← Chapters

အာကာသနတ်များ ရောက်လာခြင်း

Vol. 71 Ch. 989

အာကာသနတ်များ ရောက်လာခြင်း

Vol. 71 Ch. 989

ကျိုးလီသည် လူသားမျိုးနွယ်ကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့သောကြောင့် မျိုးနွယ်မြင့်တက်မလာခင် သေဆုံးသွားမည့် အဖြစ်ကို ယဲ့ချန်က မလိုလားပေ။

"အဘိုး ကျုပ်ရဲ့ဒန်တန်ထဲကို ဝင်ပြီး ဝိညာဥ်ကောင်တွေနဲ့ ပေါင်းစပ်ကြည့်ရင် အခြေအနေ ပြောင်းလဲသွားလောက်ပါတယ်"

သူက ဝိညာဥ်ကောင်များသည် သက်တမ်းကို ဆွဲဆန့်ပေးနိုင်ခြင်းရှိမရှိ မသေချာသော်လည်း စမ်းသပ်ကြည့်လျှင် အရှုံးမရှိပေ။

"အရှင် ကျုပ်က သက်တမ်းကို ဆွဲဆန့်ဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့တဲ့အတွက် စကြဝဠာရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့မိတယ်။ တကယ်လို့ နောက်ထပ်သက်တမ်းကို ဆွဲဆန့်မယ်ဆိုရင် ဖြစ်တည်မှုနိယာမတွေက လာရောက်တိုက်ခိုက်နိုင်တယ်"

ကျိုးလီက တစ်ချက်ပြုံး၍ တည်ငြိမ်စွာ ခေါင်းယမ်းလိုက်သည်။ ၎င်းနိယာမများကို ယဲ့ချန်ရော သူပါ မခုခံနိုင်သည့်အပြင် ဒန်တန်ကလည်း ဖြစ်တည်ကာစဖြစ်သောကြောင့် အတွင်း၌ ပုန်းနေလျှင်လည်း ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။ ယဲ့ချန်က စွန့်စားကြည့်ချင်သော်လည်း တစ်ဖက်လူက ဆက်တိုက်ငြင်းပယ်နေသောကြောင့် တိတ်ဆိတ်သွားခဲ့သည်။

"ရှင်းဟွမ်စစ်တပ် ရောက်လာဖို့ အနည်းဆုံး နှစ်ချီလိုအပ်ပေမယ့် လအနည်းငယ်အတွင်း ရောက်လာခဲ့တယ်။ ဒီလိုရောက်လာဖို့ဆိုရင် အာကာသနတ်တွေက တည်နေရာပြောင်းပေးမှ ဖြစ်လိမ့်မယ်။ ဒီအချက်ကြောင့် ရန်သူအာကာသနတ်တွေဟာ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း မူမမှန်ဘူးဆိုတာကို သတိထားမိသွားလောက်ပြီ။ ဒီစစ်တပ်ကို သိမ်းပိုက်ပြီးရင် ချက်ချင်းထွက်သွားရပါလိမ့်မယ် အရှင်"

ကျိုးလီက စိုးရိမ်စွာ သတိပေးလိုက်သည်။ သူက လေးစားထိုက်သော အကြီးအကဲတစ်ယောက် ဖြစ်သောကြောင့် ယဲ့ချန်က ဝမ်းနည်းနေခဲ့သည်။ အကယ်၍ သူသာ အာကာသနတ်တစ်ယောက်ဖြစ်နေလျှင် နတ်ပြည်သို့ တိုက်ခိုက်ဝင်ရောက်နိုင်သောကြောင့် အားနည်းရခြင်းကို အလွန်မုန်းတီးနေမိ၏။ သူတို့နှစ်ယောက်က ရန်သူတပ်ခွဲတစ်ခုရှေ့မှောက်သို့ ရောက်ရှိသွားကာ ရုတ်တရက် တားမြစ်လိုက်ကြသည်။

"ဘယ်သူလဲ"

ခေါင်းဆောင်ဟင်းလင်းပြင်နတ်က သူတို့ကို စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သော်လည်း စကားအဆုံးတွင် ကြောက်မက်ဖွယ် ဖိအားတစ်ခု ကျဆင်းလာခဲ့သည်။ ဤတပ်ခွဲတွင် စစ်သည်ပေါင်း ဘီလီယံချီပါဝင်သော်လည်း အာကာသနတ်တစ်ယောက်ရှေ့တွင် မလှုပ်နိုင်သည့်အပြင် စုပေါင်းတိုက်ခိုက်လျှင်လည်း နိုင်စရာ အကြောင်းမရှိချေ။

"အာကာသနတ်"

ရှင်းဟွမ်တပ်ခွဲခေါင်းဆောင်က ကြောက်လွန်းသဖြင့် အသံများပင် တုန်ရီနေပြီး ဤနေရာ၌ လူသားမျိုးနွယ်မှ အာကာသနတ်တစ်ယောက် ပုန်းနေမည်ဟု အိပ်မက်ပင် မမက်ဖူးချေ။ ကျိုးလီ လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် ယဲ့ချန်ကလည်း ခုန်ထွက်လာခဲ့ပြီး ဟင်းလင်းပြင်နတ်ကို ဝိညာဥ်ကောင်ဖြင့် ပေါင်းစပ်လိုက်သည်။

"ဘန်း"

၎င်းက တစ်ဖက်လူ၏ ဦးခေါင်းအတွင်း ရောက်ရှိသွားပြီးနောက် လောကနတ်များသည်လည်း အတင်းအကြပ် ပေါင်းစပ်ခံခဲ့ရပြီး လက်အောက်ငယ်သားများမှာ ယဲ့ချန်၏ ဒန်တန်အတွင်း စုပ်ယူခံလိုက်ရ၏။

"ကျုပ်အလုပ် ပြီးပြီ"

"သွားကြစို့"

ထို့နောက် ကျိုးလီသည် ယဲ့ချန်ကို ခေါ်ဆောင်၍ နောက်ထပ်တပ်ခွဲတစ်ခုထံ ခေါ်ဆောင်သွားကာ ရန်သူမျိုးနွယ်၏ တပ်ခွဲသုံးရာမှာ တစ်ခုပြီးတစ်ခု ဝါးမျိုခံနေရသည်။ ကျိုးလီ၏အကူအညီဖြင့် ယဲ့ချန်သည် ဟင်းလင်းပြင်နတ်များကို အလွယ်တကူ ဖမ်းချုပ်နိုင်ခဲ့ပြီး ဒန်တန်အတွင်း နောက်လိုက်အရေအတွက် တိုးပြားလာသည်။ ဟင်းလင်းပြင်နတ်များက သူ၏ခွန်အားကို မြင့်တက်သွားစေသောကြောင့် ကျင့်ကြံဆင့်အတားအဆီး ကျိုးပြတ်ကာ ဟင်းလင်းပြင်နတ်အဆင့် ရောက်သွားခဲ့၏။ လေဟာနယ်နိယာမများက သူ၏ပတ်ဝန်းကျင်တွင် စုဝေးလာကာ လေဟာနယ်များ တရစပ် ဖြစ်ပေါ်လာခဲ့သည်။ အဆင့်တက်ပြီးနောက် သူ၏ခွန်အားရော နတ်ဝိညာဥ်ပါ အစွမ်းထက်လာခဲ့၍ စကြဝဠာ၏ မူလအရင်းအမြစ်နှင့် နီးကပ်လာကြောင်း ခံစားခဲ့ရသည်။

ဟင်းလင်းပြင်နတ် တစ်ရာကျော်ကို ဖမ်းဆီးပြီးနောက် ယဲ့ချန်က အဆင့်တက်သွားပြီး ထွက်ပေါ်လာသော လေဟာနယ်နိယာမများကြောင့် ကျိုးလီက တစ်ချက်ပြုံးလိုက်၏။ ပုံမှန်ဆိုလျှင် သာမန်ကျင့်ကြံသူတစ်ယောက်သည် ဟင်းလင်းပြင်နတ်အဆင့်သို့ရောက်လျှင် လေဟာနယ်တစ်ခုကို ဖန်တီးထိန်းချုပ်နိုင်သည်။ ၎င်းက ပိုင်နက်တစ်ခုနှင့် ဆင်တူသော်လည်း များစွာပို၍အစွမ်းထက်ကာ ယဲ့ချန်၌ လေဟာနယ်ကိုးခု ပိုင်ဆိုင်နေခဲ့သည်။ ဤအချက်အရ သူသည် သာမန်ဟင်းလင်းပြင်နတ်များထက် ကိုးဆကျော်ပို၍ သန်မာကြောင်း သက်သေပြနေခဲ့သည်။ ရှင်းဟွမ်တပ်ခွဲများ ဆက်တိုက်ဝါးမျိုခံနေရစဥ် သွေးနက်သည် တပ်ခွဲတစ်ခုကို ဦးဆောင်၍ ကောင်းကင်မူလကြယ်၏ တည်နေရာထံ ရောက်လာခဲ့သော်လည်း ကြယ်တစ်ခုလုံး ပျောက်ကွယ်နေသည်။

"ထူးဆန်းလိုက်တာ။ တလမ်းလုံး လူသားတွေရော မှော်သားရဲတွေရော အားလုံး ပျောက်ကွယ်နေကြတယ်"

သူက အလွန်စိတ်ရှုပ်နေပြီး သေချာစဥ်းစားလိုက်သောအခါ တစ်ခုခု လွဲချော်နေကြောင်း နားလည်လိုက်၏။ ယေဘူယျသဘောပြောရလျှင် သူ၏နောက်လိုက်များကို တပ်ခွဲကိုယ်စီဖြင့် ဖြန့်ကျက်ထားသောကြောင့် တစ်ဖက်လူ ပုန်းအောင်းနေလျှင်ပင် အနည်းဆုံး စစ်တပ်တစ်ခုကိုတော့ ကြုံရပေလိမ့်မည်။ ထို့ကြောင့် သူ၏စိတ်ခံစားချက်များ တင်းကြပ်လာသောကြောင့် အနက်ရောင်အလင်းလုံးတစ်ခုကို ဖောက်ခွဲခဲ့သည်။ ၎င်းကို ရှင်းဟွမ်မျိုးနွယ်၏ ဆက်သွယ်ရေးကျင့်စဥ်ဖြင့် ဖန်တီးထားသောကြောင့် ပျက်စီးသွားလျှင် အာကာသနတ်များက ချက်ချင်းအာရုံခံမိပေလိမ့်မည်။ ထိုအချိန်၌ သူ၏ရှေ့မှောက် ဟင်းလင်းပြင်တွင် ပုံရိပ်နှစ်ခု ထွက်ပေါ်လာသောကြောင့် မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့၏။

"အာကာသနတ်အဆင့်"

သူ၏စကား မဆုံးခင်မှာပင် အစွမ်းထက် အရှိန်အဝါတစ်ခု ကျဆင်းလာသောကြောင့် လှုပ်မရတော့ပေ။ ရွှမ်ကုန်းသည် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းတွင် တစ်ခုခုမှားယွင်းနိုင်သည်ဟု ထင်ခဲ့သည်။ သို့ရာတွင် အစွမ်းထက်လှသော ကျိယွမ်ကို လိုက်လံရှာဖွေရန်အတွက် အာကာသနတ်ငါးယောက်ကို ဦးဆောင်ကာ စကြဝဠာအတွင်း ခရီးဆက်နေရသည်။ ထိုအချိန်၌ သွေးနက်ထံမှ အချက်ပြမှုကို ရလိုက်သောကြောင့် မျက်နှာပျက်သွားကာ ပြဿနာတက်ပြီဖြစ်ကြောင်း နားလည်လိုက်သည်။ သူက အန္တရာယ်ကြုံလျှင် အသုံးပြုနိုင်သော ဆက်သွယ်ရေးအလင်းလုံးကို ထိုဟင်းလင်းပြင်နတ်ထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

"ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းကို သွားမယ်"

ရွှမ်ကုန်း၏အမိန့်ဖြင့် အာကာသနတ်များက တည်နေရာပြောင်းလဲလိုက်သောကြောင့် တစ်ယောက်ပြီးတစ်ယောက် လှစ်ခနဲ ပျောက်ကွယ်သွားကြသည်။ စကြဝဠာအတွင်း ကြယ်အဖွဲ့အစည်းများစွာရှိပြီး ထာဝရနတ်ပြည်ထောင်တစ်ခုတည်း၌ပင် မရေမတွက်နိုင်ပေ။ အာကာသနတ်များက ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းကဲ့သို့ ချောင်ကျသော နေရာမျိုးကို နတ်ပြည်မှတဆင့် လာရောက်ချင်စိတ် မရှိကြပေ။ သူတို့က အောက်ဘုံကို ဆင်းသက်ရန် ပျင်းရိသောကြောင့်မဟုတ်ဘဲ အောက်ဘုံသို့ရောက်လျှင် အသက်အားများ လျော့ကျ၍ ကျင့်ကြံရေးအရင်းအမြစ်ကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။

ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းတွင် ယဲ့ချန်သည် ရန်သူစစ်တပ်တစ်ခုလုံးကို ဝါးမျိုပြီးချိန်၌ ကျိုးလီ၏စကားသံ ထွက်ပေါ်လာခဲ့သည်။

"သူတို့ ရောက်လာကြပြီ"

"ဒီလောက်မြန်တာလား"

ရန်သူများက အလွန်မြန်ဆန်သောကြောင့် သူက မင်သက်သွားခဲ့သည်။

"ကျုပ်က အစီအရင်တစ်ခု ကြိုတင်ခင်းကျင်းထားတဲ့အတွက် သူတို့က လောလောဆယ် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ကျေးဇူးပြု၍ ထွက်သွားပါတော့ အရှင်"

ကျိုးလီက ယဲ့ချန်ကို လေးနက်စွာ တောင်းဆိုလိုက်သော်လည်း သူက ဤအကြီးအကဲအား ရန်သူများနှင့် တစ်ကိုယ်တော် ရင်မဆိုင်စေလိုပေ။

"ကျုပ်မှာ မူလရတနာနှစ်ခု ရှိတယ်။ ဒါကိုအသုံးချလိုက်ရင် အနိုင်ရဖို့ အခွင့်ရေးတစ်ခု ရှိမှာပါ။ နတ်စက်လုံးထဲကို ဝင်နေလိုက်ရင် အာကာသနတ်တွေက ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး"

သူက စိတ်ပိုင်းဖြတ်လိုက်ပြီး ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်စက်လုံးကို ဆင့်ခေါ်လိုက်၏။ သူက အဆုံးအထိ သွားရမည်ဆိုလျှင်ပင် တစ်ကိုယ်ကောင်းဆန်စွာ ထွက်မပြေးလိုခဲ့ပေ။

"မူလရတနာတွေ ထွက်ပေါ်လာရင် အခြေအနေက ဒီထက်ပိုဆိုးလာလိမ့်မယ်"

ကျိုးလီက သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းကာ ယဲ့ချန်အား အရှိန်အဝါဖြင့်ချုပ်နှောင်ပြီး နတ်စက်လုံးအတွင်း ပို့ဆောင်လိုက်သည်။

"အဘိုး"

ယဲ့ချန်၏ခွန်အားဖြင့် အာကာသနတ်တစ်ယောက်ကို ဆန့်ကျင်ရန် မဖြစ်နိုင်သောအခါ မလှုပ်နိုင်တော့ဘဲ ဖိနှိပ်ခံလိုက်ရ၏။ နတ်စက်လုံးအတွင်း ယဲ့ချန် ရောက်သွားသောအခါ ကျိုးလီသည် ကောင်းကင်ကြယ်တာရာရုန်းများကို ဆက်တိုက်ဖန်တီး၍ တစ်ဖက်တွင် ပေါင်းစပ်ပေးခဲ့သည်။ ၎င်းတွင် ရုန်းများစွာ ကပ်တွယ်သွားပြီးနောက် ဖြည်းဖြည်းချင်း ဝေဝါးလာကာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

"ကျေးဇူးပြုပြီး ကျုပ်ကို အဘိုးနဲ့အတူ တိုက်ခိုက်ခွင့်ပေးပါ"

ယဲ့ချန်၏ခွန်အားက အားနည်းလွန်းသော်လည်း မူလရတနာနှစ်ခုဖြင့်ဆိုလျှင် ကျိုးလီကို ကူညီနိုင်သောကြောင့် လက်မလျှော့လိုခဲ့ပေ။

"ဒါက ကျိုးမျိုးနွယ်ရဲ့ ကံတရားပါ အရှင်။ ဒီနေရာဟာ ကျုပ်ရဲ့သင်္ချိုင်း ဖြစ်လာရင်တောင် အရှင်က လူသားမျိုးနွယ်ရဲ့ ကံတရားကို ထမ်းဆောင်နိုင်ဖို့ သေချာတဲ့အတွက် နောင်တမရပါဘူး။ တစ်နေ့မှာ လူသားမျိုးနွယ် မြင့်တက်လာပြီး အတိတ်က အောင်မြင်မှုမျိုး ရလာမယ်ဆိုရင် ကျုပ်သေရတာ ကျေနပ်မိမှာပါ။ ကျေးဇူးပြုပြီး သွားပါတော့ အရှင်"

ကျိုးလီက တည်ငြိမ်စွာ ပြုံးလိုက်ပြီး ရုန်းများကို ဖောက်ခွဲလိုက်သောအခါ တဘန်းဘန်းမြည်သံများ ထွက်ပေါ်လာခဲ့သည်။ ပေါက်ကွဲမှု၏ တွန်းကန်အားကြောင့် နတ်စက်လုံးသည် စကြဝဠာအတွင်း အလွန်လျင်မြန်စွာ ပြေးထွက်သွားကာ ဆက်တိုက်အရှိန်မြန်လာခဲ့သည်။ ယဲ့ချန်သည် ယောကျ်ားတန်မဲ့ မျက်ရည်ဝဲနေမိပြီး လေးစားထိုက်သော ကျိုးလီ၏ပုံရိပ်ကို မြင်ယောင်နေခဲ့သည်။ ကျိုးမျိုးနွယ်မှ ကျင့်ကြံသူများသည် လူသားမျိုးနွယ်အတွက် အသက်စွန့်ခဲ့ကြသော်လည်း လူသားမျိုးနွယ် ပြန်လည်မြင့်တက်လာသည်ကို မမြင်နိုင်ကြတော့ပေ။

"ရှင်းဟွမ်ဘုရင် ရှင်းဟွမ်မျိုးနွယ် တစ်နေ့ကျရင် ငါ ယဲ့ချန်ကိုယ်တိုင် နတ်ပြည်ကိုတက်လာပြီး မင်းတို့ရဲ့ လည်ချောင်းသွေးနဲ့ အဘိုးကျိုးကို ပူဇော်မယ်”

All Chapters