်။
ပုံရိပ်တစ်ခုသည် လေဟာနယ်တွင် ပေါ်လာခဲ့သည်။
ဟန်မူယဲ့ ....
ဆရာဟန် ....
ဝူကျောက်၏ပုံရိပ်က လှုပ်ရှားသွားပြီး ဟန်မူယဲ့၏ရှေ့သို့ ရောက်လာသည်။ သူက ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။
ဟန်မူယဲ့က ဝူကျောက်၏ လက်ထဲတွင်ရှိသော ခြင်္သေ့ရိုင်းနှလုံးသားကို ကြည့်သည်။ သူက လက်မြှောက်ပြီး နှလုံးသားကို ချိပ်ပိတ်လိုက်သည်။
ဝူကျောက်က ခေါင်းမော့ကြည့်လိုက်ပြီး ဟန်မူယဲ့၏အပြုံးကို မြင်ရသည်။
‘ဆရာဟန်က ငါ့လုပ်ဆောင်ချက်ကို ကျေနပ်နေတာလား’
‘ဆရာဟန်ကျေနပ်ရင် ရပါပြီ’
“ဟမ့်၊ မင်းက ဆရာဟန်ဆိုတဲ့လူပဲ ဖြစ်ရမယ်”
“သူ့ကို ဖမ်းချုပ်ပြီး ငါတို့ ချန်ယန်ခန်းဆောင်ကို ပို့ ....”
ကျူးမင်ကျူး၏စကား မဆုံးခင် ခြင်္သေ့ရိုင်းနှလုံးသားကို သိမ်းဆည်းလိုက်သော ဝူကျောက်က ပျံထွက်လာသည်။
ဝူကျောက်က လှံရှည်ဖြင့် ကျူးမင်ကျူး၏ရင်ဘတ်ကို ထိုးချသည်။
လှံချက်သည် မီးတောက်နေပြီး အဆုံးမရှိသော ရွှေအလင်းကို သယ်ဆောင်ထားသည်။
ဆရာဟန်ရှိနေသောကြောင့် ဝူကျောက်က ဤတိုက်ပွဲတွင် ထိန်ချန်ထားရန် မလိုအပ်တော့ပေ။
လှံချက်သည် သူ၏ စွမ်းအားကို အပြည့်အဝ သယ်ဆောင်ထားသည်။
ထိုလှံချက်ကြောင့် လေဟာနယ်က တစ်လွှာပြီးတစ်လွှာ ပျက်စီးသွားသည်။
“ဘုန်း”
ကောင်းကင်နှင့်မြေကြီးက လှုပ်ရှားနေသည်။
ထောင်ချီသော အလင်းစီးကြောင်းများသည် ကြယ်အလင်းနှင့် ပေါင်းစပ်ပြီး ကြယ်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသည်။
ကျူးမင်ကျူးက ထိတ်လန့်သွားသည်။ သူက လက်မြှောက်ပြီး မီးပြင်းဖိုတစ်ခုကို ထုတ်ယူသည်။
“ဘန်း”
မီးပြင်းဖိုက ပျက်စီးသွားသည်။ ကြယ်အလင်းနဂါးက မရပ်တန့်ဘဲ ကျူးမင်ကျူးဆီသို့ ဆက်ရောက်လာသည်။
ထိုအချိန်တွင် ကျူးမင်ကျူးက လက်ကို ပြန်ရုတ်လိုက်ပြီး ချပ်ဝတ်ကို အသုံးပြုသည်။
သူတို့၏အဆင့်တွင် ချပ်ဝတ်နှင့် ရုပ်သေးရုပ်သည် ကွာခြားချက်သိပ်မရှိပေ။
သူတော်စင်အဆင့်သို့ ရောက်လာသောအခါတွင် ချပ်ဝတ်သခင်နှင့် ရုပ်သေးသခင်များသည် တူညီသော ဉာဏ်အလင်းကို ပိုင်ဆိုင်လာကြသည်။ သို့သော် တချို့လူများ၏ ကျင့်ကြံခြင်းနှင့် အလေ့အကျင့်သည် စွဲထင်နေသောကြောင့် နည်းလမ်းပြောင်းရန် ဆန္ဒမရှိကြပေ။
ကျူးမင်ကျူးက ချပ်ဝတ်ကို အသက်သွင်းလိုက်ပြီး လက်ထဲတွင်ရှိသော ဓားမော့ကို မြှောက်သည်။
“မောက်မာလိုက်တာ”
သူက အော်ဟစ်လိုက်ပြီး ဓားမော့ဖြင့် ခုတ်ချသည်။
ဓားမော့အလင်းသည် ကြယ်အလင်းနဂါးနှင့် ထိတွေ့သွားသည်။
ဤတစ်ကြိမ်တွင် မီးတောက်များက ပေါက်ကွဲထွက်လာပြီး ကြယ်အလင်းက ပျောက်ကွယ်သွားသည်။
ဓားမော့ကလည်း အက်ကွဲကြောင်းများနှင့် ပြည့်သွားသည်။