ကောင်းကင်တုန်ခါဆေးအိုးဖြင့် မြေလက်နက်များ သွန်းလုပ်ခြင်း
Vol. 71 Ch. 987
ရှင်းဟွမ်မျိုးနွယ်တွင် အာကာသနတ်ထိပ်ဆုံးအဆင့် ခုနစ်ယောက် ပိုင်ဆိုင်ပြီး အာကာသနတ်နှစ်ရာကျော် ရှိသောကြောင့် စကြဝဠာအတွင်း အကြီးမားဆုံး မျိုးနွယ် ဖြစ်သည်။ ထို့အပြင် ၎င်း၌ လက်အောက်ခံမျိုးနွယ် ရာချီရှိပြီး ထိုမျိုးနွယ်များတွင်လည်း အာကာသနတ်သုံးရာကျော် ရှိသည်။ နတ်ပြည်၏ ထိပ်တန်းမျိုးနွယ် ဖြစ်သောကြောင့် ဟင်းလင်းပြင်နတ်အဆင့်၊ လောကနတ်အဆင့်နှင့် နတ်အဆင့်များမှာ ရေတွက်မရနိုင်ပေ။ အတိတ်တွင် လူသားမျိုးနွယ်သည် အဆင့်ခြောက်မျိုးနွယ်တစ်ခု ဖြစ်ခဲ့သော်လည်း အာကာသနတ်ထိပ်ဆုံးအဆင့်တွင် သူတော်စင်ဘုရင် တစ်ယောက်တည်းသာရှိ၍ ကောင်းကင်သခင်များမှာ ထိုအဆင့်သို့ မရောက်နိုင်ခဲ့ပေ။ မျိုးနွယ်တစ်ခုလုံးတွင် အာကာသနတ်နှစ်ဆယ်ကျော်သာ ရှိသောကြောင့် ရှင်းဟွမ်မျိုးနွယ်က အလေးအနက်မထားခဲ့ပေ။ သို့ရာတွင် အသက်နတ်ဘုရား၏ အသက်မီးတောက်ကို ရှင်းဟွမ်ဘုရင်ရယူရန် ကြိုးစားရာ၌ သူတော်စင်ဘုရင် ဝင်ရောက်စွက်ဖက်လာသောအခါတွင်မှ သူ့အောက် မနိမ့်ကြောင်း နားလည်လိုက်ရသည်။
ရှင်းဟွမ်မျိုးနွယ်သည် သူတော်စင်ဘုရင်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှတ်ယူကာ အတွင်းပိုင်းပြဿနာများကို မီးလောင်ရာ လေပင့်ပေးခဲ့သည်။ သူတို့က လူသားအချို့ကို အရင်းအမြစ်များဖြင့် မက်လုံးပေးကာ လူသားမျိုးနွယ်၏ အတွင်းရေးများကို ပိုမိုဆိုးရွားစေခဲ့သည်။ သူတော်စင်ဘုရင်က ရှင်းဟွမ်ဘုရင်နှင့် တိုက်ပွဲတွင် ဒဏ်ရာရပြီး ကွယ်လွန်သွားသော်လည်း ကောင်းကင်ဓားပျံနှင့် တိုက်ခိုက်ခဲ့သောကြောင့် ရှင်းဟွမ်ဘုရင်လည်း ယနေ့ထက်တိုင် ဒဏ်ရာရနေဆဲပင်ဖြစ်သည်။ တစ်ဖက်လူ၏အလောင်းရော ကောင်းကင်ဓားပျံပါ ပျောက်ဆုံးနေသော အချက်ကို သူက ကြောက်လန့်နေသဖြင့် လူသားမျိုးနွယ်ကို မျိုးတုံးသတ်ဖြတ်ချင်ခဲ့သည်။ လက်ရှိတွင် သူ၏ရန်သူ နောက်တစ်ယောက်ဖြစ်သော ကျိယွမ်လည်း ထွက်ပေါ်လာခဲ့သည်။ သူမက ရှင်းဟွမ်မျိုးနွယ်၌ ဂုဏ်သတင်းကြီးမားသော ခေါင်းဆောင်တစ်ဦးဖြစ်ကာ သူ၏ကိုယ်လုပ်တော်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ သို့ရာတွင် သူမသည် သူတော်စင်ဘုရင်နှင့် ချစ်ကျွမ်းဝင်ခဲ့သောကြောင့် သူက မနာလိုခြင်းကြီးစွာဖြင့် သတ်ဖြတ်ချင်ခဲ့သော်လည်း လွတ်မြောက်သွားခဲ့သည်။ အတိတ်တွင် သူတော်စင်ဘုရင်ကို ကယ်တင်သွားသော နတ်ပြည်၏ ဆေးပင်တစ်ပင်လည်း ရှိနေသည်။ ထိုဆေးပင်က နတ်မိမယ်တစ်ပါးအဖြစ် ပြောင်းလဲကာ သူ၏တိုက်ခိုက်မှုအောက်မှာပင် တစ်ဖက်လူကို ကယ်ထုတ်သွားနိုင်သဖြင့် အစွမ်းထက်ပေလိမ့်မည်။ ဤရန်သူတော်ကြီးများက အချိန်မရွေး ပြန်ရောက်လာနိုင်သောကြောင့် ရှင်းဟွမ်ဘုရင်မှာ နေ့နေ့ညည ခေါင်းကိုက်နေရသည်။
"မင်းကြီး လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးပေးဖို့ သွေးနတ်ဆိုးမျိုးနွယ်နဲ့ ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို အမိန့်ပေးခဲ့ပေမယ့် သူတို့က ငြင်းဆန်ခဲ့ကြတယ်"
ရှင်းဟွမ်မျိုးနွယ်၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သော အာကာသနတ် ရှန်ကုန်းက သတင်းပို့လိုက်သည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်သည် အဆင့်ခုနစ် မျိုးနွယ်တစ်ခုဖြစ်ကာ သူတို့အောက် မနိမ့်သောကြောင့် ကြောက်စရာအကြောင်း မရှိသည့်အပြင် ရန်သူများလည်း ဖြစ်သည်။ လက်ရှိခေါင်းဆောင်သုံးယောက်က အာကာသနတ် ထိပ်ဆုံးအဆင့်ဖြစ်ကာ အသက်မီးတောက်အတွက် အစွမ်းထက်သော ရန်သူများ ဖြစ်ကြသည်။ မျိုးနွယ်နှစ်ခုကြားတွင် ရန်ငြှိုးက ကြီးမားသောကြောင့် တစ်ဖက်လူက လူသားမျိုးနွယ်ကို ထောက်ပံ့ပေးနေသည်မှာ မထူးဆန်းပေ။ သွေးနတ်ဆိုးမျိုးနွယ်က အဆင့်ခြောက်မျိုးနွယ်တစ်ခုဖြစ်ပြီး အမြဲတမ်း ကြားနေခဲ့သော်လည်း လူသားမျိုးနွယ်ကို ထူးဆန်းစွာ ကာကွယ်ပေးနေသည်။ ရှင်းဟွမ်ဘုရင်က တစ်ခုခု ထူးဆန်းနေကြောင်း ခံစားလိုက်ရပြီး နောက်ခံကောင်းကောင်းမရှိလျှင် သွေးနတ်ဆိုးမျိုးနွယ်သည် သူ့ကို ဆန့်ကျင်ရဲမည် မဟုတ်ချေ။ စကြဝဠာအတွင်း မျိုးနွယ်ပေါင်းများစွာရှိပြီး ရှင်းဟွမ်မျိုးနွယ်က အစွမ်းထက်သော်လည်း ရှုပ်ထွေးသော ဆက်ဆံရေးများကြောင့် ရန်သူများစွာ ရှိနေသည် မဟုတ်ပါလော။
"လူသားမျိုးနွယ်မှာ နောက်ထပ်ခေါင်းဆောင်တွေ ရှိသေးလား"
"မူလနတ်ပြည်ထောင်မှာ တစ်ယောက် ရှိပါတယ်။ ဒီသုံးယောက်အပြင် နောက်ထပ်ရှိမရှိကိုတော့ မသိရပါဘူး"
"ရှေးဟောင်းမူလမျိုးနွယ်"
ရှင်းဟွမ်ဘုရင်၏ သတ်ဖြတ်လိုစိတ်များ တောက်လောင်လာသည်။
"လူသားတွေရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေ"
ဤနှစ်များအတွင်း သူ၏ဒဏ်ရာက ပြန်လည်ကောင်းမွန်လာခဲ့သောကြောင့် ခေါင်းထောင်လာသည့် မြွေကို အစွယ်ချိုးပေးရန် စွမ်းဆောင်နိုင်ပေလိမ့်မည်။
"ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းမှာ ကျုပ်တို့ရဲ့ ကင်းထောက်တပ်တစ်ခု ပျောက်ဆုံးသွားပါတယ်"
ရှန်ကုန်းက တင်ပြလိုက်၏။
"ဟင်းလင်းပြင်နတ်သုံးရာ၊ လောကနတ်နှစ်ထောင်နဲ့ စစ်သည်တော် ဘီလီယံငါးဆယ် ပို့လိုက်။ တွေ့သမျှ လူသားတိုင်းကို ချွင်းချက်မရှိ သတ်ပစ်။ တစ်ခုခုထူးခြားတာရှိရင် ငါ့ကို သတင်းပို့"
ရှင်းဟွမ်ဘုရင်၏ အမိန့်သံက ရေခဲပမာ အေးစက်နေပြီး ကြယ်အဖွဲ့အစည်းတစ်ခုရှိ မရေမတွက်နိုင်သော လူသားများ၏ အသက်ကို စကားတစ်ခွန်းတည်းဖြင့် ဆုံးဖြတ်ပေးချင်ခဲ့သည်။ သူ၏အမြင်တွင် လူသားများက ပုရွက်ဆိတ်များပမာ သေးငယ်၍ မည်မျှသေဆုံးပါစေ၊ အရေးစိုက်ရန် မလိုအပ်ချေ။ သို့ရာတွင် ထိုမျိုးနွယ်က ပိုးဟပ်များပမာ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်တိုင်းတွင် ရှင်သန်နိုင်ကြပြီး မျိုးပွားနိုင်စွမ်း ကောင်းမွန်သောကြောင့် မျိုးဖြုတ်သတ်ဖြတ်ရန် အခက်ကြုံနေရသည်။
"နေဦး"
အမိန့်ကို လက်ခံပြီးနောက် ထွက်ခွာသွားရန် ပြင်လိုက်သော ရှန်ကုန်းကို သူက ရုတ်တရက် တားမြစ်လိုက်၏။
"မင်းကြီးက ဘာများ မိန့်ချင်ပါသလဲ"
"ကျိယွမ် ပြန်ပေါ်လာတာကို ငါ အာရုံခံမိတယ်။ သူမကို သတ်ဖို့အတွက် ရောင်လင်နဲ့ ရောင်ရဲကို စေလွှတ်လိုက်တယ်။ မင်း တစ်ခုခုသိထားရင် ငါ့ကို ချက်ချင်းသတင်းပို့ရမယ်"
ရှင်းဟွမ်ဘုရင်သည် အတိတ်တွင် ကျိယွမ်နှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သော ရှန်ကုန်းကို သတိပေးဟန်ဖြင့် တစ်ချက်စိုက်ကြည့်လိုက်သည်။
"စိတ်ချပါ အရှင်။ သူမအကြောင်းကို သိရင် ချက်ချင်းသတင်းပို့ပါမယ်"
"သွားတော့"
ရှင်းဟွမ်ဘုရင်က လက်ယမ်းပြလိုက်သောအခါတွင်မှ ရှန်ကုန်းက လေးစားစွာ ထွက်ခွာသွားခဲ့သည်။
ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းသို့ ရောက်လာသော လူသားများသည် ယဲ့ချန်က သူတော်စင်ဘုရင်၏ လူဝင်စားဖြစ်ကြောင်း သိလိုက်ရသောအခါ အလွန်လေးစားရိုသေခဲ့ကြသည်။ အများစုက လူသားမျိုးနွယ်အတွက် အရာရာကို စွန့်လွှတ်ထားသဖြင့် ဒန်တန်အတွင်း တုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်လိုက်ကြ၏။ အချို့သော ကျင့်ကြံသူများက ထိုနေရာအကြောင်း စူးစမ်းခဲ့သောအခါ ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်လိုက်ရုံဖြင့် ကျင့်ကြံဆင့်မြင့်တက်လာသော အခွင့်အရေးကို လက်လွှတ်မခံနိုင်ခဲ့ပေ။ သူတို့၏ကျင့်ကြံနှုန်းက အလွန်နှေးကွေးသောကြောင့် တစ်ချက်တည်းဖြင့် ခုန်ပေါက်တိုးတက်သွားမည့် အရေးကို မျက်ကွယ်ပြုမထားနိုင်ချေ။ လောကနတ်အဆင့်သို့ ရောက်ပြီးနောက် ယဲ့ချန်၏ ဝိညာဥ်ကောင်များက အလွန်အစွမ်းထက်လာပြီး ပေါင်းစပ်လိုက်သူတိုင်းကို ကြယ်သခင်အဆင့် ရောက်သွားစေကာ ပါရမီရှင်များဆိုလျှင် ထိပ်တန်းကြယ်သခင်များ ဖြစ်စေသည်။
ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းသို့ ရောက်လာသူ အများစုသည် ကြယ်သခင်အဆင့်အောက်များသာ ဖြစ်ပြီး ကြယ်သခင်အဆင့်တက်ရန်မှာ ကောင်းကင်သို့ တက်လှမ်းရသည့်ပမာ ခဲယဥ်းနေသည်။ လူသားကျင့်ကြံသူများက ဒန်တန်အတွင်း များပြားလာသောကြောင့် မူလထက် ဆယ်ဆကျော် ပို၍တိုးလာခဲ့သည်။ ကြယ်သခင်အဆင့်များ တရစပ် ထွက်ပေါ်လာပြီး အယောက်တစ်ထောင်လျှင် တစ်ယောက်နှုန်းဖြင့် ကြယ်သခင်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေကြသည်။ ကြယ်သခင်ထိပ်ဆုံးအဆင့်များကို ယဲ့ချန်က နတ်စက်လုံးအတွင်း ပို့ဆောင်ကာ နတ်အဆင့်သို့ တက်စေခဲ့သောအခါ မျိုးနွယ်အမှတ်မှာ များစွာမြင့်တက်လာ၍ အဆင့်ငါးမျိုးနွယ်တစ်ခု ဖြစ်လာခဲ့သည်။ လက်ရှိတွင် အမှတ်၂၈သန်းကျော် ပိုင်ဆိုင်ထားသဖြင့် အဆင့်ခြောက်မျိုးနွယ်တစ်ခု ဖြစ်လာရန်အတွက် အမှတ်သန်းတစ်ရာ လိုအပ်သည်။ အဆင့်ခြောက်မျိုးနွယ်တစ်ခု ဖြစ်လာရန် ဝေးကွာနေဆဲဖြစ်သော်လည်း လူသားမျိုးနွယ်၏ အနာဂတ်က စတင်ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။
ဒန်တန်အတွင်း ကျင့်ကြံနေသော နောက်လိုက်များ၏ စွမ်းအင်တစ်စိတ်တစ်ပိုင်းက ယဲ့ချန်ထံ ပေါင်းစပ်လာသောကြောင့် တစ်ရက်ကျင့်ကြံရုံဖြင့် သာမန်ကျင့်ကြံသူတစ်ယောက် နှစ်ပေါင်းရာချီ ကျင့်ကြံသည်နှင့် ညီမျှသည်။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ အပိုင်းကိုးအား သူတော်စင်ဘုရင်က ပြုပြင်မွမ်းမံပေးခဲ့သောကြောင့် သူ၏ကျင့်ကြံဆင့်မှာ မိုးထိုးမတတ် မြင့်မားလာသည်။ သူက ဟင်းလင်းပြင်နတ်အဆင့်နှင့် နီးကပ်လာကာ နောက်လိုက်များနှင့်အတူ ကျင့်ကြံဆင့်ကို အာရုံစိုက်ထားခဲ့သည်။
ယဲ့ဂျန်သည် သေမင်းထံမှ ဓားပျံအစိတ်အပိုင်းကို လာရောက်ပို့ဆောင်ခဲ့ပြီး ကမ္ဘာမှ လူသားများကလည်း ဓားပျံအစိတ်အပိုင်းတစ်ခု ယူဆောင်လာသောကြောင့် နောက်ဆုံးအစိတ်အပိုင်းတစ်ခုသာ လိုအပ်တော့သည်။ နောက်ဆုံးအစိတ်အပိုင်းကိုသာ ပေါင်းစပ်လိုက်ပါက ကောင်းကင်အဆင့် နတ်လက်နက် ဓားပျံကို ယဲ့ချန် ပိုင်ဆိုင်ရပေလိမ့်မည်။ ကောင်းကင်နတ်လက်နက်တစ်ခုနှင့် မူလရတနာနှစ်ခု ပူးပေါင်းလိုက်လျှင် လူသားမျိုးနွယ်၏ အင်အားက ကြောက်ခမန်းလိလိ များပြားလာပေလိမ့်မည်။
ယဲ့ချန်က ကျင့်ကြံနေသည့် တစ်ချိန်တည်းမှာပင် ကောင်းကင်တုန်ခါဆေးအိုးဖြင့် လက်နက်များ သန့်စင်နေခဲ့သည်။ အစွမ်းထက်လက်နက်များစွာ ထွက်ပေါ်လာပြီး အချို့က မြေအဆင့် နတ်လက်နက်များပင် ဖြစ်လာကြ၏။ ၎င်းသည် မူလရတနာခြောက်ခုအနက် ရတနာများကို သန့်စင်ပေးနိုင်သည့် တစ်ခုတည်းသော ရတနာ ဖြစ်သည်။ ၎င်းကို ကောင်းကင်နတ်ဆိုးမျိုးနွယ်က ပိုင်ဆိုင်ခဲ့သော်လည်း သူတော်စင်ဘုရင်၏ ပထမဆုံးဘဝမှလွဲလျှင် သခင်အဖြစ် မည်သူ့ကိုမှ အသိအမှတ်မပြုခဲ့ပေ။ သို့သော် ၎င်းကို အသုံးချ၍ မြေအဆင့် နတ်လက်နက်များ ပြုပြင်နိုင်ခဲ့သောကြောင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်သည် အလွန်လျင်မြန်စွာ မြင့်တက်လာခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းက သူ၏လက်အတွင်း ကျရောက်လာသည့်အပြင် သခင်အဖြစ် အသိအမှတ်ပြုခဲ့သောအခါ အဖိုးတန်စွမ်းရည်ကို ကောင်းကောင်းကြီး အသုံးချခဲ့လေသည်။