ကျိုးလီ၏ စတေးမှု
Vol. 71 Ch. 988
ယဲ့ချန်သည် ကောင်းကင်တုန်ခါဆေးအိုးဖြင့် လက်နက်များ သွန်းလုပ်နေသကဲ့သို့ ကြယ်ဒေသပေါင်းစုံမှ ဆေးပင်များကို စုစည်းကာ ဆေးလုံးများ ဖော်စပ်ခဲ့သည်။ လင်လုံနှင့် ထိပ်တန်းမဟာမိတ်၏ ခေါင်းဆောင်များသည် စကြဝဠာအတွင်း ထွက်ခွာသွားပြီဖြစ်ကာ လူသားအင်အားစုတစ်ခုကို တည်ထောင်ချင်ခဲ့ကြသည်။ ထိပ်တန်းမဟာမိတ်က သူ့ကို အရင်းအမြစ်များအားလုံး ပေးထားခဲ့သောကြောင့် လင်လုံသည် တစ်ခုခုကို လိုက်ရှာဖွေနေပုံရ၏။ သူက မဟာလမ်းစဥ် တော်ဝင်သင်္ချိုင်းအတွင်း နတ်ဝိညာဥ်ဖြင့် စစ်ဆေးလိုက်သောအခါ မရဏကိုးပါးရွှေဖြင့် ပြုလုပ်ထားသော ကောင်းကင်ထောက်တိုင်ကြီးလည်း ပျောက်ကွယ်သွားကြောင်း သိလိုက်ရသည်။ စစ်မီးများ တောက်လောင်လာနေသောကြောင့် လူသားမျိုးနွယ်အနေဖြင့် အသက်ရှင်သန်ရန် ပို၍သန်မာလာရပေလိမ့်မည်။ သို့မဟုတ်လျှင် ကြီးမားကျယ်ဝန်းသော စကြဝဠာအတွင်း စုပ်စမြုပ်ပျောက်ကွယ်သွားနိုင်သည်။
အချိန်နှစ်လအကြာတွင် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း၏ အပြင်ဘက်သို့ ရှင်းဟွမ်စစ်တပ်ကြီး ရောက်ရှိလာကာ ခေါင်းဆောင်လာသူသည် သွေးနက်ဟု ခေါ်တွင်၍ ဟင်းလင်းပြင်နတ် ထိပ်ဆုံးအဆင့်ဖြစ်သည်။ ဤစစ်တပ်တွင် ဟင်းလင်းပြင်နတ်သုံးရာ၊ လောကနတ်နှစ်ထောင်နှင့် စစ်သည်တော် ဘီလီယံငါးဆယ် ပါဝင်သောကြောင့် အပ်နှင့်ထွင်းရမည်ကို ပုဆိန်နှင့်ပေါက်နေသယောင် ထင်မှတ်ရသည်။ လူသားမျိုးနွယ်၏ ကြယ်အဖွဲ့အစည်းတစ်ခုကို ရှင်းလင်းရန်အတွက် ဤမျှအင်အားမလိုအပ်ဟု သူက တွေးနေမိသည်။ ရှင်းဟွမ်မျိုးနွယ်က လူသားများကို မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့သော်လည်း နတ်အဆင့်တစ်ယောက်တလေကိုပင် မတွေ့ဖူးသောကြောင့် နေရာတိုင်း ပြိုင်ဘက်ကင်းခဲ့၏။
"ဟင်းလင်းပြင်နတ်တွေ အကုန် နားထောင်စမ်း။ တစ်ယောက်ချင်းစီက အဖွဲ့တစ်ခုစီကို ဦးဆောင်ပြီး ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းကို ချီတက်ကြ။ လူသားတွေကို တွေ့တဲ့နေရာမှာ သတ်ကြ"
သူက အေးစက်စက် အမိန့်ပေးလိုက်သောအခါ ငယ်သားများသည် ဘက်ပေါင်းစုံသို့ ချက်ချင်းချီတက်သွားကြ၏။ ရှင်းဟွမ်များ၏ ဦးဆောင်မှုအောက်တွင် နောက်လိုက်များသည် အသက်ရှိ ကြယ်တိုင်းကို လိုက်လံရှာဖွေခဲ့သည်။
"သတင်းပို့ပါတယ်။ ဒီကြယ်တွေမှာ လူသားတွေနဲ့ သားရဲတွေ ပျောက်ကွယ်နေပါတယ်"
ရှင်းဟွမ်မျိုးနွယ်၏ ကင်းထောက်တပ်က ဤနေရာတွင် ကောင်းကင်နတ်ဆိုးစစ်တပ်နှင့် တိုက်ခိုက်ပြီး ထူးဆန်းစွာ ပျောက်ကွယ်သွားသည်။ ထို့ကြောင့် သူတို့က အဆိုးဆုံးကို မျှော်လင့်ထားသော်လည်း လူသားများနှင့် မှော်သားရဲများကို လုံးဝရှာမတွေ့ခဲ့ပေ။
"သူတို့က ထောင်ချောက်ဆင်ထားတာလား"
"မဖြစ်နိုင်ဘူး။ လူသားမျိုးနွယ်ရဲ့ ကံတရားကို ကောင်းကင်ကံဗျတ်စောင်းက ဖိနှိပ်ထားလို့ နတ်အဆင့်တစ်ယောက်တောင် ရှိမှာမဟုတ်ဘူး။ ရှေးခေတ်ဟောင်းရဲ့ လူသားတွေကိုလည်း ငါတို့က သတ်ပြီးပြီမလား"
သူတို့က ဆွေးနွေးတိုင်ပင်လိုက်ကြသော်လည်း အဖြေရှာမရနိုင်ခဲ့ပေ။
"အစေခံကောင်တွေကို မေးလိုက်ဦးမယ်"
သွေးနက်ကဲ့သို့ အဆင့်မြင့်ရှင်းဟွမ်များအတွက် သာမန်ရှင်းဟွမ်များသည် အစေခံပမာ နိမ့်ကျလှသည်။ သာမန်ရှင်းဟွမ်များ၏ အဆင့်အတန်းက အလွန်နိမ့်ကျပြီး ထာဝရနတ်ပြည်ထောင်၏ အောက်ဆုံးမှ သက်ရှိများ ဖြစ်ကြသည်။ လူသားများနှင့် မှော်သားရဲများက ယာဥ်ကိုယ်စီဖြင့် ထွက်ခွာသွားကြောင်း သိလိုက်ရသောအခါ သွေးနက်က အတွေးနက်နေခဲ့သည်။ တစ်ဖက်လူက ကြိုတင်သတင်းရသောကြောင့် ရှောင်တိမ်းသွားနိုင်ချေရှိသော်လည်း တစ်ယောက်တလေပင် ကျန်ရစ်မနေသည့်အတွက် အဖြေရှာရခက်ခဲနေ၏။ တစ်ဖက်က စည်းလုံးညီညွတ်ကြောင်း သိသာသော်လည်း သူ၏အမြင်တွင် ရှင်းဟွမ်စစ်တပ်အား ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။
"ငါ့အမိန့်ကို နာခံစမ်း။ လူသားတွေနောက်လိုက်ကြ။ ဘယ်အဖွဲ့မဆို လူသားတွေရဲ့ တည်နေရာကို သိရင် ငါ့ဆီ ချက်ချင်းသတင်းပို့ကြ"
သွေးနက်က သွေးဆာရက်စက်စွာ ညွှန်ကြားလိုက်သဖြင့် ဟင်းလင်းပြင်နတ်သုံးရာနှင့် နောက်လိုက်များသည် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းအတွင်း တဟုန်ထိုး ပြေးဝင်သွားကြသည်။ သူတို့က စေ့စေ့စပ်စပ်ရှာဖွေရန် ပြင်ဆင်ထားပြီး လူသားများကို တစ်ယောက်ပင် အလွတ်ပေးမည် မဟုတ်ချေ။ သို့သော် ဤနေရာက အခြားကြယ်အဖွဲ့အစည်းများနှင့် ကွာခြားပြီး ဟင်းလင်းပြင်နတ်များပင် အရာရာကို ရှင်းလင်းစွာ အာရုံမခံနိုင်ချေ။ သူတို့မရောက်ခင်မှာပင် ကျိုးလီသည် ဟင်းလင်းပြင်နတ်များ၏ နတ်ဝိညာဥ်ကို တားဆီးနိုင်သော အစီအရင်များအား ခင်းကျင်းထားပြီးဖြစ်၏။ နောက်လိုက်အားလုံးကို ဒန်တန်အတွင်း သိမ်းဆည်းထားကာ ကျင့်ကြံစေခဲ့ပြီး ယဲ့ချန်က ကျိုးလီနှင့် ရင်ဘောင်တန်းရပ်နေခဲ့သည်။ ကောင်းကင်မူလကြယ်သည်လည်း သူ၏ဒန်တန်အတွင်း ရောက်ရှိနေပြီဖြစ်၏။ ကျိယွမ်ကြယ်၏ ရှင်းဟွမ် ပျောက်ကွယ်သွားသော အကြောင်းအရင်းကို သူက သိချင်သော်လည်း ကျိုးလီသည် တစ်ချက်ပြုံး၍ စကားတစ်ခွန်းမှမပြောခဲ့ပေ။ သူက နတ်ဝိညာဥ်ကို ဖြန့်ကျက်ထားပြီး ရှင်းဟွမ်စစ်တပ်၏ လှုပ်ရှားမှုတိုင်းအား စောင့်ကြည့်နေခဲ့သည်။
"အဘိုး ဘာကြောင့် သွေးပြည်ထောင်ကို အတူမလိုက်ခဲ့တာလဲ"
ယဲ့ချန်သည် ဤစစ်တပ်ကို ဝါးမျိုလိုက်လျှင် ရန်သူအာကာသနတ်များ သတိထားမိမည်ကို စိုးရိမ်နေခဲ့သည်။ အာကာသနတ်များ ရောက်ရှိလာလျှင် ကျိုးလီရော ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းပါ အန္တရာယ်ကင်းမည် မဟုတ်ပေ။
"ကျုပ်က ဒီနေရာအပြင်ကို ထွက်လိုက်ရင်လည်း ရန်သူတွေ သတိထားမိမှာ သေချာပါတယ်။ ရှင်းဟွမ်မျိုးနွယ်ကသာ လူသားအာကာသနတ်တစ်ယောက်ကို ရှာတွေ့သွားရင် သတ်ဖို့အတွက် အာကာသနတ်တွေ ချက်ချင်းရောက်လာလိမ့်မယ်"
ကျိုးလီက ခေါင်းတစ်ချက်ယမ်းပြကာ အသက်ကြီးရင့်နေပြီဖြစ်သော်လည်း ဓားတစ်စင်းပမာ ဖြောင့်တန်းစွာရှိနေပြီး လောကကြီးကို အုပ်စိုးနိုင်သော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
"သွေးပြည်ထောင်ကတောင် သူတို့ကို မတားနိုင်ဘူးလား"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်လိုက်သည်။
"သွေးပြည်ထောင်က လူသားခေါင်းဆောင်တစ်ယောက်ကို ကာကွယ်ပေးနိုင်ပေမယ့် အာကာသနတ်တစ်ယောက်ကိုတော့ လက်ခံမှာ မဟုတ်ပါဘူး"
"ဒါဆိုရင် သေမင်းကိုတော့ ရန်သူတွေက ဘာကြောင့် အန္တရာယ်မပေးရတာလဲ"
"သေမင်းက ရှင်းဟွမ်မျိုးနွယ်နဲ့ အမည်ခံပူးပေါင်းထားတယ်။ သူက လူသားတွေကို သတ်ဖြတ်ပြီး ရန်သူတွေရဲ့ ယုံကြည်မှုကို ရယူထားနိုင်တယ်"
ကျိုးလီ၏ ရှင်းပြမှုကြောင့် ယဲ့ချန်က အံ့သြသွားသော်လည်း ခဏတာစဥ်းစားပြီးနောက် နားလည်လိုက်သည်။ သေမင်းက သူ့လူကိုယ့်ဘက်သားသဘောမျိုးဖြင့် ရန်သူမျိုးနွယ်နှင့် ပူးပေါင်းထားသောကြောင့် သူ့အတွက် အရာရာအဆင်ပြေစေရန် ကူညီပေးခဲ့ခြင်းပင်။
"သေမင်းရဲ့လုပ်ရပ်က မှန်ကန်တယ်လို့ မပြောနိုင်ပေမယ့် လူသားမျိုးနွယ်အတွက် သူက ယုံကြည်ထိုက်ပါတယ်။ အရှင် စိုးရိမ်စရာ မလိုပါဘူး။ ဒီအဘိုးကြီးက သေကာနီးနေတဲ့အတွက် တာဝန်အနည်းငယ် ထမ်းဆောင်ပေးနိုင်ခဲ့တာနဲ့တင် ကျေနပ်ရပါပြီ"
ကျိုးလီသည် အမှန်တကယ် အသက်ကြီးရင့်နေသော်လည်း အာကာသနတ်တစ်ယောက်အတွက် နှစ်ထောင်ချီရှင်သန်ရန် မခက်ခဲသောကြောင့် ယဲ့ချန်က မယုံနိုင် ဖြစ်နေခဲ့သည်။
"ကျုပ်က အရှင်ပြန်လည်ဝင်စားတာကို စောင့်ဖို့အတွက် သက်တမ်းကို ဆွဲဆန့်နိုင်တဲ့ နည်းလမ်းများစွာ အသုံးပြုခဲ့ရတယ်။ နတ်ပြည်က ထွက်လာပြီးတဲ့နောက်မှာ ကျုပ်က အကန့်အသတ်ကို ရောက်နေပါပြီ။ ကျုပ်က လူသားမျိုးနွယ် စတင်ကျဆင်းလာချိန်က စတင်ပြီး ရှင်သန်လာတဲ့အတွက် သေမင်းနဲ့ ကွဲပြားတယ်။ ကျုပ်ဘဝ အဆုံးသတ်က နီးကပ်နေပြီး နတ်ပြည်ကို ပြန်နိုင်မယ် မထင်ပါဘူး။ သမိုင်းအသစ် ပြန်လည်စတင်တဲ့အခါ ကျုပ်လိုမျိုးလူအိုကြီးတွေက စတေးရမှာ ဓမ္မတာပါပဲ။ ကျုပ်က အရှင်ရဲ့ နောက်လိုက်အဖြစ် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီး လူပြန်လည်ဝင်စားတာကို မြင်ရတဲ့အတွက် ကျေနပ်ဂုဏ်ယူမိပါတယ်။ လူသားမျိုးနွယ်အရေးကို အရှင့်လက်ထဲ အပ်ခဲ့ပါမယ်"
ကျိုးလီသည် ပေါ့ပါးစွာပြုံး၍ ယဲ့ချန်ကို ဦးညွှတ်လိုက်သည်။ သူ၏မျက်ဝန်းများအတွင်း လူသားမျိုးနွယ်၏ မျှော်လင့်ချက်ရောင်ခြည်ကို ယဲ့ချန်၌ မြင်နေရသော်လည်း ကံဆိုးစွာဖြင့် သေကာနီးဖြစ်နေခဲ့သည်။ သူက နတ်ပြည်သို့ ပြန်မရောက်နိုင်လျှင် သေချာပေါက် ကွယ်လွန်မည် ဖြစ်သောကြောင့် နောက်ဆုံးအနေဖြင့် တာဝန်ထမ်းဆောင်ပေးချင်ခဲ့သည်။ ကျိုးလီငယ်စဥ်က အစွမ်းထက်သူတစ်ယောက် ဖြစ်ခဲ့ရန် သေချာသောကြောင့် ယဲ့ချန်က ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ သူက လူသားမျိုးနွယ် အခက်အခဲဆုံးအချိန်တွင် သူတော်စင်ဘုရင်၏ နောက်လိုက် ဖြစ်ခဲ့သော်လည်း ကျောက်စိမ်းနန်းတော်ကို သစ္စာရှိစွာ စောင့်ကြပ်ပေးခဲ့သည်။ မရေမတွက်နိုင်သော အချိန်တစ်ခုကြာအောင် အထီးကျန်ခဲ့သော်လည်း လူသားမျိုးနွယ်ကို အသက်စွန့် ကာကွယ်လိုသည့် စိတ်ထား ပျောက်ပျက်မသွားခဲ့ချေ။
အကယ်၍ နတ်ပြည်၌ဆိုလျှင် ကျိုးလီသေဆုံးရန် အကြောင်းမရှိသောကြောင့် ယဲ့ချန်၏ရင်ထဲတွင် တင်းကြပ်နေခဲ့သည်။ သူက နည်းလမ်းတစ်ခုကို အမြန်စဥ်းစား၍ ရှင်းဟွမ်မျိုးနွယ် သတိမထားမိဘဲ ကျိုးလီအား နတ်ပြည်သို့ ပြန်လည်ပို့ဆောင်ပေးရပေလိမ့်မည်။ သူ၏ဒန်တန်အတွင်း ဝင်ရောက်နိုင်သော်လည်း အသက်ကြီးရင့်မှုကို တားဆီးနိုင်စွမ်း မရှိချေ။
"မစိုးရိမ်ပါနဲ့ အရှင်။ ကျုပ်က အရှင်ပြန်လည်မွေးဖွားပြီး အစွမ်းထက်လာတာကို မြင်ရတာနဲ့တင် တာဝန်ပြီးမြောက်ပါပြီ။ အရှင်ရဲ့အရည်အချင်းကို မြင်ခဲ့ရတဲ့အတွက် ကျေနပ်လှပါပြီ"
ယနေ့အထိတိုင် ကျိုးလီ အသက်ရှင်နေခဲ့သော အကြောင်းအရင်းမှာ သူတော်စင်ဘုရင်၏ လူဝင်စားကို စောင့်နေသောကြောင့် ဖြစ်၏။ လူသားမျိုးနွယ်၏ စစ်ပွဲအတွင်း သူကိုယ်တိုင်လည်း ဒဏ်ရာ အပြင်းအထန်ရခဲ့ပြီး ဆက်လက်ရှင်သန်ရန်အတွက် နေ့တိုင်း ဝိညာဥ်လောင်ကျွမ်းခံရသော နာကျင်မှုကို သည်းခံနေရသည်။ ယဲ့ချန်သည် ကျိုးလီနှင့် အချိန်ကြာမြင့်စွာ မရှိခဲ့ရသော်လည်း လေးစားရန် ထိုက်တန်သော အကြီးအကဲတစ်ယောက်ဖြစ်ကြောင်း ခံစားမိသည်။ လက်ရှိတွင် သူ့အတွက် ရှင်းဟွမ်မျိုးနွယ်၏ ဟင်းလင်းပြင်နတ်သုံးရာကို နောက်လိုက်များအဖြစ် ပြောင်းလဲပေးရန် ကျိုးလီက ကူညီပေးချင်ခဲ့သည်။ ဤသို့ဆိုလျှင် ယဲ့ချန်က ဟင်းလင်းပြင်နတ်အဆင့် ရောက်သွားမည်ဖြစ်သော်လည်း ရန်သူများ သတိထားမိသွားကာ အာကာသနတ်များ စေလွှတ်လိုက်ရန် အချိန်ကြာမည် မဟုတ်ချေ။
"ဘာဖြစ်ဖြစ် ဒါက ကျုပ်ရဲ့ ကံတရားပါ။ အရှင်က ဝမ်းနည်းနေစရာ မလိုပါဘူး။ သွေးပြည်ထောင်ကို ရောက်သွားရင်လည်း ကိုယ့်အားကို ကိုးရမယ်ဆိုတာ မမေ့ပါနဲ့"
ကျိုးလီသည် သေဆုံးရန် နီးကပ်နေသော်လည်း မျက်လုံးများတွင် ကျေနပ်မှုအရိပ်အယောင်များ ထင်ဟပ်နေခဲ့လေသည်။