← Chapters

အခန်း (၁၃၅၂)

Vol. 97 Ch. 1352

အခန်း (၁၃၅၂)

Vol. 97 Ch. 1352

ယခုအချိန်တွင် ကျူးမိသားစုက ဝိုင်းရံခံထားရပြီး လွတ်မြောက်ရန် နည်းလမ်းအမျိုးမျိုးကို ရှာဖွေနေသည်။

ဝမ်မိသားစုကတော့ ပြေငြိမ်းရန် နည်းလမ်းရှာမရတော့ပေ။ သူတို့က အဆုံးအထိ တိုက်ခိုက်ရန်သာ ကျန်တော့သည်။

အရာအားလုံးသည် ဝမ်ယုယောင်ကြောင့် ဖြစ်လာခဲ့သည်။

ယခုအချိန်တွင် ဝမ်မိသားစုဝင်များက ခေါင်မိုးပေါ်မှ ပစ်ထုတ်ခံလိုက်ရသော ဝမ်ယုယောင်ကို မုန်းတီးစွာ ကြည့်လိုက်ကြသည်။

“သူက ဝူကျောက်ပဲ .... သူက မသေဘူး ....”

ပစ်ထုတ်ခံလိုက်ရသော ဝမ်ယုယောင်က သေလုမျောပါး ဖြစ်နေသည်။ သူမက ဝမ်မိသားစုကို ကြည့်လိုက်ပြီး နာကျင်စွာ ပြောသည်။

ဝူကျောက် ....

လမ်းပေါ်တွင် အသတ်ခံလိုက်ရသော ဝူကျောက် ဖြစ်သည်။

‘ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီး ဝူကျောက်ဖြစ်နိုင်မှာလဲ’

ဝမ်မိသားစုဝင်များက မျက်လုံးပြူးနေကြသည်။ စောင့်ကြည့်နေသော လူများကလည်း အံ့အားသင့်သွားကြသည်။

“မဖြစ်နိုင်ဘူး။ သူက ဝူကျောက်မဖြစ်နိုင်ဘူး”

လူတစ်ယောက်က အရပ်ရှည်သောပုံရိပ်ကို ကြည့်လိုက်ပြီး ထိတ်လန့်စွာ ပြောသည်။

ပိုင်မိသားစုခေါင်းဆောင် ပိုင်ကျန်းတင်က တည်ငြိမ်နေသောပုံရိပ်ကို ကြည့်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းသည်။

သူက ဝူကျောက်နှင့် အကြိမ်ရေအနည်းငယ်ခန့် တွေ့ဖူးသည်။ ရှေ့တွင်ရှိသောလူက ဝူကျောက်မဟုတ်ဟု ခံစားရသည်။

‘ဒါပေမဲ့ ဝမ်ယုယောင်က အဲဒီလူကို ဝူကျောက်လို့ ပြောနေတယ်’

“ဟုတ်တယ်။ ငါက ဝူကျောက်ပဲ”

ခေါင်မိုးပေါ်တွင်ရပ်နေသော ဝူကျောက်က စကားပြောလိုက်သည်။ သူ့အသံက နက်ရှိုင်းပြီး ခပ်နိမ့်နိမ့်ဖြစ်သည်။ ထို့အပြင် ဖိအားတစ်ခုကိုလည်း သယ်ဆောင်ထားသည်။

အဘယ်ကြောင့်ဆိုသော် သူက အလွန်သန်မာသောကြောင့် ဖြစ်သည်။ သူက ပတ်ဝန်းကျင်နှင့် ပဲ့တင်ထပ်နေပြီး လူတိုင်းကို ဖိနှိပ်ထားနိုင်သည်။

‘အရမ်းသန်မာတာပဲ’

လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာ ကြည့်မိကြသည်။

‘သူက တကယ်ပဲ ဝူကျောက်လား’

“ငါက သေသွားပြီ။ ဆရာဟန်က ငါ့ရဲ့ အကြွင်းအကျန်ဝိညာဉ်ကို ကယ်တင်ပြီး ရုပ်သေးရုပ်အဖြစ် သန့်စင်ခဲ့တယ်”

ဝူကျောက်၏ ခန္ဓာကိုယ်တွင်ရှိသော စွမ်းအင်အလင်းသည် ကောင်းကင်အထိ ထိုးတက်သွားသည်။ ထို့နောက် ထူးခြားသောအလင်းရောင်နှင့် လှံတစ်ချောင်း ပေါ်ထွက်လာသည်။

ရုပ်သေးရုပ် ....

အကြွင်းအကျန်ဝိညာဉ်နှင့် ပေါင်းစပ်ထားသော ရုပ်သေးရုပ် ....

‘လောကမှာ ဒီလိုနည်းလမ်းမျိုး ရှိနေသေးတာလား’

ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။

ပိုင်ရှစ်ကျူး၊ ပိုင်ကျန်းတင်နှင့် တခြားလူများက ဝူကျောက်၏ ခန္ဓာကိုယ်တွင်ရှိသော ပြင်းထန်သည့် စွမ်းအင်အလင်းကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများက တောက်ပနေကြသည်။

‘ဒါက ဆရာဟန်ရဲ့ တုံ့ပြန်မှုလား’

အင်အားစုများက ဆရာဟန်၏အကြောင်းကို ပိုသိချင်ကြသည်။ သူတို့က ဆရာဟန်၏ခွန်အားနှင့် နည်းလမ်းများကို မြင်ချင်ကြသည်။

‘ဆရာဟန်က ဝမ်မိသားစုနဲ့ ရင်ဆိုင်ဖို့ ဖုံးကွယ်ထားတဲ့စွမ်းအားကို ထုတ်သုံးမှာလား’

‘ဒါမှမဟုတ် ကျူကျင်းကုန်သွယ်ရေးအဖွဲ့ရဲ့ ကြွယ်ဝမှုကို သုံးမှာလား’

‘အစည်းအရုံးရဲ့ စွမ်းအားကို အသုံးပြုမှာလား’

ယခုအချိန်တွင် လူတိုင်း၏ ခန့်မှန်းချက်များက လွဲချော်သွားသည်။

ဆရာဟန်က ရုပ်သေးရုပ်၏စွမ်းအားကို အသုံးပြုခဲ့သည်။

ပန်းပဲလမ်းစဉ်၏စွမ်းအား ဖြစ်သည်။

“သတ်”

ဝူကျောက်၏အသံကို ကြားရသည်။

စကားပြောနေရန် မလိုအပ်ပေ။

သူက ဝမ်မိသားစုကို သတ်ဖြတ်ရန် ရောက်လာခဲ့သည်။

ရုပ်သေးရုပ်၏ ခွန်အားကိုလည်း ထုတ်ပြရမည်။

ဆရာဟန်၏ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ဝမ်မိသားစုကို ဖျက်ဆီးပစ်ရမည်။

လှံရှည်သည် လေပြင်းများကို သယ်ဆောင်ထားပြီး ပတ်ဝန်းကျင်ကို ထိုးခွဲလိုက်သည်။

လှံတစ်ချက်၏စွမ်းအားသည် ဝမ်ကျင်းမြို့တွင်ရှိသော မဟာဝင်္ကပါ၏စွမ်းအားကို ကျော်လွန်သွားသည်။

အဝေးတစ်နေရာတွင် ရွှေအလင်းများကို မြင်ရသည်။

လှံချက်သည် ဝင်္ကပါကို အသက်ဝင်စေခဲ့သည်။

လှံချက်နှင့် ရင်ဆိုင်ရသော ကမ္ဘာဦးရုပ်သေးရုပ်နှစ်ခုက ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။

ဓားမော့နှင့် လက်သီးချက်သည် လှံချက်ကို ရင်ဆိုင်သည်။

ဝူကျောက်၏ အငွေ့အသက်က အလွန်သန်မာသည်။ သူတို့က ရွေးချယ်စရာမရှိဘဲ အစွမ်းကုန်ထုတ်သုံးလိုက်ရသည်။

“ဘန်း”

ဓားမော့သည် လှံချက်နှင့် အရင်ထိတွေ့သွားသည်။

ပေတစ်ရာရှည်လျားသော ဓားမော့အလင်းသည် ရေခဲစွမ်းအားကို သယ်ဆောင်ထားသည်။ ထို့ကြောင့် လှံရှည်နှင့် ထိသွားသောအခါ ပတ်ဝန်းကျင်ကို အေးခဲစေသည်။

ထိုဓားမော့ချက်သည် စည်းမျဉ်းစွမ်းအားကို သယ်ဆောင်ထားသည်။

သို့သော် ရေခဲများ ပေါ်လာ‌သောအချိန်တွင် လှံထိပ်ဖျား၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။

“ဘုန်း”

ရေခဲအပိုင်းအစများက လေဆင်နှာမောင်းအဖြစ် ပြောင်းလဲသွားပြီး ဓားမော့ကိုင်ထားသော ရုပ်သေးရုပ်ဆီသို့ ပြန်ဝင်လာသည်။ ရုပ်သေးရုပ်က ပေဆယ်ချီအကွာအထိ နောက်ဆုတ်ပေးလိုက်ရသည်။

ထိုအချိန်တွင် တခြားရုပ်သေးရုပ်၏ လက်သီးချက်က ဝူကျောက်၏ရှေ့သို့ ရောက်လာသည်။

ဝူကျောက်၏ ရုပ်သေးခန္ဓာကိုယ်က လူတစ်ယောက်နှင့်ဆင်တူပြီး ပေသုံးဆယ်ကြီးမား‌သော ရွှေရောင်ချပ်ဝတ်ရုပ်သေးရုပ်နှင့် ယှဉ်လိုက်သောအခါ အလွန်သေးငယ်နေသည်။

အကယ်၍ လက်သီးချက် ကျဆင်းလာလျှင် ဝူကျောက်က တစ်ပိုင်းတစ်စစီ ဖြစ်သွားနိုင်သည်ဟု ထင်ရသည်။

လက်သီးထိုးနေသော ရုပ်သေးရုပ်က တခြားလက်တစ်ဖက်ကိုလည်း မြှောက်လိုက်သည်။

ဝူကျောက်က နောက်ဆုတ်သွားလျှင် သူက ဆက်တိုက် တိုက်ခိုက်လိမ့်မည်။

ရုပ်သေးရုပ်အတွက် ထိုလက်သီးနည်းစနစ်မျိုးသည် ရန်သူတစ်ယောက်ကို ချိုးနှိမ်ရာတွင် အကောင်းဆုံးဖြစ်သည်။ အဆင့်တူတွင်ရှိသော လူအနည်းငယ်ကသာ ထိုတိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်။

ဝူကျောက်က နေရာတွင် ရပ်နေပြီး ရင်ဘတ်ပေါ်သို့ ကျဆင်းလာသော လက်သီးချက်ကို ကြည့်သည်။

သူက မရှောင်ခဲ့ပေ။

မရှောင်နိုင်ခြင်းမဟုတ်ပေ။ မလိုအပ်ခြင်း ဖြစ်သည်။

သွေးရောင်စီးကြောင်းများသည် သူ့ပတ်ဝန်းကျင်တွင် စုစည်းလာပြီး အလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် လက်သီးချက်ကို ခုခံသည်။

“ဘန်း”

လက်သီးပုံရိပ်က သွေးအလင်းလွှာနှင့် ထိတွေ့သွားသည်။

အလင်းလွှာက ညင်သာစွာ တုန်ခါနေသည်။

“သူက ဘယ်လောက်တောင် သန်မာနေတာလဲ ....”

ထိုမြင်ကွင်းကို မြင်လိုက်ရသော အဝေးတစ်နေရာတွင်ရှိနေသည့် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက မျက်လုံးပြူးသွားပြီး ရေရွတ်လိုက်ကြသည်။

ထိုအရာသည် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်၏ တိုက်ခိုက်မှု ဖြစ်သည်။

ဝူကျောက်က သူ၏ အကြွင်းအကျန်ဝိညာဉ်သည် ရုပ်သေးရုပ်နှင့် ပေါင်းစပ်သွားသည်ဟု ပြောခဲ့သည်။

ဝူကျောက်က အဆင့်ငါးကျင့်ကြံသူတစ်ယောက်သာ ဖြစ်ခဲ့သည်။

အဆင့်ငါးကျင့်ကြံသူ၏ အကြွင်းအကျန်ဝိညာဉ်သည် ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်ကို လွှမ်းမိုးနိုင်နေသည်။

ထိုမြင်ကွင်းကြောင့် မရေမတွက်နိုင်သော လူများက လမ်းပျောက်သွားကြသည်။

သွေးအလင်းလွှာသည် လက်သီးချက်ကို တားဆီးထားရုံသာမက ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲ၍ ရုပ်သေးရုပ်၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။

ရုပ်သေးရုပ်က ချိပ်ပိတ်ခံလိုက်ရသည်။

သွေးရောင်ကြိုးသည် ရုပ်‌သေးရုပ်ကို အချိန်ခဏသာ ချုပ်နှောင်နိုင်မည်ဆိုလျှင်လည်း လုံလောက်သည်။

ဝူကျောက်က လှံရှည်ကို ပြန်ဆွဲယူပြီး ကြမ်းတမ်းစွာ ထိုးစိုက်ချသည်။

“ဘန်း”

လှံရှည်က ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

ဝမ်မိသားစု၏ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများက သွေးအန်လိုက်ရသည်။

ဝူကျောက်က ရုပ်သေးရုပ်ကို လှံဖြင့်ထိုးပြီး ပြေးထွက်လာသည်။ လှံတွင် စိုက်ဝင်နေသော ရုပ်သေးရုပ်က ခါထုတ်ခံလိုက်ရသည်။

ထိုရုပ်သေးရုပ်သည် အခုလေးတင် ပြန်ထလာသော ရုပ်သေးရုပ်နှင့် တိုက်မိပြီး လဲကျသွားသည်။

ဝူကျောက်၏ ခြေလှမ်းများက မရပ်တန့်ခဲ့ပေ။ သူ၏ လှံရှည်က ပြေးထွက်လာပြန်သည်။

“သူက အရမ်းမြန်နေတယ်”

“ဒါက ရုပ်သေးရုပ်ရော ဟုတ်သေးရဲ့လား”

“သူက ရုပ်သေးရုပ်ခန္ဓာကိုယ်နဲ့ ကမ္ဘာဦးအဆင့်ကိုတောင် ဖိနှိပ်နိုင်တာလား”

ပတ်ဝန်းကျင်တွင် ထိတ်လန့်နေသောအသံများကို ကြားနိုင်သည်။

“ဒါက ဆရာဟန်ရဲ့ ပန်းပဲနည်းစနစ်လား”

“ဆရာဟန်က ဒီလောက်တောင် သန်မာတာလား”

မရေမတွက်နိုင်သော လူများ၏မျက်လုံးက တောက်ပလာပြီး ရေရွတ်လိုက်ကြသည်။

ဝူကျောက်က လှံရှည်ကို ကိုင်ထားပြီး ဝမ်မိသားစု၏ လူအုပ်ထဲသို့ ပြေးဝင်သွားသည်။ သူက လှံရှည်ကို ဝှေ့ယမ်းလိုက်ပြီး လူတစ်အုပ်ကို သတ်ဖြတ်သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ဖြစ်သည်။

နတ်ဘုရားအဆင့် ရုပ်သေးရုပ်နှစ်ရုပ်က ပြေးထွက်လာသော်လည်း လှံရှည်ကြောင့် တစ်ပိုင်းတစ်စစီ ဖြစ်သွားကြသည်။

ရုပ်သေးသခင်များက သွေးအန်လိုက်ရပြီး နောက်ဆုတ်သွားသည်။

“ဝင်္ကပါစွမ်းအားကို အသက်သွင်းလိုက်တော့”

ဝမ်မိသားစု‌ခေါင်းဆောင် ဝမ်ကျီကျင်းက ခပ်အုပ်အုပ်အော်ဟစ်သည်။

သူက ကိုယ်ပိုင်စွမ်းအားကို အသုံးပြု၍ ဝမ်ကျင်းမြို့၏ ဝင်္ကပါစွမ်းအားနှင့် တစ်ဖက်လူကို တည်နေရာရွှေ့ပြောင်းချင်သည်။

ဝမ်မိသားစု၏ နောက်တွင်ရှိသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်နှစ်ရုပ်က စွမ်းအင်အလင်းကို ထုတ်လွှတ်သည်။

ဝင်္ကပါစွမ်းအားက အသက်ဝင်လာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

ဝူကျောက်၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်ဖြင့် တောက်ပနေသည်။ သူက လက်မြှောက်ပြီး ရွှေအလင်းလွှာကို ဖော်ထုတ်သည်။

ထိုအလင်းလွှာသည် ဝင်္ကပါ၏စွမ်းအားကို ဆင်းသက်မလာအောင် တိုက်ရိုက် တားဆီးထားသည်။

အဆုံးမရှိသော စွမ်းအားများ၏ ဖိအားအောက်တွင် လောကကြီးက တွန့်လိမ်လာသည်။

ဝူကျောက်က အလင်းလွှာကို လက်တစ်ဖက်ဖြင့် ပင့်မထားပြီး တခြားလက်တစ်ဖက်တွင် လှံရှည်ကို ကိုင်ထားသည်။

“ငါက ဝမ်ကျင်းမြို့ရဲ့ ဝင်္ကပါစွမ်းအားကို သယ်ဆောင်ထားရတယ်ဆိုရင်တောင် မင်းတို့ ဝမ်မိသားစုကို လမ်းဘေးခွေးတွေလိုမျိုး သတ်ပစ်နိုင်တယ်”

ဝူကျောက်၏အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသည်။

ဝူယွင်လမ်းကြားတွင်ရှိသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် တိုက်ခိုက်လိုစိတ်ဖြင့် လှုပ်ခါနေပြီး အလင်းလွှာကို ဖန်တီး၍ ကောင်းကင်မှ ဆင်းသက်လာသော အဆုံးမရှိသည့်ဖိအားကို တားဆီးထားသည်။

လူတစ်ယောက်နှင့် လှံတစ်ချောင်းသည် ဝင်္ကပါစွမ်းအားကို ခုခံနေရသော်လည်း ဝမ်မိသားစုကို ဖိနှိပ်ထားနိုင်သည်။

ထိုအရာသည် ဝူကျောက်၏စွမ်းအား ဖြစ်သည်။

ဆရာဟန်၏ ပန်းပဲနည်းစနစ် ဖြစ်သည်။

ထိုနည်းလမ်းမျိုးသည် ကောင်းကင်ကို ဖီဆန်နေသည်ဟု ပြောနိုင်သည်။

ဝူယွင်လမ်းကြားတွင်ရှိသော လူတိုင်းသည် ထိုမြင်ကွင်းကို ငေးကြည့်နေကြသည်။

ဝူကျောက်သည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် အဆင့်ငါးကျင့်ကြံသူတစ်ယောက်သာ ဖြစ်ခဲ့သည်။ ယခုအချိန်တွင် သူက တစ်ယောက်တည်းစွမ်းအားဖြင့် မိသားစုကြီးတစ်ခုလုံးကို ဖိနှိပ်ထားနိုင်သည်။

ထိုအရာများအားလုံးသည် ဝူကျောက်၏ ခန္ဓာကိုယ်အသစ်ဖြစ်သော ရုပ်သေးရုပ်ဆီမှ ရောက်လာခဲ့သည်။

‘အဲဒီရုပ်သေးရုပ်ကို သန့်စင်ခဲ့တဲ့ ဆရာဟန်က ဘယ်လောက်တောင် သန်မာနေတာလဲ’

‘အဲဒီရုပ်သေးရုပ်က ကမ္ဘာဦးအဆင့်ကို ကျော်လွန်နေတာလား’

‘လောကမှာ အဲဒီလိုမျိုး သန်မာတဲ့ ပန်းပဲနည်းစနစ်မျိုး ရှိနေသေးတာလား’

‘ဒါက ပင်မအကြီးအကဲတစ်ယောက်ရဲ့ စွမ်းရည်လား’

အဝေးတစ်နေရာတွင်ရှိသော ခန်းဆောင်တွင် တိုက်ပွဲကို စောင့်ကြည့်နေသော ကျင်းဝူနှင့် တခြားပင်မအကြီးအကဲများ၏ မျက်နှာထားက လေးနက်နေကြသည်။

All Chapters