← Chapters

နတ်စက်လုံး၏ ဒဏ္ဍာရီ

Vol. 71 Ch. 990

နတ်စက်လုံး၏ ဒဏ္ဍာရီ

Vol. 71 Ch. 990

စကြဝဠာအတွင်း နတ်စက်လုံး၏အရှိန်သည် မြန်သထက်မြန်လာသော်လည်း ယဲ့ချန်က နတ်ဝိညာဥ်ဖြင့် အဝေးမှ မြင်ကွင်းကို ကြည့်နိုင်ခဲ့သည်။

"ဘုန်း"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြယ်များက မီးရှူးမီးပန်းများပမာ လောင်ကျွမ်းသွားကြပြီး အလင်းရောင်များ တဖိတ်ဖိတ် တောက်ပနေကြ၏။ အစွမ်းထက် နတ်ချီများ ရင်ဆိုင်တိုက်ခိုက်နေသောကြောင့် မရေမတွက်နိုင်သည့် ကြယ်များ ပျက်စီးနေကာ တိုက်ပွဲဖြစ်ရာတိုင်း၌ အပျက်အစီးများ ပြည့်နှက်နေသည်။ ဤကား အာကာသနတ်များ၏ တိုက်ပွဲကြီးတစ်ခုဖြစ်ကာ ယဲ့ချန်က အတိအကျ မမြင်နိုင်သော်လည်း ကျိုးလီနှင့် ရန်သူများ၏တိုက်ပွဲ မည်မျှပြင်းထန်မည်ကို မှန်းဆနိုင်သည်။

"အဘိုးကျိုး"

ယဲ့ချန်က နာကျင်စွာ အော်ဟစ်လိုက်ပြီး မျက်လုံးများ နီရဲနေကာ နတ်စက်လုံးအတွင်းမှ ပြေးထွက်ချင်သော်လည်း ကောင်းကင်ကြယ်တာရာရုန်းများကြောင့် ထွက်ပေါက်ပိတ်နေခဲ့သည်။ သူက မည်မျှကြိုးစားပါစေ၊ ချိုးဖျက်မထွက်နိုင်ခဲ့ပေ။ ကျိုးလီသည် လူသားမျိုးနွယ်အတွက် တစ်ဘဝလုံး ပေးဆပ်ခဲ့သော်လည်း လူသားမျိုးနွယ် မြင့်တက်လာသည်ကို မမြင်နိုင်တော့ပေ။ သူ၏နောက်ဆုံးဆန္ဒမှာ လူသားမျိုးနွယ်အနေဖြင့် နတ်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေး ဖြစ်သောကြောင့် လေးစားထိုက်သူတစ်ဦး ဖြစ်သည်။ သို့ရာတွင် ယဲ့ချန်က သူ သေဆုံးသွားမည့် အဖြစ်ကို ဘေးထွက်ကြည့်နေခဲ့ရသည်။ နောက်ဆုံးတွင် နတ်စက်လုံးမှာ အလွန်ဝေးသော အရပ်သို့ ရောက်သွားသဖြင့် ယဲ့ချန်သည် တိုက်ပွဲအခြေအနေကို မမြင်နိုင်တော့ချေ။ ကျိုးလီနှင့် ရန်သူများ၏ တိုက်ပွဲက ပို၍ပြင်းထန်လာပြီး ဘေးပတ်ဝန်းကျင်ရှိ ကြယ်များပင် တဘုန်းဘုန်း ပေါက်ကွဲကုန်သည်။

မူလတွင် ယဲ့ချန်သည် ကျိုးလီက ရန်သူအာကာသနတ်များကို တစ်ကိုယ်တော် ရင်ဆိုင်နိုင်မည်မဟုတ်ဟု တွေးခဲ့သည်။ သို့ရာတွင် တိုက်ပွဲက အလွန်ပြင်းထန်နေသောကြောင့် တစ်ဖက်လူသည် နေဝင်ချိန်သို့ ရောက်နေသည့်တိုင်အောင် တန်ပြန်တိုက်ခိုက်နိုင်စွမ်း ရှိနေခဲ့သည်။ သို့ဖြစ်လျှင် ကျိုးလီ၏ အထွတ်အထိပ်အချိန်၌ အလွန်တရာ အစွမ်းထက်ပေလိမ့်မည်။

"ရှင်းဟွမ်မျိုးနွယ် မင်းတို့ကို ငါ သွေးကြွေး ပြန်ဆပ်မယ်"

ယဲ့ချန်၏မျက်လုံးတွင် အမုန်းတရားများ တောက်လောင်နေပြီး နှလုံးသားအတွင်း၌ နတ်ဆိုးချီများ ထွက်ပေါ်လာခဲ့သည်။ သူက လမ်းမှန်ကျင့်စဥ်နှင့် နတ်ဆိုးလမ်းစဥ်ကို ပိုင်ဆိုင်ထားသူဖြစ်သော်လည်း လမ်းမှန်ဘက်သည် နတ်ဆိုးဘက်ခြမ်းကို အမြဲတမ်း ဖိနှိပ်ထားနိုင်ခဲ့၏။ သူ၏ဒေါသနှင့် အမုန်းတရားကို ထိန်းချုပ်မရသောအခါတွင်မှသာ ပထမဆုံးဘဝရှိ နတ်ဆိုးချီများသည် ကောင်းကင်နတ်ဆိုးများထက် ပို၍သန်မာစွာ ထွက်ပေါ်လာတတ်သည်။ ရှင်းဟွမ်မျိုးနွယ်၏ အာကာသနတ်များနှင့် တိုက်ခိုက်နေသည့် ကျိုးလီမှာ အသတ်ခံရရန် သေချာသောကြောင့် သူက ဒေါသနှင့် ဝမ်းနည်းမှုကို တပြိုင်နက် ခံစားနေရပြီး မျက်နှာထက်တွင် သွေးကြောကြီးများ ထောင်ထနေသည်။

"ရှင်းဟွမ်ဘုရင် မင်းကို လူသားမျိုးနွယ်က အသေသတ်ပြမယ်"

စကြဝဠာအတွင်း နတ်စက်လုံးသည် ခရီးရှည်ကြီးတစ်ခုကို စတင်လိုက်ပြီး ယဲ့ချန်က တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေခဲ့ပြီး စကြဝဠာ၏ မူလနိယာမများကို အာရုံခံနိုင်ခဲ့သည်။ စကြဝဠာတစ်ခွင် သတ်ဖြတ်ခံနေရသော လူသားမျိုးနွယ်မှ စစ်သည်တော်များ၏ ကြွေးကျော်သံများ၊ မိန်းမနှင့် ကလေးငယ်များ၏ ငိုသံများက ၎င်းနိယာမများ၌ ပဲ့တင်ထပ်နေကြ၏။ ထိုအချိန်တွင် ဒန်တန်အတွင်း ရှိနေသူအားလုံးသည် သူ၏ဝမ်းနည်းစိတ်ကို ခံစားနေရသဖြင့် တိတ်ဆိတ်စွာ ရှိနေကြသည်။ ကြိုးစားပမ်းစား ကျင့်ကြံနေသော နောက်လိုက်များ၏ ဝိညာဥ်စွမ်းအင်များက သူ၏နတ်ဝိညာဥ်အတွင်း ပေါင်းစပ်လာကြသည်။ နတ်စက်လုံးသည် မြင်ကွင်းမှ လုံးဝပျောက်ကွယ်နေပြီး လမ်း၌ ပိတ်ဆို့နေသည့် ကြယ်များရှိလျှင် တိုက်ရိုက်ထိုးခွဲ ဖျက်ဆီးသွားခဲ့၏။ သွေးပြည်ထောင်သည် လူသားမျိုးနွယ်၏ပိုင်နက် မဟုတ်သောကြောင့် သူက အခြေချရန် ရည်ရွယ်မထားပေ။ ထို့ကြောင့် သူက နတ်စက်လုံးအတွင်း အမြဲတမ်းနေထိုင်၍ စကြဝဠာအတွင်း ခရီးဆန့်ရင်း အာကာသနတ်အဆင့်ရောက်အောင် ကျင့်ကြံရန် စီစဥ်ထားသည်။

အာကာသနတ်များ၏ တိုက်ပွဲအပြီးတွင် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းသည် ဖုန်းဆိုးမြေတစ်ခုအဖြစ်​ပြောင်းလဲသွားကာ ရာချီသော ကြယ်ဒေသများ ပျက်စီးခဲ့ရသည်။ ယဲ့မုန်နှင့် ယဲ့ပင်းသည် သက်ဆိုင်ရာ စစ်တပ်များနှင့်အတူ ပြန်ရောက်လာသော်လည်း ယဲ့ချန်ကိုရော ကောင်းကင်မူလကြယ်ကိုပါ မတွေ့ခဲ့ပေ။ သူတို့က အချိန်ကြာမြင့်စွာ လိုက်လံရှာဖွေခဲ့သော်လည်း မည်သည်ကိုမှ မတွေ့ရသောကြောင့် စကြဝဠာအတွင်း ပြန်လည်ထွက်ခွာလာခဲ့၏။

"ယဲ့မုန် ခေါင်းဆောင်ရော ယဲ့မျိုးနွယ်ဝင်တွေရော အဆင်ပြေမှာပါ"

ယဲ့ပင်းက နှစ်သိမ့်လိုက်ခြင်းဖြစ်သည်။

"ငါ အသုံးမကျဘူး။ ငါ အားနည်းလွန်းလို့ အစ်ကိုကြီးကို လုံးဝမကူညီနိုင်ခဲ့ဘူး။ အခုတော့ အစ်ကိုကြီး သေလား ရှင်လားကိုတောင် မသိရဘူး"

ယဲ့မုန်၏မျက်လုံးများက နီရဲနေကာ နတ်ဆိုးယာဥ်၏ ကုန်းပတ်ကို လက်သီးဖြင့် တရစပ် ထိုးနေခဲ့သည်။ သူ၏စကားကြောင့် ယဲ့ချန်ကို အာရုံမခံနိုင်ခဲ့သော ယဲ့ပင်းသည်လည်း ဝမ်းနည်းနေခဲ့သည်။ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်း၌ မည်သို့ဖြစ်ပျက်သွားကြောင်း သူတို့က မသိရသဖြင့် ယဲ့မျိုးနွယ်ဝင်များ သေလားရှင်လားပင် မတွေးနိုင်ခဲ့ပေ။ သူတို့က အသက်ရှင်နေဆဲ ဖြစ်နိုင်သော်လည်း ရှင်းဟွမ်မျိုးနွယ်၏ ဖမ်းဆီးခြင်းခံလိုက်ရနိုင်သည်။

"ယဲ့ပင်း သွားကြစို့"

ယဲ့မုန်က ကျားနာတစ်ကောင်ကဲ့သို့ ကြုံးဝါးကာ အသံကုန် အော်ဟစ်လိုက်သည်။

"ဘယ်ကိုလဲ"

ယဲ့မုန်၏ ကိုယ်တွင်း၌ တစ်စုံတစ်ခု ရုတ်တရက် နိုးထလာကြောင်း ခံစားလိုက်ရသဖြင့် ယဲ့ပင်းက ထိတ်လန့်သွားခဲ့သည်။

"နတ်ပြည်၊ အခုအချိန်ကစပြီး ငါ ယဲ့မုန်က တွေ့သမျှ အဆင့်မြင့်ရှင်းဟွမ်တွေကို သတ်ပစ်မယ်။ ငါက ငရဲမှာ ထာဝရပြစ်ဒဏ် ခံရမယ်ဆိုရင်တောင် မင်းတို့ကို သွေးကြွေးဆပ်မယ်"

ယဲ့မုန်၏ တစ်ကိုယ်လုံး သတ်ဖြတ်လိုစိတ်များ တောက်လောင်နေကာ မျက်လုံးများ မီးဝင်းဝင်းတောက်နေခဲ့ပြီး ယဲ့ပင်းပင်လျှင် တုန်လှုပ်သွားခဲ့သည်။

"လူမိုက်ကလေး ဘာကြောင့် ဒီလိုလုပ်ရမှာလဲ"

"ဘယ်သူလဲ"

ထိုအချိန်၌ စကြဝဠာအတွင်းမှ အဆုံးအစမဲ့သန်မာသော နတ်ချီများကို သယ်ဆောင်လာသည့် စကားသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ယဲ့မုန်၏စိတ်က ကြည်လင်သွားခဲ့သည်။ ထိုအသံရှင်က ခပ်လေးလေး သက်ပြင်းချလိုက်၍ ယဲ့မုန်နှင့် ယဲ့ပင်းသည် ခဏတာတုံ့ဆိုင်းသွားသော်လည်း နောက်လိုက်များကို ဦးဆောင်ကာ အသံလာရာသို့ ထွက်ခွာသွားခဲ့၏။

လင်လုံသည် ထိပ်တန်းမဟာမိတ်ကို ဦးဆောင်၍ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းသို့ ပြန်ရောက်လာသောအခါတွင်လည်း အရာရာ ပျက်စီးနေခဲ့သည်။ ယဲ့ချန်သည် နောက်လိုက်အားလုံးကို ခေါ်ဆောင်သွားသောကြောင့် တစ်နေရာလုံး ဗလာဖြစ်နေခဲ့သည်။ အသက်ဆက်ရှင်ရေးအတွက် သာမန်ရှင်းဟွမ်များက လေလွင့်ကျင့်ကြံသူများကို ကြယ်များပေါ်တွင် နေထိုင်ခွင့်ပေးထားခဲ့သည်။

"မမ ငါတို့ ဘယ်ကို သွားကြမလဲ"

ယဲ့ချန်ကို သတိရနေခဲ့သော လင်ရွဲ့က မေးလိုက်ခြင်း ဖြစ်သည်။

"မျိုးနွယ်ထောင်ချီ အစည်းအဝေးကို သွားမယ်။ ပြီးရင် နတ်ပြည်"

လင်လုံက ခဏတာစဥ်းစား၍ အဖြေပေးလိုက်သည်။ မျိုးနွယ်ကျောက်စာမှတဆင့် အင်အားအမှတ်က လျော့ကျမသွားသောကြောင့် ယဲ့ချန် အသက်ရှင်နေဆဲဖြစ်ကြောင်း သူမက သိနိုင်ခဲ့သည်။ ယဲ့ချန်၏ နောက်လိုက်စစ်တပ်က ထိခိုက်သွားခြင်း မရှိနိုင်သော်လည်း အလွန်တရာဝေးကွာသော နတ်ပြည်ထောင်တစ်ခုသို့ ရောက်နေသဖြင့် အတိအကျ မမြင်နိုင်ခဲ့ပေ။ ယဲ့ချန်က မျိုးနွယ်ထောင်ချီအစည်းအဝေးသို့ ရောက်လာမည် မဟုတ်သော်လည်း သူမက တက်ရောက်ရပေလိမ့်မည်။ အကယ်၍ သူမသာ အသိအမှတ်ပြုခံရပြီး ပုကျောက်တောင်သို့ ဝင်ရောက်နိုင်ခဲ့လျှင် အာကာနတ်တစ်ပါး၏ ကာကွယ်မှုကို ရနိုင်ပေလိမ့်မည်။

"မမ ငါ အစ်ကိုယဲ့ကို လွမ်းတယ်။ သူ အဆင်ပြေပါ့မလား"

"သူ အဆင်ပြေပါတယ်"

လင်လုံက စကြဝဠာအတွင်း ငေးမောနေရင်း လင်ရွဲ့၏ခေါင်းကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။ တော်ဝင်လမ်းစဥ် မဟာသင်္ချိုင်းလည်း ပျက်စီးသွားသောကြောင့် ဤနေရာ၌ အာကာသနတ်များ တိုက်ခိုက်ခဲ့ပုံရသည်။ ဖြစ်နိုင်သည်မှာ ကျိုးလီနှင့် ရှင်းဟွမ်မျိုးနွယ်ဝင်များ၏ တိုက်ပွဲ ဖြစ်နိုင်သည်။ ကျိုးလီသည် သူတော်စင်ဘုရင်၏ နောက်လိုက်တစ်ယောက် ဖြစ်သောကြောင့် ခွန်အားကို စိုးရိမ်စရာမလိုကြောင်း သူမက ထင်ထားခဲ့သည်။

"သွားကြစို့"

"ဟုတ်"

လင်ရွဲ့က ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်ခဲ့ပြီး အတိတ်မှ ပျော်စရာ အမှတ်တရများကို ပြန်လည်တွေးနေခဲ့သည်။ ထိပ်တန်းမဟာမိတ်သည်လည်း လင်လုံ၏ဦးဆောင်မှုဖြင့် ဤနေရာမှ စကြဝဠာအတွင်း ထွက်ခွာသွားခဲ့လေသည်။

စကြဝဠာအတွင်း မည်သည့်အရာမှ အစိုးမရသည့်အပြင် အချိန်လည်း ပါဝင်သောကြောင့် နှစ်ပေါင်းတစ်ထောင်က မျက်တောင်တစ်ခတ်အတွင်း ကျော်လွန်သွားခဲ့သည်။ ဤနှစ်များအတွင်း သတင်းတစ်ခု ထွက်ပေါ်လာကာ အလွန်ဆန်းကျယ်သည့် အရာတစ်ခုသည် ကြယ်တံခွန်ပမာ နတ်ပြည်ထောင်များအကြား သွားလာနေ၍ ရပ်တန့်မသွားခဲ့ကြောင်း ဖြစ်သည်။ အစွမ်းထက်မျိုးနွယ်များမှ အာကာသနတ်အချို့က ၎င်း၏တည်ရှိမှုကို အာရုံခံနိုင်ခဲ့သော်လည်း မြန်ဆန်လွန်းသည့်အပြင် အချိန်တိုင်း ပျောက်ကွယ်နေသဖြင့် ဖမ်းမမိနိုင်ခဲ့ပေ။

နောက်ပိုင်းတွင် အာကာသနတ်များက ထိုအရာသည် ပျောက်ဆုံးနေသော နတ်စက်လုံးဖြစ်ကြောင်း အဖြေထုတ်နိုင်ခဲ့သည်။ သူတို့က ရူးသွပ်စွာ လိုက်လံရှာဖွေခဲ့သော်လည်း ပျောက်ကွယ်နေပြီး မည်သည့်နေရာတွင် ရပ်တန့်မည်ကို မတွေးနိုင်ခဲ့ပေ။ နတ်စက်လုံး ထွက်ပေါ်လာတိုင်း မျိုးနွယ်ပေါင်းစုံမှ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ဝါးမျိုသွားတတ်သည်။ ဝါးမျိုခံလိုက်ရသူများ မည်သည့်နေရာသို့ ရောက်သွားကြောင်း မည်သူမှမသိခဲ့ပေ။ ပျောက်ဆုံးသွားသူများတွင် ရွှေနီလင်းနို့မျိုးနွယ်ကဲ့သို့ အစွမ်းထက် မျိုးနွယ်ကြီးများပင် ပါဝင်ပြီး သတ်ဖြတ်ခံလိုက်ရကြောင်း ကောလဟာလများရှိသော်လည်း အလောင်း မကျန်ရစ်ပေ။ ဤနှစ်တစ်ထောင်အတွင်း သရဲတစ်ကောင်ပမာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော နတ်စက်လုံးသည် ကံဆိုးမှု၏ ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။ ၎င်းသည် ထာဝရနတ်ပြည်ထောင်ရှိ မျိုးနွယ်ကြီးဆယ်ခုကိုပင် ဝါးမျိုသွားခဲ့သည်။

စကြဝဠာက ငြိမ်းချမ်းတည်ငြိမ်နေသော်လည်း ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာသော ရှင်းဟွမ်ဘုရင်က သွေးပြည်ထောင်နှင့် နတ်ဆိုးဘုရင်ပြည်ထောင်ကို စစ်ကြေငြာခဲ့သည်။ နတ်ပြည်ထောင်ကြီးသုံးခုက စစ်မက်ဖြစ်ပွားနေသောကြောင့် တည်ငြိမ်မှု ပျက်ပြားခဲ့သည်။ ဘိုးဘေးနတ်များသည် အသက်နတ်ဘုရား၏ အသက်မီးတောက်အတွက် ပိုင်ရှင်ရှာဖွေနေကြောင်း ကောလဟာလသတင်းတစ်ခုလည်း လူပြောများလာခဲ့သည်။ အသက်မီးတောက်အတွက် အသင့်တော်ဆုံးမှာ ရှင်းဟွမ်ဘုရင်ဖြစ်ပြီး လူသားမျိုးနွယ်၏ သူတော်စင်ဘုရင်ကလည်း ကွယ်လွန်သွားသောကြောင့် ယှဥ်ပြိုင်သူ ရှားပါးသည်။ အကယ်၍ သူသာ အသက်မီးတောက်ကိုရယူ၍ ဘိုးဘေးနတ်ဖြစ်လာလျှင် သွေးပြည်ထောင်နှင့် နတ်ဆိုးဘုရင်ပြည်ထောင်အတွက် ကပ်ဘေးကြီး ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်နှင့် သွေးနတ်ဆိုးမျိုးနွယ်၏ ခေါင်းဆောင်များသည် အသက်မီးတောက်အတွက် ယှဥ်ပြိုင်ရန် ထွက်ပေါ်လာကြ၏။

စကြဝဠာအတွင်း မတည်မငြိမ်ဖြစ်ခြင်းနှင့်အတူ စစ်မီးများက နောက်တစ်ကြိမ် ပြင်းထန်စွာ လောင်ကျွမ်းလာခဲ့လေသည်။

All Chapters