မူလရတနာ ကောင်းကင်တုန်ခါဆေးအိုး
Vol. 71 Ch. 985
ယဲ့ချန်သည် ဆက်လက်တိုးတက်လာသော နတ်ဝိညာဥ်က စကြဝဠာအတွင်း ထိုးဖောက်မြင်နေရသည်ဟု ခံစားလာခဲ့၏။ သူက ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ပြတ်သားစွာ မြင်နေရပြီး အဝေးမှ ကြယ်များပင် မကျန်ချေ။ ကောင်းကင်တွင် မျိုးနွယ်ပေါင်းစုံမှ အာကာသနတ်များ၏ နတ်ဝိညာဥ်များက အလင်းတန်းများပမာ ယှက်နွယ်နေကြသည်။ အာကာသနတ်တစ်ယောက်၏ နတ်ဝိညာဥ်က စကြဝဠာအတွင်း အရာရာကို မြင်နိုင်သော်လည်း ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းသည် ထူးခြားသောကြောင့် မည်သည်ကိုမှ အာရုံမခံနိုင်ပေ။ ဤနေရာတွင် စကြဝဠာ မွေးဖွားလာချိန်မှစတင်ပြီး မူလချီများ ဖရိုဖရဲ ဖြစ်နေသောကြောင့် ရှင်းဟွမ်မျိုးနွယ်၏ ရန်သူများ ပုန်းအောင်းနိုင်ခြင်းဖြစ်သည်။ သူ၏နတ်ဝိညာဥ်က ညာလက်ကို ယမ်းလိုက်သောအခါ အာကာသကျောက်များဖြင့် ပြုလုပ်ထားသော ကြယ်များ အတွဲလိုက် ပါလာခဲ့သည်။ ၎င်းတို့ကို ပိုင်နက်သားရဲများအား အစာကျွေးရန် ဖြစ်သောကြောင့် ဒန်တန်အတွင်း သိမ်းဆည်းလိုက်သည်။ ကောင်းကင်မူလကြယ်ထံမှ နတ်စက်လုံးအောက် မနိမ့်သော အလင်းရောင်တစ်ခု ထွက်ပေါ်နေကြောင်း မတော်တဆ မြင်လိုက်ရသည်။
"ဒါက ဘာလဲ။ ကျောက်စိမ်းနန်းတော်များလား။ ဒီရတနာကရော မူလရတနာတစ်ခု ဖြစ်နေတာများလား။ သူတော်စင်ဘုရင် ချန်ထားရစ်ခဲ့တာ ဆိုတော့ သေချာပေါက် ထူးခြားလိမ့်မယ်"
ဤအတွေးဖြင့် ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်ကို မြေအောက်ဆွဲထုတ်၍ စစ်ဆေးလိုက်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ ၎င်းက ထူးခြားသော ရတနာတစ်ခုဖြစ်သော်လည်း နတ်စက်လုံးအောက် နိမ့်ကျနေသောကြောင့် မူလရတနာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် မြင်လိုက်ရသော အလင်းတန်းကို ရှာဖွေရန်အတွက် နတ်ဝိညာဥ်ဖြင့် ကိုးထပ်မြောက်ကို စစ်ဆေးလိုက်သည်။ ထိုနေရာ၌ အတိတ်တွင် သူက အားနည်းခဲ့သောကြောင့် ထိုးဖောက်မရနိုင်သည့် အကာအကွယ်စည်းတစ်ခု ရှိနေခဲ့သည်။ လက်ရှိတွင် သူ၏ခွန်အားက ၎င်းကို ထိုးဖောက်နိုင်ပြီဖြစ်သောကြောင့် အတွင်းသို့ ဝင်ရောက်လိုက်သောအခါ အလယ်ဗဟို၌ အလင်းရောင်၏ ဇစ်မြစ်ကို မြင်လိုက်ရသည်။ ၎င်းက သက်တန့်ရောင် တဖိတ်ဖိတ်တောက်နေသော ဧရာမ ဆေးအိုးကြီးတစ်လုံးဖြစ်ကာ နတ်ချီများ လွှမ်းခြုံနေသဖြင့် အလွန်လှပသော မြင်ကွင်း ဖြစ်သည်။
"ကောင်းကင်တုန်ခါဆေးအိုး"
အတိတ်တွင် ဤဆေးအိုးသည် ယဲ့ချန်ကို အချိန်များစွာ အဖော်ပြုပေးခဲ့သောကြောင့် မင်သက်သွားခဲ့သည်။ သို့သော် သူက ကျင့်ကြံဆင့် မြင့်မားလာသောအခါ ဧကရာဇ်မင်၏ခါးပတ်၊ နတ်ဆိုးဖိနှိပ်နာရီနှင့် ၎င်းက အသုံးမဝင်တော့ပေ။ ကျောက်စိမ်းနန်းတော်၏ ကိုးထပ်မြောက်တွင် ၎င်းနှင့်ထပ်တူညီသော ဆေးအိုးတစ်လုံး ရှိနေမည်ဟု သူက လုံးဝထင်မထားချေ။ ဆေးအိုးနှစ်ခုလုံး၏ ရုန်းများက တူညီသော်လည်း ကျောက်စိမ်းနန်းတော်အတွင်းရှိ ဆေးအိုးက မူလရတနာဖြစ်ကာ ထုတ်လွှတ်နေသော အရှိန်အဝါသည် နတ်စက်လုံးအောက် မနိမ့်ကြောင်း သူက အလွယ်တကူ သိနိုင်ခဲ့သည်။ သူပိုင်ဆိုင်ထားသည်မှာ ဤဆေးအိုး၏ ကိုယ်ပွားသာ ဖြစ်သော်လည်း အတော်အတန် ကောင်းမွန်သည့် ရတနာတစ်ခုဖြစ်ကာ ကြယ်သခင်အဆင့်အထိ အသုံးဝင်ခဲ့၏။ သူက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ နတ်ဝိညာဥ်ကို ကောင်းကင်တုန်ခါဆေးအိုးထံ စေလွှတ်လိုက်သည်။ ၎င်းထံမှ အနက်ရောင်မီးလျှံများ ဝုန်းခနဲ တောက်လောင်လာ၍ သူက နာကျင်စွာ ခံစားလိုက်ရသည်။ သူက သည်းခံ၍ ၎င်းကို ဖိနှိပ်ရန် ကြိုးစားလိုက်ပြီး မည်မျှကြိုးစားရပါစေ၊ မူလရတနာကို ရအောင်ယူမည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့သည်။
ယဲ့ချန်က နတ်ဝိညာဥ်ဖြင့် ကောင်းကင်တုန်ခါဆေးအိုးကို သိမ်းပိုက်ချင်ခဲ့သော်လည်း ၎င်းက ကြမ်းတမ်းစွာဖြင့် မီးတောက်များ ထုတ်ဖော်ကာ တွန်းလှန်နေသည်။
"လာစမ်းပါ"
သူက ကောင်းကင်ကြယ်တာရာရုန်းများဖြင့် ပစ်ခတ်လိုက်ပြီး ထိမှန်သွားသော်လည်း ၎င်းက အားနည်းသွားမည့် အရိပ်အယောင် မရှိချေ။ ထို့ကြောင့် သူက ကျိုးလီထံ အကျိုးအကြောင်းမေးမြန်းရန် ဆုံးဖြတ်လိုက်သည်။ အတိတ်တွင် လူသားမျိုးနွယ်သည် ရှင်းဟွမ်မျိုးနွယ်ကို ရင်ဆိုင်ရာ၌ ကောင်းကင်နတ်လက်နက်တစ်ခုသာ ပိုင်ဆိုင်ထားခဲ့သည်။ ဤမူလရတနာက မည်သည့်နေရာမှ ရောက်လာကြောင်း စဥ်းစားမရပေ။
"အဘိုး သူတော်စင်ဘုရင်က မူလရတနာ ကောင်းကင်တုန်ခါဆေးအိုးအကြောင်း ပြောဖူးလား"
"အရှင်က ဒီလိုရတနာမျိုး တစ်ခါမှ အသုံးမပြုခဲ့ဖူးဘူး။ ကျုပ် တစ်ကြိမ်မှ မကြားဖူးပါဘူး"
"ဒါဆိုရင် ကျောက်စိမ်းနန်းတော်ရဲ့ ကိုးထပ်မြောက်မှာ ဘာကြောင့် ရှိနေရတာလဲ"
ယဲ့ချန်က မျက်မှောက်ကြုတ်လိုက်သည်။
"ကျုပ်ခန့်မှန်းတာသာ မှန်ရင် ဒါက ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ မူလရတနာ ဖြစ်လိမ့်မယ်"
ကျိုးလီက ခဏတာစဥ်းစား၍ ပြောလိုက်သောကြောင့် သူ၏စိတ်ကို ပို၍ရှုပ်ထွေးသွားစေခဲ့သည်။
"ဒါကို သူတော်စင်ဘုရင်က ဘယ်လိုရထားတာလဲ။ ကောင်းကင်နတ်ဆိုးမျိုးနွယ်လက်ထဲကနေ လုထားတာလား။ သူက သေပြီဆိုတော့ ငါက အဖြေမှန်ကို ဘယ်လိုလုပ် သိနိုင်တော့မှာလဲ"
သာမန်နည်းလမ်းများဖြင့် သိမ်းပိုက်ရန် မဖြစ်နိုင်သော ကောင်းကင်တုန်ခါဆေးအိုးကို ယဲ့ချန်က တစ်ချက်ကြည့်လိုက်၏။ ၎င်းနှင့်ယှဥ်လျှင် နတ်စက်လုံးက များစွာသိမ်မွေ့ပြီး ဖြည်းညှင်းစွာ သိမ်းပိုက်နိုင်စွမ်းရှိသည်။ ၎င်းကမူ ရိုင်းစိုင်းသော သားရဲတစ်ကောင်နှင့် ဆင်တူကာ ထိန်းချုပ်ရန် မလွယ်ကူချေ။
"ဘုန်း"
ဤအတွေးကြောင့် သူက မူလချီများဖြင့် ကောင်းကင်ကံရုန်းများ ဖန်တီးကာ ဆေးအိုးကို ပစ်ခတ်လိုက်ပြန်သည်။ ရုန်းများက တဘန်းဘန်း ပေါက်ကွဲသွားသောအခါ မီးတောက်များက ချက်ချင်းဖိနှိပ်ခံလိုက်ရသော်လည်း ခဏအကြာတွင် ပြန်လည်တောက်လောင်လာကြ၏။ ဆေးအိုး၏ အစွမ်းအောက်တွင် မူလချီများ ဘက်ပေါင်းစုံသို့ ပြန့်ကြဲသွားကာ သိမ်းပိုက်ရန် မဖြစ်နိုင်ခဲ့ပေ။
"အဘိုး ကောင်းကင်တုန်ခါဆေးအိုးကို ဘယ်လိုသိမ်းပိုက်ရမလဲ"
မူလချီဖြင့်ပင် ဆေးအိုးကို မဖိနှိပ်နိုင်သောကြောင့် ယဲ့ချန်က ခေါင်းကိုက်နေရပြီး ကျိုးလီထံ အကူအညီတောင်းလိုက်၏။
"ဒီလိုရတနာမျိုးက သိမ်းပိုက်ဖို့ အလွန်တရာခက်ခဲပြီး ပိုင်ရှင်ကို အလွယ်တကူ လက်ခံမှာ မဟုတ်ဘူး"
ကျိုးလီက သက်ပြင်းတစ်ချက်ချ၍ စဥ်းစားခန်း ဖွင့်နေခဲ့သည်။ ကျောက်စိမ်းနန်းတော်၏ ကိုးထပ်မြောက်တွင် မူလရတနာတစ်ခုကို သိမ်းဆည်းထားကြောင်း သိလိုက်ရသောအခါ သူကိုယ်တိုင်လည်း ပျော်ရွှင်ခဲ့သည်။ သူတော်စင်ဘုရင် ကွယ်လွန်မသွားခင် လူသားမျိုးနွယ်အတွက် မူလရတနာတစ်ခု အမွေပေးမည်ဟု မထင်ထားခဲ့ပေ။ သူတော်စင်ဘုရင်က သူ့ကို ကိုးထပ်မြောက်အား စောင့်ရှောက်ရန် မှာကြားခဲ့သောကြောင့် ထိပင်မထိခဲ့ချေ။ သူ့အထင်တွင် အစွမ်းထက် မှော်သားရဲတစ်ကောင် ဖြစ်နိုင်သော်လည်း မူလရတနာ ဖြစ်နေခဲ့သည်။ လက်ရှိတွင် ယဲ့ချန်သည်လည်း မျက်စိရှေ့တွင် မြင်နေရသော မူလရတနာကို မယူနိုင်သဖြင့် စိတ်ဓာတ်ကျနေသည်။ အကယ်၍ ၎င်းကသာ ပိုင်ရှင်အဖြစ် အသိအမှတ်မပြုလျှင် အာကာသနတ်များပင် အတင်းအကြပ် မစွမ်းဆောင်နိုင်ပေ။
"ကျုပ် သိထားသလောက်ဆိုရင် ဒါက ရတနာပေါင်းစုံနဲ့ ဆေးမျိုးစုံကို သန့်စင်နိုင်တယ်။ ဒီဆေးအိုးနဲ့ သန့်စင်လိုက်ရင် ရတနာတွေက အစွမ်းထက်လာလိမ့်မယ်။ ပြီးတော့ ဒါက ကျင့်ကြံသူတွေရဲ့ ရုပ်ခန္ဓာကို ဆေးလုံးဖြစ်အောင် သန့်စင်ပစ်နိုင်တယ်။ ဒီလိုရတနာမျိုးက သိမ်းပိုက်ဖို့ ခက်ခဲတာ ပုံမှန်ပဲ"
ကျိုးလီ၏စကားကြောင့် ယဲ့ချန်သည် မူလရတနာကို အပိုင်ယူရန်အတွက် ဆုံးဖြတ်ချက်များ ပို၍ခိုင်မာလာခဲ့သည်။ သူက ခဏတာစဥ်းစားပြီးနောက် အောင်မြင်ရန် မသေချာသော်လည်း စွန့်စားရန် ဆုံးဖြတ်လိုက်၏။ သူက ကျောက်စိမ်းနန်းတော်၏ ကိုးထပ်မြောက်သို့ ဝင်ရောက်သွားသောအခါ အနက်ရောင်မီးများခြံရံ၍ မျောလွင့်နေသော ကောင်းကင်တုန်ခါဆေးအိုးကို မြင်လိုက်ရသည်။ အကယ်၍ မူလချီကသာ ၎င်းကို မဖိနှိပ်နိုင်လျှင် ဖိနှိပ်နိုင်မည့် တစ်ခုတည်းသော အရာမှာ မူလနိယာမပင် ဖြစ်ပေလိမ့်မည်။ သူ၏ဒန်တန်အတွင်းမှ မူလနိယာမကို အလွယ်တကူ မထုတ်ယူနိုင်သောကြောင့် ၎င်းကို အတွင်းသို့ထည့်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိချေ။ အကယ်၍ သူသာ ၎င်းကို မဖိနှိပ်နိုင်ခဲ့လျှင် ဒန်တန်အတွင်း၌ ပြဿနာတက်သွားနိုင်သောကြောင့် အသက်နှင့်ရင်းကာ စွန့်စားရခြင်း ဖြစ်သည်။
ယဲ့ချန်သည် စိတ်ပိုင်းဖြတ်ထားသောကြောင့် ဒန်တန်အတွင်း၌ နောက်လိုက်များကို ခပ်ဝေးဝေးဖယ်စေပြီး နေရာလပ်တစ်ခု ဖန်တီးလိုက်၏။ ကြောက်လျှင်လွဲ၊ ရဲလျှင်မင်းဖြစ်ဟု သဘောထားကာ သူက အဝေးရှိ ကောင်းကင်တုန်ခါဆေးအိုးထံ ခုန်ဝင်သွားခဲ့သည်။ ၎င်းက သူ့ကို သတိထားမိသောအခါ မီးတောက်များဖြင့် တုံ့ပြန်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီး ဒန်တန်အတွင်း စုပ်ယူခံလိုက်ရသည်။ ၎င်းက ခဏတာ မင်သက်သွားပြီးနောက် အသိဉာဏ်တစ်ခု ပိုင်ဆိုင်ထားသောကြောင့် အမည်မသိနေရာတစ်ခုထံ ရောက်လာကြောင်း နားလည်သွားသောအခါ စူးစမ်းနေခဲ့သည်။
"ငါ့ဒန်တန်ထဲကို ရောက်လာမှတော့ နာနာခံခံနဲ့ အညံ့ခံစမ်း"
ယဲ့ချန်သည် မူလနိယာမကိုးခုကို စုဝေးလိုက်ပြီး ဤနေရာတွင် သူက အစစ်အမှန်နတ်ဘုရားပမာ ဖြစ်သည်။
"ဘုန်း"
သူက ဆေးအိုး၏စွမ်းအင်ကို အားနည်းသွားစေရန်အတွက် မူလချီများဖြင့် ဆက်တိုက်တိုက်ခိုက်နေသော်လည်း ၎င်း၏မီးတောက်များက အားနည်းသွားခြင်း မရှိပေ။ မီးတောက်များ တောက်လောင်နေသောကြောင့် မူလချီများ ပြန့်ကြဲသွားသကဲ့သို့ ၎င်း၏ အစွမ်းထက်အသိစိတ်က ယဲ့ချန်၏ နတ်ဝိညာဥ်ကို ထိပ်တိုက်ရင်ဆိုင်နေခဲ့သည်။ မူလရတနာတစ်ခုက အမှန်တကယ် အစွမ်းထက်ပြီး သူ၏ဒန်တန်အတွင်း၌ပင် ကြောက်စရာကောင်းလောက်အောင် တွန်းလှန်နေသောကြောင့် နာကျင်မှုကို ခံစားလိုက်ရလေသည်။