← Chapters

မူလနိယာမ

Vol. 71 Ch. 984

မူလနိယာမ

Vol. 71 Ch. 984

ယဲ့ချန်သည် ကြယ်အဖွဲ့အစည်းများကို သိမ်းပိုက်ရန် စစ်တပ်များ စေလွှတ်လိုက်ရုံသာမက စစ်ကူမျိုးနွယ်များ ရှာဖွေရန်အတွက် အုပ်စုငယ်များ စေလွှတ်ခဲ့သည်။ ရွှေနီလင်းနို့မျိုးနွယ်၊ ရှေးဟောင်းမူလမျိုးနွယ် စသဖြင့် ရှင်းဟွမ်မျိုးနွယ်၏ ရန်သူတော်များကို စုစည်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သူ၏အာဏာစက်က ပတ်ဝန်းကျင်သို့ ဖြန့်ကျက်နိုင်ခဲ့ပြီး ကျင့်ကြံခြင်းတွင်လည်း များစွာတိုးတက်လာခဲ့သည်။ သူ၏ဒန်တန်အတွင်းရှိ နောက်လိုက်များ၏ ကျင့်ကြံနှုန်းက အလွန်မြန်ဆန်ပြီး အဆင့်တစ်ခုတွင် ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်ခွင့်ရခဲ့ကြသည်။ သူတို့၏အားထုတ်မှုများက ယဲ့ချန်အတွက် အကျိုးရှိစေသောကြောင့် ဟင်းလင်းပြင်နတ်အဆင့် ရောက်မည့် လက္ခဏာများ စတင်ဖြစ်ပေါ်လာ၏။ သူတော်စင်ဘုရင်သာ အသက်ရှင်နေလျှင် သူ၏ကျင့်ကြံနှုန်း အလွန်တရာ မြန်ဆန်နေသောကြောင့် အံ့သြသွားပေလိမ့်မည်။ သူက တစ်ကိုယ်တော် ကျင့်ကြံနေခြင်းမဟုတ်ဘဲ ဘီလီယံရာချီသော နောက်လိုက်များနှင့်အတူ ပေါင်းစပ်ကျင့်ကြံနေခြင်း ဖြစ်သည်။ ကျင့်ကြံဆင့် မြင့်တက်လာသောအခါ နတ်ဝိညာဥ်က စကြဝဠာအတွင်း ထိုးတက်သွားပြီး ကီလိုမီတာသန်းရာချီအထိ မြင့်တက်လာသောကြောင့် ဧရာမနတ်ဘုရားကြီးပမာ ထင်မှတ်ရ၍ ကောင်းကင်မူလကြယ်ပင် စက်လုံးတစ်ခုပမာ သေးငယ်နေ၏။

နတ်ဝိညာဥ်၏အကြည့်က ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်သောအခါ ဝိညာဥ်နတ်ဘုရားကုန်းမြေတွင် နတ်ဝိညာဥ်တစ်ခု ရပ်နေသည်ကို မြင်လိုက်ရ၏။ ၎င်းက မီတာသန်းချီသာ မြင့်မားသောကြောင့် ယဲ့ချန်၏ နတ်ဝိညာဥ်ထက် နိမ့်ကျနေသော်လည်း ဟင်းလင်းပြင် နတ်အဆင့်တစ်ယောက် ဖြစ်နေခဲ့သည်။

"ဆရာ"

ဝိညာဥ်နတ်ဘုရားက ယဲ့ချန်၏နတ်ဝိညာဥ်ကို မြင်သောအခါ လေးစားစွာ ဦးညွှတ်ခဲ့သည်။

"မင်းက"

သူက အဖြေကို မသိသောကြောင့် စပ်စုလိုက်၏။

"ကျုပ်က သူတော်စင်ဘုရင်ရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့အတွက် အရှင့်ရဲ့နောက်လိုက်ပါပဲ။ ကျုပ်က ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ရှစ်ဘဝ ကျင့်ကြံဖူးတဲ့အတွက် နတ်ဝိညာဥ်ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရှစ်ဘဝမြောက်မှာ ရုပ်ခန္ဓာက ကျင့်စဥ်ရဲ့ အစွမ်းကို မထိန်းသိမ်းနိုင်တော့တဲ့အတွက် ပေါက်ကွဲခဲ့ရတယ်။ သူတော်စင်ဘုရင်က ကယ်တင်ပေးခဲ့ပေမယ့် နတ်ဝိညာဥ်သာ ကျန်ရစ်ခဲ့ပါတယ်။ ဆရာက ကျုပ်ကို အသူရာလို့ ခေါ်နိုင်ပါတယ်"

"ဒါဆိုရင် ဒီကျင့်စဥ်အကြောင်း မင်း ဘာတွေသိထားလဲ"

ယဲ့ချန်သည် တစ်ဖက်လူက သူတော်စင်ဘုရင်၏ တပည့်ဖြစ်နေမည်ဟု မျှော်လင့်မထားပေ။ အသူရာက နတ်ဝိညာဥ်သာ ကျန်ရစ်သည့်တိုင်အောင် ဟင်းလင်းပြင်နတ်အဆင့် ဖြစ်သောကြောင့် အတိတ်တွင် အာကာသနတ်တစ်ယောက် ဖြစ်ပေလိမ့်မည်။

"ဒီကျင့်စဥ်ဟာ စကြဝဠာရဲ့ မူလနိယာမတွေကနေ အလိုအလျောက် ဖြစ်ပေါ်လာတယ်။ အထူးပါရမီရှင်တွေသာ ဒါကို သင်ယူလေ့လာနိုင်ကြတယ်။ သူတော်စင်ဘုရင်က ပထမဆုံးဘဝမှာ ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ ဖန်တီးသူ ဖြစ်ခဲ့ပြီး စကြဝဠာထဲမှာ အစွမ်းထက်လာအောင် ဦးဆောင်ပေးခဲ့တယ်။ သူ အသက်ကြီးရင့်လာတဲ့အခါ ကောင်းကင်နတ်ဆိုးတွေက ချောင်ပိတ်ပြီး ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်"

ဤအချက်က ယဲ့ချန်ကို မင်သက်သွားစေခဲ့ပြီး သူ၏ဝိညာဥ်အသိစိတ်က နတ်ဆိုးများနှင့် ဆင်တူနေရသည့် အကြောင်းအရင်းကို နားလည်လိုက်သည်။ သူက အတိတ်ဘဝတွင် ခန်းမတစ်ခုအတွင်း ပိတ်မိခဲ့ဖူးသည့် အကြောင်းကို ဝေဝါးစွာ မှတ်မိလိုက်သည်။ အတိတ်ဘဝတွင် နတ်ဆိုးမျိုးနွယ်၏ ဖန်တီးသူ ဖြစ်ခဲ့သောကြောင့် သူ၏နတ်ဆိုးချီများက ကောင်းကင်နတ်ဆိုးများထက်ပင် သာလွန်နေခြင်းဖြစ်ကာ နတ်ဆိုးမျိုးစေ့ကို အလွယ်တကူ ဝါးမျိုနိုင်ခဲ့သည်။ ဤအချက်အားလုံးသည် အတိတ်ဘဝတွင် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ဖန်တီးသူဆိုသော အချက်နှင့် သက်ဆိုင်ပေလိမ့်မည်။

"အရှင်က သူတို့ကို ကျင့်စဥ်အကြောင်း သင်ပေးခဲ့ပေမယ့် ပါရမီအဆင့်မမီတဲ့အတွက် မူလနိယာမတွေကို မဆင်ခြင်နိုင်ခဲ့ကြဘူး။ သူတို့ရဲ့ကျင့်ကြံမှုက နိမ့်ကျနေတဲ့အတွက် အရှင်က ဖုံးကွယ်ထားပြီး ကျင့်စဥ်အပြည့်အဝကို ထုတ်မပေးဘူးလို့ ထင်ခဲ့ကြတယ်။ နောက်ဆုံးမှာ သူတို့က အရှင့်ကို ဝိုင်းဝန်းသတ်ဖြတ်လိုက်ကြတဲ့အတွက် ရွေးချယ်စရာမရှိဘဲ လူသားမျိုးနွယ်မှာ ပြန်လည်ဝင်စားခဲ့တယ်"

"နောက်ထပ်ရော ဘာတွေဆက်ဖြစ်သေးလဲ"

"အရှင့်ရဲ့ လူဝင်စားက အခြားအာကာသတစ်ခုမှာ မွေးဖွားလာခဲ့တယ်။ အဲ့ဒီနေရာက ဒီစကြဝဠာနဲ့ ကွဲပြားနေတဲ့အပြင် မူလနိယာမကလည်း မတူညီဘူး"

"နောက်ထပ်စကြဝဠာတစ်ခုလား။ စကြဝဠာတွေက တစ်ခုအပြင် ရှိနေတာလား"

အသူရာ၏ စကားက ယဲ့ချန်၏ သိချင်စိတ်များကို မြင့်တက်လာစေသည်။

"အရှင်ရဲ့ ဘဝတိုင်းကိုတော့ ကျုပ် မသိထားပါဘူး။ ဒဏ္ဍာရီအရ မူလနိယာမတစ်ခုစီနဲ့ အာကာသကိုးခုရှိတယ်လို့ ကြားဖူးတယ်။ အာကာသတစ်ခုစီမှာ ဘိုးဘေးနတ်တစ်ပါးစီ နေထိုင်ပြီး ဟန်ချက်ညီအောင် ထိန်းပေးနေကြတယ်။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ရဲ့ အပိုင်းကိုးပိုင်းက မူလနိယာမ တစ်ခုချင်းစီကို ကိုယ်စားပြုတယ်။ ကျုပ်ရဲ့ဘဝတိုင်းက ဒီစကြဝဠာမှာ ဖြစ်တဲ့အတွက် အပိုင်းတစ်ခုကိုသာ ထပ်ကာထပ်ကာ ကျင့်ကြံနိုင်ခဲ့တယ်။ အရှင်ကတော့ ဘဝတိုင်းမှာ မတူညီတဲ့ အာကာသတစ်ခုစီကို လူဝင်စားခဲ့ပေမယ့် နောက်ဆုံးဘဝမှာ ဒီစကြဝဠာကို ပြန်ရောက်လာခဲ့တယ်။ ဒီအကြောင်းကို ကျုပ် နားမလည်ဘူး"

အသူရာက မျက်မှောင်ကြုတ်၍ အချိန်ကြာမြင့်စွာ စဥ်းစားနေပြီး မျက်လုံးများ ရုတ်တရက် တောက်ပလာခဲ့သည်။

"ကျုပ်ရဲ့ ထင်မြင်ချက်တစ်ခုတော့ ရှိတယ်။ အရှင်က အစဟာ အဆုံးဖြစ်တယ်လို့ ကျုပ်ကို တစ်ခါပြောဖူးတယ်။ တကယ်လို့ သူသာ ဘဝတိုင်းမှာ စကြဝဠာတစ်ခုကို လူဝင်စားမယ်ဆိုရင် ကျင့်စဥ်ရဲ့ အပိုင်းခုနစ်ခုကိုသာ ကျင့်ကြံနိုင်လိမ့်မယ်။ ဒါပေမယ့် သူက ကိုးပိုင်းလုံးကို တတ်ကျွမ်းနေတဲ့အတွက် အခြားစကြဝဠာတွေဆိုတာ မရှိဘူး။ ဒီစကြဝဠာတစ်ခုတည်းမှာပဲ အာကာသကိုးခုအဖြစ် ကွဲထွက်နေတာ ဖြစ်ရမယ်"

အသူရာ၏ စကြဝဠာအပေါ် နားလည်မှုက မြင့်မားလွန်းသောကြောင့် ယဲ့ချန်က အပြည့်အဝ နားမလည်ခဲ့ပေ။ ခဏတာစဥ်းစားပြီးနောက် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်သည် စကြဝဠာ၏ မူလနိယာမများအတွင်း တည်ရှိနေပြီး အခြားစကြဝဠာများ ရှိနေပုံ မရချေ။

"တကယ်လို့ ကျုပ်သာ မူလနိယာမတွေကို နားလည်နိုင်ရင် ဘိုးဘေးနတ်တစ်ယောက် ဖြစ်လာနိုင်တယ်။ မူလနိယာမရဲ့အစွမ်းက ဒီနတ်ဘုရားတွေထက်ကို သာလွန်တယ်"

အသူရာက မူလနိယာမကို ကိုယ်တိုင်သဘောပေါက်ရန် လိုအပ်သော်လည်း သူတော်စင်ဘုရင်သည် သူ၏နားလည်မှုများကို အမွေပေးခဲ့သောကြောင့် ယဲ့ချန်အတွက် မလိုအပ်ချေ။

"အရှင်က ပထမဆုံးဘဝမှာ ကောင်းကင်နတ်ဆိုး ဖြစ်ခဲ့ပေမယ့် နောက်ခုနစ်ဘဝတိုင်တိုင် လူသားမျိုးနွယ်မှာ ပြန်လည်ဝင်စားခဲ့တယ်။ ကျုပ်က သူ့ရဲ့ညာလက်ရုံး ဖြစ်လာဖို့ အစွမ်းကုန်ကျင့်ကြံပြီး လူသားမျိုးနွယ်အတွက် တိုက်ပွဲဝင်ခဲ့တယ်"

အသူရာက လေးနက်စွာ ပြောလိုက်ပြီး လူသားမျိုးနွယ်တွင် သူတော်စင်ဘုရင်ပြီးလျှင် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို မူလနိယာမများထံမှ နားလည်နိုင်သည့် တစ်ယောက်တည်းသော လူသား ဖြစ်သည်။ သူက နတ်ဝိညာဥ်သာ ကျန်ရစ်သော်လည်း လူသားမျိုးနွယ်အတွက် တိုက်ပွဲဝင်ရပေလိမ့်မည်။ ဤကျင့်စဥ်သည် အလွန်အစွမ်းထက်ပြီး အဆုံးအထိ ကျင့်ကြံနိုင်လျှင် ဘိုးဘေးနတ်တစ်ပါး ဖြစ်လာနိုင်သောကြောင့် လူသားမျိုးနွယ်ကို ကာကွယ်ရန်အတွက် ယဲ့ချန်က အစွမ်းကုန် လေ့ကျင့်ရပေလိမ့်မည်။ သူ၏နတ်ဝိညာဥ်က ဆက်လက်တိုးတက်လာသောအခါ နောက်ဆုံးတွင် စကြဝဠာအတွင်း ဝဲတစ်ခုပမာ လှည့်ပတ်နေသော မူလနိယာမများကို မြင်နိုင်ခဲ့သည်။ ၎င်းတို့က ဆန်းကျယ်လွန်းပြီး ပုံသဏ္ဍာန်အတိအကျ မရှိသော်လည်း တစ်ကြိမ်လှည့်ပတ်လိုက်တိုင်း မူလချီများ ထွက်ပေါ်လာကာ ချီအမျိုးအစား ပေါင်းစုံအဖြစ် ကွဲထွက်သွားခဲ့သည်။

စကြဝဠာအတွင်း မူလနိယာမ၁၈ခု တည်ရှိပြီး ဘိုးဘေးနတ်ဘုရားအရေအတွက်နှင့် တူညီသည်။ လက်ရှိတွင် ယဲ့ချန်က စကြဝဠာအကြောင်း ပို၍နားလည်လာခဲ့ပြီး ဒန်တန်အတွင်း စစ်ဆေးလိုက်သောအခါ မူလနိယာမများ ဖြည်းညှင်းစွာ ဖြစ်ပေါ်နေခဲ့၏။ အရေအတွက်ကိုးခုဖြစ်ပြီး ဒန်တန်တစ်ခုလုံးသို့ အလွန်တရာ သိပ်သည်းလှသော မူလချီများ ထုတ်လုပ်ပေးနေသည်။

"စကြဝဠာထဲမှာ မူလနိယာမ ၁၈ခု ရှိပြီး ဒန်တန်ထဲမှာ ဘာကြောင့် ကိုးခုသာ ရှိနေရတာလဲ"

နောက်ဆုံးတွင် ဤမေးခွန်း၏အဖြေကို ယဲ့ချန်က နားလည်လိုက်၏။ မူလနိယာမ ၁၈ခုတွင် ကိုးခုက ဖြစ်တည်မှုဖြစ်ကာ ကျန်ကိုးခုသည် ဖန်တီးမှုဖြစ်သည်။ ဖြစ်တည်မှုက ဖန်တီးမှုထက် သာလွန်ပြီး မည်သူမှ နားလည်နိုင်စွမ်း မရှိချေ။ သူနားလည်ထားသည်မှာ ဖန်တီးမှုနိယာမ ကိုးခုဖြစ်ပြီး တစ်ခုချင်းစီက သူ၏ဘဝတိုင်းကို ကိုယ်စားပြုနေသည်။ ၎င်းတို့ထုတ်လုပ်ပေးနေသော သိပ်သည်းလှသည့် မူလချီများကို ဒန်တန်အတွင်း ကျင့်ကြံနေသော သူ၏နောက်လိုက်များက စုပ်ယူနိုင်ခဲ့၏။ ပုံမှန်ဆိုလျှင် စကြဝဠာအတွင်း၌ ဟင်းလင်းပြင်နတ်အဆင့်များသာ မူလချီကို အာရုံခံနိုင်စွမ်းရှိကာ စုပ်ယူကျင့်ကြံနိုင်ကြပြီး အရေအတွက် နည်းပါးသည်။ သို့ရာတွင် သူ၏ဒန်တန်အတွင်း၌ မူလချီများ ပြည့်နှက်နေကာ နောက်လိုက်များသည် ရေမြုပ်ပမာ စုပ်ယူနေကြသဖြင့် ကျင့်ကြံဆင့်များ အလျင်အမြန် တိုးတက်လာနေကြသည်။ နတ်အဆင့်များ ဆက်တိုက်မွေးဖွားလာပြီး ရွှေပိုင်နက်သားရဲများစွာလည်း အကောင်ပေါက်လာကာ နောက်ဆုံးတွင် ဤစွမ်းအင်သည် သူ၏ နတ်ဝိညာဥ်၌ စုဝေးလာခဲ့လေသည်။

All Chapters